ဟင်းသီးဟင်းရွက်ရောင်းကြမယ် (၃)
Vol. 5 Ch. 81
အဘွားကြီးသည် ရှောင်လင်းယွီထံက အသီးအရွက်များဝယ်ယူပြီးနောက် အိမ်သို့ ပြန်သွားခဲ့လေသည်။ လမ်းတွင် သူမ၏အိမ်နီးချင်း အဘိုးကြီး အဘွားကြီးများနှင့် တွေ့ခဲ့၍ အချင်းချင်း နှုတ်ဆက်ခဲ့ကြသေးလေသည်။
သူတို့ထဲက တချို့ကတော့ စူးစမ်းစွာ မေးလာကြသည်။ “အဘွားလီ၊ ဘာလို့ ဒီလောက်မြန်မြန် ပြန်လာရတာလဲ။ ရှင် အစောကလေးမှ ထွက်သွားတာမဟုတ်ဘူးလား။”
အဘွားလီက ပြုံးလိုက်သည်။ “ကျွန်မ ရပ်ကွက်ထဲကထွက်,ထွက်ခြင်း လမ်းဆုံမှာ သုံးဘီးဆိုင်ကယ်နဲ့ အသီးအရွက်တွေရောင်းနေတဲ့ ကောင်မလေးကို တွေ့လိုက်လို့လေ။ ဒါနဲ့ အဲ့ကနေပဲ နည်းနည်းပါးပါးဝယ်ပြီး ပြန်လာခဲ့လိုက်တာ။”
အဘွားကျောက်က အဘွားလီကိုင်ထားသည့် အိတ်ကို ကြည့်လိုက်လေသည်။ “တော်တော်လတ်ဆတ်တာပဲ။ ဘယ်လောက်ပေးခဲ့ရလဲ။”
အဘွားလီက ပြန်ဖြေခဲ့သည်။ “ဂေါ်ဖီထုပ်က တစ်လုံးကို ၁၅ယွမ်၊ ခရမ်းသီးက တစ်လုံးကို ၂ယွမ်၊ ဟင်းနုနွယ်က တစ်ကတ်တီကို ၁၅ယွမ်၊ ငရုတ်သီးကတော့ တစ်ကတ်တီကို ၂၀ယွမ် ပေးရတယ်။”
“ဘာ? ဘယ်လိုလုပ် ဒီလောက်တောင် ဈေးကြီးရတာလဲ။” လူကြီးသူမများမှာ ဈေးနှုန်းကြောင့် အလွန် အံ့ဩသွားကြသည်။
အဘွားကျောက်က ချက်ချင်းပင် ပြောလိုက်လေသည်။ “အဘွားလီ၊ ရှင် အလိမ်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်။ ဘယ်လိုလုပ် ဟင်းသီးဟင်းရွက်တွေက ဒီလောက် ဈေးကြီးနိုင်ရတာလဲ။ ဈေးထဲမှာဆို ခရမ်းသီးက တစ်ကတ်တီကို ၇၀ယွမ်၊ ဂေါ်ဖီထုပ်က တစ်ကတ်တီကို ၄၀ယွမ်၊ ဟင်းနုနွယ်က တစ်ကတ်တီကိုမှ ၂ယွမ်၊ ငရုတ်သီးဆို တစ်ကတ်တီကို ၃ယွမ်ပဲ ပေးရတာလေ။”
အဘွားကျောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ “ဒီလူလိမ် ငါနဲ့တွေ့ဦးမယ်။” သူမက အဘွားလီ၏လက်ကောက်ဝတ်ကိုပါ လှမ်းဆွဲလိုက်သည်။ “အဘွားလီ၊ လာ လိုက်ခဲ့။ ကျွန်မတို့ ရဲစခန်းသွားတိုင်ပြီး သူ့ကို ဖမ်းခိုင်းရမယ်။”
အဘွားလီက သူမလက်ကိုဖမ်းကိုင်ထားသည့် အမျိုးသမီးကြီး၏လက်ကို အသာပုတ်ပေးလိုက်ကာ ပြောလိုက်သည်။ “အဘွားကျောက်၊ ရှင်ပြောတာကို ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် ကျွန်မအလိမ်မခံခဲ့ရပါဘူး။ လိုလိုလားလားနဲ့ကို ဝယ်ခဲ့တာ။ ကောင်မလေးက သူ့အသီးအရွက်တွေဝယ်ဖို့ တွန်းတွန်းထိုးထိုးရောင်းခဲ့တာလဲမဟုတ်ဘူးလေ၊ ဒီတော့ သူက ဘယ်လိုလုပ် လူလိမ်ဖြစ်မှာလဲ။” ထို့နောက် သူမက သက်ပြင်းချလိုက်သည်။ “အဘွားကျောက်၊ ကျွန်မ ကြက်သားနှပ်ထားတာ ပွက်နေလောက်ပြီ။ သွားလိုက်ဦးမယ်နော်။”
အဘွားလီသည် သူမပေးခဲ့ရသည်နှင့် ထိုက်တန်သည့်အရသာရှိသည်ဟု တွေးမိသည်။ သူမ အစမ်းမြည်းကြည့်သည့် ဂေါ်ဖီထုပ်ပင်လျှင် အလွန်ချိုသည်မဟုတ်လား။ ဒါ့အပြင် အဘွားလီသည် ခေါင်းမာသူဖြစ်သည်။ အကယ်၍ သူမအလိမ်ခံခဲ့ရလျှင်တောင်မှ ဝန်ခံမည့်လူစားမျိုးမဟုတ်ပေ။
