တုံ့ပြန်မှု (၂)
Vol. 5 Ch. 83
အဘွားစုန့်အိမ်တစ်ယောက် ဟင်းသီးဟင်းရွက်တစ်ခြင်းကြီးဆွဲကာ အိမ်သို့ ပြန်ရောက်လာတာကြောင့် အဘိုးက တင်းမာစွာပြောလာခဲ့သည်။ “အဘွားကြီး၊ ဘာလို့ သူတို့ဆီက ဒီလောက် အသီးအရွက်တွေအများကြီး ပြန်သယ်လာရတာတုန်း။ ငါတို့ သူတို့ဆီက အသီးအရွက်နည်းနည်းပါးပါးလောက်ယူပါမယ်လို့ကတိပေးပြီး ကလေးကို ငှားခလျှော့ပေးထားတာလေ။”
အဘွားစုန့်တစ်ယောက် မတရားအပြောခံရ၍ စိတ်ဆိုးသွားတော့သည်။ “ကျွန်မလည်း ဒီလောက်အများကြီး မယူချင်ပါဘူး။ ပိုက်ဆံတောင်ပေးဖို့လုပ်သေးတယ်။ ဒါပေမယ့် အဲ့ကလေးရဲ့အမေက လက်မခံဘူးလေ။ သူက ကျွန်မကိုတောင် အသီးအရွက်တွေအများကြီး ထည့်ပေးလိုက်သေးတာ။”
သူမစကားများကို နားထောင်ပြီးနောက်မှာတောင် အဘိုးစုန့်၏မျက်ခုံးများမှာ တွန့်ချိုးနေတုန်းပင်။ “ထားလိုက်ပါတော့၊ သူ့စေတနာပဲကို။” သူက ခေါင်းကိုငုံကာ သူ့လက်ရေးလှလေ့ကျင့်သည်ကို ဆက်လုပ်နေခဲ့သည်။
အဘွားစုန့် နေ့လည်စာချက်ချိန်မှာတော့ တစ်ခန်းလုံး ဂေါ်ဖီထုပ်၏မွှေးပျံ့သောရနံ့များဖြင့် ပြည့်နှက်သွားတော့သည်။
အဘိုးစုန့်သည် နှာခေါင်းရှုံ့ကာ အနံ့ခံကြည့်လိုက်ပြီး ချက်ချင်းပင် အော်မေးလိုက်လေသည်။ “အဘွားကြီး၊ ဘာတွေချက်နေတာလဲ။ ဘာလို့ ဒီလောက်တောင် မွှေးနေရတာတုန်း”
အိုးထဲမှ ဂေါ်ဖီထုပ်က တရှဲရှဲမြည်နေတာကြောင့် အဘိုးစုန့်လှမ်းမေးသည်ကို အဘွားစုန့် မကြားခဲ့ပေ။ အဘိုးစုန့်၏ စားချင်စိတ်က မြင့်တက်လာကာ စုတ်တံပင်ကိုချပြီး မီးဖိုခန်းထဲသို့ အပြေးဝင်သွားတော့သည်။ သူက မီးဖိုထဲလှည့်ပတ်ကြည့်လိုက်ပြီးနောက် ဒယ်အိုးထဲမှ ဂေါ်ဖီထုပ်ကလွဲပြီး ဘာမှထူးထူးခြားခြား မတွေ့ခဲ့ပေ။ ဒါကြောင့် အဘိုးစုန့်လည်း ထိုဂေါ်ဖီထုပ်ကိုသာ ကြည့်ပြီး မေးလိုက်လေသည်။ “ဒီလောက်မွှေးတဲ့အနံ့တွေကို ဒီဂေါ်ဖီထုပ်ကနေ ရနေတာလား။”
အဘွားစုန့်က မျက်လုံးသာလှန်ပြလိုက်လေသည်။ “ဟုတ်တာပေါ့။ ကျွန်မ တခြားဟင်းချက်နေတာများ ရှင်တွေ့လို့လား။” သို့သော်လည်း သူမစိတ်ထဲတွင်တော့ တိုးတိုးလေး ချီးကျူးနေမိလေသည်။
အဘွားစုန့်သည် ဂေါ်ဖီကိုကြည့်ပြီးနောက် တခြားသော မလှီးဖြတ်ရသေးသည့် အသီးအရွက်များကိုပါကြည့်ရင်း အတွေးနက်နေလေသည်။
ထိုနေ့၌ အဘွားစုန့်၏မိသားစုတို့သည် ည၈နာရီဝန်းကျင်တွင် ညစာစားကြကာ ထမင်းစားစားပွဲတွင် ဟင်းလုရင်း တွန်းထိုးနေကြလေသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက စားရင်းဖြင့် ပြောလာခဲ့သည်။ “အမေ၊ ဒီအသီးအရွက်တွေ ဘယ်ကဝယ်လာတာလဲ။ အရမ်းအရသာရှိတာပဲ။ သူတို့ဆီကပဲ နေ့တိုင်းဝယ်သင့်တယ်။”
အဘွားစုန့်က မျက်လုံးလှန်လိုက်တော့သည်။ “ငါ ဝယ်လာတာမဟုတ်ဘူး။ လက်ဆောင်ရလာတာ။ နေ့တိုင်းရနိုင်မယ်များ ထင်နေလား။ အိပ်မက်သာမက်နေလိုက်။” နောက်ဆုံးမှာတော့ ရှောင်လင်းယွီက မနက်ဖြန်ကျလျှင် သူမ မလာမှာကြောင့် အသီးအရွက်များများ ပိုယူသွားရန်ပြောသည့် ဆိုလိုရင်းကို နားလည်သွားတော့သည်။ အကြောင်းကတော့ ရှောင်လင်းယွီတို့ အသီးအရွက်တွေက အရမ်းအရသာရှိနေလို့ကိုး။
…..
