သူခိုးများ
Vol. 5 Ch. 87
လုံခြုံရေးခေါင်းဆောင်က ပြောလာခဲ့လေသည်။ “စီအီးအို၊ ကျွန်တော် ဒီကုမ္ပဏီကိုရောက်တာ နှစ်နှစ်ရှိပါပြီ။ ကျွန်တော်တို့အားလုံး ရှန်းယင်ကိုပဲ သူဌေးကတော်လို့ခေါ်ခဲ့တာပါ။ ဘယ်သူမှ သူဌေးကတော်အစစ်ကို မမြင်ဖူးပါဘူး။ ဒါကြောင့် သူဌေးကတော်အစစ်ကို အသိအမှတ်မပြုလို့ဆိုပြီး ကျွန်တော့်ကို ဒီလိုမျိုး အပြစ်ပုံချလို့မရဘူးလေ။”
လုံခြုံရေးခေါင်းဆောင်က လင်းထျန်းဟွေ့ကို စိန်ခေါ်လာလေသည်။ သူက ပြဿနာသုံးရပ်ကို ထောက်ပြလာခဲ့သည်။ ပထမအချက်အနေနဲ့ သူတို့မှာ သူဌေးကတော်တစ်ယောက်ရှိပြီးဖြစ်သည်။ ဒုတိယကတော့ သူဌေးကတော်အစစ်ကို ကုမ္ပဏီက ဘယ်သူမှ မမြင်ဖူးကြပေ။ တတိယအချက်ကတော့ ရှန်းယင်က သူဌေးကတော်အစစ်မဟုတ်ဘူးဆိုတာကို လင်းထျန်းဟွေ့ကလည်း မငြင်းခဲ့ဖူးပေ။
အကျဉ်းချုပ်ရလျှင်တော့ လုံခြုံရေးခေါင်းဆောင်၏ အပြစ်မဟုတ်ပေ။
လင်းထျန်းဟွေ့၏မျက်နှာမှာ အလွန်ကြည့်ရဆိုးလို့နေသည်။ သူက လုံခြုံရေးခေါင်းဆောင်ကို အော်ငေါက်တော့မည့်အချိန်မှာပဲ ဒေါ်လေးလင်းက ဖြတ်ပြောလိုက်လေသည်။ “တော်လောက်ပြီ။ ရှင်က အပြစ်မရှိတဲ့လူကိုတော့ ဘယ်လိုအပြစ်ပုံချရမလဲ တော်တော်သိတာပဲ။ စကားပြောချင်တာမဟုတ်လား။ ကောင်းပြီလေ၊ ပြောကြတာပေါ့။ ကျွန်မ ၇နာရီကျရင် အိမ်မှာစောင့်နေမယ်။” ဒေါ်လေးလင်းက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
လင်းထျန်းဟွေ့သည် သူ့ဇနီးကိုကြည့်ကာ မျက်မှောင်ကြုတ်နေခဲ့သည်။ ဟွမ်းရှီဝမ်ပြောင်းလဲသွားသည်ဟု သူခံစားနေမိသည်။ သူက မြေပေါ်ကျနေသည့် ထမင်းဗူးကိုကြည့်လိုက်ပြီး ခဏတွေးပြီးနောက်မှာတော့ ၎င်းတို့ကို ကောက်လိုက်လေသည်။
ထိုအချိန်မှာပဲ ရှန်းယင်က သူ့အနားသို့လျှောက်လာကာ “ထျန်းဟွေ့၊ ကျွန်မ…” အပြစ်ကင်းသည့်အမူအရာဖြင့် တောင်းပန်ဖို့လုပ်လိုက်သော်လည်း သူမစကားကို ဆုံးအောင် မပြောလိုက်နိုင်ခဲ့ပေ။ လင်းထျန်းဟွေ့က သူမကို လျစ်လျူရှုက ထွက်သွားလေသည်။
ဤတစ်ခေါက်မှာတော့ ရှန်းယင်သည် သူ၏အောက်ခြေစည်းကို ဖြတ်ကျော်လာခဲ့သည်။ သူ သည်းမခံနိုင်လောက်သည့် အရာကိုပေါ့။
