ပထမဆုံးသောဧည့်သည်လေး
Vol. 5 Ch. 78
ထိုအဘွားအိုမှာ မြေပိုင်ရှင်ဖြစ်မည်ဟု မေမေရှောင်ခန့်မှန်းမိလိုက်တာကြောင့် ချက်ချင်းပင် ပြုံးကာ နှုတ်ဆက်လိုက်လေသည်။ “လူကြီးမင်းက မြေပိုင်ရှင်ပဲဖြစ်ရမယ်။ မင်္ဂလာပါ၊ ကျွန်မက ဒီကလေးမ ရှောင်လင်းယွီရဲ့ အမေပါ။ ကျွန်မတို့ ယွီအာကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
အဘွားအိုက ပြုံးလိုက်ကာ၊ “မေမေရှောင်ပေါ့၊ ဒေါ်လေးကို ဒေါ်လေးစုန့်လို့ခေါ်လို့ရတယ်။ မင်းရဲ့သမီးကို ဒေါ်လေးကလည်း အရမ်းသဘောကျလို့ပါ။”
မေမေရှောင် ပြုံးလိုက်လေသည်။ “ဟုတ်ကဲ့ပါ ဒေါ်လေးစုန့်။”
“မနေ့က ဒီကောင်မလေးက အသီးအရွက်တွေ လာရောင်းမယ်လို့ ပြောသွားလို့ ဒေါ်လေးက လာစောင့်နေတာ။”
မေမေရှောင်က အဘွားအို၏ခြင်းတောင်းကိုယူလိုက်သည်။ “ဒေါ်လေးစုန့်ရယ် ကိုယ်တိုင်လာဖို့မလိုပါဘူး။ ကျွန်မတို့ ဒေါ်လေးရဲ့အိမ်ကို ပို့ပေးလို့ရနေတာပဲ။”
အဘွားစုန့်က လက်ကိုအသာယမ်းလိုက်လေသည်။ “အဲ့လောက်အထိမလိုပါဘူး။ ငါ့အသက်အရွယ်အရဆို လမ်းလေးနည်းနည်းပါးပါး လျှောက်ပေးဖို့လိုတယ်လေ။”
ရှောင်လင်းယွီက ခရမ်းချဉ်သီးတစ်လုံးယူလိုက်ကာ၊ “အဘွား၊ ဒါလေး မြည်းကြည့်ပါဦး။”
အဘွားစုန့်သည် ခရမ်းချဉ်သီးကို အမြင်ဖြင့်ပင် သဘောကျသွားခဲ့သည်။ ၎င်းသည် နီရဲရွှမ်းစိုနေကာ လှပလေသည်။ သူမက ခရမ်းချဉ်သီးကို လှမ်းယူလိုက်ပြီးနောက် ပြုံး၍ပြောလိုက်သည်။ “ဒီခရမ်းချဉ်သီးက ကောင်းကောင်းကြီးထွားလာတာပဲ။” ထို့နောက် သူမ တစ်ကိုက်,ကိုက်ကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားတော့သည်။ သူမက ဝါးနေရင်းဖြင့် ချီးမွမ်းလာခဲ့သည်။ “ကောင်မလေး၊ မင်းရဲ့ခရမ်းချဉ်သီးက အရမ်းအရသာရှိတာပဲ။”
ထိုအချိန်အတွင်း မေမေရှောင်သည် အဘွားစုန့်၏ခြင်းတောင်းအား အသီးအရွက်များဖြင့် ဖြည့်ထားပြီးဖြစ်သည်။ ၎င်းမှာ ပြည့်လွန်း၍ လျှံကျတော့မလိုပင်။ “ဒေါ်လေးစုန့်၊ ဒီလောက်ဆို လောက်ရဲ့လား။”
သူမခြင်းထဲတွင် စိမ်းလန်းစိုပြည်လှသည့် အသီးအရွက်မျိုးစုံကိုတွေ့လိုက်ရတာကြောင့် ဒေါ်လေးစုန့် အံ့ဩသွားလေသည်။ “အကုန်လုံး အရမ်းလတ်ဆတ်တာပဲ။ ဒါတွေ ဘယ်လောက်ကျလဲ။”
“ဒေါ်လေးစုန့်က ကျွန်မတို့ယွီအာကို စောင့်ရှောက်ပေးခဲ့တာလေ။ ဘယ်လိုလုပ် ဒေါ်လေးဆီက ပိုက်ဆံယူနိုင်ပါ့မလဲ။ အားလုံး အလကားပါ။”
