← Chapters

အစားအသောက်လုကြခြင်း

Vol. 5 Ch. 76

အစားအသောက်လုကြခြင်း

Vol. 5 Ch. 76

သူ့ဇနီးနှင့်သား နှစ်ယောက်လုံးမှာ အိမ်တွင် ညစာစားထားပြီးတာတောင်မှ သူ့ဒုတိယအစ်ကို၏အိမ်တွင် လုစားနေကြပြန်သည်။ ရှက်ဖို့ကောင်းလိုက်တာ။

ရှောင်မင်ယန်းသည် အိမ်ထဲသို့ဝင်လိုက်ပြီးနောက် သူ့မိသားစုဝင်နှစ်ယောက်ကို ဆူပူလိုက်လေသည်။ “မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်နေကြတာလဲ။ ညစာစားပြီးသားမဟုတ်ဘူးလား။ ဘာလို့ ဒုတိယအစ်ကိုတို့မိသားစုရဲ့ အစားအသောက်တွေကိုပါ လုစားနေကြပြန်တာလဲ။”

လျိုချွမ်းဟွာက စားနေသည်ကို မရပ်သွားဘဲ သူမခင်ပွန်းကို မျက်စောင်းထိုးကြည့်လိုက်လေသည်။ “အဲ့ဒါကတော့ ယောင်းမချက်တဲ့ဟင်းတွေက ဘယ်လောက်တောင်း ကောင်းလဲ ရှင်မသိလို့လေ။” ရှောင်ရှောင်းဟွေ့ကလည်း ခေါင်းမော့လာကာ ထပ်ပေါင်းပြောလိုက်သည်။ “အဖေ၊ ဒီက အစားအသောက်တွေက တကယ်ကို အရသာရှိတာ။ မနက်က ပန်ကိတ်ထက်တောင်မှ ပိုကောင်းသေးတယ်။”

ရှောင်မင်ယန်းတစ်ယောက် မနက်ကစားခဲ့ရသည့် အရသာရှိလှသည့် ကြက်ဥပန်ကိတ်များကို ပြန်အမှတ်ရသွားခဲ့သည်။ စားပွဲပေါ်က အစားအသောက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် စူးစမ်းလိုစိတ်များဖြင့် မေးလိုက်လေသည်။ “ဒီဟင်းတွေက တကယ်ပဲ အဲ့လောက်တောင် အရသာရှိတာလား။”

“ဒါပေါ့။” သူ့ဇနီးရော သားရောကပါ ခေါင်းဆက်တိုက်ညိတ်ကာ တုံ့ပြန်ကြလေသည်။

ရှောင်မင်ယန်းလည်း နောက်ဆုံး သွေးဆောင်မှုမှ မလွတ်မြောက်နိုင်ခဲ့တာကြောင့် ရှောင်ရှောင်းဟွေ့လက်ထဲမှ တူကို လုယူကာ ပန်းကန်ထဲက အသားနှစ်တုံးကို ယူလိုက်လေသည်။ ထို့နောက် သူ့ပါးစပ်ထဲသို့ ထည့်လိုက်ရာ အရသာမှာ တကယ်ကို တုနှိုင်းမဲ့အလွန်အရသာရှိနေတော့သည်။

ရှောင်ရှောင်းဟွေ့သည်တော့ သူ့အဖေကို မျက်စောင်းထိုးကာ မကျေမနပ်ပြောလိုက်လေသည်။ “အဖေ၊ ဘာလို့ သားတူကို လုတာလဲ။”

ရှောင်မင်ယန်းကတော့ သူ့သားကို လျစ်လျူရှုထားခဲ့သည်။ သူ့ကို ပိုအံ့ဩသွားစေသည်က ဟင်းသီးဟင်းရွက်များမှာ အသားထက်ပင် ပို၍အရသာရှိနေ၍ဖြစ်သည်။ သူ့တူများက လျင်မြန်စွာ ရွေ့လျားနေပြီး ပန်းကန်ထဲမှ အသီးအရွက်များမှာ သူ့ပါးစပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြလေသည်။ ရှောင်ရှောင်းဟွေ့တစ်ယောက် အရေးပေါ်နည်းဗျူဟာတစ်ခု ထုတ်သုံးရတော့မည်မှန်း သတိပြုမိသွားသည်။ ထို့ကြောင့် တရုတ်နံနံပန်းကန်ကို လှမ်းဆွဲယူကာ သူ့လက်မောင်းများဖြင့် ကာရံထားလိုက်လေတော့သည်။

