← Chapters

ဒေါ်လေးလင်း၏ပုံပြင် (၃)

Vol. 5 Ch. 86

ဒေါ်လေးလင်း၏ပုံပြင် (၃)

Vol. 5 Ch. 86

ဒေါ်လေးလင်းသည် လုံခြုံရေးခေါင်းဆောင်၏ အပြစ်ရှိကာ ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာကိုမြင်ပြီး ခပ်ဟဟသာရယ်မောမိလေသည်။ “လူကြီးမင်း၊ ရှင်လူမှားနေပြီ။ ကျွန်မက ရှင်တို့ရဲ့သူဌေးကတော်မဟုတ်ပါဘူး။ ဒီအတိုင်း အစားအသောက်ပို့တဲ့မိန်းမကြီးပါ။”

လုံခြုံရေးခေါင်းဆောင်ခဗျာ ငိုသာငိုချပစ်ချင်တော့သည်။ “သူဌေးကတော်၊ ကျွန်တော်… ကျွန်တော်မှားသွားတာပါ။ သူဌေးကတော်က ဘယ်လိုလုပ်ပြီး အစားအသောက်ပို့တဲ့မိန်းမကြီးဖြစ်မှာတုန်း။ ခင်ဗျားက ကျွန်တော်တို့ရဲ့ သူဌေးကတော်ပါပဲ။ အစောက သူဌေးကိုယ်တိုင် ကျွန်တော့်ကို ဖုန်းဆက်ပြီးပြောတာပါ။ သူအခု သူ့ရုံးခန်းထဲမှာ စောင့်နေပါတယ်။”

ဒေါ်လေးလင်းကတော့ ဂရုမစိုက်ဘဲ ဆက်ပြောလာခဲ့သည်။ “လင်းထျန်းဟွေ့ စောင့်ချင်တာများ စောင့်ပါစေပေါ့။ ပြီးတော့ သူ ကျွန်မကိုစောင့်နေတာ ဟုတ်ချင်မှတောင်ဟုတ်မှာ။ ကျွန်မကိုယ်စား သူ့ကို ဒီစကားလေးပြောပေးပါ။ သူက ဒီလောက်တောင်မှ ငယ်ငယ်ချောချာနောက်မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ အရမ်းစိတ်အားထက်သန်နေမှတော့ ကျွန်မက သူ့ဆန္ဒကို ဖြည့်ဆည်းပေးပါမယ်လို့။ ကျွန်မတို့ ကွာရှင်းကြတာပေါ့။ ဒါပေမယ့် ကျွန်မ ဘာမှမပါဘဲ ထွက်သွားစရာအကြောင်းကတော့ လုံးဝမရှိဘူး။ ကျွန်မရသင့်ရထိုင်တာမှန်သမျှကိုယူမယ်၊ ပြီးတော့ ကျွန်မကလေးတွေကိုလည်း ထားခဲ့မှာမဟုတ်ဘူး။”

ဒေါ်လေးလင်းသည် ကုမ္ပဏီဝင်ပေါက်ကို ထမင်းဗူးဖြင့် ပစ်ပေါက်လိုက်လေသည်။ ထမင်းဗူးကျသွားသည့်အသံက လုံခြုံရေးခေါင်းဆောင်၏နှလုံးကိုပါ တခါတည်း ပြုတ်ကျသွားသလားပင် ထင်ရသည်။ အနားတွင်ရှိနေကြသည့် ဝန်ထမ်းများသည်လည်း အံ့ဩသွားကြလေသည်။ သူဌေးကတော်က အရမ်းမိုက်တာပဲ။ ရှန်းယင်ထက်တောင်မှ အများကြီးပိုသာတာပဲ။

သို့သော်လည်း ရှန်းယင်ကသာ သူတို့သူဌေးနှင့် ပို၍လိုက်ဖက်သည်ဟု တွေးကြသည့် လူတချို့လည်း ရှိကြပေသည်။ ရှန်းယင်သည် ဒေါ်လေးလင်းတွင် မရှိသော ငယ်ရွယ်ကာ လှပမှုများရှိပေသည်။ သူတို့သူဌေးသည် ခန့်ညားကာ ချောမောပြီး ရှန်းယင်သည်တော့ လှပကာ ဆွဲဆောင်မှုရှိသည်။ သူတို့နှစ်ဦးက အလွန်မှလိုက်ဖက်လှပေသည်။….ဒါပေါ့ ရှန်းယင်က မယားငယ်ဆိုတာကို ထည့်မတွေးဖို့ လိုပေသည်။