တစ်ချိန်တည်းမှာပဲ အဘွားလီသည်လည်း သူမမြေးလေးအတွက် ဟင်းများချက်ပြုတ်နေခဲ့သည်။ သူမက ကြက်စွပ်ပြုပ်တစ်ခွက်၊ ငါးပေါင်းတစ်ခွက်၊ ဝက်သားနှင့်ခရမ်းသီးနှပ်တစ်ခွက်ရယ် တို့ဟူးနှင့်ဂေါ်ဖီနှပ်တစ်ခွက်ရယ်ကို ပြင်ဆင်ထားခဲ့သည်။
သူမ ခရမ်းသီးနှင့် ဂေါ်ဖီပါသည့် ဟင်းပွဲများကို ချက်ပြုတ်နေစဉ်အတွင်း အလွန်ကိုမှ အံ့အားသင့်ခဲ့ရလေသည်။ ဘယ်လိုလုပ်ပြီး ဟင်းသီးဟင်းရွက်တွေက ဒီလောက်တောင် မွှေးနိုင်ရတာလဲ။ ဂေါ်ဖီဆိုလျှင် အစိမ်းစားတုန်းကပင် အလွန်ချိုနေပြီဖြစ်ကာ ချက်လိုက်ချိန်မှာတော့ ပိုလို့တောင်မှ ချိုသွားတော့သည်။
“ဒီလောက်ဈေးကြီးပေးရတာ အံ့ဩစရာမရှိတော့ပါဘူး။ ပေးရတဲ့ဈေးနဲ့လည်း တန်တာကိုး။” သူမက ဟင်းပွဲများကို စားပွဲထက်တွင်ချလိုက်ပြီးနောက် နာရီကိုလှမ်းကြည့်ကာ ပြုံးလိုက်လေသည်။ “ဒီတစ်ခေါက်တော့ ငါ့အကြီးဆုံးမြေးလေးရဲ့ အစာစားချင်စိတ် ပြန်ဝင်လောက်ပါပြီ။”
မကြာခင်မှာပဲ အဘွားလီ၏အကြီးဆုံးမြေး လီကျန်းထင် အိမ်ပြန်ရောက်လာခဲ့သည်။
“အဘွား၊ သားပြန်လာပြီ။” လီကျန်းထင်က အော်ပြောလိုက်သည်။
အဘွားလီသည် သူ့အကြီးဆုံးမြေးက ပုံမှန်ထက်ပိုပြီး သွက်လက်နေသည်ကို သတိထားမိသွားတာကြောင့် ပြုံး၍ မေးလိုက်လေသည်။ “ထင်အာ၊ ဒီနေ့ စိတ်ကောင်းဝင်နေပါလား။ ကောင်းတာ တစ်ခုခုများ ရှိလို့လား။”
လီကျန်းထင်က ခေါင်းအသာယမ်းလိုက်သည်။ “မဟုတ်ဘူး၊ အဘွားရဲ့။ သားရောက်တော့ အဘွားကျောက်တို့လို အိမ်နီးချင်းတွေကစုပြီး အဘွားဒီနေ့ ဈေးဖိုး ဘယ်လောက်တောင်မှ သုံးလာတာဆိုပြီး ပြောနေကြတာ။
ဒါပေမယ့် ရုတ်တရက်ကြီး သူတို့က တစ်ယောက်ယောက် ဟင်းချက်နေတဲ့အနံ့က အရမ်းမွှေးတယ်လို့လဲ ပြောတယ်။ ဒါက တော်တော်လေးတော့ ထူးဆန်းတယ်။ ပုံမှန်ဆို သားစိတ်က အတော်တော်လေးရှုပ်နေတတ်ပေမယ့် အဲ့ဒီအနံ့ကိုလည်းရလိုက်ရော ချက်ချင်းပဲ ခေါင်းကကြည်သွားရော။ အိမ်နားနီးလာလေ ပိုပြီးတော့ နေလို့ကောင်းလာလေပဲ။ အိမ်ထဲဝင်လိုက်တာနဲ့ ချက်ချင်းကို ခုန်ပေါက်ချင်မိလောက်အောင် အားတွေပြည့်လာတော့တာပဲ။ အဘွား၊ ဟင်းသီးဟင်းရွက်အနံ့နဲ့ ရေမွှေးအသစ်များ ဝယ်လာခဲ့တာလား။”
အဘွားလီသည် သူမမြေး၏စကားကိုကြားပြီး စိတ်လှုပ်ရှားသွားတော့သည်။ “မဟုတ်ဘူး၊ တကယ် ဟင်းသီးဟင်းရွက်အစစ်တွေ။ ထင်အာ၊ လာ.. ဒီမှာထိုင်။ ဒီဟင်းတွေ စားကြည့်ပါဦး။ မြေးလေး အကြိုက်နဲ့ ကိုက်ရဲ့လား။”