ထိုမြင်ကွင်းကြောင့် ရှောင်မင်ယန်း ရှက်ရွံ့သွားကာ သူ့သားကို ဆူငေါက်လိုက်တော့သည်။ “အဲ့ဒါဘာလုပ်တာလဲ။ အရိုင်းအစိုင်းလေးလို လုပ်နေတယ်။ ပန်းကန်ကို ပြန်ချထားလိုက်စမ်း။”

“မချဘူး။” ရှောင်ရှောင်းဟွေ့က ပန်းကန်ကို လုံးဝပြန်ချမပေးပေ။ “သားချလိုက်တာနဲ့ အဖေ အကုန်စားပစ်မှာလေ။”

ရှောင်မင်ယန်းသည် နောက်ဆုံးလက်ကျန် ဂေါ်ဖီကို ယူစားလိုက်သလို သူ့ဇနီးသည်လည်း နောက်ဆုံးလက်ကျန် ပဲငံပြာရည်အနှစ်များကို ခပ်သောက်လိုက်သည်။ ထို့နောက် သူတို့က နောက်ဆုံးပန်ကန်ဖြစ်သော တရုတ်နံနံပန်းကန်ကို ဖွက်နေသည့် ရှောင်ရှောင်းဟွေ့ကို လှည့်ကြည့်လိုက်ကြလေသည်။ “ရှောင်ရှောင်းဟွေ့၊ ပန်းကန်ကို ချလိုက်စမ်း။”

လျိုချွမ်းဟွာသည် ရှောင်ရှောင်းဟွေ့၏လက်မောင်းကို လှမ်းဆွဲလိုက်ရာ ရှောင်မင်ယန်းကလည်း ပူးပေါင်းပါဝင်လာခဲ့သည်။ ရှောင်ရှောင်းဟွေ့တစ်ယောက် နှစ်ဖက်ညှပ်ပြီး အတိုက်ခိုက်ခံနေရလေသည်။ သူက အမြန်ပင် ခေါင်းကိုငုံ့ကာ တရုတ်နံနံအားလုံးကို သူ့ပါးစပ်ထဲသို့ သွပ်သွင်းလိုက်တော့သည်။ သူက ကလေးပဲရှိသေးတာလေ၊ သူ့မိဘတွေကို ဘယ်လိုလုပ်နိုင်ပါ့မလဲ။ သို့သော်လည်း ရှောင်မင်ယန်းတို့လင်မယား သူ့လက်ကို ဖြည်နိုင်သွားချိန်မှာတော့ တရုတ်နံနံပင်အားလုံးမှာ ရှောင်ရှောင်းဟွေ့၏ပါးစပ်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူက ဝါးနေရင်းဖြင့်၊ “ကုန်သွားပြီ။” ဟုပါ ပြောလိုက်သေးသည်။

ရှောင်မင်ယန်းတို့ဇနီးမောင်နှံနှစ်ယောက် သက်ပြင်းသာချလိုက်တော့သည်။ သူတို့နှစ်ယောက်သား ပန်းကန်လွတ်ကို ငေးကြည့်နေပြီး နောက်ဆုံးမှာတော့ တူများကို ချလိုက်လေသည်။ ဟင်းများမှာ အလွန်အရသာရှိကြောင်း ရှောင်မင်ယန်း လက်ခံသွားလေသည်။ သူက မေမေရှောင်ကို ကြည့်လိုက်ကာ၊ “ဒုတိယမရီးရဲ့ ဟင်းချက်လက်ရာက တကယ်ကိုအံ့ဩစရာပဲ။ ချွမ်းဟွာကိုလည်း သင်ပေးလိုက်ပါဦး မရီးရယ်။” မဟုတ်ရင် သူ့မိသားစုက နေ့တိုင်း မေမေရှောင်တို့အိမ်ကိုပဲလာပြီး စားသောက်နေမိတော့မယ်။ သူ့ဒုတိယမရီး၏ ဟင်းချက်လက်ရာကို ဘယ်လိုမှ တောင့်ခံမထားနိုင်ပေ။

