← Chapters

ဒေါ်လေးလင်း၏ပုံပြင် (၂)

Vol. 5 Ch. 85

ဒေါ်လေးလင်း၏ပုံပြင် (၂)

Vol. 5 Ch. 85

လင်းယွီမုံ့သည် ဖုန်းချလိုက်ပြီးသည်နှင့် ပျော်ရွှင်မှုအပြည့်ဖြင့် သူမအမေကို ပြောလိုက်လေသည်။ “အမေ၊ အဖေက ညစာစားရသေးဘူးတဲ့။ အဖေ့အတွက် အစားအသောက်နည်းနည်းလောက်ထပ်ပြီး ပို့ပေးပါလား။”

ဒေါ်လေးလင်းသည် တုံ့ဆိုင်းစွာဖြင့် ပြန်ပြောလေသည်။ “မုံ့မုံ့၊ အမေ ချက်ထားတာတွေက မလောက်ဘူးလို့ထင်တယ်။”

ပြောရရင်တော့ ထိုသစ္စာမရှိသည့်ယောက်ျား၏မျက်နှာကို သူမ မမြင်လိုခြင်းပင်ဖြစ်သည်။

လင်းယွီမုံ့က ချက်ချင်းပင် အဖြေရှာရသွားခဲ့သည်။ “အမေကလည်း ဒါဆို သမီး အဖေ့အတွက် တွဲစားလို့ရအောင် ပေါက်စီအလွတ်နှစ်လုံးလောက်သွားဝယ်လိုက်မယ်လေ။ အဖေက ပေါက်စီမကြိုက်လို့လား။” လင်းယွီမုံ့က ချက်ချင်းပင် မီးဖိုချောင်ထဲမှ ဗူးတစ်ဗူးကျု ဆွဲထုတ်လာခဲ့သည်။ သူမက ထမင်းပေါင်းအိုးကို လှပ်ကြည့်လိုက်ရာ အထဲတွင် ထမင်းအများကြီးကျန်နေသေးသည်ကို တွေ့လိုက်လေသည်။ ထို့ကြောင့် သူမလည်း ပေါင်းအိုးထဲမှ ထမင်းများကို ဗူးထဲသို့ သေချာသိပ်ထည့်လိုက်ပြီး ဟင်းများကိုတော့ နောက်အလွှာများထဲ သပ်သပ်ရပ်ရပ်ထည့်လိုက်သည်။ ထို့နောက် ထမင်းဗူးကို သူမအမေကို ပေးလိုက်ပြီး၊ “အမေ၊ အဖေ့ကိုသွားပို့ဖို့ အဆင်သင့်ပဲ။”

ဒေါ်လေးလင်းသည် သူမသမီး၏မြန်ဆန်လှသည့်လှုပ်ရှားမှုကြောင့် အံ့ဩသွားရလေသည်။ သူမတုံ့ဆိုင်းနေတုန်းပင်ဖြစ်သော်လည်း သူမသမီးကတော့ အကုန်လုပ်ပြီးသွားခဲ့သည်။ ဒေါ်လေးလင်းက ထပ်ပြီး အကြောင်းပြချက်တစ်ခု အမြန်ရှာက ပေးလိုက်ပြန်သည်။ “ဒါပေမယ့် မုံ့မုံ့ရယ်၊ အမေ အခုထိ စားလို့မပြီးသေးဘူးလေ။”

လင်းယွီမုံ့က ပြုံးကာ ပြန်ပြောလာခဲ့သည်။ “အဲ့ဒါလည်း သမီးတွေးထားပြီးသား။ အမေ့အတွက်ရော အဖေ့အတွက်ပါ လုံလုံလောက်လောက် ထည့်ပေးထားတယ်။ အမေ ကုမ္ပဏီမှာပဲ အဖေနဲ့အတူ ဆက်စားလိုက်တော့။”

ဒေါ်လေးလင်းသည် သူမချောင်ပိတ်မိနေပြီမှန်း သိလိုက်သည်။ သူမသာ ဆက်ပြီး အကြောင်းပြချက်ရှာနေမည်ဆိုလျှင် သူမသမီး၏သံသယကို လှုံ့ဆော်လိုက်သလို ဖြစ်သွားလိမ့်မည်။ ဒေါ်လေးလင်းလည်း ထမင်းဗူးကိုယူကာ လင်းယွီမုံ့ကိုပြောလိုက်သည်။ “မုံ့မုံ့ စားပြီးသွားရင် တံခါးကို သေချာသော့ခတ်ဖို့ မမေ့နဲ့နော်။ သူစိမ်းတွေလာရင် တံခါးမဖွင့်ပေးနဲ့၊ ဟုတ်ပြီလား။”

