တုံ့ပြန်မှု
Vol. 5 Ch. 82
“တစ်ထောင်၊ တစ်ထောင်.. တစ်… အားလုံးပေါင်း ၁၂၆၀ယွမ်တောင်လား။” မေမေရှောင်သည် ပထမဆုံး ဟင်းသီးဟင်းရွက်များရောင်းရသည့် ငွေများကို အထပ်ထပ်အခါခါ ရေတွက်နေခဲ့သည်။
သူမ၏စိတ်လှုပ်ရှားမှုများကို ဘယ်လိုမှမထိန်းချုပ်နိုင်ဘဲ ဆက်တိုက် ပြန်မေးနေမိလေသည်။ “ယွီအာ၊ အမေတို့ တွက်တာမှန်ရဲ့လား။ ဒီနေ့ အမေတို့ အသီးအရွက်တွေရောင်းပြီး ၁၂၆၀ယွမ်တောင် ရတာလား။ ဒါက လယ်သမားမိသားစုတစ်စုရဲ့ လေးလစာဝင်ငွေနဲ့ အတူတူပဲလေ။”
ရှောင်လင်းယွီက ပြောလိုက်သည်။ “အမေ၊ တွက်တာမှန်ပါတယ်။ သမီးတို့မှာ စုစုပေါင်း ခရမ်းချဉ်သီး ၁၈၆လုံး၊ ခရမ်းသီး ၁၃၂လုံး၊ ဂေါ်ဖီ ၃၅ထုပ်၊ ဟင်းနုနွယ် ၂၀ကတ်တီ နဲ့ ငရုတ်သီး ၁၀ကတ်တီရှိတာလေ။ သမီးက ခရမ်းချဉ်သီး အလုံး ၃၀၊ ခရမ်းသီး ၁၅လုံး၊ ဂေါ်ဖီ ၅ထုပ်၊ ဟင်းနုနွယ် ၃ကတ်တီနဲ့ ငရုတ်သီး ၂ကိတ်တီ သိမ်းထားလိုက်တယ်လေ။ ပြီးတော့ အလကားကျွေးလိုက်တာနည်းနည်းပါးပါးပါ ဖယ်လိုက်ရင် ယွမ် ၁၂၆၀ ရတာ ဟုတ်လောက်ပါတယ်။”
မေမေရှောင်တစ်ယောက် မှင်သက်နေလေသည်။ သူမက ပြန်မေးလိုက်သည်။ “ယွီအာ၊ ဒီလောက်အတိအကျ ဘယ်လိုလုပ်သိနေတာလဲ။”
“သမီးသူငယ်ချင်းက စာရင်းပို့ထားလို့လေ။” အမှန်တော့ မနေ့ညက မှော်နေရာလွတ်ထဲတွင် ရှောင်လင်းယွီကိုယ်တိုင် ရေတွက်ထားခြင်းသာ ဖြစ်လေသည်။
မေမေရှောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ပိုက်ဆံများကိုလိပ်ကာ ရှောင်လင်းယွီကိုပေးလိုက်ရင်း၊ “ပိုက်ဆံတွေ သေချာသိမ်းထား။ တကယ်တော့ ဒီငွေတွေကို ဘဏ်မှာတောင် အပ်ထားသင့်တာ။ ယွီအာ သမီးရဲ့ဘဏ်စာအုပ်သယ်လာသေးလား။”
ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ “မယူလာဘူး။ သမီးကတော့ ဘဏ်ထဲမထည့်သင့်ဘူးလို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် သမီးတို့ အချိန်မရွေးပြန်ထုတ်ဖို့ လိုလာမှာလေ။ ကိုယ့်ဘာသာ သယ်သွားတာက ပိုအဆင်ပြေလိမ့်မယ်။” ရှောင်လင်းယွီသည် အနာဂါတ်တွင် လူတိုင်းတွင် စမတ်ဖုန်းတစ်ယောက်တစ်လုံးရှိကာ virtual walletကိုသုံးသည်အား လွမ်းဆွတ်သွားခဲ့သည်။
မေမေရှောင်က ထပ်ပြီးညွှန်ကြားလာခဲ့သည်။ “ဒါဆိုလည်း သေချာသိမ်းထား။ ကိုယ်ဘယ်လောက်ချမ်းသာလည်း လူမသိစေနဲ့။ ငွေသားတွေဆိုတော့ ပိုပြီး သတိထားသိမ်းမှဖြစ်မယ်။”
