← Chapters

ဟင်းသီးဟင်းရွက်ရောင်းကြမယ်

Vol. 5 Ch. 77

ဟင်းသီးဟင်းရွက်ရောင်းကြမယ်

Vol. 5 Ch. 77

မေမေရှောင်သည် ဟင်းသီးဟင်းရွက် တစ်မူကိုစိုက်ပျိုးခဲ့ကာ အသီးအရွက်များ ရင့်မှည့်လာပြီးနောက် ခူးစွတ်ခဲ့သည်။ သို့သော်လည်း ကျေးလက်တောရွာဖြစ်တာကြောင့် ဟင်းသီးဟင်းရွက်များမှာ အပေါဆုံးဖြစ်လေသည်။

တကယ်တော့ ရွာသားများစွာသည် သူတို့နေအိမ်များတွင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားလေ့ရှိကြပြီး ပိုလျှံလာပါက ရောင်းတတ်ကြပေသည်။ မေမေရှောင်တွင် ကြီးထွားနေပြီဖြစ်သည့် ဟင်းသီးဟင်းရွက်များစွာရှိသော်လည်း သူမတွင် မည်သည့်စီးပွားရေးလမ်းကြောင်းမှမရှိထားပေ။ ထို့ကြောင့် ရှင်းအန်းမြို့ပေါ်သို့တက်ကာ ကိုယ်တိုင်ရောင်းချရုံသာရှိတော့သည်။

မေမေရှောင်၏ကံကောင်းသည့်အခိုက်မှာ ရှားပါးလှကာ အချိန်အများစုတွင် သူမသည် သူမသယ်ယူလာသည့် ဟင်းသီးဟင်းရွက်များကို ကုန်အောင် မရောင်းချနိုင်ခဲ့ပေ။ ထို့ကြောင့် မေမေရှောင်သည် ခရိုင်မြို့အထိပါ တက်ရောင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။ သို့သော်လည်း လမ်းခရီးမှာဝေးလွန်းလှပေသည်။ မေမေရှောင်သည် စောနိုင်သမျှစောစောထခဲ့သော်လည်း ဘယ်လိုလုပ်ပြီးများ ဟင်းသီးဟင်းရွက်တွေကို ခရိုင်မြို့ပေါ် ပို့ရပါ့မလဲ။

ထောင်ယွမ်ရွာနှင့် ရှင်းယင်ခရိုင်မြို့ကြား ပြေးဆွဲသည့် ဘက်စ်ကားမှာ ဈေးနေ့များတွင်သာရှိပေသည်။ ပုံမှန်အားဖြင့် အရေးပေါ်အခြေအနေရှိလျှင် သုံးဘီးဆိုင်ကယ်ငှားပေးသည့် ရွာသားတစ်ယောက်ကိုသာ အားကိုးရပေသည်။ သို့သော်လည်း ငှားခမှာ ဈေးကြီးလှတာကြောင့် ရောင်းမည့်ပစ္စည်းနှင့်ဆိုလျှင် မကိုက်လှပေ။

ထို့ကြောင့် မေမေရှောင်သည် ဈေးနေ့များတွင်သာ ရောင်းချနိုင်ပေတော့သည်။ သူမသည် မနက်စောစော ၅နာရီခွဲတွင် ကားစစီးသည်။ ထိုသို့ဆိုလျှင်တောင်မှ သူမ ခရိုင်မြို့ပေါ်သို့ရောက်ချိန်တွင် အချိန်မှာ အတော်လေးနောက်ကျနေပေပြီ။ လူအများစုသည် ဝယ်စရာရှိသည်များ အကုန်ဝယ်ပြီးသွားကြပြီဖြစ်သည်။

ကံကောင်းစွာဖြင့် မေမေရှောင်၏ဟင်းသီးဟင်းရွက်များမှာ လတ်ဆတ်ပြီး စိမ်းစိုလှပတာကြောင့် တခါတရံ စားသောက်ဆိုင်တစ်ခုခုက သူမ၏ဟင်းသီးဟင်းရွက်အားလုံးကို အပြတ်ဝယ်သွားတတ်လေသည်။ ဘက်စ်ကားခကိုနှုတ်လိုက်လျှင် မေမေရှောင်၏ရောင်းရငွေမှာ အနည်းငယ်သာကျန်ရှိတော့သည်။ တစ်နှစ်ကျော်လုပ်ငန်းဆက်ပြီးနောက်မှာတော့ စပါးစိုက်သည်က ပို၍လွယ်ကူကြောင်း မေမေရှောင် သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် မေမေရှောင်သည် ဟင်းသီးဟင်းရွက်များကို ပုံမှန်ထက်ပိုပြီး မစိုက်တော့ပေ။

