ကျောင်းသားတွေ ရောက်လာပြီ
Vol. 5 Ch. 89
လီယွမ်ဟန်သည် ရှုခင်းကောင်းကောင်းနှင့် ဖုန်းရွှေကောင်းသည့်နေရာတချို့ကို ကုန်းထျန်းဟောက်ထံသို့ တင်ပြနေခဲ့သည်။ သူက ဆက်လက်ပြီး၊ “ဒါကတော့ လျိုမျိုးနွယ်ရွာ။ မြို့တော်ကနေ ကီလိုမီတာ၂၀၀၀ တွေးတယ်။ နိုင်ငံခြားခရီးသွားတွေအပေါ် မှီခိုနေတဲ့နေရာပဲ။ သူတို့ဆီက ရှုခင်းတွေက ခရီးသွားတွေအများကြီးကို ဆွဲဆောင်နိုင်တယ်။”
“ဒါကတော့ ကျန်းနန်ရဲ့ ကျိုးကျူးအန်း။ သူကတော့ တရုတ်ပြည်ရဲ့ ဗင်းနစ်လို့ လူသိများတယ်…”
လီယွမ်ဟန်သည် အနားယူလို့ရမည့်နေရာ ၇နေရာ ၈နေရာလောက်ကို မိတ်ဆက်ပေးလာခဲ့သည်။ သို့သော်လည်း အများစုမှာ ခရီးသွားလည်ပတ်သည့်နေရာများဖြစ်ကြလေသည်။ ခရီးသွားနေရာမဟုတ်သည့် တစ်နေရာတော့ပါပေမယ့် မိုးအရမ်းများကာ စိုစွတ်လွန်းတာကြောင့် သခင်ကြီးကုန်း၏ ပြန်လည်ထူထောင်ရေးအတွက် မကောင်းပေ။ ထို့ကြောင့် ကုန်းထျန်းဟောက်သည် အားလုံးကို ပယ်ချခဲ့လေသည်။
ကုန်းထျန်းဟောက်က ထိုနေရာတွင် ထိုင်နေရင်း အေးစက်သည့်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ သူ့မျက်နှာသွင်ပြင်သည် ပန်းပုရုပ်တစ်ခုကဲ့သို့ ပြတ်သားထင်ရှားကာ ပြီးပြည့်စုံလှသည်။ သူ၏နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားပြီး အေးစက်စက်အသွင်ကို ဆောင်နေစေသည်။
သူက လက်တစ်ဖက်နှင့် စားပွဲခုံကို ခေါက်နေပြီး သူ၏မည်းနက်ကာစူးရှလှသည့် မျက်လုံးများကတော့ တင်ပြလာသည့် အချက်အလက်များကို ကြည့်ရှုနေခဲ့သည်။ သူက မျက်မှောင်အသာ ကြုတ်လိုက်ပြီး၊ “ဒီနေရာတွေက မသင့်တော်ဘူး။ ထပ်ရှာကြည့်လိုက်ဦး။” သူက ခဏရပ်သွားပြီးနောက် သူ၏နက်ရှိုင်းသည့်မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခုဖြတ်သွားကာ၊ “နေရာက တိတ်ဆိတ်ပြီး ငါ့အဘိုးကို ဘယ်သူမှ လာနှောက်ယှက်လို့မရနိုင်လောက်အောင် သီးသန့်ဖြစ်နေရမယ်။” သူ့အဘိုးသည် ဒေါသထွက်သည့်ဒဏ်ကို ထပ်ပြီး မခံနိုင်တော့ပေ။
သခင်ကြီးကုန်းသာ ပေကျင်းမှာရှိနေသ၍ ဒီလူတွေက သူ့ကို ဆက်ပြီးနှောက်ယှက်နေကြဦးမှာပင်။ ကုန်းထျန်းဟောက်အနေနှင့် ထိုကဲ့သို့သောအဖြစ်မျိုးကို ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ သူ့အဘိုးကို ထိုလူတွေ မရှာတွေ့နိုင်မည့် နေရာတစ်နေရာသို့ ပြောင်းပေးလိုက်ခြင်းသာ ဖြစ်ပေသည်။
လီယွမ်ဟန်သည် ကုန်းထျန်းဟောက်၏ရည်ရွယ်ချက်ကို နားလည်လေသည်။ သူက တစ်ချက်တွေးကြည့်လိုက်ပြီးနောက် သူ့ဖိုဒါထဲက ဖိုင်တစ်ခုကို ထုတ်လိုက်သည်။ “ထျန်းဟောက် ဒီနေရာဆိုရင်ရော။”
ကုန်းထျန်းဟောက် ယူကြည့်လိုက်ရာ ထိုဖိုင်တွင် ထောင်ယွမ်ရွာ၏စုံစမ်းစစ်ဆေးမှုရလဒ်ဟု ခေါင်းစဉ်တပ်ထားသည်ကို တွေ့လိုက်ရသည်။
လီယွမ်ဟန်က ရှင်းပြလာခဲ့သည်။ “ထောင်ယွမ်ရွာက ငါတို့လိုအပ်ချက်နဲ့ကိုက်ညီတယ်ဆိုပေမယ့် သူရဲ့ သယ်ယူပို့ဆောင်ရေးစနစ်က အရမ်းကိုဆိုးတယ်။”
….
