← Chapters

အလိမ်အညာတွေထပ်လာတယ်

Vol. 5 Ch. 88

အလိမ်အညာတွေထပ်လာတယ်

Vol. 5 Ch. 88

ရှောင်လင်းယဲ့သည် သူ့လက်ကိုမြှောက်ကာ ကာထားရင်း လေသံမာမာဖြင့် ပြောလိုက်လေသည်။ “မင်းတို့ ခရမ်းချဉ်သီးတော့ ထပ်ရမှာမဟုတ်ဘူး။ အဲ့လောက်လိုချင်နေရင် ငါ့အသက်သာယူသွား။”

“ကြည့်ရတာ လက်နက်ချခိုင်းလို့မရဘူးပဲ၊ ဟမ့်။” နဉ်ဝေ့ယီသည် ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီးနောက် အော်လိုက်လေသည်။ “ညီအစ်ကိုတို့ တက်ကြ။” သုံးယောက်သား ရှေ့သို့ ပြေးတက်လာကာ ရှောင်လင်းယဲ့၏ ပုခုံးနှစ်ဖက်ကို ချုပ်ကိုင်ထားလိုက်ကြသည်။ တစ်ယောက်ကတော့ ရှောင်လင်းယဲ့၏ရှေ့တည့်တည့်တွင်ရပ်ကာ စုံစမ်းစစ်ဆေးရေးဝင်လေသည်။

နဉ်ဝေ့ယီက မေးလိုက်သည်။ “ရှောင်လင်းယဲ့၊ မင်းက ငါတို့ကို ညီအစ်ကိုတွေလိုတောင် မဆက်ဆံတော့ဘူးပဲ။ ဒီလောက်ကောင်းတဲ့ အစားအသောက်မျိုးကို ငါတို့ကို ဘယ်လိုလုပ်ပြီးများ ဖုံးကွယ်ထားနိုင်ရတာလဲ။”

ခမ်းလဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ မင်း နည်းနည်းလောက် ပိုဝယ်လာလိုက်ရင် ရနေတာပဲကို။ မင်းဆီမှာ နှစ်လုံးတောင် ကျန်နေသေးတာတောင် မင်က ငါတို့ကို မမျှပေးချင်ဘူး။ မင်းက ညီအစ်ကိုကောင်းမဟုတ်ဘူး။”

“ဒါနဲ့၊ ယဲ့၊ မင်းဒီခရမ်းချဉ်သီးတွေ ဘယ်ကဝယ်လာခဲ့တာလဲ။” ယန်ပေါင်လင်းတစ်ယောက်ကသာ အဓိကအချက်ကို အာရုံစိုက်လာခဲ့လေသည်။ “ငါတို့လည်း သွားပြီး အကုန်လုံးသိမ်းကြုံးဝယ်ပစ်မယ်။” ဒီလောက်အရသာရှိမှတော့ ရှိသမျှအကုန် သူတို့စားကို စားရမှာဖြစ်မယ်။

ထို့အပြင် သူတို့ စားမကုန်ခဲ့လျှင်လည်း ကျောင်းမှာ ပြန်ရောင်းလို့ရပေသည်။ ထိုအတိုင်းဆို အမြတ်တွေအများကြီးရနိုင်ပေလိမ့်မည်။

ယန်ပေါင်လင်း၏နတ်ဆိုးဆန်ဆန် ကုန်သည်တစ်ယောက်၏အမူအရာမျိုးကိုမြင်ပြီး ရှောင်လင်းယဲ့က ချက်ချင်းပြောလာခဲ့သည်။ “မင်း ဒီကနေ အမြတ်ထုတ်ဖို့ စဉ်းတောင် မစဉ်းစားနဲ့။ ဒီခရမ်းချဉ်သီးတွေကို ငါ့အစ်မပေးလိုက်တာ။ သူ့ရဲ့ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက သူငယ်ချင်းတစ်ယောက်က ဒီမျိုးစိတ်အသစ်ကို စိုက်ကြည့်ပြီးတော့ ငါ့အစ်မစားကြည့်ဖို့ နည်းနည်းပေးလာရုံပဲ။”

ကောင်လေးသုံးယောက်မှာ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသော်လည်း ထပ်ပြီး မေးနေကြတုန်းပင်။ “ယဲ့၊ မင်းအစ်မရဲ့သူငယ်ချင်းက ဘယ်လောက်များများ ပို့လိုက်တာလဲ။ ငါတို့ မင်းအစ်မဆီက ပြန်ဝယ်လို့ရလား။”