သို့သော်လည်း အခုချိန်မှာတော့ သူမ၏သမီးအလိမ္မာလေးက သူမစွန့်လွှတ်ခဲ့သည့် အလုပ်ကို ဆက်လုပ်ရန် ဆုံးဖြတ်လိုက်ပေပြီ။ ရှောင်လင်းယွီသည် ဂိုဒေါင်တစ်လုံးကိုငှားကာ သုံးဘီးတစ်စီးတောင်မှ ဝယ်လိုက်သေးသည်။

မေမေရှောင် သူမဘာသာတွေးလိုက်မိ၏။ ‘နောက်မှ သုံးဘီးဆိုင်ကယ်ကို ငါပြန်မောင်းလာရမယ်။ ဒီလိုဆို နောက်တစ်ရက်ကျရင် ငါတို့ ဘက်စ်ကားစီးဖို့မလိုတော့ဘူး၊ သုံးဘီးဆိုင်ကယ်ကိုပဲ စီးရင် ခရီးစရိတ်ကာမိတယ်။’

“ရှောင်လင်းယွီ၊ အိပ်ရာထတော့။” မေမေရှောင် ထပ်အော်လိုက်သည်။

“လာပြီ၊ လာပြီ၊ အမေရေ။” ရှောင်လင်းယွီ၏မျက်နှာမှာ ရှုံ့မဲ့နေလေသည်။ ရာသီဥတုက အိပ်ရာထဲက မထချင်လောက်အောင် ကောင်းလွန်းနေသည်။ သို့သော်လည်း ယနေ့က သူမ၏ စိုက်ပျိုးရေးနေရာလွတ်ထဲတွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ရောင်းချမည့် ပထမဆုံးရက်ဖြစ်တာကြောင့် ပျင်းရိနေ၍မဖြစ်ကြောင်း သူမ သိပေသည်။

ရှောင်လင်းယွီ မြန်မြန်ဆန်ဆန်ပင် အိပ်ရာမှထကာ အပေါ်ထပ်ကိုဝတ်၊ စောင်ကိုခေါက်၊ သွားတိုက်ကာ မျက်နှာသစ်လိုက်သည်။ ထို့နောက် လဲလှယ်လို့ရမည့်အဝတ်အစားအနည်းငယ်ကိုပါ ရှာလိုက်သည်။ မေမေရှောင်ပြောသလိုပင် ဒီနေ့က သူတို့အတွက် နေ့တာရှည်မည့် နေ့တစ်နေ့ပင်။

ထိုအချိန်အတွင်း မေမေရှောင်သည်တော့ မီးဖိုချောင်ထဲတွင် ကြက်ဥပန်ကိတ်များ လုပ်နေခဲ့လေသည်။ ကြက်ဥပန်ကိတ်များက သူတို့ လမ်းမှာသယ်သွားဖို့ အလွယ်ဆုံး စားစရာဖြစ်သည်။ ပန်ကိတ်များကို ပလက်စတစ်အိတ်သန့်သန့်နှင့် ထုပ်ကာ ပူနွေးနေစေရန်အတွက် အပေါ်ကနေပြီး တဘက်တစ်ထည်နှင့်ပါ ရစ်ပတ်ထားလိုက်သည်။

မေမေရှောင်သည် သူမ ခရိုင်မြို့ပေါ်သို့သွားလျှင် ယူသွားနေကျ လွယ်အိတ်အမဲတစ်လုံးကို သယ်ဆောင်ထားသည်။ ရှောင်လင်းယွီနှင့် မေမေရှောင်တို့ နှစ်ယောက်လုံး သွားရန် အဆင်သင့်ဖြစ်သွားကြသည်။

ထိုအချိန် ဖေဖေရှောင်ကထွက်လာကာ ပြောလေသည်။ “လမ်းမှာ ဂရုစိုက်သွားကြနော်။”

“ဟုတ်ကဲ့ပါ အဖေ။”

“ဂရုစိုက်လိုက်ပါ့မယ် ယောက်ျားရဲ့။”

ဖေဖေရှောင်သည် သူတို့နှင့်အတူ လိုက်သွားပေးချင်သော်လည်း သူ့ကိုငှားထားသည့် မိသားစုများစွာရှိတာကြောင့် သွားလို့မရပေ။ ရှောင်လင်းယွီတို့သားအမိသည် ရှောင်မင်ယန်းအိမ်သို့ ထွက်ခွာလာခဲ့သည်။ ရှောင်မင်ယန်းသည် တံခါးနားတွင် အသစ်စက်စက်ဆိုင်ကယ်တစ်စီးနှင့်အတူ သူတို့ကို စောင့်နေခဲ့လေသည်။