လင်းယွီမုံ့ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ အမေရဲ့။ သမီးသိပါတယ်။ သမီးက ကလေးသေးသေးလေးလည်း မဟုတ်တော့ပါဘူး။ အမေ မြန်မြန်လေးသွားလိုက်တော့၊ အဖေ ဗိုက်ဆာနေတော့မယ်။”

ဒေါ်လေးလင်းတစ်ယောက် ကူကယ်ရာမဲ့စွာသက်ပြင်းချရင်း ထွက်ခွာသွားတော့သည်။

ဒေါ်လေးလင်း လှည့်ထွက်သွားသည်နှင့် ချက်ချင်းဆိုသလို သူမသမီး၏မျက်နှာပေါ်မှ အပြုံးလေးများမှာ ပျောက်ကွယ်သွားလေသည်။ လင်းယွီမုံ့က သက်ပြင်းချလိုက်တော့သည်။ “အမေ သမီး အမှန်တရားကို သိပြီးသားပါ။ အမေ ကွာရှင်းချင်နေတာကိုလည်း သိတယ်။ ဒါပေမယ့် သမီးနဲ့အစ်ကိုကြီးအတွက် အမေတောင့်ခံနေရတာလေ။ အမေ့ရဲ့ဝမ်းနည်းစိတ်တွေကို တင်းခံပြီး ညဘက်ကျမှ အသံတိတ်မျက်ရည်ကျနေရတာ။ သမီး တစ်ကိုယ်ကောင်းဆန်မှန်းတော့သိပေမယ့် အမေနဲ့ အဖေ ပြန်အဆင်ပြေသွားဖို့ မျှော်လင့်မိနေတုန်းပဲ။ သမီးတို့ အရင်လို ပျော်စရာမိသားစုလေး ပြန်ဖြစ်ချင်မိတယ်။”

လင်းယွီမုံ့သည် သူမအတန်းဖော်များနှင့် ဈေးဝယ်ထွက်ရင်း သူမအဖေ၏မယားငယ်ကို တွေ့ရှိသွားခဲ့ခြင်းဖြစ်သည်။ သူမအဖေနှင့် မယားငယ်တို့က လက်ဝတ်ရတနာဆိုင်တစ်ဆိုင်တွင် စိန်လည်ဆွဲတစ်ကုံးဝယ်နေကြတာပင်။

လင်းယွီမုံ့သည် ထိုအမျိုးသမီးအကြောင်းကို စုံစမ်းခဲ့လေသည်။ ထိုအမျိုးသမီးသည် သူမအဖေ၏မယားငယ်ဖြစ်နေသည်မှာ လွန်ခဲ့သည့် ၂နှစ်ကတည်းကပင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူမအမေ၏ အပြုံးများကို သူမမျက်လုံးထဲတွင် ပြန်လည်မြင်ယောင်လာမိလေသည်။ ကြည့်ရသည်မှာ သူမအမေ ဤအကြောင်းကိုသိနေတာ အချိန်အတော်ကြာလောက်ပြီမှန်း လင်းယွီမုံ့ သိလိုက်သည်။

ထိုအချိန်မှာပဲ လင်းယွီမုံ့သည် သူမအဖေဆီသွားကာ ဘာကြောင့် သူ့တစ်မိသားစုလုံးကို အခုလို သစ္စာဖောက်ရသလဲဆိုပြီး မေးခွန်းထုတ်ချင်ခဲ့သည်။

သို့သော်လည်း လင်းယွီမုံ့ သူမစိတ်ကို ပြန်ထိန်းထားခဲ့လေသည်။ သူမ ထပ်ပြီး တူးဖော်စစ်ဆေးကြည့်လိုက်ချိန်မှာတော့ သူမမိဘများ မကွာရှင်းရသည့် အကြောင်းအရင်းမှာ သူမနှင့် သူမအစ်ကိုကြောင့်သာ ဖြစ်နေခဲ့သည်။ သူမသာ အခုချိန် အားလုံးကို ထုတ်ဖော်လိုက်မည်ဆိုလျှင် သေချာပေါက် သူမမိဘနှစ်ပါး ကွာရှင်းသည့်အခြေအနေဖြင့်သာ အဆုံးသတ်သွားလိမ့်မည်။ ထိုညမှာပဲ လင်းယွီမုံ့တစ်ယောက် သူမ၏အပြစ်ကင်းစင်သည့် လူငယ်ဘဝကို စွန့်လွှတ်ကာ ရင့်ကျက်လာတော့သည်။