မေမေရှောင်က ပြုံးလိုက်သည်။ “ငါ့ဟင်းချက်လက်ရာက မပြောင်းလဲသွားပါဘူး။ သုံးတဲ့ ပါဝင်ပစ္စည်းတွေက ပိုကောင်းသွားရုံပဲ။” သို့သော်လည်း မေမေရှောင်သည်လည်း နားမလည်နိုင်ဖြစ်နေလေသည်။

ဟင်းသီးဟင်းရွက်များသည် သူတို့ရိတ်သိမ်းထားသည့် ကြီးမားသောဟင်းသီးဟင်းရွက်များဖြစ်တာကြောင့် အရသာရှိသည်မှာ မှန်ပေသည်။ ယွီအာကလည်း ၎င်းတို့ကို အထူးမြေဩဇာတစ်မျိုးသုံးထားခြင်းကြောင့် ထိုမြေဩဇာ၏အကူအညီဖြင့် မသန့်စင်မှုများကို ဖယ်ရှားပစ်ကာ အရသာကိုပိုကောင်းမွန်လာစေခြင်းဖြစ်သည်ဟု ပြောထားပြီးဖြစ်သည်။

ဒါပေမယ့် ဘာလို့ အသားတွေကရော အရင်ကထက်ပိုပြီး အရသာရှိနေရတာလဲ။

အဖြေကတော့ ရေစည်ထဲကရေကြောင့်ပင်။ မေမေရှောင်သည် စမ်းရေရောစပ်ထားသော ရိုးရိုးရေကိုသုံးကာ ချက်ပြုတ်ခဲ့ခြင်းဖြစ်တာကြောင့် ဟင်းလျာများမှာ ပို၍မွှေးပျံ့ကာ အရသာရှိနေခြင်းဖြစ်သည်။ “မင်းတို့ စားချင်ရင် အချိန်မရွေးလာစားလို့ရပါတယ်။”

ရှောင်မင်ယန်းနှင့်သူ့ဇနီးက ပြုံးကာ ပြောလိုက်လေသည်။ “ဒုတိယမရီးရယ် အဲ့လိုအခွင့်အရေး ယူနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။”

“ဘာတွေပြောနေတာလဲ။ ငါတို့က ညီအစ်ကိုတွေလေ။ ဘာကိုအခွင့်အရေးယူရမှာလဲ။” ဖေဖေရှောင်က ရယ်မောလိုက်သည်။

“ဟုတ်သားပဲ။ ငါတို့က တစ်မိသားစုတည်းပဲကို။” မေမေရှောင်ကလည်း ဝင်ရောက်ထောက်ခံခဲ့သည်။

“ဒါဆိုလည်း ကျွေးမွေးတဲ့အတွက် ဒုတိယအစ်မကိုနဲ့အစ်မကို ကျေးဇူးတင်ပါတယ်။” ရှောင်မင်ယန်း ကျေးဇူးတင်လိုက်သည်။ အရသာရှိလှသည့်အစားအသောက်များကို မငြင်းဆန်နိုင်ပေ။

ထို့နောက် ရှောင်မင်ယန်းက ရှောင်လင်းယွီကိုကြည့်ကာ မေးလိုက်လေသည်။ “ယွီအာ၊ ဒီနေ့ ခရိုင်မြို့ပေါ်ကို ဘာသွားလုပ်တာလဲ။ ဘာလို့ ပြန်လာတာဒီလောက်နောက်ကျနေတာလဲ။”

ရှောင်လင်းယွီက၊ “စတုတ္ထဦးလေး၊ သမီး ဒီနေ့ ခရိုင်မြို့ပေါ်ကို ဂိုဒေါင်တစ်လုံးရှာပြီး သုံးဘီးဆိုင်ကယ်လည်း ဝယ်ဖို့ သွားတာပါ။”

ရှောင်မင်ယန်း နားမလည်နိုင်ဖြစ်သွားလေသည်။ “ဘာလို့ အဲ့ဒါတွေ လိုတာတုန်း။”

ရှောင်လင်းယွီက ရှင်းပြပေးခဲ့သည်။ “သမီး ကုန်စိမ်းရောင်းဖို့ စိတ်ကူးထားလို့ပါ စတုတ္ထဦးလေး။”