ရှောင်လင်းယွီသည် သူမ၏လုပ်ငန်းမှ ပထမဆုံးနေ့ ရောင်းချမှုပြီးသည့်နောက် အမြောက်အမြားစိုက်ပျိုးရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော်လည်း နောက်ဖေးခြံကွက်လေးသည် အရမ်းမကြီးတာကြောင့် သူမ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်းမရှိတော့ပေ။
ဂရုတစိုက်စဉ်းစားကြည့်ပြီးနောက် ရှောင်လင်းယွီသည် ရှောင်လင်းယဲ့ပြန်လာသည်နှင့် မိသားစုအစည်းအဝေးလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ရှောင်လင်းယဲ့သည် စနေနေ့တွင် အိမ်ပြန်လာခဲ့သည်။ သူက သူ့အခန်းဖော်သုံးယောက်ကိုပါ ခေါ်ဆောင်လာခဲ့လေသည်။ သူတို့အားလုံးတွင် ပန်းတိုင်တစ်ခုတည်းသာရှိကာ… ခရမ်းချဉ်သီးဝယ်နိုင်ရန်ဖြစ်သည်။
ရှောင်လင်းယဲ့၏ခရမ်းချဉ်သီးကို စားကြည့်ပြီးနောက် တခြားအသီးအရွက်တွေ၊ အသီးအနှံ့တွေအားလုံးက ဝက်စာတမျှ ဆိုးဝါးနေတော့သည်။ စိတ်မကောင်းစွာဖြင့် ထိုနေ့ပြီးကတည်းက ရှောင်လင်းယဲ့သည် နောက်ထပ် ခရမ်းချဉ်သီးတွေ ယူလာခြင်းမရှိတော့ပေ။ ဒါကပဲ သူတို့ကို ထိုအရသာအား ပိုလို့ပင် လွမ်းမောစေမိတော့သည်။ ထို့ကြောင့် ရှောင်လင်းယဲ့ အိမ်ပြန်ချိန်တွင် သူတို့ပါလိုက်သွားဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
လမ်းတစ်လျှောက်တွင် ထောင်ယွမ်ရွာ၏ လှပသည့်သဘောဝရှုခင်းတို့က သူတို့ကို ကြိုဆိုနေခဲ့သည်။ နဉ်ဝေ့ယီ၊ ယန်ပေါင်လင်းနှင့် ခမ်းလဲ့တို့သည် ထိုရှုခင်းများ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရတော့သည်။
“သေစမ်း၊ ရှောင်လင်းယဲ့၊ ဒါ မင်းရဲ့မွေးရပ်မြေပေါ့။ လုံးဝရှန်ဂရီလာပဲ။” နဉ်ဝေ့ယီက ချီးကျူးလာခဲ့သည်။ နဉ်ဝေ့ယီသည် ခရိုင်မြို့ပေါ်တွင် မွေးဖွားသူဖြစ်သည်။ တခါတရံတော့ ကျေးလက်ဒေသမျးဘက် လည်ပတ်ဖူးသော်လည်း အပန်းဖြေဗီလာများတွင်သာ နေဖူးပေသည်။ ပြောရရင်တော့ ၎င်းနေရာများသည် လူလုပ် အတုအယောင်ရှုခင်းများသာဖြစ်သည်။
သို့သော်လည်း ထောင်ယွမ်ရွာကတော့ သဘာဝအတိုင်း လှပနေခြင်းဖြစ်သည်။ ထောင်ယွမ်ရွာသည် သူ့နာမည်အတိုင်း မက်မွန်ပင်များ နေရာအနှံ့ပေါက်ရောက်နေလေသည်။ မြစ်ငယ်လေးများသည် သဘာဝအလှကို ပိုလို့ပင် သက်ဝင်အောင် စွမ်းဆောင်ပေးနေကြပြန်သည်။
ကျန်နှစ်ယောက်ကလည်း ခေါင်းညိတ်လာကြသည်။ “ဟုတ်တယ်၊ ဒီက ရှုခင်းတွေက အရမ်းလှတာပဲ။ ယဲ့၊ မင်းစာအရမ်းတော်နေတာ အံ့ဩစရာမရှိတော့ပါဘူး။”
ရှောင်လင်းယဲ့ “….” ရှုခင်းအကြောင်းပြောနေရင်းက ဘာလို့အဲ့ဒါက ပါလာတာလဲ။
ရှောင်လင်းယဲ့က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ “ဟုတ်ပါတယ်၊ ဒီမှာနေရင် စိတ်အေးချမ်းပြီး စိတ်ကြည်တာဆိုတော့ စာလေ့လာတဲ့အချိန်မှာ လွယ်လွယ်ကူကူ အာရုံစိုက်နိုင်တာပေါ့။”