ရှောင်လင်းယဲ့၏အခန်းဖော်သုံးယောက်သည် အတော်ကိုချမ်းသာသည့်ထဲတွင် ပါပေသည်။ နဉ်ဝေ့ယီသည် ပညာရေးဌာန ဒါရိုက်တာ၏ ဒုတိယသားဖြစ်ကာ၊ ယန်ပေါင်လင်း၏အဖေကတော့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီး သူက သူ့အဖေ၏တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။ ခမ်းလဲ့၏မိသားစုသည် မိုင်းတွင်းတစ်တွင်းပိုင်ဆိုင်ထားသည်။ သူ့မိသားစုကတော့ မကြာသေးခင်မှချမ်းသာလာသည့် သူဌေးလက်သစ်ဖြစ်ကာ ငွေမချို့တဲ့ကြပေ။

ရှောင်လင်းယဲ့ ထိုအကြောင်းများကို ပြန်တွေးကြည့်ပြီးနောက်မှာတော့ ပြန်ဖြေလာခဲ့လေသည်။ “ငါ ငါ့အစ်မကို ပြန်မေးကြည့်လိုက်မယ်။” သူ့အစ်မက ဟင်းသီးဟင်းရွက်တွေ ရောင်းမည်ဟု ပြောသည်အား ရှောင်လင်းယဲ့ မမေ့သေးပေ။ သူလည်း သူ့အစ်မကိုကူပြီး ကျောင်းမှာ ရောင်းပေးလို့ရတာပဲ။

ထောင်ရွာသို့ ပြန်လာနေပြီဖြစ်သည့် ရှောင်လင်းယွီတို့သားအမိနှစ်ယောက်သည် ထိုနေ့တွင် သူတို့ရောင်းလိုက်သည့် အသီးအရွက်များက ရှင်းယင်မြို့ကို ဘယ်လောက်တောင်မှ လှုပ်လှုပ်ရှားရှားဖြစ်နေစေခဲ့လဲဆိုသည်ကို မသိခဲ့ကြပေ။

ဝယ်ယူခဲ့သူများက အသီးအရွက်များ ဘယ်လောက်တောင်မှ အရသာရှိကြောင်း သိရှိသွားကြပြီးဖြစ်သည်။ မှော်ဆန်လှအောင်ကို အရသာရှိလှသည်။ ထိုအသီးအရွက်များသည် စားသုံးသူများကို လန်းဆန်းတက်ကြွကာ အားအင်များပြည့်ဝလာခဲ့သည်။ ဒါ့အပြင် အိမ်ထောင်ရေးတစ်ခုကိုတောင်မှ ကယ်တင်နိုင်ခဲ့သေးသည်။

ရှောင်လင်းယွီတို့သားအမိ ရှင်းအန်းမြို့ ဘက်စ်ကားပေါ်မှဆင်းပြီးပြီးနောက် ကားကိတ်တွင် စောင့်နေသည့် ရှောင်မင်ယန်းကို တွေ့လိုက်ရလေသည်။

မေမေရှောင်က ပြုံးကာ ပြောလေသည်။ “မင်ယန်း၊ ငါတို့ကို လာကြိုဖို့အထိမလိုပါဘူး။ မင်းလည်း အလုပ်ရှုပ်နေတာပဲကို။ ငါတို့ဘာသာ လမ်းလျှောက်ပြန်တာ၊ မဟုတ်လည်း ကားနဲ့ပြန်လာလို့ရတာပဲ။”

ရှောင်မင်ယန်းသည် မေမေရှောင်၏မျက်နှာထက်မှ ပျော်ရွှင်နေသည့် အမူအရာကို သတိထားမိလိုက်ကာ သူတို့စောစောပြန်ရောက်လာသည်ကိုလည်း တွေ့လိုက်သည်။ သူ့အထင်သာမှန်မည်ဆိုလျှင် စီးပွားရေးကောင်းခဲ့တဲ့ပုံပဲ။ သူက ပြန်ပြုံးပြလာခဲ့သည်။ “ဒုတိယမရီးကလည်း လာကြိုဖို့အချိန်လောက်ကတော့ ကျွန်တော် နည်းနည်းလောက် ဖယ်ထုတ်လို့ရပါတယ်။” ထို့နောက် သူက သူတို့သယ်ဆောင်လာသည့် ပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။ “ဒုတိယမရီး၊ ကုန်တွေအားလုံး ရောင်းထွက်ခဲ့တာလား။”