ဒေါ်လေးလင်းထွက်သွားပြီးနောက် သူ့ဝန်ထမ်းများ၏ စကားသံများ စတင်ထွက်ပေါ်လာတော့သည်။ အစတုန်းကတော့ သူတို့သူဌေးက သူ့ဇနီးအပေါ် ဘာခံစားချက်မှမရှိတော့ဘူးဟု သူတို့ထင်ခဲ့ကြသည်။ သို့သောလည်း အစောကဖြစ်ရပ်ကို အခြေခံကြည့်လိုက်လျှင်တော့ သူတို့အထင်နှင့် လုံးဝပြောင်းပြန်ဖြစ်နေလေသည်။ သူဌေးကတော်ကမှ သူတို့သူဌေးကို လုံးဝဂရုမစိုက်သည့်လူဖြစ်ပြီး သူဌေးကတော့ အခြေအနေတွေကို ထိန်းနိုင်ရန် အကောင်းဆုံးကြိုးစားနေခဲ့လေသည်။
တချို့ဝန်ထမ်းများသည် ရှန်းယင်ကို မထီမဲ့မြင်အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ မယားငယ်က တကယ်ကို အရှက်မရှိတာပဲ။ သူကမှ အတုအယောင်ကို သူဌေးကတော်အစစ်ကိုများ နှင်ထုတ်ဖို့ အမိန့်လာပေးလိုက်သေးတယ်။ အခုတော့ ရှန်းယင် လက်ပူးလက်ကြပ်အမိန့်ခံလိုက်ရပြီး ပြပွဲကောင်းကောင်းတစ်ပုဒ် ကြည့်ရတော့မှာပေါ့။
လင်းထျန်းဟွေ့သည် သူ့ဝန်ထမ်းများ၏ အတင်းအဖျင်းစကားများကို လျစ်လျူရှုထားလေသည်။
လင်းထျန်းဟွေ့သည် ရုံးခန်းသို့ပြန်ရောက်သည်နှင့် ထမင်းဗူးကို ဖွင့်လိုက်လေသည်။ မွှေးပျံ့လှသည့်ဟင်းနံ့တို့က သူ့နှာခေါင်းဖျားသို့ တိုးဝှေ့ကျီစယ်သွားကာ သူ့စိတ်အခြေအနေမှာလည်း ကြည်လင်လာခဲ့သည်။ သူက ခရမ်းချဉ်သီးတစ်စိတ်ကို ဝါးကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများတောက်ပလာလေသည်။ “အရမ်းအရသာရှိတာပဲ။ ဝမ်ဝမ်ရဲ့ ဟင်းချက်လက်ရာကို မစားရတာကြာတော့ ဘယ်လောက်အရသာရှိလဲဆိုတာ မေ့တောင်နေခဲ့တာ။”
သူက ထမင်းဗူးတစ်ခုလုံးကို ခဏလေးတွင်းမှာပဲ အပြတ်ရှင်းလိုက်လေသည်။ သူ့သမီးက နှစ်ယောက်စာထည့်ပေးလိုက်သည်ကို လုံးဝမသိခဲ့ပေ။
လင်းထျန်းဟွေ့သည် ကျေနပ်စွာဖြင့် သူ့ဗိုက်ကိုပွတ်လိုက်ရင်း၊ “အကောင်းဆုံးစားသောက်ဆိုင်တောင်မှ ဝမ်ဝမ်ရဲ့ဟင်းချက်လက်ရာကို မယှဉ်နိုင်ဘူး။ ဘာလို့ ငါငွေအကုန်ခံပြီးများ အပြင်မှာထွက်စားနေမိပါလိမ့်။”
ထိုညတွင် လင်းထျန်းဟွေ့သည် အိမ်သို့ ပြန်ခဲ့ကာ အရသာရှိသည့် အစားအသောက်များကို ထပ်မံစားသောက်ခဲ့သည်။
