← Chapters

အစားကောင်းကြိုက်သူများ

Vol. 5 Ch. 75

အစားကောင်းကြိုက်သူများ

Vol. 5 Ch. 75

ရှောင်လင်းယွီသည် သူမ၏ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီးလျှင် ကောင်းကောင်းရောင်းရမည်ဟု ယုံကြည်ချက်အပြည့်ရှိပေသည်။

ရှောင်လင်းယွီ ပြုံး၍ ပြောလိုက်သည်။ “အဘွားက ကျွန်မအတွက် ဒီလောက်‌ကောင်းတဲ့အပေးအယူမျိုးလုပ်ပေးခဲ့တာကို ဘယ်လိုလုပ်များ ဟင်းရွက်အကျန်တွေ ပေးနိုင်ပါ့မလဲ။ အဘွားတို့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ လိုအပ်တဲ့အချိန်တိုင်း အချိန်မရွေး ကျွန်မဆီ လာခဲ့ပါ။”

“ကောင်းပြီ၊ ကောင်းပြီ။” အဘွားအိုက ပြုံးလိုက်လေသည်။ လူအိုကြီးနှစ်ယောက်ကတော့ ရှောင်လင်းယွီတွင် မှော်စွမ်းအင်များပြည့်ဝနေသည့် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများရှိနေလိမ့်မည်ဟု ထင်မိလိမ့်မည်မဟုတ်ပေ။ ရှောင်လင်းယွီသာ သူတို့အတွက်ဖယ်ထားပေးမည်ဟု ကတိမပေးခဲ့လျှင် သူတို့အနေနှင့် ရှောင်လင်းယွီ စိုက်သမျှကို မြည်းစမ်းဖို့အခွင့်အရေးပင် ရှိခဲ့လိမ့်မည်မဟုတ်ပေ။ ဒါပေါ့ ဒါတွေအားလုံး အနာဂါတ်မှာ ဖြစ်လာမည့်ကိစ္စများပင်။

ရှောင်လင်းယွီက နှစ်ဝက်စာ အိမ်ငှားရမ်းခငွေကို ချေလိုက်ပြီးနောက် လမ်းသွယ်လေးများသို့ ဝင်ရောက်နိုင်သည့် သုံးဘီးဆိုင်ကယ်တစ်စီးကို ဝယ်လိုက်သည်။ သူမယူလာသမျှ ငွေအားလုံးနီးပါးကိုပင် သုံးစွဲခဲ့ရသည်။ ထိုသုံးဘီးဆိုင်ကယ်ကို သူမအိမ်သို့ ပြန်ယူမသွားခဲ့ဘဲ ငှားထားသည့်အိမ်တွင်သာ သိမ်းထားခဲ့လိုက်သည်။

ထို့နောက်မှာတော့ အရုပ်ဆိုင်သို့သွားကာ ရှောင်ရှောင်းဟွေ့မှာထားသည့် Transformerအရုပ်ကို ဝယ်ခဲ့ပြီး ဘက်စ်ကားစီး၍ ပြန်ခဲ့ပေသည်။ သူမထပ်၍သာ အချိန်ဆွဲနေမည်ဆိုလျှင် ကားလွတ်တော့မည်ဖြစ်သည်။ ဂိုဒေါင်ရှာခြင်းနှင့် သုံးဘီးဆိုင်ကယ်ဝယ်ခြင်းတို့အတွက် သူမ အချိန်တော်တော်လေး သုံးခဲ့ရတာကြောင့် နောက်ကျနေပြီဖြစ်သည်။

သူမ ထောင်ယွမ်ရွာသို့ ပြန်ရောက်ချိန်တွင်တော့ အလင်းရောင်ပင်ပျော်နေပေပြီ။

သူမမိဘများက စိုးရိမ်နေခဲ့ကြကာ မေမေရှောင်က ပြောလာခဲ့သည်။ “ကျွန်မ ယွီအာနဲ့အတူ မြို့ပေါ်လိုက်သွားသင့်တာ။ အခု မှောင်တောင်မှောင်နေပြီ၊ ဘာလို့ အခုထိ အိမ်ပြန်မရောက်လာရသေးတာလဲ။ တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်။”