လင်းယွီမုံ့သည် သူမအမေကို စတင်လေ့လာကြည့်ခဲ့သည်။ အတုအယောင်ပျော်ရွှင်မှုကို ဘယ်လိုဖော်ပြလဲဆိုသည်အား သင်ယူခဲ့သည်။ သို့သော်လည်း အပြင်လူတစ်ယောက်က သူမမိသားစုကို ဖျက်ဆီးသွားမည့်အဖြစ်မျိုး မလိုချင်ပေ။ ထို့ကြောင့် သူမအတွက် အခွင့်အရေးရသည်နှင့် သူမမိဘများ အတူရှိနိုင်ရန် ကြိုးစားလာခဲ့သည်။ အကြိမ်ပေါင်းများစွာ သူမရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံးမှာတော့ အောင်မြင်ခဲ့သည်။ ဒီတစ်ခေါက်လိုမျိုးပေါ့…

လင်းယွီမုံ့သည် ဒီတစ်ကြိမ်ဟာ သူမ၏မိဘများ ပြန်လည်သင့်မြတ်လာမည့် အချိန်ဖြစ်သည်ပဲဟု ခံစားမိလေသည်။

….

ဒေါ်လေးလင်းသည် ညစာဗူးကိုသယ်ကာ ကုမ္ပဏီသို့ ထွက်လာခဲ့သည်။ သို့သော်လည်း သူမ ဧည့်ကြိုစားပွဲသို့ရောက်ရှိလာချိန်တွင် ဘယ်သူကမှ နှုတ်ဆက်လာခြင်းမရှိပေ။

နှုတ်ဆက်လာခြင်းမရှိဟု ပြောသည်က မမှန်ပေ။ ဧည့်ကြိုများသည် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် အစားအသောက်လာပို့လျှင် ကန်ထုတ်ပစ်ရန် ရှန်းယင်အမိန့်ပေးထားသည်ကို လက်ခံရရှိထားပြီးဖြစ်သည်။

ရှန်းယင်ဆိုတာ ဘယ်သူမလို့လဲ။ မဒမ်စီအီးအိုဖြစ်မှန်း လူတိုင်းသိကြပြီဖြစ်သည်။ သူတို့သာ မဒမ်စီအီးအို၏အမိန့်ကို မနာခံလျှင် အလုပ်ဖြုတ်ခံကြရမည်သာ။

ထိုသို့ဖြင့် ဒေါ်လေးလင်းသည် ကုမ္ပဏီလုံခြုံရေးများ၏ ကန်ထုတ်ခြင်းကို ခံခဲ့ရပေသည်…

အပေါ်ထပ်ရုံးခန်းတွင် စောင့်နေသည့် လင်းထျန်းဟွေ့သည် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းပင် မြင်တွေ့သွားကာ အလွန်ဒေါသထွက်သွားခဲ့လေသည်။ သူက လုံခြုံရေးရုံးခန်းကို ဖုန်းဆက်ပြီး ဒေါ်လေးလင်းကို ပြန်ခေါ်လာခိုင်းခဲ့သည်။ လင်းထျန်းဟွေ့သည်လည်း ဒေါ်လေးလင်းကို ရှာရန် လူကိုယ်တိုင် ပြေးဆင်းလာခဲ့လေသည်။

လုံခြုံရေးခေါင်းဆောင်သည် စီအီးအိုကိုယ်တိုင် ဖုန်းဆက်လာခြင်းကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။ ဒီတော့မှ သူတို့အခုလေးတင် ကန်ထုတ်လိုက်သည့် အမျိုးသမီးကြီးမှာ တကယ့်မဒမ်စီအီးအို(သူဌေးကတော်) ဖြစ်မှန်း နားလည်သွားတော့သည်။

