ဒေါ်လေးလင်း၏ပုံပြင်
Vol. 5 Ch. 84
ချက်ပြီးသွားတာတောင်မှ ဂေါ်ဖီသည် ချိုမြိန်ကာ ကြွပ်ရွနေတုန်းပင်။ ယခင်က သူမချက်ခဲ့သည့် ဂေါ်ဖီများမှာ တကယ် ဂေါ်ဖီအစစ် ဟုတ်မှဟုတ်ရဲ့လားဟုပင် ဒေါ်လေးလင်း သံသယဝင်မိတော့သည်။
“အမေ၊ ဘာတွေချက်နေတာလဲ။ အရမ်းမွှေးတာပဲ။” ဒေါ်လေးလင်း၏ အငယ်ဆုံးသမီးက ဂျူနီယာအထက်တန်းကျောင်းမှ ပြန်လာပြီးနောက် ထမင်းစားပွဲကိုမှီကာ မေးလာခဲ့သည်။ သူမက နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ပြီးနောက် မျက်လုံးများ ကျဉ်းမြောင်းသွားကာ၊ “အမေ၊ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်လုပ်နေတာလား။”
ဒေါ်လေးလင်းက ပြန်ဖြေလေသည်။ “ဟုတ်တယ်လေ။”
“အိုး..” သူမ၏အငယ်ဆုံးသမီးက ခေါင်းညိတ်လိုက်သည်။ “အနံ့က အရမ်းအရသာရှိတဲ့အနံ့ဆိုတော့ ဘာများလဲဆိုပြီးတွေးနေတာ။”
“စကားများမနေနဲ့တော့။ စားကြမယ်။” ဒေါ်လေးလင်းက ပြောလိုက်သည်။
သူမ၏အငယ်ဆုံးသမီးက ဟိုကြည့်ဒီကြည့်လုပ်ကာ မေးလာခဲ့သည်။ “အမေ၊ အဖေရော။” ဒေါ်လေးလင်း နှလုံးတစ်ချက်တုန်သွားသော်လည်း အမူအရာမပေါ်အောင် ထိန်းထားခဲ့လေသည်။ “သမီးအဖေက အလုပ်မှာ လုပ်စရာလေးရှိသေးလို့ ညစာပြန်လာစားဖို့ အချိန်မရှိဘူးတဲ့။ အမေတို့ဘာသာပဲ စားလိုက်ကြရအောင်။” ဒေါ်လေးလင်းက ပြုံး၍ပြောလိုက်သည်။ သူမစိတ်ထဲတွင်တော့၊ ‘အဲ့ဒီလူယုတ်မာ လင်းထျန်းဟွေ့၊ အခုချိန် ဟိုမြေခွေးမနဲ့ ညစာအတူစားနေမှာပေါ့။’
ဒေါ်လေးလင်း စိတ်ဓာတ်ကျသွားခဲ့သည်။ သူမနှင့် လင်းထျန်းဟွေ့သည် တက္ကသိုလ်တွင် ချစ်ကြိုက်ခဲ့ကြပြီး ဘွဲ့ရပြီးနောက်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ လက်ထပ်ပြီးနောက်မှာတော့ လင်းထျန်းဟွေ့သည် သူက တစ်ဦးတည်းသောသားဖြစ်တာကြောင့် သူ့မိဘဘက်တွင် နေရမည်ဟု ပြောလာလေသည်။ ထို့ကြောင့် ဒေါ်လေးလင်းသည်လည်း သူမဘက်ကပဲ အရာရာကို အလျှော့ပေးကာ ဤသေးငယ်သည့်နယ်မြို့လေးသို့ သူနှင့်အတူ လိုက်ပါလာခဲ့လေသည်။
သူတို့နှစ်ယောက်လုံး အလုပ်ကြိုးစားခဲ့ကြပြီး သူတို့စတင်လုပ်ကိုင်ခဲ့သည့် အထည်ဆိုင်သေးသေးလေးမှာ အခုဆိုလျှင် ရှင်းယင်မြို့၏နာမည်ကြီး လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပေပြီ။ အချိန်မှာလည်း နှစ်နှစ်ဆယ်ပင် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