ယနေ့သည် ဈေးနေ့မဟုတ်တာကြောင့် ဘက်စ်ကားမရှိပေ။ ရှောင်မင်ယန်းကိုသာ သူတို့ကို ခရိုင်မြို့ပေါ်သို့ လိုက်ပို့ခိုင်းရမည်ဖြစ်သည်။

“စတုတ္ထဦးလေး၊ အစောကြီးအဆင်သင့်ဖြစ်နေတာပဲ။” ရှောင်လင်းယွီ ပြုံးကာ နှုတ်ဆက်လိုက်လေသည်။

သို့သော်လည်း ရှောင်မင်ယန်းကတော့ အလွန်အလေးအနက်ထားကာ ပြန်ပြောလာခဲ့သည်။ “ယွီအာ၊ ဒီအလုပ်က မနက်အစောကြီးထားရမှာနော်။ မင်း လုပ်နိုင်တာ သေချာရဲ့လား။”

ရှောင်လင်းယွီ ရယ်လိုက်မိသည်။ “ဦးလေးကလည်း၊ သမီးငယ်ငယ်ကတည်းက အများကြီးကြုံတွေ ဖြတ်သန်းလာခဲ့ရတာပါ။ နည်းနည်းလောက် ပိုပြီးခက်ခဲသွားရုံက ဘာမှမဖြစ်ပါဘူး။”

“အဲ့ဒါတော့ အဟုတ်ပဲ။ စာကျက်ဖို့ဆိုပြီး မင်း မနက်အစောကြီးထလမ်းလျှောက်နေတာကို မှတ်မိနေသေးတယ်။” ရှောင်မင်ယန်းက ဆိုင်ကယ်ပေါ်တက်လိုက်ပြီး၊ “လာ၊ တက်ကြ။”

အားလုံးအဆင်သင့်ဖြစ်သည်နှင့် စတင်ထွက်ခွာခဲ့ကြသည်။ ရှောင်မင်ယန်းက သူတို့ကို ရှင်းအန်းမြို့တွင် ချပေးပြီးနောက် အိမ်ပြန်သွားလေသည်။ ရှောင်လင်းယွီတို့သားအမိသည်တော့ ရှင်းယင်မြို့သို့ ဘက်စ်ကားတစ်ဆင့် ထပ်စီးရပေဦးမည်။

ရှောင်လင်းယွီက မေမေရှောင်ကို လမ်းကြားလေးများတစ်လျှောက် ခေါ်ဆောင်သွားချိန်တွင် မေမေရှောင်က မျက်မှောင်ကြုတ်ကာ မေးလာခဲ့သည်။ “ယွီအာ၊ ဂိုဒေါင်က ဘယ်မှာလဲ။ အမေတို့ လမ်းလျှောက်လာတာ ဒီလောက်တောင်ကြာနေပြီ၊ အခုထိ မရောက်သေးဘူးလား။” မေမေရှောင်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ၊ “ပြီးတော့ လူပြတ်တဲ့ဘက်ကို တဖြည်းဖြည်းရောက်လာပြီ။ ဒီလိုဆို မလုံခြုံဘူးနော်။”

“အမေရယ်၊ ရောက်ခါနီးနေပါပြီ။”

ရှောင်လင်းယွီက နောက်လမ်းကြားတစ်ခုထဲကို ချိုးလိုက်ပြီးနောက် အနီရောင်သံတံခါးနားရောက်ချိန်တွင် ရပ်သွားခဲ့သည်။ မေမေရှောင်သည် သံတံခါးနောက်ရှိ နှစ်ထပ်အဆောက်အဦးကိုမြင်ကာ မေးလိုက်လေသည်။ “ယွီအာ၊ ဒီနေရာလား။”

“ဟုတ်တယ်၊ အမေ။”

“ဒီနေရာက အရမ်းကြီးတာပဲ။ သမီးဒီနေရာကို တစ်ယောက်တည်းငှားတာလား၊ တခြားဈေးသည်တွေနဲ့ စပ်တူငှားတာလား။” ခရိုင်မြို့ပေါ်ရှိအိမ်ဈေးနှုန်းများအရ ဒီလိုနေရာမျိုးကို ငှားမည်ဆိုလျှင် အနည်းဆုံး ယွမ်၇၀၀ ယွမ်၈၀၀လောက် ပေးရမည်ဖြစ်သည်။