လင်းထျန်းဟွေ့ ကုမ္ပဏီတံခါးသို့ရောက်ရောက်ချင်းမှာပဲ ဒေါ်လေးလင်း၏ ကွာရှင်းကြမယ်ဆိုသည့် စကားကို ကြားလိုက်ရခြင်းဖြစ်သည်။ သူ့မျက်နှာက ချက်ချင်းပင် စိမ်းဖန့်သွားတော့သည်။ “ငါသဘောမတူဘူး။ ငါတို့ ကွာရှင်းစရာအကြောင်းမရှိဘူး။”

လင်းထျန်းဟွေ့နောက်လိုက်လာသည့် ရှန်းယင်သည် ဒေါ်လေးလင်းက ကွာရှင်းမည်ဟု ပြောလာတာကြောင့် နှုတ်ခမ်းစွန်းတို့ ကွေးတက်သွားခဲ့သည်။ ‘နောက်ဆုံးတော့ ငါ့အချိန်အခါ ရောက်လာပြီပေါ့။’ သို့သော်လည်း နောက်တစ်စက္ကန့်မှာပဲ သူမအမူအရာမှာ အေးခဲသွားတော့သည်။ လင်းထျန်းဟွေ့က ကွာရှင်းဖို့ သဘောမတူဘူးတဲ့။

ဒေါ်လေးလင်းသည် လင်းထျန်းဟွေ့ကိုမြင်သည်နှင့် အလွန်ဒေါသထွက်သွားတော့သည်။ သူမက နှာခေါင်းရှုံ့လိုက်ကာ၊ “လင်းထျန်းဟွေ့၊ နင့်ဇနီးအသစ်လေးနဲ့အတူရှိနေရတာကို မပျော်ဘူးလား။ ငါနဲ့ မကွာရှင်းချင်ဘူးပေါ့။ ဘာလို့လဲ။ ငါ့သိက္ခာကို ဆက်ပြီးစော်ကားလို့ ရနေနိုင်အောင်လို့လား။ လင်းထျန်းဟွေ့၊ နင်တော်တော် ယုတ်မာတဲ့လူပဲ။”

လင်းထျန်းဟွေ့၏အမူအရာမှာ မဲမှောင်သွားတော့သည်။ သူက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါ်လေးလင်းထံသို့ လျှောက်သွားလိုက်သည်။ သူက အသံကိုနှိမ့်ကာ ပြောလိုက်လေသည်။ “ဝမ်ဝမ်၊ ရုံးခန်းထဲသွားပြီးမှ ဆက်ပြောကြရအောင်။” ဒီလိုလူမြင်ကွင်းကြီးမှာ သူတို့အကြောင်းအပုပ်အပွတွေကို ထုတ်ဖော်ပြောနေရတာက အရမ်းရှက်ဖို့ကောင်းတယ်လေ။

သို့သော်လည်း ဒေါ်လေးလင်းက လင်းထျန်းဟွေ့ကို ထပ်ပြီးအလျှော့မပေးတော့ဘဲ စိန်ခေါ်လိုက်သည်။ “လင်းထျန်းဟွေ့၊ ငါတို့က သူစိမ်းတွေလေ။ နင့်ဇနီးအသစ်လေးသာ ငါတို့အတူ နင့်ရုံးခန်းထဲမှာရှိနေတာ မြင်သွားရင် ဘယ်လိုလုပ်မလဲ။ သူ ရန်လုပ်မှာ မစိုးရိမ်ဘူးလား။”

လင်းထျန်းဟွေ့၏အမူအရာမှာ ပိုလို့ပင် မဲမှောင်လာတော့သည်။ သူက ဒေါသတကြီးပင် အော်ဟစ်လိုက်သည်။ “မင်းကမှ ငါ့ရဲ့တစ်ဦးတည်သောဇနီးလေ။ ဘယ်သူက မင်းရဲ့နေရာကို စိန်ခေါ်ရဲတာ။”