ဖေဖေရှောင်က သူ့ဇနီးအား နှစ်သိမ့်ပေးလာခဲ့သည်။ “အရမ်းမစိုးရိမ်ပါနဲ့။ ယွီအာက ဟိုချန်းမိသားစုက ကလေးနဲ့ပတ်သတ်တာကလွဲ၍ ငါတို့ကို စိတ်ပူအောင် လုပ်တတ်တဲ့သူမှမဟုတ်တာ။ လမ်းမှာ အချိန်နည်းနည်းပိုကြာနေလို့ဖြစ်မှာပေါ့။”

ရှောင်လင်းယွီ ဘက်စ်ကားပေါ်မှဆင်းသည်နှင့် ရှောင်ရှောင်းဟွေ့က သူမကိုပြေးဖက်လိုက်လေသည်။ ထို့နောက် ရှောင်လင်းယွီအာ သူ့တာဝန်အကြောင်း တင်ပြလာခဲ့သည်။ “ဝမ်းကွဲအစ်၊ သား ဒီနေ့ နွားကျောင်းပြီးပြီ။” သူ့မျက်လုံးများကတော့ ရှောင်လင်းယွီသယ်ထားသည့် အိတ်များပေါ်သို့ နှံ့နှံ့စပ်စပ် စစ်ဆေးလို့နေသည်။ ထို့နောက် သူလိုချင်သည့်ပစ္စည်းကို တွေ့သွားကာ ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီး၊ “ဝမ်းကွဲအစ်မ၊ ဒါ သားအတွက်မဟုတ်လား။”

ရှောင်လင်းယွီသည် ကောင်ငယ်လေး၏နဖူးကို တောက်လိုက်ကာ ရယ်လိုက်လေသည်။ “မင်းကတော့ အရုပ်ကလွဲ ဘာကိုမှဂရုမစိုက်တော့ဘူးပဲ။”

ရှောင်ရှောင်းဟွေ့လည်း သူ့နဖူးကိုပွတ်ကာ ရယ်မောလိုက်သည်။ “Transformerတွေက အရမ်းပျော်စရာကောင်းလို့လေ။ သားရဲ့ အတန်းဖော်တစ်ယောက်မှာလည်း ရှိတယ်။ ပြီးတော့ အားလုံးက သူ့ကို မနာလိုဖြစ်နေကြတာ။” သူက ထိုအရုပ်ကို မီးတဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

ရှောင်လင်းယွီလည်း အရုပ်ကို ရှောင်ရှောင်းဟွေ့လက်ထဲ ထည့်ပေးလိုက်တော့သည်။ “ဟုတ်ပါပြီ၊ ရော့ယူလိုက်။”

“ကျေးဇူးတင်ပါတယ်၊ ဝမ်းကွဲအစ်မ။” ရှောင်ရှောင်းဟွေ့ ပျော်ရွှင်သွားတော့သည်။ ထို့နောက် ဝမ်းကွဲနှစ်ယောက် အိမ်သို့ အတူတူပြန်ခဲ့ကြလေသည်။

ရှောင်ရှောင်းဟွေ့သည် ရှောင်လင်းယွီနှင့်အတူ သူ့ဒုတိယအဒေါ်အိမ်သို့ လိုက်ခဲ့လေသည်။ ရှောင်ရှောင်းဟွေ့သည် သူ့အရုပ်ကိုမြင့်မြင့်မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ကြွားလိုက်သည်။ “ဒုတိယဒေါ်လေး၊ ဒုတိယဦးလေး။ ဝမ်းကွဲအစ်မက သားအတွက် Transformerအရုပ် ဝယ်ပေးတယ်။”