သူတို့တွင် ဈေးရောင်းပြီးအမြတ်တောင်မရသေးခင်မှာပဲ ငွေများက ဒလဟောထွက်နေပေပြီ။ မေမေရှောင်သည် ငွေများဖြုန်းတီးသလိုဖြစ်နေသည့်အတွက် ဝမ်းနည်းမိသော်လည်း သူ့သမီးလေး ယခုလိုမျိုး ဒုက္ခခံနေရသည့်အပေါ်ကို ပို၍ဝမ်းနည်းစိတ်မကောင်းဖြစ်မိလေသည်။

မေမေရှောင်သည် ရှောင်လင်းယွီနောက်မှလိုက်ကာ အိမ်ထဲသို့ဝင်လိုက်ရင်း လှည့်ပတ်စစ်ဆေးကြည့်လေသည်။ အိမ်ဝန်းသည် သန့်ရှင်းကာ သက်သောင့်သက်သာရှိသည့် ပုံစံမျိုးဖြစ်သည်။

ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “အမေ၊ ဒီနေရာက မဆိုးဘူးမဟုတ်လား။ ဒါကို သမီးတစ်ယောက်တည်း ငှားခဲ့တာ၊ ငှားခက တစ်လကို ယွမ်၃၅၀ပဲ။ ဈေးလဲ လုံးဝမကြီးဘူး။ အဘိုးအဘွားနှစ်ယောက်က အရမ်းကြင်နာတတ်လို့ သမီးကို ငှားပေးလိုက်တာ။”

မေမေရှောင်မယုံကြည်နိုင်ဖြစ်သွားသည်။ “ငှားခက အဲ့လောက်တောင် ဈေးသက်သာတာလား။”

“ဟုတ်တယ်၊ နောက်ဆို အမေရော အဖေရော မောင်လေးရော ဒီမှာ လာနေလို့ရတယ်။”

“သမီးသူငယ်ချင်းက ပစ္စည်းတွေလာပို့မှာဆို။ ဘယ်မှာလဲ။” မေမေရှောင်က သူမ၏အာရုံက ယနေ့၏အဓိကကိစ္စအပေါ် ပြန်လည်ပြောင်းလိုက်သည်။ ဟင်းသီးဟင်းရွက်ရောင်းခြင်းမှ အမြတ်ငွေများမရမည်ကို သူမစိုးရိမ်နေမိလေသည်။ သူမပြောသလိုပင် အခုဆို မနက်၉နာရီထိုးခါနီးပြီဖြစ်သည်။ သူတို့သာ အခုချိန် မြန်မြန်လေး စမရောင်းပါက ဈေးကွက်ပိတ်သွားလိမ့်မည်။

ရှောင်လင်းယွီသည် ဂိုဒေါင်တံခါးဆီသို့ လျှောက်သွားခဲ့သည်။ သူမက သော့ကိုထုတ်ကာ တံခါးကိုအသာလေးဖွင့်လိုက်ပြီးနောက် သူမလက်ကိုအရင် လျှိုဝင်လိုက်ပြီး ရေရွတ်လိုက်သည်။ “ထွက်။”

သူမ တံခါးကို ခပ်ကျယ်ကျယ်ဖွင့်လိုက်ချိန်မှာတော့ သုံးဘီးဆိုင်ကယ်ပေါ်တွင် ဟင်းသီးဟင်းရွက်များက အစီအရီနေရာယူထားပြီဖြစ်သည်။ မေမေရှောင်သည် လတ်ဆတ်လှသည့် အသီးအရွက်များကိုကြည့်ကာ အံ့ဩသွားခဲ့သည်။

သူမက အနီးကပ်သွားကာ သေချာစစ်ဆေးကြည့်လိုက်လေသည်။ “ယွီအာ၊ ဒါ အထူးမြေဩဇာသုံးပြီး သမီးသူငယ်ချင်းစိုက်ထားတဲ့ အသီးအရွက်တွေလား။”

“ဟုတ်တယ်။” ရှောင်လင်းယွီက အပုံထဲက ခရမ်းချဉ်သီးတစ်လုံးကိုယူကာ မေမေရှောင်ကို ပေးလိုက်သည်။ “အမေ စားကြည့်လိုက်။” မေမေရှောင် တစ်ကိုက်,ကိုက်ကြည့်ပြီးနောက် မျက်လုံးအရောင်များ တောက်ပလာကာ အံ့ဩသွားလေသည်။ “ဒါ..ဒါက ကောင်းလိုက်တာ။” ခရမ်းချဉ်သီးသည် အနံ့မွှေးမွှေးနှင့် ချိုလှကာ အစိမ်းလိုက်စားနေတာတောင်မှ အလွန်အရသာရှိလှသည်။