ထိုစကားတစ်ခွန်းကတင် ရှန်းယင်၏မျက်နှာကို ခပ်ပြင်းပြင်းဖြတ်ရိုက်လိုက်သလိုပင်။ ရှန်းယင်သည် ကုမ္ပဏီအတွင် အမြဲလိုလို တကယ့်သူဌေးကတော်တစ်ဦးလို ဝံ့ကြွားနေခဲ့သူဖြစ်သည်။ ဝန်ထမ်းများက သူမကိုမြင်သည်နှင့် သူဌေးကတော်ဟု နှုတ်ဆက်ကြသည်။ သူမကလည်း ဘယ်တုန်းကမှ သူတို့ကို အမှန်မပြင်ပေးခဲ့ပေ။ လင်းထျန်းဟွေ့ကလည်း တခါမှ ထိုကိစ္စနှင့်ပတ်သတ်၍ ဘာမှမပြောဖူးပေ။ ဒါကြောင့်ပဲ ရှန်းယင်က သူမကိုယ်သူမ လင်းထျန်းဟွေ့၏ဇနီးမယားဖြစ်နေပြီဟု သူမဘာသာ သတ်မှတ်ထားခဲ့သည်။ သူတို့တွင် လက်ထပ်မှတ်ပုံတင်လေးတစ်ခုလောက် မရှိနေရုံသာဖြစ်ပေသည်။

သို့သော်လည်း အားလုံးရှေ့မှာပဲ လင်းထျန်းဟွေ့သည် ရှန်းယင်၏တည်ရှိမှုကို ငြင်းပယ်ကာ ဒီအဘွားကြီးဟွမ်းရှီဝမ်ကသာ သူ့ဇနီးအစစ်ဖြစ်သည်ဟု ကြေညာခဲ့သည်။

ရှန်းယင်တစ်ယောက် မျက်နှာတစ်ပြင်လုံး ပြာနှမ်းလာသည်အထိ အလွန်ဒေါသထွက်သွားတော့သည်။ သူမလက်သီးများကို တင်းတင်းဆုပ်ထားတာကြောင့် သွေးကြောစိမ်းများမှာ ပိုးကောင်စိမ်းများနှယ် ထောင်ထနေတော့သည်။ မြင်ရရုံဖြင့်ပင် ကြောက်စရာကောင်းနေတော့သည်။

ရှန်းယင်သည် ဟွမ်းရှီဝမ်ကို အရှင်လတ်လတ်ဆွဲဖြဲပစ်ချင်နေတော့သည်။ သူမသည် ကိုယ့်အမှားကို တခြားသူများကိုသာ လွှဲချအပစ်တင်တတ်သည့် လူစားမျိုးပင်။

ဒေါ်လေးလင်းသည် လင်းထျန်းဟွေ့၏စကားကိုကြားပြီး လှောင်ရယ်သာ ရယ်မိလေသည်။ “လင်းထျန်းဟွေ့၊ နင့်ဝန်ထမ်းတွေပြောတာတော့ ငါက နင့်ဇနီးမဟုတ်ဘူးတဲ့။ ဒီအတိုင်း ငါကအစားအသောက်ပို့တဲ့မိန်းမပဲ။ ငါက တကယ့်သူဌေးကတော်အစစ်ကြောင့် နင့်ကုမ္ပဏီကနေ ဆွဲထုတ်ခံခဲ့ရတာလေ။ လင်းထျန်းဟွေ့၊ သူဌေးကတော်က သူ့ခင်ပွန်းအတွက် ကုမ္ပဏီကို ညစာ လာပို့ပေးပေမယ့် သူ့ခင်ပွန်းရဲ့လက်ရှိဇနီးကြောင့် ဒီအတိုင်း အစားအသောက်ပို့တဲ့ဝန်ထမ်းတစ်ယောက်လိုမျိုး ဆက်ဆံခံရပြီး နှင်ထုတ်ခံလိုက်ရတယ်။ ဒါတော်တော်လေးရယ်စရာကောင်းတယ်လို့ နင်မထင်မိဘူးလား။”

ဒေါ်လေးလင်းသည် ရယ်လိုက်သော်လည်း သူမမျက်လုံးထဲတွင်တော့ မျက်ရည်များပြည့်နေခဲ့သည်။ ခါးသီးလွန်းလှသည့် မျက်ရည်များပင်။