ဟွမ်းရှီဝမ်သည် ကွာရှင်းမည့်အကြောင်း စကားစဖို့ ကြိုးစားသော်လည်း လင်းထျန်းဟွေ့ကတော့ ထိုအကြောင်းအရာရောက်သည်နှင့် ရှောင်လွှဲနေခဲ့လေသည်။
ထိုနေ့မှစပြီး လင်းထျန်းဟွေ့သည် အိမ်သို့နေ့တိုင်းပြန်လာကာ သေချာပေါက် သူ့မိသားစုနှင့်အတူ ညစာစားဖို့ ဆုံးဖြတ်လိုက်လေသည်။ ဒေါ်လေးလင်းသည်တော့ အလွန်ကိုမှ နားမလည်နိုင်ဖြစ်နေခဲ့လေသည်။
သို့သော်လည်း ဒေါ်လေးလင်းသည် လက်မလျှော့ခဲ့ပေ။ သူတို့သမီး အနားတွင်မရှိသည်နှင့် သူမက ကွာရှင်းမည့်အကြောင်းကို ပြောလာခဲ့သည်။ ဒါကြောင့်ပဲ လင်းထျန်းဟွေ့သည် အမြဲတမ်း သူတို့သမီး သူတို့အနားတွင်ရှိအောင် ကြံတော့သည်။
ဒေါ်လေးလင်းသည် သမီးဖြစ်သူကို သူတို့ပြဿနာအကြောင်း မသိစေချင်တာကြောင့် လင်းထျန်းဟွေ့ကို လောလောဆယ်တော့ လွှတ်ပေးထားလိုက်တော့သည်။
…..
ရှောင်လင်းယွီ၊ ရှောင်လင်းယဲ့နှင့် မေမေရှောင်တို့သည် စားသောက်ဆိုင်တစ်ခုတွင် ဟင်းပွဲများစွာမှာယူခဲ့ကြသည်။ ရှောင်လင်းယဲ့သည် သူ့ဗိုက်က ထပ်မဆန့်တော့သည်အထိ ခရမ်းချဉ်သီးတွေကို တစ်လုံးပြီးတစ်လုံး ယူစားနေလေသည်။ သူက နောက်ထပ် ကျန်နေသေးသည့် နီရဲတောက်ပနေသော ခရမ်းချဉ်သီး ၆လုံးကိုလည်း မခွဲနိုင်မခွာရပ်ကြည့်နေပြန်သေးသည်။
ရှောင်လင်းယဲ့က မေးလာခဲ့သည်။ “အစ်မ၊ ဒီခရမ်းချဉ်သီးတွေက အရမ်းကောင်းတာပဲ။ အစ်မရဲ့ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက သူငယ်ချင်းက ဒါတွေကို ဘယ်လိုများစိုက်ထားတာလဲ။”
ခရမ်းချဉ်သီးများ၏အနံ့သည် လတ်ဆတ်မွှေးပျံ့ကာ အရသာမှာ နတ်သုဒ္ဒါကဲ့သို့ပင်။ တစ်လုံးစားလိုက်သည်နှင့် ခွန်အားတိုးများလာစေသည့်အတိုင်းပင် ခံစားရသည်။
မေမေရှောင်က ဟိုဟိုဒီဒီကြည့်လိုက်ပြီးနောက်၊ “မင်းအစ်မက ဘယ်လိုလုပ်သိမှာလဲ။ မင်းအစ်မက စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီကမှမဟုတ်တာ။ ကောင်းပြီ၊ စားကြရအောင်။ မင်း ကျောင်းပြန်သွားရဦးမယ်လေ။ အမေတို့လည်း အိမ်ပြန်ရဦးမယ်။”
ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့။”