အဘွားကျောက်သည် အဘွားလီ၏နောက်ကျောက်ကိုကြည့်ရင်း မျက်နှာကြီးမည်းမှောင်ကာ မကျေမနပ်ပြောဆိုနေတော့သည်။ “ငါ့စေတနာအလကားဖြစ်လိုက်တာ။ တော်တော်လေး ကြွားဝါချင်နေတာပဲ။ သူချမ်းသာတယ်ဆိုပြီး ငါတို့ကို အထင်သေးသလို လာဆက်ဆံနေတယ်။”
သူမဘေးက အဘိုးကြီးတစ်ယောက်က ပြောလာခဲ့သည်။ “တော်လောက်ပြီ။ အဘွားလီက ကြွားလဲမကြွားဘူး။ ငါတို့ကိုလည်း ဘယ်တုန်းကမှ အထင်သေးသလို မဆက်ဆံဘူး။”
အဘွားကျောက်သည် ထိုအဘိုးကြီးကို စိုက်ကြည့်ကာ ဒေါသတကြီး ပြန်ပြောလေသည်။ “ကျောက်သာ့နျန်၊ ရှင်နဲ့ လီချင်းရှို့ကြားထဲ တစ်ခုခုရှိနေမှန်း ကျွန်မသိသားပဲ။ ရှင်တို့နှစ်ယောက် အမြဲတမ်း အကြည့်နဲ့အချိတ်အဆက်တွေလုပ်နေကြတာ။ ကျွန်မ သတိမထားမိဘူးများထင်နေလား။ အခုတော့ ရှင်က ပေါ်ပေါ်ထင်ထင် ကာတာကာကွယ်ပေးနေပြီပေါ့။ သူရှင့်ကို ဖျားယောင်းလိုက်တာလား။”
ကျောက်သာ့နျန်၏မျက်နှာမှာ ဒေါသကြောင့် နီတလှည့်ဖြူတလှည့် ပြောင်းလဲနေသည်။ သူက ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ကာ ပိုလို့ပင် ရှက်ရွံ့လာတော့သည်။ သူက အဘွားကျောက်ကို စိုက်ကြည့်လိုက်ပြီး၊ “မင်းက ပြောလဲနားလည်မယ့်မိန်းမမှမဟုတ်တာ။ ငါလည်း အချိန်ကုန်ခံပြီး ရှင်းပြနေစရာအကြောင်းမရှိဘူး။” သူက ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
ထို့နောက် အခြားလူကြီးများကပါ ဝင်လာကြပြီး တချို့က ပြဿနာကို ကြားဝင်ဖြေရှင်းပေးလိုကြကာ တချို့ကတော့ မီးထဲ ဓာတ်ဆီလောင်းထည့်ဖို့ ရောက်လာကြခြင်းဖြစ်သည်။
ဒါပေါ့ ဒါတွေအားလုံးက ရှောင်လင်းယွီနဲ့ ဘာမှမဆိုင်ပေ။ ထို့နေ့တွင် သူမဆီသို့ လာသည့် ယန်ကွမ်းနယ်မြေမှ ဈေးဝယ်တစ်ယောက်မှ ထပ်မရှိတော့ပေ။
ရှောင်လင်းယွီနှင့် မေမေရှောင်တို့သည် သုံးဘီးဆိုင်ကယ်ကို တွန်းရင်းဖြင့် ဈေးဝင်ပေါက်သို့ ရောက်လာခဲ့သည်။
ရှောင်လင်းယွီသည် ဈေးထဲတွင် ဆိုင်တစ်ဆိုင်မှ ရှာမရခဲ့ပေ။ သူမသာ တခြားတစ်ယောက်၏ဆိုင်ရှေ့တွင် ဆိုင်ကယ်ထိုးပြီး သွားရောင်းပါက ချက်ချင်းပင် အော်ဟစ်ကာ မောင်းထုတ်ခံလိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမလည်း ဈေးဝင်ပေါက်မှ နေရာလွတ်တွင်သာ စခန်းချဖို့ စီစဉ်လိုက်တော့သည်။
သို့သော်လည်း စည်ပင်မှအရာရှိများကိုတော့ သူမ သတိထားဖို့လိုအပ်ပေသည်။ ဘာပဲဖြစ်ဖြစ် သူမ၏အပြုအမူက လမ်းပိတ်ဆို့မှုဖြစ်လာစေနိုင်သည်မဟုတ်လား။
ရှောင်လင်းယွီသည် ရေကိုစမ်းသပ်ကြည့်ရုံ အခြေအနေသာဖြစ်သေးသည်။ ဈေးထဲက ဆိုင်ခန်းများကိုတော့ ငှားဖို့ရာ အလွန်စောနေပေသေးသည်။ လောလောဆယ်တွင်တော့ ယခုနေရာကိုသာ သူမ အသုံးပြုပေဦးမည်။