ဆက်ဆံရေးတစ်ခု ဆုံးခန်းတိုင်ချိန်ရောက်လာသည်နှင့် ယခင်က အလွန်ချစ်ခဲ့ကြသည့် ချစ်သူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အနာကျင်စေဆုံးဖြစ်သည်။ ဒါကပဲ သူတို့ဘာမှမမှားခဲ့ကြောင်း သက်သေပြနိုင်သည့် နည်းလမ်းတစ်ခုလို ဖြစ်နေလေသည်။ တစ်ယောက်အမှားတွေကိုသာ တစ်ယောက်မြင်ကြတော့သည်။

သူတို့တစ်ချိန်တုန်းက တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ခဲ့ကြကာ အခက်အခဲများစွာကို အတူရင်ဆိုင်ကျော်ဖြတ်ခဲ့သည်များကိုတော့ မေ့နေခဲ့ကြသည်။ အတိတ်တုန်းကဆိုလျှင် သူတို့မျက်လုံးထဲတွင် တစ်ဖက်လူတစ်ယောက်တည်းသာ ရှိကြသည်။ သို့သော်လည်း ထိုသို့သောချစ်သူနှစ်ယောက် ကွဲကွာသွားသည့်အခါမှတော့ အချစ်ဆိုသည့်အရာက ချဉ်တူးလာလေသည်။ ကိစ္စတိုင်းက သည်းခံမှဖြစ်မည့်အရာများဖြစ်လာကာ ပျော်ရွှင်မှုဆိုတာ မရှိတော့ပေ။

တစ်ဖက်ဖက်က ပြန်လည်ပြင်ဆင်ဖို့စိတ်ကူးရှိလာချိန်တွင်တော့ အရာအားလုံးနောက်ကျသွားခဲ့ပေပြီ။

လင်းထျန်းဟွေ့၏အမူအရာမှာ မည်းမှောင်နေကာ သူက ရှန်းယင်ကို အကြည့်စူးစူးဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လုံခြုံရေးခေါင်းဆောင်ကို ကြည့်လိုက်ပြီး၊ “ဘဏ္ဍာရေးဌာနမှာ လစာသွားထုတ်လိုက်။ မင်းနောက်နေ့ကစပြီး ကုမ္ပဏီကို လာစရာမလိုတော့ဘူး။”

လုံခြုံရေးခေါင်းဆောင်သည် ထိုစကားကိုကြားလိုက်ရသည်နှင့် မျက်နှာမှာ ဖြူဖျော့သွားကာ ချက်ချင်းပင် တောင်းပန်လာခဲ့သည်။ “စီအီးအို၊ ကျွန်တော် မှားသွားပါတယ်။ ဒီတစ်ကြိမ်လေးပဲ ခွင့်လွှတ်ပေးပါ။ ကျွန်တော် ဒီအလုပ်မရှိလို့မဖြစ်ဘူး။ ကျွန်တော့်မှာ ထောက်ပံ့ပေးရမယ့် မိသားစုရှိလို့ပါ။”

လင်းလုပ်ငန်းစုသည် ရှင်းယင်ခရိုင်တွင်တော့ လုပ်ငန်းကြီးတစ်ခုဖြစ်ပေသည်။ သူတို့သည် ဝန်ထမ်းပေါင်းများစွာ၏အကျိုးအမြတ်ကို သယ်ဆောင်လာပေးနေခြင်းဖြစ်သည်။ လုံခြုံရေးခေါင်းဆောင်ဖြစ်တာကြောင့် ထိုလူ၏လစာမှာ အတော်လေးကောင်းလှသည်။ သူသာ ဒီအလုပ်ကို ဆုံးရှုံးလိုက်ရလျှင် အခုလောက်ကောင်းသည့် အလုပ်မျိုးရှာတွေ့ဖို့ မဖြစ်နိုင်တော့ပေ။

လင်းထျန်းဟွေ့က၊ “မင်းက လုံခြုံရေးခေါင်းဆောင်တစ်ယောက်လုပ်နေပြီး ကိုယ့်ရဲ့ သူဌေးကတော်အစစ်ကိုတောင် မမှတ်မိနိုင်မှတော့ ဘာလို့ ငါက မင်းကို ဆက်ပြီးအလုပ်ခန့်ထားရဦးမှာလဲ။”

တကယ်တော့ ဒီကိစ္စကို လုံခြုံရေးခေါင်းဆောင်တစ်ယောက်တည်းကို ပုံချလို့မရပေ…

***

All Chapters