အဘွားစုန်က လက်မခံသေးပေ။ “ဒါတွေက အရမ်းများလွန်းတယ်။ ဒေါ်လေးဆို့မိသားစုလည်း ကုန်အောင် မစားနိုင်ဘူး။ ဒါဆို နည်းနည်းလောက် ပြန်ထုတ်ထားပါဦးလား။” အဘွားစုန့်က ကိုယ်တိုင်ပင် အသီးအရွက်များကို ပြန်ထုတ်ဖို့ လုပ်လိုက်သော်လည်း ရှောင်လင်းယွီက သူမကို တားလိုက်သည်။
“အဘွား၊ စားလို့မကုန်ရင် ရေခဲသေတ္တာထဲမှာ သိမ်းထားလိုက်ပါ။ ကျွန်မ နောက်နှစ်ရက်လောက်အထိ ပြန်လာဖြစ်ဦးမှာမဟုတ်ဘူး။” ယနေ့တွင် သူမသည် ဈေးကွက်ကို လေ့လာကြည့်ရုံသာလုပ်မည်ဖြစ်သည်။ သူမတွင် မျိုးစေ့တချို့ရှိသေးသော်လည်း ရှောင်လင်းယွီကတော့ အားလုံးကို တခါတည်း ရောင်းချပစ်ဖို့ မရည်ရွယ်ထားပေ။
အဘွားစုန့် မတွန့်ဆုတ်မနေစေရန်အတွက် ရှောင်လင်းယွီက ဆက်ပြောလိုက်လေသည်။ “အဘွား၊ ကျွန်မရဲ့အသီးအရွက်တွေက အရမ်းအရသာရှိတာ။ အဘွား ဒါတွေကို အိမ်သာပြန်သယ်သွားရန် မနက်ဖြန်အထိတော့ ကျန်လောက်မှာမဟုတ်ဘူး။”
ရှောင်လင်းယွီ၏စေတနာကို အဘွားစုန့်လည်း ဆက်ပြီး မငြင်းဆန်နိုင်တော့ပေ။ အဘွားစုန့်က ရှောင်လင်းယွီတို့သားအမိကို ထပ်ပြီး အချိန်ဆွဲမထားချင်တော့တာကြောင့် သူမခြင်းကိုသယ်ကာ ပျော်ပျော်ရွှင်ရွှင်ပင် ပြန်သွားခဲ့သည်။ အဘွားစုန့် အနည်းငယ်တော့ မျက်နှာပူမိပေသည်။ ရှောင်လင်းယွီသည် အခုထိ စီးပွားရေးကို တရားဝင်မလုပ်ရသေးခင်မှာပင် သူမကတော့ အလကားယူသွားခဲ့မိသည်။ သို့သော်လည်း ထိုကောင်မလေးက သူမဆီက ငွေယူဖို့ကို ငြင်းဆန်နေသည်မဟုတ်လား။
ရှောင်လင်းယွီသည် သံတံခါးကိုသော့ခတ်လိုက်ပြီးနောက် သူမအမေနှင့်အတူ သုံးဘီးဆိုင်ကယ်ကို တွန်းကာ ဈေးဆီသို့ ချီတက်ခဲ့ကြသည်။ သူတို့ လမ်းကြားတစ်ခုကိုဖြတ်ကာ ကုန်းချောလေးတစ်ခုကို တက်တော့မည့်အချိန်မှာပဲ ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်က သူတို့နားက ဖြတ်လျှောက်သွားလေသည်။ သူက သူ့အမေလက်ကိုတွဲထားကာ နီရဲနေသည့် ခရမ်းချဉ်သီးများကိုမြင်သည်နှင့် မျက်လုံးအရောင်များ တောက်လာခဲ့သည်။ သူက ချက်ချင်းပင် ရပ်လိုက်ပြီး သူ့အမေကို ပြောလိုက်လေသည်။ “အမေ၊ သားခရမ်းချဉ်သီး စားချင်တယ်။”
အမျိုးသမီးငယ်လေး ယန်ယန်းသည် လှည့်ကြည့်လာကာ ရှောင်လင်းယွီ၏ သုံးဘီးဆိုင်ကယ်ကို တွေ့သွားခဲံသည်။ ခရမ်းချဉ်သီးများက လတ်ဆတ်ကြောင်းမြင်သည်နှင့် သူမက မေးလိုက်လေသည်။ “ခရမ်းချဉ်သီးတွေက ဘယ်လောက်လဲ။”
“တစ်လုံးကို ၂ယွမ်ပါ။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။
“ဘာ? တစ်ကတ်တီကို ဘယ်လောက်?” ယန်ယန်းသည် သူမနားကြားမှားသွားသည်ဟု ထင်လိုက်မိသည်။
“တစ်လုံးကို ၂ယွမ်ပါ၊ တစ်ကတ်တီကို မဟုတ်ဘူး။” ရှောင်လင်းယွီက ထပ်ဖြေလိုက်သည်။