“ကုန်စိမ်းရောင်းမလို့လား။” ရှောင်မင်ယန်းရော လျိုချွမ်းဟွာပါ အံ့ဩသွားကြလေသည်။ “ဒါဆို ယွီအာ၊ မြို့ကို မပြန်တော့ဘူးလား။”

“မပြန်တော့ဘူး။” ရှောင်လင်းယွီ ခေါင်းယမ်းလိုက်သည်။ သူမတွင် ထိုနေရာသို့ပြန်စရာအကြောင်း မရှိတော့ပေ။ သူမ ကိုယ်ဝန်ရှိနေပြီမှန်း သူမသိပေသည်။ ကိုယ်ဝန်ကြီးနှင့်ဆိုလျှင် အလုပ်တစ်ခုရှာဖို့ရာက ခက်ခဲလှသည်။ ထို့အပြင် မြို့ပေါ်သည် ထောင်ယွမ်ရွာလို မအေးချမ်းပေ။ အဓိကကတော့ သူမအနေနှင့် စိုက်ပျိုးရေးနေရာလွတ်ကို အသုံးပြုဖို့ လိုလေသည်။

ရှောင်မင်ယန်းသည် သူ့ဒုတိယအစ်ကိုနှင့်အစ်မကို လှမ်းကြည့်လိုက်သည်။ သူ ရှောင်လင်းယွီကို မြို့ပေါ်ပြန်ဖို့ တိုက်တွန်းချင်သော်လည်း သူ့စကားလုံးများကို ပြန်မြိုချထားလိုက်ရသည်။ ရှောင်လင်းယွီမှာလည်း ဒီလိုဆုံးဖြတ်ချက်မချခင် သေချာတွေးထားပြီးသားဖြစ်လောက်ပေသည်။ သူ့ ဒုတိယအစ်ကိုနှင့်အစ်မကလည်း သဘောတူပြီးသားဖြစ်လောက်သည်။ ဒါကြောင့် သူ့အနေနှင့် ဝင်ပြောစရာအကြောင်း မရှိတော့ပေ။

ထို့ကြောင့် ရှောင်မင်ယန်းက မတားတော့ဘဲ အကူအညီတောင်းရန်သာ ကမ်းလှမ်းလိုက်သည်။ “ယွီအာ၊ ဦးလေးတို့ ကူညီပေးနိုင်တာရှိရင် အချိန်မရွေးပြောနော်။”

“ဟုတ်ကဲ့ပါ၊ ဦးလေး။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

……

ထိုညတွင် ရှောင်လင်းယွီသည် နေရာလွတ်ထဲသို့ဝင်ရန် ပြင်လိုက်သော်လည်း သူမတံခါးကို ခေါက်သည့်အသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ ရှောင်လင်းယွီ တံခါးဖွင့်ပေးလိုက်ရာ သူမအမေရှိနေသည်ကို မြင်လိုက်ရလေသည်။ “အမေ။”

မေမေရှောင်က အခန်းထဲသို့ဝင်လာပြီးနောက် မေးမြန်းလေသည်။ “ယွီအာ၊ မနက်ဖြန်ကျရင် သမီးသူငယ်ချင်းက ဟင်းသီးဟင်းရွက်တွေပို့ပေးမှာမဟုတ်လား။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”

“ဒါဆိုလည်း မနက်ဖြန်ကျရင် သမီးနဲ့အတူ အမေလည်း မြို့ပေါ်လိုက်ခဲ့မယ်။” မေမေရှောင်က ပြန်လည်ငြင်းဆိုမည်ကို လက်ခံမည်မဟုတ်သည့် လေသံဖြင့် ပြောလေသည်။ မေမေရှောင်သည် သူမသမီးကို အလွန်စိတ်ပူနေခဲ့သည်။ ခရိုင်မြို့ပေါ် အလည်သွားသည်နှင့် ပစ္စည်းများရောင်းချဖို့သွားသည်က မတူသည့်အရာဖြစ်သည်။ ရှောင်လင်းယွီ တစ်ယောက်တည်းဖြစ်နေမည်ကို သူမ စိုးရိမ်နေခြင်းပင်။

ရှောင်လင်းယွီလည်း ရွေးစရာမရှိဘဲ ခေါင်းသာညိတ်နိုင်တော့သည်။ “ဟုတ်ကဲ့ပါ။”