ချက်ချင်းဆိုသလိုပင် သူမ၏လတ်ဆတ်လှသော အသီးအရွက်များကိုမြင်သည်နှင့် လူများသည် ဝိုင်းအုံလာကြလေသည်။ သို့သော်လည်း မြင့်မားလွန်းသည့် ဈေးကို သိရှိလိုက်ကြပြီးနောက်တွင်တော့ မနှစ်မြို့သည့်အမူအရာများ ဖော်ပြလာကြသည်။ တချို့ကဆိုလျှင် ဤသို့ပင် ပြောလာသေးသည်။ “ဒီလောက် ဓားပြတိုက်သလို ဈေးတွေတင်နေမှတော့ သူတို့က ငွေရူးတွေပဲ။”
ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “ရှင်တို့ပေးရတဲ့ဈေးနဲ့တန်တဲ့ ပစ္စည်းကို ပြန်ရမှာပါ။ ကျွန်မရဲ့ အသီးအရွက်တွေအားလုံးက အော်ဂဲနစ် သဘောဝအတိုင်း စိုက်ပျိုးထားတာချည်းပဲ။ အရသာလည်း အရမ်းရှိတယ်။”
ရှောင်လင်းယွီသည် ဂေါ်ဖီထုပ်တစ်ရွက်ကို ဖြုတ်ယူကာ အချောင်းလေးတွေ လှီးဖြတ်လိုက်သည်။ ဝယ်ဖို့မရေမရာဖြစ်နေသည့် ဝယ်သူများရှိလျှင် သူမ ထိုဂေါ်ဖီချောင်းများကို အရသာမြည်းဖို့ ပေးလိုက်ပေမည်။ တချို့က ဂေါ်ဖီကို အစိမ်းအတိုင်းစားရမည်ဖြစ်တာကြောင့် သတိထားနေကြ၍ ပိုးသတ်ဈေးမဖြန်းထားကြောင်း သေချာစေရန် ရှောင်လင်းယွီက အရင်စားပြခဲ့သည်။
အစကတည်းက ဝယ်နိုင်ချေများသည့် ဝယ်သူများက ဂေါ်ဖီထုပ်ကို မြည်းစမ်းကြည့်ပြီးသည်နှင့် ချက်ချင်းပင် မျက်လုံးအရောင်များ တောက်လာကြတော့သည်။ ဂေါ်ဖီထုပ်အရသာကို မြည်းခဲ့ကြသည့်လူအများစုမှာ ဂေါ်ဖီထုပ်များ ဝယ်သွားခဲ့ကြသည်။ သို့သော်လည်း တချို့ဈေးဝယ်များကတော့ ဈေးမြင့်လွန်းသည်ဟု တွေးနေမိကြတုန်းပင်။ သူတို့က တခြားပုံမှန်ဈေးဖြင့်ရောင်းသည့် ကုန်စိမ်းသည်များဆီက ဝယ်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
ထိုသို့ဖြင့် ရှောင်လင်းယွီသည် သူမ၏လက်ကျန်ပစ္စည်းများကို ရောင်းချရန်အတွက် အလကား အမြည်းကျွေးသည့် အစီအစဉ်ကို သုံးခဲ့လေသည်။ မေမေရှောင်သည် အလွန်ဝမ်းသာနေခဲ့သည်။ ရှောင်လင်းယွီသတ်မှတ်သည့် အသီးအရွက်ဈေးနှုန်းများကို သူမကြားစဉ်က ရောင်းမထွက်မည်ကို စိုးရိမ်ခဲ့ရလေသည်။ သို့သော်လည်း နေ့တစ်ပိုင်းတည်းနှင့်ပင် အားလုံးရောင်းထွက်သွားခဲ့သည်။
မေမေရှောင် သက်ပြင်းမောကြီးတစ်ချက်ချခဲ့လေသည်။ “မြို့ပေါ်ကလူတွေက အရမ်းထူးဆန်းတာပဲ။ ဒီလောက်ဈေးကြီးတဲ့ဟင်းသီးဟင်းရွက်တွေ ဝယ်စားဖို့တောင် တတ်နိုင်ကြတယ်။ ငါတို့လို ကျေးလက်ကလူတွေဆိုရင် အရင်ဆုံး ဆိုင်သုံးဆိုင်လောက်ကို စုံစမ်းပြီးမှ ဈေးအသက်သာဆုံးဆိုင်ကနေ ရွေးဝယ်ကြတာ။”
သုံးဘီးဆိုင်ကယ်တစ်စီးလုံးတွင် တင်ထားသမျှ အသီးအရွက်များ ကုန်သုံးပြီးနောက် မေမေရှောင်နှင့် ရှောင်လင်းယွီတို့သည် ငွေများသိမ်းကာ သူတို့ငှားထားသည့် အိမ်သို့ ပြန်ခဲ့ကြလေသည်။
***