“ရှင် ဓားပြတိုက်နေတာလား။ အရမ်းဈေးကြီးတာပဲ။” ယန်ယန်းက ဈေးကိုကြားကာ တွန့်ဆုတ်သွားခဲ့သည်။ “ဈေးထဲမှာ တစ်ကတ်တီကိုမှ ၁ယွမ်ပဲပေးရတာကို ရှင်က တစ်လုံးကို ၂ယွမ်နဲ့ရောင်းနေတာလား။ ရူးသွားပြီလား။ သားလေး၊ သွားမယ်။ အမေ ဈေးထဲသွားပြီး သားအတွက်ဝယ်ပေးမယ်။”
သို့သော်လည်း ကောင်လေးကတော့ ထွက်သွားဖို့ရန် ငြင်းဆန်နေပြီး သူ့အမေလက်ကိုဆွဲကာ အော်ငိုတော့သည်။ “အမေကလည်း … သားဒီအသီးပဲစားချင်တာပါဆို။”
ကလေးငိုနေတာကိုမြင်ပြီး မေမေရှောင်သည် ချက်ချင်းပင် ခရမ်းချဉ်သီးတစ်လုံးကို ယူကာ ကလေးလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူမက ကြင်နာစွာဖြင့် ပြောလိုက်သည်။ “ကလေး မငိုနဲ့တော့။ အဘွားမင်းအတွက် တစ်လုံးအလကားပေးမယ်။”
ယန်ယန်းသည် သံသယပွားသွားလေသည်။ သူမက မေမေရှောင်ကို မေးလိုက်သည်။ “ဒေါ်လေး၊ ဒါတွေက အရမ်းဈေးကြီးတာလေ။ တကယ် အလကားပေးတာလား။”
ရှောင်လင်းယွီသည် ယခုအခြေအနေကြောင့် အကြံတစ်ခုရသွားခဲ့သည်။ “မိန်းကလေး၊ ကျွန်မအမေက အလကားပေးတယ်လို့ပြောနေမှတော့ တကယ် အလကားပေးတာပေါ့။ ဒါက ကလေးအတွက် အမြည်းကျွေးတာပါ။”
ကောင်လေးသည် ချက်ချင်းပင် ခရမ်းချဉ်သီးကို ကိုက်စားလိုက်ပြီဖြစ်တာကြောင့် ယန်ယန်းသည် ထိတ်လန့်တကြား ထအော်တော့သည်။ “လီကျွမ်းရွှမ်၊ မင်းကို ဘယ်နှကြိမ်တောင် ပြောရမှာလဲ။ အခွံပါးပါတဲ့အသီးတွေဆို အရင်ရေဆေးပြီးမှ စားရပါမယ်ဆို။ ခရမ်းချဉ်သီးနဲ့ ပန်းသီးလိုအသီးတွေမှာ ပိုးသတ်ဆေးတွေပါတယ်လို့။”
လီကျွမ်းရွှမ်သည် ခရမ်းချဉ်သီးကို တမြုံ့မြုံ့ဝါးရင်း သူ့အမေကို ပြန်ကြည့်လိုက်ကာ ရိုးရိုးသားသားပင် ပြောလိုက်လေသည်။ “ဒါပေမယ့် အယားရဲ့ခရမ်းချဉ်သီးတွေက တကယ်ကို အရသာရှိတာ အမေရဲ့။”
သူက ခရမ်းချဉ်သီးကို သူ့လက်သေးသေးလေးဖြင့် ကိုင်ထားကာ သူ့အမေကို လှမ်းပေးဖို့ ကြိုးစားနေလေသည်။ သူက ယန်ယန်းကိုလည်း အရသာခံကြည့်စေချင်နေခြင်းပင်။
ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “မိန်းကလေး၊ ဒါတော့ မစိုးရိမ်ပါနဲ့။ ကျွန်မရဲ့အသီးအရွက်တွေက အားလုံး သဘာဝအတိုင်းပဲ။ ပိုးသတ်ဆေးတွေ လုံးဝမသုံးထားပါဘူး။”
ဒါပေါ့ ယန်ယန်းကတော့ ရှောင်လင်းယွီပြောသည်ကို မယုံနေပေ။ သို့သော်လည်း သူမသားက ပေးနေတာကြောင့် ယန်ယန်းအနေနှင့် မငြင်းဆန်နိုင်တော့ပေ။ သူမက စိတ်မသက်မသာဖြစ်စွာဖြင့် ခရမ်းချဉ်သီးကို ခပ်သေးသေးတစ်ကိုက်သာ ကိုက်လိုက်လေသည်။
***