ကုမ္ပဏီက အတိုင်းအတာတစ်ခုအထိ အောင်မြင်လာချိန်မှာတော့ သူမခင်ပွန်းသည် သူမကို အလုပ်မှအနားယူကာ အိမ်မှာပဲ အချိန်ပြည့်အိမ်ရှင်မတစ်ယောက်အဖြစ်နေပြီး သူ့မိဘများနှင့် ကလေးတွေကို ဂရုစိုက်ပေးဖို့ ပြောလာခဲ့သည်။ သူကတော့ ကုမ္ပဏီက ကိစ္စအလုံးစုံကို ကိုင်တွယ်ပေးမည်ပင်။
သို့သော်လည်း ဒေါ်လေးလင်း အိမ်မှာပဲ နေလိုက်သည်နှင့် သူမခင်ပွန်း၏နှလုံးသားမှာ ပြောင်းလဲသွားတော့သည်။ ယောက်ျားများသည် ငွေရှိလေ ပျက်စီးကြလေပင်။ သူက မယားငယ် စထားတော့သည်။
ဒေါ်လေးလင်းက ပထမဆုံး ထိုအကြောင်းအရာကို ဖော်ထုတ်လိုက်ချိန်တုန်းက သူမခင်ပွန်းသည် အလွန်အပြစ်ရှိသလို ခံစားခဲ့ရပြီး ဒူးပင်ထောက်ကာ သူ့ကို ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။ သူက နောက်ထပ်မလုပ်တော့ပါဘူးဟုလည်း ကတိပေးခဲ့လေသည်။
သို့သော်လည်း သိပ်မကြာလိုက်ပါဘဲ သူဖောက်ပြန်နေသည်ကို ဒေါ်လေးလင်း ထပ်ပြီး မိသွားပြန်သည်။ ယခင်အတိုင်းပင် သူက ဒူးထောက်ကာ သူ့ကိုခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။ ကလေးတွေ၏မျက်နှာကို ထောက်ကာ သူမကလည်း ထပ်ပြီး ခွင့်လွှတ်ပေးခဲ့သည်။
ထို့နောက်တွင်တော့ လင်းထျန်းဟွေ့သည် သူအိမ်ထောင်ရေးဖောက်ပြန်လျှင်တောင် အလွယ်တကူ ခွင့်လွှတ်ခံရနိုင်သည်ကို သိသွားခဲ့သည်။ ထိုမှစကာ သူက ပေါ်ပေါ်ထင်ထင်ပင် ဖော်ပြန်တော့သည်။ အပြစ်ရှိစိတ်ဟူ၍ နည်းနည်းလေးပင် မခံစားရတော့ပေ။ သူ့ပုံစံက အောင်မြင်သည့် ယောက်ျားတစ်ယောက်တွင် မယားငယ်ရှိသည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပင်။
ဒေါ်လေးလင်းသည် ကွာရှင်းချင်ခဲ့သော်လည်း သူမသာ ကွာရှင်းပါက ဘာမှမရဘဲ ဒီအတိုင်းအိမ်ပေါ်က ဆင်းသွားရမည်ဟု သူမခင်ပွန်းက ပြောလာခဲ့သည်။ ဒေါ်လေးလင်းသည် သူမအတွက် ဘာမှမရလဲ စိတ်ထဲမရှိပေမယ့် သူမခင်ပွန်းက သူမသားသမီးတွေကို နောက်တစ်ကြိမ် ဘယ်တော့မှထပ်တွေ့ခွင့်မပေးဘူးဟုပါ ခြိမ်းခြောက်လာသည်ကိုတော့ လျစ်လျူမရှုနိုင်ခဲ့ပေ။ ဒေါ်လေးလင်းသည် သူမခင်ပွန်းနှင့်အတူ အခက်အခဲများစွာကို အတူရင်ဆိုင် ကျော်ဖြတ်ခဲ့သူဖြစ်သည်။ သူမသည် သူမခင်ပွန်း၏မိဘများကို ပြုစုကာ သူတို့ကလေးများကို ပျိုးထောင်ပေးခဲ့သည်။ သို့သော်လည်း အဆုံးမှာတော့ အကျိုးအမြတ်အားလုံးမှာ မယားငယ်အတွက် ဖြစ်သွားလေသည်။ ဒေါ်လေးလင်းသာ ကွာရှင်းလိုက်မည်ဆိုလျှင် သူမ၏လက်ရှိနေရာ ထိုမယားငယ်အတွက်ဖြစ်သွားမည်ဖြစ်ကာ ကလေးတွေကိုတောင် နှိပ်စက်မည့် မိထွေးတစ်ယောက် ရောက်လာနိုင်ပေသည်။
ထို့ကြောင့် ဒေါ်လေးလင်းသည် သူမကလေးများအတွက် အံကြိတ်၍သာ ဒုက္ခများကို နှုတ်ဆိတ်၍ သည်းခံနေရတော့သည်။
သူမကလေးများက သူတို့အဖေအကြောင်းမေးလာချိန်တိုင်း ဒေါ်လေးလင်းသည် သူ အလုပ်များနေသည်ဟုသာ ပြောနိုင်ပေသည်။ သူမကလေးတွေလည်း တစ်နေ့မှာတော့ အမှန်တရားကို သိသွားကြမည်ဆိုသော်လည်း ဒေါ်လေးလင်းကတော့ တတ်နိုင်သလောက် သူတို့ကို ကာကွယ်ပေးချင်ခဲ့သည်။ ကလေးတွေက ငယ်သေးတာကြောင့် သူတို့လေးတွေကို စိတ်ဒုက္ခမခံစားစေလိုပေ။
သူမသားသည် တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ကာ ကိစ္စများကို သူ့ဘာသာ ချင့်ချိန်ဆုံးဖြတ်နိုင်ပြီဖြစ်သည်။ သို့သော်လည်း သူမ၏အငယ်ဆုံးသမီးလေးသည်တော့ အသက် ၁၄နှစ်သာရှိသေးသည်။ ဒေါ်လေးလင်းသည် သူမဘေးတွင်ထိုင်ကာ ထမင်းကို မြိန်ရေရှက်ရေစားနေသည့် သမီးငယ်အားကြည့်ကာ သက်ပြင်းသာ အသာချမိတော့သည်။
သူမသမီးက သူမအမေ၏စိတ်အခြေအနေကို ခံစားမိသွားသလိုမျိုး ဒေါ်လေးလင်းကို မော့ကြည့်ကာ မေးလာခဲ့လေသည်။ “အမေ၊ ဘာဖြစ်လို့လဲ။”
ဒေါ်လေးလင်းက ပြုံးကာ ပြန်ပြောလိုက်သည်။ “ဘာမှမဖြစ်ပါဘူး။ များများစား။” သူမက ခရမ်းချဉ်သီးတစ်တုံးကို ယူကာ ကောင်မလေး၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ကောင်မလေးက သက်ပြင်းချလိုက်ပြီး ညည်းတွားလာခဲ့လေသည်။ “အဖေသာရှိရင် ဒီအရသာရှိတဲ့ဟင်းတွေစားပြီး အရမ်းပျော်နေမှာ။ အဖေက နေ့တိုင်းကို အလုပ်များနေတော့တာပဲ။ တော်တော်ပင်ပန်းနေမှာ။” သူမက ဟင်းပွဲများကိုကြည့်လိုက်သည်။ ထို့နောက် သူမက မေးစေ့ကို ပွတ်နေရင်း ရုတ်တရက် မျက်လုံးအရောင်များတောက်သွားကာ၊ “အမေ၊ သမီးတို့ အဖေ့ဆီ ဟင်းတွေထုပ်ပြီး သွားပို့ရန် မကောင်းဘူးလား။”