ရှောင်လင်းယွီက ပြောလာလေသည်။ “ယဲ့အာ၊ ငါဒီခရိုင်မြို့ပေါ်မှာ လုပ်ငန်းသေးသေးလေးတစ်ခုလောက် စလုပ်ကြည့်မလို့၊ အဲ့ဒါကြောင့် ဒီမှာ အိမ်တစ်လုံးငှားထားတယ်။ ဒီနှစ်ရက်တော့ ငါ အလုပ်ရှုပ်နေဦးမှာဆိုပေမယ့် နောက်ရက်တွေကျရင်တော့ မင်းကို အိမ်ကို ခေါ်သွားပြပေးမယ်။ နောက်ဆို မင်းလည်း အဲ့မှာပဲ နေနိုင်တယ်။”
ရှောင်လင်းယဲ့ မှင်သက်သွားတော့သည်။ သူက အံ့ဩတကြီးဖြင့် ပြန်မေးလိုက်လေသည်။ “အစ်မ၊ နင် ကိုယ်ပိုင်လုပ်ငန်း လုပ်မလို့လား။” ဒါပေမယ့် သူမပဲ အရင်ကတော့ လယ်စိုက်မယ်ဆိုပြီး ပြောထားတာမဟုတ်ဘူးလား။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ငါစိုက်ထားတဲ့အသီးအရွက်တွေကို ရောင်းမလို့။ နင်ကိုင်ထားတဲ့ ခရမ်းချဉ်သီးလိုမျိုးပေါ့။”
“အစ်မ၊ ဒါဆို နင်ကုန်စိမ်းသည်လုပ်မလို့လား။” ရှောင်လင်းယဲ့တစ်ယောက် သူ့အစ်မ၏အတွေးများကို တကယ်ပင် လိုက်မမှီတော့ပေ။
တစ်နေ့ကပဲ လယ်စိုက်မယ်၊ နောက်တစ်နေ့ကျတော့ အသီးအရွက်တွေရောင်းမယ်။ သူ့အစ်မဦးနှောက်ထဲမှာ အကြံဉာဏ်တွေအပြည့်ပဲ။
“ဒါပေမယ့် ဒီအလုပ်က အရမ်းခက်ခဲမှာလေ။” ရှောင်လင်းယဲ့ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့အစ်မကို ဒီလိုအခြေအနေမျိုးထိရောက်အောင် တွန်းပို့ခဲ့သည့် ချန်းယန်ကိုလည်း ဒေါသထွက်လာလေသည်။ ထိုဆန်ကုန်မြေလေးကောင်ကြောင့်သာမဟုတ်လျှင် သူ့အစ်မက ဘယ်လိုလုပ် အိမ်ပြန်လယ်စိုက်ဖို့နဲ့ အသီးအရွက်တွေရောင်းဖို့ တွေးမိပါ့မလဲ။
ရှောင်လင်းယွီသည် ရှောင်လင်းယဲ့၏နဖူးကို အသာတောက်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။ “နည်းနည်းပါးပါးခက်ခဲတာက ပြဿနာမဟုတ်ပါဘူး။ အရာရာတိုင်းလွယ်ကူနေရင် ဘဝက ပျော်စရာမှမကောင်းတာ။ ဘာပဲဖြစ်ဖြစ်ပါ၊ ငါ့အတွက် အရမ်းစိုးရိမ်မနေနဲ့။ နင်က စာကိုပဲ သေချာအာရုံစိုက်။ စာမေးပွဲလည်း နီးနေပြီမဟုတ်လား။”
ရှောင်းလင်းယွီသည် သူမမောင်၏စိတ်ဖိစီးမှုကိုသာ ပို၍တိုးလာစေမည်မှန်း သိတာကြောင့် ထိုအကြောင်းကို အများကြီး မပြောနေခဲ့ပေ။
…..