မေမေရှောင်နှင့် ဖေဖေရှောင်တို့ ပြုံးလိုက်ကြလေသည်။ “အိုး ကောင်းတာပေါ့။ ရှောင်းဟွေ့ ရိုရိုသေသေကိုင်ရမယ်နော်။ ဟုတ်ပြီလား။”

“ဟုတ်ကဲ့။” ရှောင်ရှောင်းဟွေ့ ခေါင်းညိတ်လိုက်သည်။ “ရတနာတစ်ခုလိုကို ဂရုစိုက်မှာ။”

ထို့နောက် မေမေရှောင်နှင့် ဖေဖေရှောင်က စိုးရိမ်နေသည့်အမူအရာများဖြင့် ရှောင်လင်းယွီကို ကြည့်လိုက်ကြသည်။ “ကောင်မလေး၊ ဘာလို့ ပြန်တာ ဒီလောက် နောက်ကျနေရတာလဲ။ တစ်ခုခုဖြစ်လို့လား။”

ရှောင်လင်းယွီ ခေါင်းကိုသာ ယမ်းလိုက်လေသည်။ “ဘာမှ မဖြစ်ပါဘူး။ အိမ်ရှာရင်း အချိန်တော်တော်လေး ကုန်သွားလို့ပါ။ ပြီးတော့ သမီးဈေးရောင်းဖို့အတွက် သုံးဘီးဆိုင်ကယ်တစ်စီးလည်း ဝယ်ခဲ့သေးတယ်။”

မေမေရှောင် အံ့ဩသွားကာ မေးလိုက်လေသည်။ “ယွီအာ၊ သမီး တကယ်ပဲ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ရောင်းမှာလား။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်တာကြောင့် မေမေရှောင် တိတ်ကျသွားရသည်။ ဖေဖေရှောင်သည်လည်း ပြန်မပြောခင် အချိန်တစ်ခုအထိ နှုတ်ဆိတ်သွားခဲ့လေသည်။ “ဝင်တော့၊ ညစာစားကြရအောင်။”

ရှောင်ရှောင်းဟွေ့သည် လျှို့ဝှက်ချက်ကြီးတစ်ခုကို ကြားလိုက်ရသလိုပင် အံ့ဩသွားတော့သည်။ “ဝမ်းကွဲအစ်မ၊ ရွာမှာပဲနေပြီး လယ်စိုက်ရင်း ဟင်းသီးဟင်းရွက် ရောင်းတော့မလို့လား။ မြို့ပေါ် ပြန်မသွားတော့ဘူးလား။” ရှောင်ရှောင်းဟွေ့၏စိတ်ထဲတွင် သူ့ဝမ်းကွဲအစ်မအကြီးဆုံးသည် မြို့ပေါ်တွင်သာ အမြဲတမ်း အလုပ်လုပ်နေသူဖြစ်သည်။ နှစ်သစ်ကူးပွဲတော်လောက်မှသာ အိမ်သို့ ပြန်လာတတ်ပြီး သူ့အတွက် လက်ဆောင်များလည်း ဝယ်လာပေးတတ်သည်။ ၎င်းတို့သည် ဈေးကြီးကာ ရှားပါးသည့်ပစ္စည်းများဖြစ်ကာ ခရိုင်မြို့ပေါ်တွင်ပင် မရနိုင်ပေ။

ရှောင်ရှောင်းဟွေ့၏မိဘများသည် သူ့ဝမ်းကွဲအစ်မကြီးလိုမျိုး သူ့သည်လည်း မြို့ပေါ်တွင် အလုပ်သွားလုပ်နိုင်အောင် ကြိုးစားဖို့ အမြဲတမ်း ပြောတတ်ကြသည်။ ဒီလိုဆို သူဝယ်ချင်သမျှ အရုပ်တွေအားလုံး ဝယ်နိုင်မည်ပင်။ သို့သော်လည်း ထိုဝမ်းကွဲအစ်မကြီးသည် ရွာသို့ လယ်စိုက်ရန် ပြန်လာခဲ့တာကြောင့် သူ စိတ်ရှုပ်သွားရသည်။