“မင်းကျေးဇူးကြောင့်ပေါ့၊ ငါတို့ အားလုံး ရောင်းထုတ်နိုင်ခဲ့တယ်လေ။” မေမေရှောင်က ပျော်ရွှင်စွာ ပြောလိုက်သည်။ “ပြောရဦးမယ်။ ငါတို့ ကုန်တွေအားလုံး ရောင်းထွက်ရုံတင်မကဘူး။ ဈေးအမြင့်ကြီးနဲ့ပါ ရောင်းခဲ့တာ။ ငါဆို အခုထိ ယုံတောင် မယုံနိုင်သေးဘူး။”

ရှောင်မင်ယန်း အံ့ဩသွားလေသည်။ “ဒုတိယမရီး၊ တကယ်ပြောနေတာလား။” ခရိုင်မြို့လိုနေရာတွင် ဈေးမြှင့်ဖို့မပြောနှင့် ကုန်များကို ရောင်းထွက်ဖို့တောင် မလွယ်ကူကြောင်း သိသပေသည်။ မြို့ပေါ်ရှိ ပြိုင်ဆိုင်မှုမှာ အလွန်ကိုများလှသည်။

မေမေရှောင်က ခပ်ဟဟရယ်လိုက်လေသည်။ “ဒါပေါ့၊ တကယ်ပြောနေတာ။ လာ အိမ်ပြန်ရအောင်၊ ပြီးမှ ဆက်ပြောကြမယ်။”

မေမေရှောင်သည် အလွန်ပျော်ရွှင်နေခဲ့လေသည်။ ဘယ်လိုလုပ်မပျော်ဘဲ နေနိုင်မှာတဲ့လဲ။ ဒီနေ့ သူတို့ရလာတဲ့ အမြတ်တွေက ရုံးဝန်ထန်းတစ်ယောက်ရဲ့ တစ်လလုံးစာ လစာနဲ့တောင်မှ ညီမျှတာလေ။ တစ်နည်းပြောရရင် လယ်သမားအများစုရဲ့ တစ်နှစ်လုံးစာ ဝင်ငွေထက်တောင်မှ ပိုများသေးတယ်။

ရှောင်မင်ယန်းသည် သူမ အရိပ်ပြသည်ကို နားလည်တာကြောင် အသေးစိတ်ထပ်မမေးတော့ပေ။ ထိုအသီးအရွက်များနှင့်ပတ်သတ်ပြီး ထူးခြားချက်တစ်ခုခုတော့ရှိလောက်မည်ဟု သူယုံကြည်လေသည်။

သူတို့ ရှောင်မင်ယန်း၏အိမ်သို့ ပြန်ရောက်ပြီးနောက် မေမေရှောင်က သူမတို့ပြန်သယ်လာသည့် ဟင်းသီးဟင်းရွက်နှစ်ထုပ်ထဲမှ တစ်ထုပ်ကို ရှောင်မင်ယန်းကို ပေးလိုက်သည်။ “မင်ယန်း၊ ဒါ မင်းတို့အတွက် သီးသန့်ချန်ထားပေးတာ။ ချွမ်းဟွာကို ချက်ခိုင်းလိုက်။” မေမေရှောင်သည် ခရမ်းချဉ်သီးတစ်လုံးကိုပါ ထုတ်ယူလိုက်ပြီး ရှောင်မင်ယန်းကို ပေးလိုက်လေသည်။ “လာ၊ ဒါလေးလည်း စားကြည့်။”

ရှောင်မင်ယန်းသည် ငြင်းချင်ခဲ့သည်။ သူတို့မိသားစုလည်း သူတို့ဘာသာ စိုက်ပျိုးနိုင်ပေသည်။ သူတို့စိုက်ထားသည့် အသီးအရွက်တွေကိုတောင် အကုန်မစားနိုင်မှတော့ ဘာလို့ မေမေရှောင်ဆီက အသီးအရွက်တွေကို ထပ်ယူနေရဦးမှာလဲ။