“ဟုတ်ကဲ့ပါ အမေ။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အမေ၊ နေ့လည်စာစားချိန်တောင် နီးနေပြီ။ မောင်လေးကိုသွားရှာရအောင်။ သူ အဆာပြေစားလို့ရအောင် ခရမ်းချဉ်သီးတွေလည်း တခါတည်းပေးလို့ရတာပေါ့။”
“ကောင်းပြီလေ။” မေမေရှောင် သဘောတူလိုက်သည်။
နှစ်ယောက်သား သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီးနောက် တံခါးသော့ခတ်ကာ အမှတ်တစ်အထက်တန်းကျောင်း သွားခဲ့ကြသည်။
သူတို့ကျောင်းသို့ရောက်သည်နှင့် လုံခြုံရေးတစ်ယောက်ကို အကူအညီတောင်းကာ ရှောင်လင်းယဲ့ကို ခေါ်ခိုင်းလိုက်လေသည်။ မကြာလိုက်ပါဘဲ ရှောင်လင်းယဲ့ အပြေးလေး ရောက်လာခဲ့သည်။
“အမေ၊ အစ်မ၊ ဘယ်လိုလုပ် ရောက်လာကြတာလဲ။” ရှောင်လင်းယဲ့က ပြေးလာရင်း မေးလိုက်သည်။
မေမေရှောင်က၊ “ယဲ့အာ၊ အမေတို့ နေ့လည်စာအတူသွားစားကြရအောင်။”
“ဟုတ်ကဲ့။” ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။
ရှောင်လင်းယွီက ရှောင်လင်းယဲ့ကို ခရမ်းချဉ်သီးတစ်လုံးပေးလိုက်ကာ၊ “ဒါ စားကြည့်။ ဒီခရမ်းချဉ်သီးရဲ့ အရသာက တကယ်ကိုကောင်းတယ်။”
ရှောင်လင်းယဲ့က မငြင်းဆန်ခဲ့ပေ။ သူက ခရမ်းချဉ်သီးကိုယူကာ ကိုက်လိုက်ပြီးသည်နှင့် အံ့ဩမှုကြောင့် မျက်လုံးပြူးသွားလေသည်။ “ဝိုး၊ အစ်မ၊ ဒါ ဘာခရမ်းချဉ်သီးလဲ။ အရမ်းအရသာရှိတာပဲ။”
မေမေရှောင်က ရှင်းပြလာခဲ့သည်။ “စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီမှာလုပ်နေတဲ့ မင်းအစ်မရဲ့သူငယ်ချင်းက ဒါတွေရောင်းဖို့ ယွီအာကို လက်ကားချပေးထားတာ။”
ရှောင်လင်းယဲ့ နားလည်သွားကာ ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါကြောင့် ဒီလောက် အရသာရှိနေတာကိုး။”
သားအမိသုံးယောက် စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့ကြကာ ဟင်းပွဲအနည်းငယ် မှာယူလိုက်ကြသည်။
……
ယန်ယန်းတစ်ယောက် အိမ်ပြန်ရောက်သည်နှင့် သူမ ဈေးအမြင့်ကြီးပေးကာ ဝယ်ခဲ့မိသည့် အသီးအရွက်များကိုကြည့်မိချိန်တွင် အနည်းငယ် နောင်တရလာမိတော့သည်။ သို့သော်လည်း နောင်တရဖို့က အလွန်နောက်ကျသွားပြီဖြစ်တာကြောင့် သက်ပြင်းချ၍သာ ချက်ပြုတ်ဖို့ ပြင်ဆင်ရတော့သည်။ အရသာက ပုံမှန်လိုပဲဖြစ်နေမယ်ဆိုရင်တော့ သူမအနေနဲ့ နောက်တစ်ကြိမ် ထပ်မဝယ်ရုံပဲပေါ့။ တစ်ကြိမ် အရူးလုပ်ခံရရင် နောက်တစ်ကြိမ်ထပ်ပြီး အရူးလုပ်ခံနေမည်မှမဟုတ်ပဲ။