“ဒါဆိုလည်း အိပ်ရာဝင်တော့။ မနက်စောစောထရမယ်။ ဟင်းသီးဟင်းရွက်ဆိုတာ မနက်ခင်းစောစောရေားမှ ပိုကောင်းတာ။ လူတွေက လတ်ဆတ်တဲ့အသီးအရွက်တွေကို ပိုသဘောကျကြတယ်။” မေမေရှောင်က အကြံပေးလာသည်။

“ဟုတ်ကဲ့ နားလည်ပါပြီ။”

မေမေရှောင်က ပြောစရာရှိတာပြောပြီးသည်နှင့် ထွက်သွားခဲ့ကာ ပြန်ဝင်လာတော့မည်မဟုတ်တာကြောင့် ရှောင်လင်းယွီလည်း တံခါးကိုလော့ချပြီး ကုတင်ပေါ်မှီလိုက်သည်။ နောက်တစ်ခဏမှာတော့ သူမနေရာမှ ပျောက်ကွယ်သွားလေသည်။

သူမ နေရာလွတ်ထဲသို့ရောက်သည်နှင့် ရင့်မှည့်နေကြပြီဖြစ်သည့် ဟင်းသီးဟင်းရွက်များကြောင့် မျက်လုံးများ အရောင်တောက်သွားတော့သည်။ သူမထင်သည့်အတိုင်းပင်။ တစ်ညတည်းနှင့် ရိတ်သိမ်းလို့ရသည်အထိ ကြီးထွားလာကြပြီပင်။

ယခု သူမတွင် ဟင်းနုနွယ်ပင်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီးနှင့် ဂေါ်ဖီထုပ်တို့ ရှိပေသည်။

ဟင်းနုနွယ်ရွက်များသည် ကျောက်စိမ်းအလား စိမ်းစိုနေကာ၊ ခရမ်းသီးများသည်တော့ ခရမ်းရောင်တောက်ပနေပြီး၊ ခရမ်းချဉ်သီးများမှာ ပတ္တမြားအလား နီရဲနေသည်။ ဂေါ်ဖီထုပ်များသည်လည်း စိမ်းလန်းကာ ကြွပ်ရွနေပြီး ငရုတ်သီးများသည် ဒေသမျိုး ငရုတ်ရှည်များဖြစ်ကာ စိမ်းစိမ်းစိုစိုနှင့် ချစ်စရာကောင်းလှသည်။

ရှောင်လင်းယွီသည် စိုက်ခင်းများကို လှည့်ပတ်ကြည့်ရင်း ခရမ်းချဉ်သီးတစ်လုံးကို ခူးကာ တစ်ကိုက်,ကိုက်လိုက်လေသည်။ ချက်ချင်းဆိုသလို ခရမ်းချဉ်သီး၏မွှေးရနံ့က သူမကိုယ်တွင်းရှိ ဆဲလ်များအားလုံးသို့ ပျံ့နှံ့သွားလေသည်။ ခရမ်းချဉ်သီးမှာ ချိုမြိန်ကာ လတ်ဆတ်လှသည်။ “ဒီခရမ်းချဉ်သီးက အရမ်းအရသာရှိတာပဲ။”

သူမ ဗိုက်တင်းသည်ထက်တင်းသည်အထိ ခရမ်းချဉ်သီးအနည်းငယ်ကို ထပ်မံခူးစားခဲ့သည်။

“ငါ ဒါတွေကို ယူနစ်အလိုက်ရောင်းသင့်တယ်။ မဟုတ်ရင် လူတွေက လုဝယ်ပြီး ရန်တွေပါ ဖြစ်ကုန်ကြလိမ့်မယ်။ အရွက်တွေကော အသီးတွေရောက အရွယ်တွေ အတူတူလောက်ပဲ။ ပုံမှန်အမြင်နဲ့ကြည့်ရင် ကွာခြားချက်သိပ်မရှိဘူး။ ပြီးတော့ အရသာက ဒီလောက်ကောင်းနေတာ၊ ရောင်းအားအတွက် စိတ်ပူနေဖို့ မလိုဘူး။”

သူမက အတွေးတစ်ချက်ဖြင့် ဟင်းသီးဟင်းရွက်အားလုံးကို ရိတ်သိမ်းလိုက်လေသည်။ ဟင်းသီးဟင်းရွက်များမှာ မြေပေါ်တွင် အပုံလိုက် ရောက်ရှိလာခဲ့သည်။