သို့သော်လည်း မေမေရှောင်ကိုင်ထားသည့် ခရမ်းချဉ်သီးကိုမြင်လိုက်ပြီးနောက် သူ့တွင် နောက်ထပ်အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထိုခရမ်းချဉ်သီး၏ မွှေးပျံ့သောအနံ့မှာ သူ့အနားတွင် ရစ်ဝဲနေလေသည်။ ရှောင်မင်ယန်းလည်း ခရမ်းချဉ်သီးကိုယူကာ တစ်ကိုက်,ကိုက်ကြည့်လိုက်ရာ ချိုချိုချဉ်ချဉ်အရသာလေးက သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားတော့သည်။ သူက အံ့ဩတကြီးဖြင့် ချီးကျူးလိုက်လေသည်။ “ဒုတိယမရီး၊ ဒီခရမ်းချဉ်သီးက အရမ်းအရသာရှိတာပဲ။”

မေမေရှောင်က ပြုံးလိုက်သည်။ “ဟုတ်တယ်မလား။ လာ..လာ ဒါတွေအားလုံး ပြန်ယူသွားလိုက်။ ပြီးရင် ချွမ်းဟွာ၊ ရှောင်ဟွေ့တို့နဲ့ မျှစားချေ။”

“ကောင်းတာပေါ့။” ဟင်းသီးဟင်းရွက်တွေက ဒီလောက်အရသာရှိနေမှတော့ ရှောင်မင်ယန်းလည်း ငြင်းမနေတော့ပေ။

မေမေရှောင်နှင့် ရှောင်လင်းယဲ့တို့ အိမ်ပြန်ရောက်ချိန်တွင် တစ်နေ့တာက ကုန်ဆုံးသွားပေပြီ။

ဖေဖေရှောင်ကတော့ လယ်ကွင်းထဲတွင် အလုပ်လုပ်နေတုန်းပင်။

မေမေရှောင်သည် သူတို့ ဒီနေ့ရရှိခဲ့သည့် အမြတ်များကို ပြန်တွေးမိပြီး မယုံကြည်နိုင်ဖြစ်နေတုန်းပင်။ သူတို့က ဟင်းသီးဟင်းရွက်များကို တစ်မနက်တည်းနှင့် အကုန်ရောင်းနိုင်ခဲ့သည့်ပြင် ယွမ်တစ်ထောင်မကလည်း ရခဲ့သေးသည်။

ရုတ်တရက် မေမေရှောင်က သံသယတချို့ဖြင့် မေးလာခဲ့လေသည်။ “ယွီအာ၊ သမီးမနေ့ကမှ အိမ်ငှားခဲ့ပေမယ့် ဒီနေ့ အမေတို့ ရောက်သွားတော့ အသီးအရွက်တွေအားလုံးက သုံးဘီးဆိုင်ကယ်ပေါ်မှာ စီထားပြီးနေပြီ။ ဘယ်တုန်းက စီလိုက်တာလဲ။ မနေ့ကတည်းက လုပ်ခဲ့တာလား။ ပြီးတော့ မနေ့ကတည်းက ရောက်တဲ့ အသီးအရွက်တွေလိုဆိုရအောင်လည်း ဒါတွေက အရမ်းကို လတ်ဆတ်နေတာလေ။ ပွန်းတာတွေ နာတာတွေ တစ်ခုမှကို မရှိဘူး။” သယ်ယူပို့ဆောင်ရေးတွင် မည်မျှပင် ဂရုစိုက်ခဲ့ပါစေ တစ်ရက်လောက်ထားပြီးသည်နှင့် အသီးအရွက်တချို့တွင် အပြစ်အနာအဆာကတော့ ရှိနေသင့်ပေသည်။

မေမေရှောင်မသိလိုက်သည်က ထိုအသီးအရွက်များသည် ရှောင်လင်းယွီ ဂိုဒေါင်တံခါးကို ဖွင့်လိုက်သည့် အချိန်မှသာ ပေါ်လာခဲ့ခြင်းဖြစ်သည်ကိုပင်။

ရှောင်လင်းယွီတစ်ယောက် နှလုံးတစ်ချက်ခုန်လှုပ်သွားတော့သည်။ သူမ လိမ်ညာထားသည့်အပေါ် ထပ်ပြီး ဖုံးကွယ်နိုင်ရန်အတွက် နောက်ထပ် အလိမ်အညာတစ်ခု လိုလာပြန်သည်။

တစ်ခါတစ်ရံတော့ ကျောက်စိမ်းဆွဲသီးအကြောင်း သူမမိဘများကို ပြောပြရန် ရှောင်လင်းယွီ စဉ်းစားမိသေးသည်။ သို့သော်လည်း သူမမိသားစုကို မစိုးရိမ်စေချင်ပေ။ ဒါကြောင့် နောက်ထပ်အလိမ်အညာများဖြင့် ထပ်၍ထပ်၍သာ ဖုံးကွယ်နိုင်တော့သည်။