ရှောင်လင်းယဲ့သည် ခရမ်းချဉ်သီးအနည်းငယ်ကို အဆောင်သို့ ပြန်သယ်သွားခဲ့သည်။ သူ့အခန်းဖော်များက ၎င်းကိုမြင်သည်နှင့် အိပ်ယာတွေပေါ်က ခုန်ဆင်းကာ ခရမ်းချဉ်သီးကိုလုပ်ကြတော့သည်။ ရှောင်လင်းယဲ့သည် အမြန်တားလိုက်သော်လည်း မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ သူ့လက်ထဲတွင် ခရမ်းချဉ်သီးနှစ်လုံးသာ ကျန်ရစ်တော့လေသည်။
ရှောင်လင်းယဲ့တစ်ယောက် ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။ “ငါ့ကို ပြန်ပေး။” သူက သူ့အခန်းဖော်များလက်ထဲမှ ပြန်လုတော့သည်။
နင်ဝေ့ယီက ချက်ချင်းပင် ခရမ်းချဉ်သီးကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်ပြီးနောက် မျက်လုံးပြူးမျက်စံပြူးဖြင့် အံ့ဩတကြီးဆိုလိုက်လေသည်။ “ဝါး၊ ဒါ တကယ်ပဲ ခရမ်းချဉ်သီးရောဟုတ်ရဲ့လား။ ဘာလို့ ဒီလောက်တောင် အရသာရှိတာလဲ။”
ရှောင်လင်းယဲ့၏နောက်ထပ် အခန်းဖော်သူငယ်ချင်းနှစ်ယောက်ကလည်း ခရမ်းချဉ်သီးများကို ပါးစပ်ထဲသို့ သွပ်သွင်းလိုက်ကြတော့သည်။ သူတို့သည်လည်း နဉ်ဝေ့ယီကဲ့သို့ပင် အရသာကြောင့် အံ့ဩမှင်တက်သွားကြလေသည်။
ရှောင်လင်းယဲ့တစ်ယောက် သူ့အခန်းဖော်များက သူ့ခရမ်းချဉ်သီးများကို စားပစ်တာကြောင့် မျက်ရည်မကျဘဲ ငိုတော့သည်။ “ငါ့ခရမ်းချဉ်သီးလေးတွေ၊ မင်းတို့ သူခိုးကောင်တွေ။”
နဉ်ဝေ့ယီ၊ ယန်ပေါင်လင်းနှင့် ခမ်းလဲ့တို့ကတော့ ရှောင်လင်းယီ၏အော်ဟစ်သံများကို လျစ်လျူရှုထားလေသည်။ ခရမ်းချဉ်သီးများမှာ မကြာလိုက်ပါဘဲ သူတို့အစာအိတ်ထဲသို့ လုံးလုံးရောက်ရှိသွားတော့သည်။ သို့သော်လည်း သူတို့ မကျေနပ်ကြသေးပေ။ သူတို့က ရှောင်လင်းယဲ့ ကိုင်ထားသည့် ခရမ်းချဉ်သီးနှစ်လုံးကိုပါ မျက်စောင်းထိုးလာကြလေသည်။
ရှောင်လင်းယဲ့ နှလုံးတစ်ချက်ခုန်သွားကာ ခရမ်းချဉ်သီးများကို တင်းတင်းပိုက်ထားလိုက်ပြီး သူ့အခန်းဖော်များကို အရူးများနှယ်ကြည့်လိုက်သည်။ “မင်းတို့ကောင်တွေ ဘာလုပ်ကြမလို့လဲ။”
ကောင်လေးသုံးယောက်သည် သူတို့လက်များကို ပွတ်လိုက်ကာ လူမိုက်များကဲ့သို့ ပြောလိုက်လေသည်။ “ရှောင်လင်းယဲ့ မင်း မြန်မြန်လေးလွှဲပေးလိုက်တာကောင်းမယ်နော်၊ မဟုတ်ရင် မင်းသေသွားပြီးမှ မင်းလက်ထဲကနေ ဆွဲထုတ်စေချင်တာလား။”
***