လီကျန်းထင်သည် အနံ့ကြောင့် မလွန်ဆန်နိုင်တော့ဘဲ ချက်ချင်းပင် တူကိုကိုင်ကာ ခရမ်းသီးတစ်ပိုင်းကို ပါးစပ်ထဲထည့်လိုက်လေသည်။ သူက ဝါးစားလိုက်ပြီး၊ “အဘွား၊ အရမ်းအရသာရှိတာပဲ။”
အဘွားလီ ပျော်ရွှင်သွားကာ လက်ခုပ်လက်ဝါးတီးလိုက်ပြီး၊ “တကယ်လား။ ဒီဂေါ်ဖီလေးလဲ စားကြည့်ပါဦး။”
လီကျန်းထင်က နာနာခံခံပင် စားလိုက်ပြီးနောက် ပြုံးလာခဲ့သည်။ “အဘွား၊ ဒါလည်း အရမ်းအရသာရှိတယ်။”
“ဒါဆို များများသာစား မြေးလေး။ ဒီရက်ပိုင်း မြေးလေး အစားသေချာ စားမဝင်ခဲ့ဘူးမဟုတ်လား။”
“ဟုတ်ကဲ့။” လီကျန်းထင်သည် ထမင်းပန်းကန်လုံးကိုကိုင်ကာ ဟင်းများကိုယူပြီး ပါးစပ်အပြည့် သွပ်သွင်းတော့သည်။ ဒါတွေက အရမ်းစားလို့ကောင်းတာပဲ။
သူမမြေးလေး ကောင်းကောင်းစားနေသည်ကို ကြည့်ပြီး အဘွားလီ၏စိုးရိမ်ပူပန်နေသည့် မျက်လုံးများမှာ စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်းသာမျက်ရည်များပင် ကျလာတော့သည်။ သူမ၏အကြီးဆုံးမြေးလေး နောက်ဆုံးတော့ အာဟာရရှိတဲ့အစားအသောက်တွေကို ကောင်းကောင်းစားနိုင်ပြီပင်။ သူမက ထိုကုန်စိမ်းရောင်းသည့်ကောင်မလေးကိုရှာကာ နောက်ထပ် အသီးအရွက်များ ပိုဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ဈေးကမြင့်နေသည်ဆိုဦးတော့ ပေးရတာတန်ပေသည်။
….
ထိုသို့ တူညီသည့်အတွေးမျိုးရှိနေသည်ကတော့ အစပိုင်းတုန်းက ရှောင်လင်းယွီ၏ဟင်းသီးဟင်းရွက်များမှာ ဓာတုဆေးသုံးထားသည်ဟု သံသယဝင်ခဲ့သော ဒေါ်လေးလင်းပင် ဖြစ်သည်။ သူမက ခရမ်းချဉ်သီးကိုစားကြည့်ပြီးသည့်နောက် တခြားဟင်းသီးဟင်းရွက်များကိုပါ ဝယ်ယူခဲံသည်။
ဝယ်ယူလာသည်များကို ချက်ပြုတ်နေသည့်အချိန်မှာပဲ သူမ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ကြောင်း နားလည်သွားလေသည်။ သူမက ခရမ်းချဉ်သီးကို ကြက်ဥနှင့်မွှေကြော်ခဲ့သည်။ ခရမ်းချဉ်သည် အစိမ်းစားခဲ့တုန်းကပင် ချိုချိုချဉ်ချဉ်နှင့် အရသာရှိလှသည်။ ကြက်ဥနှင့်ရောကြော်လိုက်ချိန်မှာတော့ လုံးဝကွဲပြားသည့် အရဿာတစ်မျိုးဖြစ်သွားခဲ့သည်။ ၎င်းမှာ အတိတ်တုန်းက သူမသုံးခဲ့သည့် ခရမ်းချဉ်သီးများကမှ ဓာတုဆေးသုံးထားသည်များလားဟု မေးခွန်းထုတ်ရလောက်အောင်ပင် ထိုခရမ်းချဉ်သီးများမှာ အလွန်အရသာရှိနေလေသည်။
မဟုတ်ရင် ဘယ်လိုလုပ်ပြီး အရသာက ဒီလောက် ကွာခြားနိုင်ရမှာလဲ။
***