ရှောင်လင်းယွီက၊ “ဟုတ်တယ်၊ ငါ ဒီမှာပဲနေတော့မှာ။ မြို့ပေါ် ပြန်မသွားတော့ဘူး။”

“အိုး…” ရှောင်ရှောင်းဟွေ့ ခေါင်းညိတ်လိုက်ပြီးနောက် နားမလည်နိုင်သေးသလိုမျိုး ထပ်မေးလိုက်သည်။ “ဒါပေမယ့် ဝမ်းကွဲအစ်မ၊ ဘာလို့ မြို့ပေါ်ကို ပြန်မသွားချင်တော့တာလဲ။”

“ငါ အဲ့မှာနေရတာ ပင်ပန်းပြီး အိမ်ကိုလည်း လွမ်းလို့လေ။” ရှောင်လင်းယွီက အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။ “အိမ်ကမှ အကောင်းဆုံးဆိုတာ သိသွားလို့။”

ရှောင်ရှောင်းဟွေ့တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူက နှာခေါင်းရှုံ့လိုက်ကာ အရောင်တောက်နေသည့် မျက်လုံးများဖြင့် ဝမ်းသာအားရပြောလိုက်သည်။ “ဘာအနံ့တွေကများ ဒီလောက်တောင် မွှေးနေရတာလဲ။”

သူက ခေါင်းကိုလှည့်ကာ နောက်ဆုံး စားပွဲပေါ်မှ အစားအသောက်များထံ မျက်စိကျသွားလေသည်။ စားပွဲပေါ်တွင်တော့ ဂေါ်ဖီပန်းကန်ကြီးတစ်ပန်းကန်၊ ကြက်ဥငရုတ်သီးမွှေကြော်တစ်ပန်းကန်၊ ပဲငံပြာရည်ဝက်ခြေထောက်ပေါင်းတစ်ပန်းနှင့် နုပ်နုပ်စဉ်းထားသည့် တရုတ်နံနံပင်တစ်ပန်းကန်တို့ ရှိကြသည်။

မေမေရှောင်သည် လူသုံးယောက်စာထက်မက ချက်ပြုတ်ထားခြင်းဖြစ်သည်။

ကောင်လေးသည် ထိုင်နေသည့်ခုံမှ ချက်ချင်းပင် ခုန်ထကာ ထမင်းစားပွဲဆီ ပြေးဝင်သွားတော့သည်။ “အားလုံးက အရသာရှိမယ့်ပုံတွေချည်းပဲ။” သူက မေမေရှောင်ကိုကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလာခဲ့သည်။ “ဒုတိယဒေါ်လေး၊ သား ဒီမှာပဲ ညစာစားသွားချင်တယ်။”

မေမေရှောင်က ရှောင်ရှောင်းဟွေ့တစ်ယောက် သွားရည်ကျမတတ် နှုတ်ခမ်းသပ်နေသည်ကိုမြင်ပြီးကာ ရယ်လိုက်လေသည်။ “ဟုတ်ပါပြီ၊ ဒေါ်လေး ထမင်း တစ်ပန်းထပ်သွားခူးပေးမယ်။”

“ကျေးဇူးပါ၊ ဒုတိယဒေါ်လေး။” ရှောင်ရှောင်းဟွေ့ ပြောလိုက်လေသည်။

“ကောင်စုတ်လေး၊ မင်းဒီရောက်နေမယ်မှန်း ငါသိသားပဲ။” ရုတ်တရက် အပြင်ဘက်မှ လျိုချွမ်းဟွာ၏အသံက ထွက်လာခဲ့သည်။ “ဘာလို့ တခြားလူရဲ့ထမင်းစားပွဲဝိုင်းမှာ ဝင်ထိုင်နေရတာလဲ။ မင်း ညစာမစားရသေးလို့လား။ ဘာလို့ ဒီမှာထပ်လာစားရပြန်တာလဲ။” ထို့နောက် သူမက အိမ်ထဲသို့ အမြန်ဝင်လာကာ ရှောင်ရှောင်းဟွေ့၏ခေါင်းကို ရိုက်လိုက်လေသည်။ “ကောင်စုတ်လေး။”