သူမက ဟင်းနုနွယ်ရွက်များကို ဆေးကြောကာ ခရမ်းသီးကိုလှီးလိုက်သည်။ ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ပြီးနောက် အကြော်အိုးထဲသို့ထည့် အားလုံးကို တခါတည်းထည့်လိုက်လေသည်။ သူမ စပြီးကြော်လိုက်သည်နှင့် အလွန်အံ့ဩသွားတော့သည်။ “အရမ်းမွှေးတာပဲ။ ဈေးအမြင့်ကြီးတောင်းတာ မထူးဆန်းတော့ပါဘူး။”
ယန်ယန်း မသိလိုက်သည်မှာ သူမချက်ပြုတ်နေသည့်အနံ့သည် သူမအိမ်ထဲကနေ ပျံ့လွင့်သွားကာ အိမ်နီးနားချင်းများပါ အနံ့ရနေသည်ကိုပင်။
“ဘယ်သူ ဟင်းချက်နေတာလဲ။ အနံ့က မွှေးလိုက်တာ။”
“ဟမ်… ငါအစောက ခေါင်းနည်းနည်းကိုက်နေတာပါ ဒီအနံ့ကိုရလိုက်တာနဲ့ ချက်ချင်း လန်းဆန်းသွားတာပဲ။ ဘာအနံ့များလဲ၊ အရွက်ကြော်နေတာလား။”
“ဟုတ်လောက်မယ်၊ ငါလည်း အရွက်ကြော်နံ့လို့ ထင်တယ်။”
…..
ယန်ယန်း၏ခင်ပွန်းသည် ရုံးလက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားရင်း အိမ်ပြန်ရောက်လာခဲ့သည်။ သူ အိမ်သို့ မရောက်သေးခင်မှာပင် မွှေးပျံ့လှသည့်ဟင်းအနံ့များကို ရနိုင်နေပြီဖြစ်သည်။ သူအလုပ်မှာ ပင်ပန်းလာခဲ့ရသမျှအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သူ အိမ်နဲ့နီးလာလေ အနံ့က ပိုပြင်းလာလေဖြစ်တာကြောင့် ယန်ယန်း၏ခင်ပွန်းမှာ အံ့ဩသွားလေသည်။ “ဒီနေ့ ယန်အာ ဘာတွေများချက်နေနေတာလဲ။”
သူ အိမ်တံခါးကိုဖွင့်လိုက်သည်နှင့် တစ်အိမ်လုံးတွင် စုနေသည့် မွှေးပျံ့သည့်အနံ့များက ရုတ်ချည်း သူ့ကိုရိုက်ခတ်လာကာ ချက်ချင်းပင် သူ့ကို နိုးကြားသွားစေသည်။
သူက လက်ဆွဲအိတ်ကို ဘေးသို့ပစ်ချလိုက်ပြီးသည်နှင့် မီးဖိုချောင်ထဲသို့ အပြေးဝင်သွားကာ မေးလိုက်သည်။ “အချစ်လေး၊ ဘာတွေချက်နေတာလဲ။ ဘာလို့ဒီလောက်တောင် မွှေးနေရတာလဲ။”
ယန်ယန်း၏ဘေးတွင် ရပ်နေသည့် ကောင်လေးကျွမ်းရွှမ်က အသံစူးစူးလေးနှင့် ပြန်ဖြေလာခဲ့သည်။ “ဖေဖေ၊ မေမေက ဟင်းနုနွယ်ရွက်နဲ့ခရမ်းသီးကြော်နေတာ။”
လီဖင်းမျက်မှောင်ကြုတ်သွားကာ သံသယတချို့ဖြင့် မေးလိုက်သည်။ “နေပါဦး၊ ဒီအတိုင်းသာမာန်အသီးအရွက်တွေကြော်နေတာလား။” ဘယ်လိုလုပ် အသီးနဲ့အရွက်နှစ်မျိုးရောကြော်လိုက်တာ ဒီလောက်ကောင်းတဲ့အနံ့မျိုးထွက်လာတာလဲ။ ဒီအနံ့က သူတို့တိုက်တစ်ခုလုံးကိုတောင် လွှမ်းခြုံနေပြီ။