သူက ဧည့်ကြိုများနှင့် ရှန်းယန်ကို ကျိန်ဆဲလိုက်တော့သည်။ ထိုသက်လတ်ပိုင်းအမျိုးသမီးမှာ သူဌေးကတော်အစစ်ဖြစ်သော်လည်း သူတို့ကတော့ သူမကို မောင်းထုတ်ခဲ့ကြလေသည်။

ရယ်စရာကောင်းချက်။

ဒေါ်လေးလင်းသည် လင်းထျန်းဟွေ့ကို စားစရာလာပို့ရသည်ကပင် သူမကို အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေနေပြီးဖြစ်သည်။ ကုမ္ပဏီအပြင်ကိုပါ မောင်းထုတ်ခံလိုက်ရချိန်မှာတော့ သူမနှလုံးသားထဲမှ ခါးသီးသည့်ခံစားချက်လှိုင်းလုံးများမှာ မြင့်တက်လာတော့သည်။

သူမထပ်ပြီး ထိုသို့အရှက်ခွဲမှုမျိုးကို သည်းမခံနိုင်တော့ပေ။ သူတို့အနေနှင့် အေးအေးချမ်းချမ်းဖြင့် မျှတသည့်ကွာရှင်းမှုမျိုးကို မလုပ်နိုင်မှတော့ တရားရုံးအထိ သွားရတော့တာပေါ့။ သူတိုပိုင်ဆိုင်မှုတစ်ဝက်ကိုလည်း သူမယူမည်ဖြစ်သလို ကလေးနှစ်ယောက်လုံးကိုလည်း သူမခေါ်သွားမည်။ ဒီတစ်ကြိမ်တော့ သူမ လုံးဝနောက်ပြန်ဆုတ်တော့မည်မဟုတ်ပေ။

ဒေါ်လေးလင်းသည် ဒေါသများအပြည့်ဖြင့် ရှေ့နေတစ်ယောက်ရှာရန် အလောကြီးလာတော့သည်။

ဒေါ်လေးလင်းထွက်သွားတော့မည့်အချိန်မှာပဲ အစောကတင် သူမကို ခြိမ်းခြောက်ကာ နှင်ထုတ်ခဲ့သည့် လုံခြုံရေးခေါင်းဆောင်သည် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် အလျင်စလို ရောက်ရှိလာခဲ့သည်။ သူက ဒေါ်လေးလင်းကို တားလိုက်ပြီး တရိုတသေဖြင့် ပြောလိုက်လေသည်။ “သူဌေးကတော်ကို မမှတ်မိလိုက်တဲ့အတွက် တောင်းပန်ပါတယ်။ သူဌေးက ရုံးခန်းထဲမှာစောင့်နေပါတယ်။ ကျေးဇူး.. ကျေးဇူးပြုပြီး ပြန်လိုက်ခဲ့ပေးပါ။”

သူ့သူဌေးက သူ့ကိုဖုန်းဆက်ကာ အော်ငေါက်လာချိန်တွင် သူ့သူဌေး ဘယ်လောက်ဒေါသထွက်နေကြောင်း လုံခြုံရေးခေါင်းဆောင်သည် ရှင်းရှင်းလင်းလင်းကို ခံစားမိနိုင်ခဲ့သည်။

တကယ်တော့ လုံခြုံရေးခေါင်းဆောင်တွင် အပြစ်မရှိပေ။ ကုမ္ပဏီတစ်ခုလုံးက ရှန်းယန်ကို သူတို့သူဌေးကတော်အဖြစ် သိထားကြခြင်းဖြစ်ပေသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ ရှန်းယန်သည် မယားငယ်တစ်ယောက်မျှသာဖြစ်ကာ တကယ့်သူဌေးကတော်အစစ်မှာတော့ ငယ်ရွယ်မှုများပြယ်လွင့်နေပြီဖြစ်သည် ဤအမျိုးသမီးပင်ဖြစ်လေသည်။

စိတ်မကောင်းစရာက ထိုအမှန်တရားကို ကုမ္ပဏီတွင် သိထားသည့်လူ များများစားစားမရှိခြင်းပင်။

ဒါကြောင့်ပဲ သူတို့သည် ရှန်းယင်စကားကို နားထောင်ကာ ဒေါ်လေးလင်းကို နှင်ထုတ်ခဲ့ရခြင်းဖြစ်သည်။

***

All Chapters