ရှောင်လင်းယွီ ပြန်ဖြေလာလေသည်။ “အမေ၊ ဒီအသီးအရွက်တွေက မနေ့ကတည်းက ပို့ပေးထားတာ။ သိတဲ့အတိုင်း သူတို့ကို အထူးဖော်မြူလာနဲ့ စိုက်ပျိုးထားတာဆိုတော့ ၃ရက်ကနေ ၅ရက်လောက်အထိ လတ်ဆတ်မှုကို ထိန်းထားနိုင်တယ်လေ။”

မေမေရှောင် ခေါင်းညိတ်လိုက်လေသည်။ “အိုး.. အဲ့လိုကိုး။” ထို့နောက် သူမက စိုးရိမ်မှုဖြင့် ထပ်မေးလိုက်သည်။ “ဒါပေမယ့် ယွီအာ၊ ဒီအသီးအရွက်တွေက ဘေးထွက်ဆိုးကျိုးတော့ မရှိလောက်ပါဘူးနော်။ ဒီအသီးအရွက်တွေ အချိန်တော်တော်ကြာတဲ့အထိ ဆက်ပြီး လတ်ဆတ်နေရင် လူတွေက သံသယဝင်လာကြလိမ့်မယ်။ အမေတို့ ကြာရှည်ခံဆေးတွေဘာတွေ သုံးထားလားဆိုပြီး သူတို့တွေးကြနိုင်တယ်။ အဲ့ဒါတွေက လူတွေကို ထိခိုက်စေနိုင်တယ်။ ယွီအာ၊ အမေတို့ ဒီလိုမျိုး ကိုယ့်အသိစိတ်ကို ဆန့်ကျင်တဲ့လုပ်ရပ်မျိုး လုပ်လို့ မဖြစ်ဘူးနော်။”

ရှောင်လင်းယွီ ပြုံးကာ ပြောလာခဲ့သည်။ “အမေရယ်၊ စိတ်မပူပါနဲ့။ ဒီအသီးအရွက်တွေမှာ ဘာဘေးထွက်ဆိုးကျိုးမှမရှိဘူး။ ပြောရရင် ကောင်းတာတွေချည်းပဲရှိတာ။ အမေ၊ ဒီအသီးအရွက်တွေကို သမီးတို့ကိုယ်တိုင်လည်း စားကြတာပဲ။ နေမကောင်းသလို ခံစားရလို့လား။”

မေမေရှောင်က တွေးကြည့်လိုက်သည်။ “မခံစားရဘူး… တကယ်တော့ ပိုပြီး ငယ်ရွယ်ပြီး အားအင်တွေပြည့်လာသလို ခံစားရတယ်။”

“အဲ့ဒါပဲလေ။ ဒီအသီးအရွက်တွေက တစ်ခုခုမကောင်းတာမျိုးရှိနေရင် သမီးက အဖေနဲ့အမေကို စားခွင့်ပြုမှာတဲ့လား။ ပြီးတော့ အမေ ဘာကိုစိုးရိမ်နေလဲ သမီးသိပါတယ်။ ဒါပေမယ့် ဘာမှစိုးရိမ်စရာမလိုဘူး။ ဓာတ်ခွဲခန်းကနေစမ်းသပ်ကြည့်ရင်တောင် သမီးသူငယ်ချင်းရဲ့အသီးအရွက်တွေက သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပြလာလိမ့်မယ်။”

ထိုတော့မှ မေမေရှောင်လည်း စိတ်အေးကာ သက်ပြင်းချမိတော့သည်။ “ဟုတ်ပါပြီ၊ ယွီအာရယ်။ ဒါပေမယ့် အကျိုးအမြတ်တစ်ခုတည်းကြောင့်နဲ့ တခြားလူတွေကို ထိခိုက်အောင် လုပ်လို့မဖြစ်ဘူးဆိုတာတော့ မမေ့နဲ့နော်။”

“အမေကလည်း မစိုးရိမ်ပါနဲ့ဆို။ အဖေနဲ့အမေ သမီးကို သင်ကြားပေးခဲ့တာမှန်သမျှကို သမီးစိတ်ထဲ စွဲစွဲမြဲမြဲမှတ်သားထားပါတယ်။”

***

All Chapters