“အမေ၊ သမီး ဒီ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နဲ့ ခရမ်းသီးတွေကို တစ်လုံး ၂ယွမ်နဲ့ရောင်းဖို့ စိတ်ကူးထားတယ်။ အမေဘယ်လိုထင်လဲ။”

မေမေရှောင်တစ်ယောက် စားနေသည့်ခရမ်းချဉ်သီးပင် နင်မလိုဖြစ်သွားလေသည်။ သူမ မယုံနိုင်ဖြစ်သွားခဲ့သည်။ “ယွီအာ၊ တစ်လုံးကို ၂ယွမ်တောင်လား။ အရမ်းဈေးကြီးတာပဲ။” ဈေးကွက်အရ ဒါတွေကို တစ်ကတ်တီကိုမှ ၂ယွမ် ၃ယွမ်ဖြင့် ရောင်းနေခြင်းဖြစ်သည်။ ဒါက ဈေးကို နှစ်ဆလောက် တင်ပစ်တာပဲ။

“အမေ၊ ဒီခရမ်းချဉ်သီးက ဒီဈေးနဲ့မတန်ဘူးလို့ ထင်လို့လား။” ရှောင်လင်းယွီက အလျှော့မပေးပေ။ “ဒါတွေက တခြားဈေးကြီးတဲ့သစ်သီးတွေထက်တောင်မှ ပိုပြီး အရသာရှိတာလေ။”

မေမေရှောင် တုံ့ဆိုင်သွားခဲ့သည်။ “ဟုတ်ပါပြီ၊ စမ်းကြည့်လို့ အကျိုးမယုတ်ပါဘူး။”

ရှောင်လင်းယွီက အသီးအရွက်တချို့ကို ရွေးယူလိုက်တာကြောင့် မေမေရှောင် နားမလည်နိုင်ဖြစ်သွားခဲ့သည်။ “ယွီအာ၊ ဘာလုပ်တာလဲ။”

ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “သမီး မနေ့က မြေရှင်အဘွားကို သူ့အတွက် အသီးအရွက်နည်းနည်းပို့ပေးမယ်လို့ ကတိပေးထားလို့။ ပြီးတော့ စတုတ္ထဦးလေးတို့ မိသားစုအတွက်လည်း နည်းနည်းချန်ထားပေးသင့်တယ်လေ။”

“ဒါပေမယ့် ဘာလို့ အခုကတည်းက ရွေးဖယ်နေတာလဲ။ သူတို့အတွက် နောက်ပိုတဲ့ဟာကို ပေးလိုက်လဲ ရနေတာပဲ။” မေမေရှောင် ပြောလိုက်သည်။ “သမီးရဲ့ မြေရှင်အဘွားအတွက်ပဲ နည်းနည်းလောက်ရွေးထားလိုက်ရင် ရပြီ။”

ဤသည်မှာ ကျေးလက်နေပြည်သူများ၏ လုပ်ထုံးတစ်ခုဖြစ်သည်။ သူတို့က ရောင်း၍မကုန်သည့် အကျန်များကို ဆွေမျိုးမိတ်ဆွေများကို ပေးရင်ပေး မဟုတ်ရင်လည်း ရောင်းတဲ့သူကပဲ ပြန်စားလိုက်တာဖြစ်သည်။

ရှောင်လင်းယွီ ကူကယ်ရာမဲ့သွားလေသည်။ “အမေ၊ တကယ်လို့ သမီးတို့ အကုန်ရောင်းထွက်သွားရင်ရော။ ကိုယ့်မိသားစုအတွက် ကြိုပြီးဖယ်ထားမှဖြစ်မှာပေါ့။ မောင်လေးအတွက်လည်း နည်းနည်းလောက် ဖယ်ထားပေးရမယ်။”

မေမေရှောင် “….”

ရှောင်လင်းယွီ ဟင်းသီးဟင်းရွက်များ ရွေးနေချိန်မှာပဲ အပြင်ဘက်က အဘွားတစ်ယောက်၏အသံက ထွက်ပေါ်လာခဲ့သည်။ “ရှောင်လေး ရောက်နေပြီလား။”

ရှောင်လင်းယွီက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် အဘွား၊ ကျွန်မ ဒီမှာ။”

ဈေးခြင်းတောင်းတစ်ခုကိုကိုင်ထားသော အနက်ရောင်ပန်းရိုက်ဝတ်စုံဖြင့် ကြင်နာတတ်ပုံပေါ်သည့် အဘွားအိုတစ်ဦးကို မေမေရှောင်တွေ့လိုက်ရသည်။

***

All Chapters