ရှောင်ရှောင်းဟွေ့တစ်ယောက် သူ့ခေါင်းကိုပွတ်လိုက်ပြီး ခုခံပြောဆိုလာလေသည်။ “အမေ၊ သားခေါင်းကို မရိုက်ပါနဲ့၊ ဉာဏ်တုံးသွားလိမ့်မယ်။” ရှောင်ရှောင်းဟွေ့သည် သူ့အကြီးဆုံးအစ်မ အပါအဝင် လူတိုင်းက သူ့ခေါင်းကိုသာ ရိုက်ရတာကြိုက်နေမှန်း သတိထားမိသွားလေသည်။

“မင်းက ဘယ်တုန်းကများ ဉာဏ်ကောင်းဖူးလို့လဲ။ မဟုတ်ရင် ဒီလောက် စာညံ့နေပါ့မလား။” သူ့အမေက သူ့ခေါင်းကို ထပ်ရိုက်လိုက်ပြန်သည်။

“အဲ့ဒါကတော့ သားဦးနှောက်က အမေ့ဆီက အမွေရတာလေ။ အမေ၊ သားကြားတာတော့ အမေရော အဖေရော ငယ်ငယ်က စာမလုပ်ခဲ့ကြဘူးဆို။” ရှောင်ရှောင်းဟွေ့က သူ့ခေါင်းကို မကျေမနပ်ပွတ်လိုက်ပြန်သည်။

ထိုအချိန်မှာပဲ မေမေရှောင်က ပန်းကန်များ တူများကိုသယ်ကာ ပြန်ရောက်လာခဲ့သည်။ “ချွမ်းဟွာ၊ စားပြီးပြီလား။ ငါတို့နဲ့ တခါတည်းဝင်စားသွားလေ။”

လျိုချွမ်းဟွာက ပြန်ပြောလေသည်။ “ယောင်းမကြီး၊ ကျွန်မစားပြီးပြီ။ အစ်မတို့ကို မရှုပ်တော့ပါဘူး။”

ရှောင်ရှောင်းဟွေ့က လက်မခံပေ။ “ဒါပေမယ့် အမေကလည်း ဒုတိယဒေါ်လေးအိမ်က အစားအသောက်တွေက အရမ်းအရသာရှိတာကို။”

လျိုချွမ်းဟွာလည်း တစ်ချက်အနံ့ခံကြည့်လိုက်ပြီးနောက် တံတွေးမြိုချမိလေသည်။ ‘မွှေးလိုက်တဲ့အနံ့။ ဒုတိယအစ်မက အရင်ကတည်းက ဟင်းချက်ကောင်းတယ်ဆိုပေမယ့် ဒီလောက်အထိတော့ မဟုတ်ပါဘူး။ ဘယ်လိုလုပ် ခဏလေးအတွင်း ဒီလောက်မြန်မြန် တိုးတက်သွားတာလဲ။’

လျိုချွမ်းဟွာသည် ဗိုက်ပြည့်အောင် စားထားပြီးဖြစ်တာတောင်မှ အနံ့ရလိုက်သည်နှင့် သူမအစာအိတ်ထဲက အသံများမြည်လာပြန်သည်ကို ကြားလိုက်ရလေသည်။

လျိုချွမ်းဟွာ၏လက်များက သတိလက်လွတ်ဖြင့် သူမဗိုက်ကို ပွတ်လိုက်မိသည်။ သူမ ငြင်းချင်သော်လည်း ဗိုက်ထဲက အော်နေပေပြီ။ နောက်ဆုံးမှာတော့ မေမေရှောင် လက်ထဲက ပန်းကန်နှင့်တူများကို လှမ်းယူလိုက်ကာ ရှက်ရွံ့စွာ ပြုံး၍ ပြောလိုက်တော့သည်။ “ဒုတိယယောင်းမရဲ့ ဟင်းတွေက အရမ်းမွှေးတာပဲ။ ထမင်းစားထားပြီးသားလူကိုတောင် ထပ်ပြီး စားချင်သောက်ချင်စိတ် ဝင်လာစေတယ်။”