လီကျွမ်းချွမ်က သူ့ခေါင်းသေးသေးလေးကို တဆတ်ဆတ်ညိတ်လိုက်သည်။ “ဖေဖေ၊ မေမေက နောက်ထပ် ဟင်းနှစ်ခွက်ထပ်ချက်ဦးမှာ။ အမဲသားနဲ့၊ ငါးချိုချဉ်လေ။”
လီဖင်းက မွှေးပျံ့လှသည့်အနံ့များကို အနံ့ခံကြည့်လိုက်သည်။
လီကျွမ်းရွှမ်က ပြောပြီးသည်နှင့် ပြေးထွက်သွားကာ ခရမ်းချဉ်သီးတစ်လုံးကိုင်ပြီး ပြန်ပြေးလာခဲ့သည်။ “ဖေဖေ၊ ဒါစားကြည့်။ ဒီခရမ်းချဉ်သီးက အရမ်းအရသာရှိတာ။ သားနဲ့ မေမေ စားကြည့်ပြီးပြီ။”
လီကျွမ်းရွှမ်သည် အစောက ခရမ်းချဉ်သီးအားလုံးကို အပြုတ်ဖြုတ်ပစ်ချင်ခဲ့သော်လည်း သူ့အမေက သူ့အဖေအတွက် ချန်ထားပေးဖို့ ပြောထား၍သာ ဆက်မစားတော့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့အဖေက တစ်နေ့လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ပြန်လာရတာမဟုတ်လား။
လီဖင်းသည် ဘာကိုထွေထွေထူးထူးမတွေးခဲ့ပေ။ ၎င်းကို သာမာန်ခရမ်းချဉ်သီးတစ်လုံးဟုသာ တွေးခဲ့လေသည်။
သူက ခရမ်းချဉ်သီးကို လှမ်းယူလိုက်ပြီးနောက် သူ့သားကို ပြုံးပြကာ ပြောလိုက်သည်။ “ကျေးဇူးနော် သားလေး။” ထို့နောက် တစ်ကိုက်,ကိုက်ကြည့်လိုက်ပြီးနောက်မှာတော့ သူ့ဇနီး ခရမ်းချဉ်သီးကို ပထမဆုံးစားမိချိန်ကနှင့် တူညီသော အမူအရာမျိုး ဖြစ်သွားတော့သည်။
“သေစမ်း၊ ဒါခရမ်းချဉ်သီးရောဟုတ်ရဲ့လား။ အရမ်းအရသာရှိတာပဲ။”
လီကျွမ်းချွမ်က ဂုဏ်ယူစွာဖြင့် သူ့လက်သေးသေးလေးများနှင့် ခါးကိုထောက်ကာ၊ “ဟီးဟီး၊ သားတို့ ဒါကို အစ်မကြီးတစ်ယောက်ဆီကနေ ဝယ်လာခဲ့တာလေ။ သားပြောလိုက်လို့သာ မေမေက ဝယ်ပေးတာ။”
ထိုနေ့လည်တွင် အသီးအရွက်စားရသည်ကို လုံးဝမကြိုက်ခဲ့သော လီကျွမ်းရွှမ်လေးသည် ပထမဆုံးအကြိမ်အဖြစ် လိမ်လိမ်မာမာနှင့် ထမင်းတစ်ပန်းလုံးကုန်အောင် စားခဲ့လေသည်။ သူက အသီးအရွက်များကို အစားဆုံးဖြစ်ပြီး အမဲသားနှင့် ငါးကိုပင် လှည့်မကြည့်ခဲ့ပေ။ ထို့နောက် သူ့အမေကို ပြောလိုက်သေးသည်။ “မေမေ၊ သားတို့ အဲ့အစ်မကြီးဆီက ထပ်ဝယ်ကြမယ်နော်။”
“ဒါပေါ့။” ယန်ယန်းက ကတိပေးလိုက်သည်။ ဈေးကြီးသည်ဟု တွေးနေမိလျှင်တောင်မှ အရသာရှိသည်ကိုတော့ မငြင်းနိုင်ပေ။ ဒါ့အပြင် အသီးအရွက်များများစားခြင်းက သူ့သားလေးဝိတ်လျှော့သည်ကို အထောက်အကူဖြစ်စေသည်။
ထိုကဲ့သို့အဖြစ်အပျက်မျိုးက အဘွားစုန့်နှင့် အဘွားလီတို့အိမ်တွင်လည်း တစ်ပုံစံတည်း ဖြစ်ပျက်နေလေသည်။
***