ဒေါ်လေးလင်းသည် သူမသမီး၏ တောက်ပနေသည့်မျက်လုံးလေးများကိုကြည့်ရင်း စိတ်ထဲတွင် ငြင်းဆန်မိသည်။ ထိုလူကို သူမ အလွန်စိတ်ပျက်မိသဖြင့် မျက်နှာချင်းဆိုင်မိတိုင်း စက်ဆုပ်ရွံရှာစိတ်ကို မထိန်းချုပ်နိုင်ပေ။
“ညစာစားချိန်ကျော်နေပြီ။ သမီးအဖေလည်း စားပြီးလောက်ရောပေါ့။ သူအလုပ်လုပ်နေတာကို သွားမနှောက်ယှက်နေပါနဲ့။”
ကောင်မလေးမှာ ထိုစကားကိုကြားပြီး သူမမျက်နှာထက်ရှိ စိတ်အားထက်သန်မှုများမှာ ကွဲကြေသွားတော့သည်။ သို့သော်လည်း သူမမျက်လုံးများက ထပ်ပြီးတောက်ပလာပြန်ကာ၊ “ဒါဆို သမီးတို့ သေချာအောင် အဖေ့ကို ဖုန်းဆက်ကြည့်လိုက်ကြရအောင်။ အဖေ မစားရသေးဘူးဆိုရင် သွားပို့လို့ရတာပဲ။”
သူမက ချက်ချင်းပင် ထမင်းစားပွဲမှထကာ ဖုန်းဆီသို့ ပြေးသွားလေသည်။ သူမအဖေ၏ဖုန်းနံပါတ်ကို ခေါ်လိုက်ပြီး တစ်ဖက် ပြန်ဖြေလာသည်နှင့် ပျော်ရွှင်စွာပင် ပြောလိုက်လေသည်။ “အဖေ၊ ညစာစားပြီးပြီလား။ အမေက အရမ်းအရသာရှိတဲ့ဟင်းချက်ထားတယ်။ အဖေစားကြည့်လို့ရအောင် အမေ့ကို ယူလာပေးဖို့ပြောလိုက်နော်၊ မဟုတ်ရင် ဒီလောက်အရသာရှိတာကို မစားလိုက်ရလို့ အဖေ နောင်တရသွားမယ်။”
လင်းထျန်းဟွေ့သည် သူ့သမီးထံက ဖုန်းခေါ်ဆိုမှုရချိန်တွင် သူ့ချစ်သူလေးနှင့် စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာစားနေခြင်းဖြစ်သည်။ သူ့သမီးက သူစားပြီးပြီလား မေးလာချိန်မှာတော့ အကြောင်းတချို့ကြောင့် မစားရသေးဘူးဟု ပြန်ဖြေလိုက်မိသည်။
သူ့သမီး၏ ပျော်ရွှင်နေသည့်အသံလေးကိုကြားလိုက်ရသည်နှင့် သူ့နှလုံးသားမှာပျော့ပျောင်းသွားခဲ့သည်။ ထို့နောက်မှာတော့ သူမအမေက သူ့အတွက် ဟင်းပွဲတချို့ပို့ပေးချင်နေကြောင်း သူ့သမီးက ပြောလာခဲ့သည်။
ထိုတော့မှ သူ ဟွမ်းရှီဝမ်(ဒေါ်လေးလင်း)အတွက် ဘာမှမလုပ်ပေးမိသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ကြောင်း လင်းထျန်းဟွေ့ အမှတ်ရသွားတော့သည်။ ကုမ္ပဏီက ကြီးမားလာသည့်နောက် သူ ရှန်းယင်(မယားငယ်)ကို ရှာတွေ့ခဲ့သည်။ ပုံမှန်ဆိုသလိုပဲ သူနှင့် ရှန်းယင်သည် အဆင့်မြင့်စားသောက်ဆိုင်များစွာတွင် ညစာထွက်စားလေ့ရှိကြသည်။