မေမေရှောင် ပြုံးလိုက်လေသည်။ “လာလေ၊ တခါတည်းဝင်စားသွား။ ငါအများကြီး လုပ်ထားတာဆိုတော့ ငါတို့အားလုံးအတွက် လုံလောက်ပါတယ်။”

“ဒါဆိုလည်း ကောင်းပြီလေ။” လျိုချွမ်းစွာက စတင် စားသောက်တော့သည်။ မသိသူများကတော့ လျိုချွမ်းဟွာတို့မိသားစုကို ရိုင်းသည်ဟု ထင်ကြပေလိမ့်မည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့မိသားစုနှစ်စုသည် အလွန်ရင်းနှီးကြပေသည်။ ညီအစ်ကိုများနှင့် ယောင်းမနှစ်ယောက်တောင်မှ အချင်းချင်းအလွန်အဆင်ပြေကြသည်။ လျိုချွမ်းဟွာသည် ရိုးသားကာ ထောင်ယွမ်ရွာတွင် မေမေရှောင်နှင့် အရင်းနှီးဆုံးဖြစ်သည်။

ညစာစားနေစဉ်တစ်လျှောက် လေထုမှာ သက်ဝင်လို့နေသည်။ ဤနေရာတွင် အစားအသောက်အတွက် တိုက်ပွဲဝင်နေကြသော အစားကောင်းကြိုက်သူ ငါးယောက်ရှိနေခဲ့သည်။

“ဟင်းတွေက အရမ်းအရသာရှိတာပဲ။ ဒုတိယယောင်းမက ဟင်းချက်အရမ်းကောင်းတာပဲ။” လျိုချွမ်းဟွာက စားရင်းသောက်ရင်း ချီးမွမ်းလိုက်သည်။

“အမေ၊ သားဟာကို မလုနဲ့လေ။” ရှောင်ရှောင်းဟွေ့က ဝက်ခြေထောက်တစ်ချောင်းကို လှမ်းနှိုက်လိုက်သော်လည်း သူ့အမေက အရင်ဦးအောင် ဆွဲယူသွားခဲ့လေသည်။

“ငါက နင့်အမေလေ၊ ကောင်စုတ်လေးရဲ့။ ထားပါ၊ ငါဘာသာ နောက်တစ်ခုပဲယူလိုက်တော့မယ်။” သားအမိနှစ်ယောက်သည် ဝက်ခြေထောက်အသည်းစွဲများဖြစ်ကြသည်။ လျိုချွမ်းဟွာသည် ဝက်ခြေထောက်တစ်ချောင်းကို သူ့သားအတွက် ထည့်ပေးလိုက်သည်။

ရှောင်ရှောင်းဟွေ့သည်လည်း သူ့အမေ ထပ်မယူစားနိုင်ခင် စားနိုင်သမျှ များများ အမြန်စားတော့သည်။

ရှောင်လင်းယွီ၏ စတုတ္ထဦးလေးသည်တော့ အိမ်တွင် တီဗီကြည့်နေခဲ့သည်။ သူက စောင့်နေခဲ့သော်လည်း သူ့ဇနီးနှင့်သားကတော့ ပြန်ရောက်မလာခဲ့ပေ။ သူတစ်ယောက်တည်း အထီးကျန်သလို ခံစားမိလေသည်။ တစ်ချက်တွေးကြည့်လိုက်ပြီးနောက် တီဗီကိုပိတ်ကာ သူ့ဒုတိယအစ်ကိုအိမ်သို့ ထွက်လာခဲ့တော့သည်။

သူ ရောက်လာပြီးချိန်မှာတော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဆွံ့အသွားရတော့သည်။

***

All Chapters