ရှောင်လင်းယွီက ဒူးကွေးကာ ၎င်းတို့ကို ရေတွက်ကြည့်လိုက်သည်။ အားလုံးပေါင်း ခရမ်းချဉ်သီး ၁၈၆လုံး၊ ခရမ်းသီး ၁၃၃လုံးနှင့် ဂေါ်ဖီထုပ် ၃၅ခုရှိသည်။ ဟင်းနုနွယ်ရွက်နှင့် ငရုတ်သီးများကိုတော့ ကတ်တီဖြင့် ရောင်းချနိုင်သည်။

ထို့နောက် ရှောင်လင်းယွီ မတ်တပ်ပြန်ရပ်ကာ ရေရွတ်လိုက်သည်။ “ထွက်မယ်။” ရှောင်လင်းယွီ သူမအခန်းထဲတွင်ပြန်ပေါ်လာသည်နှင့် ဟင်းသီးဟင်းရွက်များကပါ ပါလာခဲ့သည်။

“ဝင်” ဟု ရေရွတ်လိုက်သည်နှင့် ဟင်းသီးဟင်းရွက်များက ပြန်လည်ပျောက်သွားခဲ့သည်။

ရှောင်လင်းယွီ အိပ်ရာပေါ်တွင်လဲကာ မနက်ဖြန်ကျလျှင် သူမအမေ မသိအောင် ထိုဟင်းသီးဟင်းရွက်များကို ဘယ်လိုထုတ်ယူရမလဲဆိုသည်ကို တွေးရင်း အိပ်ပျော်သွားခဲ့သည်။

မကြာလိုက်ပါဘဲ ရှောင်လင်းယွီတစ်ယောက် မေမေရှောင် လှမ်းနှိုးသည်ကို ခံလိုက်ရသည်။

ရှောင်လင်းယွီ မျက်လုံးကို ပွတ်ကာ သူမဖုန်းကိုယူကာ အချိန်ကြည့်လိုက်သည်။ မနက် ၄နာရီပဲ ရှိသေးသည်ပင်။

ရှောင်လင်းယွီ ပျင်းပျင်းရိရိဖြင့် ပြောလိုက်သည်။ “အမေ၊ သမီးတို့ ဒီလောက် အစောကြီးထဖို့ လိုလို့လား။ အခုမှ ၄နာရီပဲ ရှိသေးတယ်လေ။”

“ဘာကိုစောတာလဲ။ ကုန်စိမ်းသည်တစ်ယောက်က လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေက သယ်ပို့ဖို့အတွက် မနက် ၂နာရီ ၃နာရီလောက်ကတည်းက ထရတာ။ အခု ၄နာရီတောင်ခွဲနေပြီ။ ခြေလက်ဆေးကြောတာနဲ့ဆို ၅နာရီဖြစ်သွားမှာ။ ငါတို့ မြို့ပေါ်ရောက်တဲ့အချိန်ဆို ၆နာရီ ၇နာရီလောက် ဖြစ်နေပြီ။ ငါတို့ ခင်းကျင်းပြီးတဲ့အချိန်ကျရင် ၈နာရီ ၉နာရီဖြစ်သွားလောက်ပြီ။ အဲ့ဒီအချိန်ကျရင် ဈေးဝယ်အများစုက သူတို့ဝယ်စရာရှိတာတွေ ဝယ်ပြီးကုန်ကြပြီ။ အဲ့အချိန်ကျမှ နင်က ဘယ်သူ့ကို သွားရောင်းမှာလဲ” မေမေရှောင်က အချိန်တွေက ဆက်တိုက်တွက်ပြလာခဲ့သည်။

ရှောင်လင်းယွီ တက္ကသိုလ်တက်ဖို့ စရိတ်လိုအပ်တုန်းက မေမေရှောင်သည် ဟင်းသီးဟင်းရွက် ရောင်းချဖို့ရာ ကြိုးစားကြည့်ခဲ့ဖူးသည်။ သို့သော်လည်း ထောင်ယွမ်ရွာသည် အလွန်ဝေးလံခေါင်သီကာ မြို့ပေါ်သို့ ဟင်းသီးဟင်းရွက်ရောင်းရန် သွားရမည့်ခရီးမှာ စရိတ်ကြီးလှပေသည်။

***

All Chapters