ထိုအချိန်မှာပဲ သူ၏အပြစ်ရှိစိတ်က ပြန်ပေါ်လာခဲ့ကာ လင်းထျန်းဟွေ့ ပြောလိုက်မိသည်။ “အဖေ မစားရသေးဘူး။ သမီးအမေကို အဖေ့အတွက် ညစာလာပို့ခိုင်းလိုက်ပါလား။”
ရှန်းယင်၏မျက်နှာမှာ အစိမ်းရောင်ပြောင်းသွားလုနီးပါးပင်။ သို့သော်လည်း သူမ ဘာမှမပြောနိုင်ပေ။ သူမ လင်းထျန်းဟွေ့နှင့် အတူစရှိချိန်ကတည်းက သူမ၏တည်ရှိမှုကို ကလေးများမသိစေရဟု သူတို့ စာချုပ်ချုပ်ထားခဲ့ကြသည်။ မဟုတ်ပါက သူတို့ ပတ်သတ်မှုက ချက်ချင်းဆုံးခန်းတိုင်သွားမည်ပင်။
ရှန်းယင်သည် အချိန်ကောင်းကိုစောင့်နေခဲ့ကာ ထိုမတိုင်ခင်တော့ အရာအားလုံးကို သူမ သည်းခံမှဖြစ်ပေမည်။ သူမမှာ ကိုယ်ဝန်ရှိလာမယ့်အချိန်အထိပေါ့…
ရှန်းယန်၏တင်းတင်းဆုပ်ထားမိသည့် လက်များမှာ ပြန်လည်ပြေလျော့သွားကာ နူးညံ့စွာ မေးလိုက်လေသည်။ “ထျန်းဟွေ့၊ အဲ့ဒီအဘွားကြီး ရှင့်ကုမ္ပဏီကို ညစာလာပို့မှာကို ရှင် ခွင့်ပြုပေးမယ်ပေါ့။” ရှန်းယင်အတွက်တော့ ဒေါ်လေးလင်းသည် သေချာပေါက်ကို အဘွားကြီးတစ်ယောက်ပင်။
လင်းထျန်းဟွေ့က မျက်မှောင်ကြုတ်ကာ ပြန်မဖြေလာခဲ့ပေ။ “မင်းပြီးအောင်စားလိုက်။ ငါ ငွေရှင်းခဲ့မယ်။”
ထို့နောက် သူက စင်တွင်ချိန်ထားသည့် အပေါ်ထပ်ကုတ်ကိုဆွဲယူကာ ရှန်းယန်ကို တစ်ချက်လေးတောင် မကြည့်ဘဲ ထွက်သွားတော့သည်။
ရှင်းယင်သည် လင်းထျန်းဟွေ့ကိုစိုက်ကြည့်နေပြီးနောက် စားစရာအပြည့်ဖြင့် စားပွဲကို တစ်ဖန်ကြည့်လိုက်သည်။ သူမက ဒေါသတကြီးအံကြိတ်ကာ ကျိန်ဆဲလိုက်တော့သည်။ “ဟွမ်းရှီဝမ်၊ အရှက်မရှိတဲ့အဘွားကြီး။ နင့်ယောက်ျားကို ဆွဲမထားနိုင်တော့ ကလေးဗန်းပြပြီး ပြန်လာအောင် လုပ်တယ်ပေါ့။ စောင့်နေစမ်းပါ။ ငါ့မှာ လင်းထျန်းဟွာရဲ့ကလေးရှိလာတာနဲ့ နင်ရော နင့်ကလေးတွေပါ လင်းထျန်းဟွာကို ဘယ်တော့မှ ထပ်ပြီး တွေ့ခွင့်မရအောင် လုပ်ပစ်မယ်။”
လင်းထျန်းဟွာကတော့ ရှန်းယင်၏အရုပ်ဆိုးသည့်ဘက်ခြမ်းကို သတိမထားမိခဲ့ပေ။ သူက သူ့ဇနီး၏အိမ်ထမင်းဟင်းများကို မျှော်လင့်ရင်းဖြင့် ကုမ္ပဏီသို့ ပြန်သွားခဲ့လေသည်။
***