သူ့အခန်းဖော်သုံးယောက်က ချက်ချင်းပင် ပြောလာကြသည်။ “ယဲ့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေခင် ငါတို့မှာ အချိန်နှစ်လတောင်ကျန်သေးတယ်။ ကျောင်းတက်ချိန်ကလွဲပြီး မင်းဒီကိုပြန်လာတိုင်း ငါတို့လည်း လိုက်လာခဲ့မယ်။ ငါတို့ ဒီမှာပဲ အနားယူရင်းနဲ့ စာမေးပွဲအတွက် ပြင်ဆင်ကြတာပေါ့။ ဒီနေရာရဲ့ ရှုခင်းတွေက စာမေးပွဲမှာ ငါတို့အမှတ်ကောင်းကောင်းရအောင် အထောက်အကူဖြစ်စေမှာသေချာတယ်။ ဘယ်လိုလဲ။”
ရှောင်လင်းယဲ့၊ “….” အဲ့ဒါသာ အမှန်ဆိုရင် ထောင်ယွမ်ရွာမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပြည့်နေရောပေါ့။ သို့သော်လည်း ယခုကာလအတွင်း တက္ကသိုလ်တက်နိုင်သည့်လူမှာ သူ့အစ်မတစ်ယောက်သာ ရှိပေသည်။
ရှောင်လင်းယဲ့တစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းသာချလိုက်တော့သည်။ “ကောင်းပြီလေ၊ မင်းတို့ အဲ့လိုထင်ရင်လဲ လုပ်ကြပေါ့။ ငါ့မိသားစုမှာ အခန်းလွတ်တစ်ခန်းရှိတယ်။ မင်းတို့နေချင်ရင် အဲ့မှာနေလို့ရတယ်။”
ကျောင်းသားအုပ်စုမှာ မကြာခင်မှာပဲ ရှောင်လင်းယဲ့၏အိမ်သို့ ရောက်ရှိလာကြသည်။ ခြံဝန်းကျယ်ကြီးထဲကအိမ်လေးကို သူတို့မြင်လိုက်ရလေသည်။ အိမ်သည် အလွန်အဆင့်မြင့်သည်မဟုတ်သော်လည်း သန့်ရှင်းကာ နွေးထွေးလှသည်။ ပန်းများက တံတိုင်းထက်တွင် တွယ်တက်ပေါက်ရောက်နေပြီး နှင်းဆီပန်းများက လေအဝေ့တွင် ယိမ်းနွဲ့နေကြသည်။ ဒါ့အပြင် ခရမ်း၊ အနီ၊ ပန်းရောင်၊ အဝါရောနှင့် အဖြူရောင်ဖြင့် ပန်းများမှာ အရောင်စုံလှတာကြောင့် ပန်းချီကားတစ်ချပ်နှယ်။
“ဝါး၊ အရမ်းလှတာပဲ။” ခမ်းလဲ့က ရေရွတ်လိုက်သည်။ “အဝေးကနေကြည့်ရင် မင်းတို့အိမ်က ဥယျာဉ်တစ်ခုလို့တောင် ထင်ရတယ်။”
ရှောင်လင်းယဲ့က ဂုဏ်ယူစွာပြောလာခဲ့သည်။ “ဒီပန်းတွေအားလုံး ငါ့အစ်မကိုယ်တိုင် စိုက်ထားတာလေ။ သူက အပင်စိုက်ရတာကြိုက်တယ်။ ပန်းတွေစိုက်ထားရင် ခြံတစ်ခုလုံးကို လှပစေတဲ့အပြင် လူတွေနှလုံးသားကလဲ ပိုပြီး လှပလာလိမ့်မယ်လို့ သူပြောတာပဲ။”
ထိုစကားများကိုကြားပြီးနောက် ကောင်လေးသုံးယောက်သည် သူတို့ပါးစပ်ကို လက်များဖြင့် အုပ်လိုက်ကာ ရယ်မောလိုက်ကြပြီး၊ “ယဲ့၊ ငါတို့အစ်မက အံ့ဩဖို့ကောင်းတာပဲ။ ငါတို့ အရမ်းတွေ့ချင်လာပြီ။”
ရှောင်လင်းယဲ့ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ “ယန်ပေါင်လင်း၊ ဘာကို ‘ငါတို့’ လဲ။ အဲ့ဒါ ငါ့အစ်မ၊ မင်းအစ်မမဟုတ်ဘူး။”
သူတို့၏ရယ်သံက ပိုလို့တောင်မှ ကျယ်လောင်လာလေသည်။
ဘာလို့ဖြစ်မလဲ။
ဘာလို့ဆို ရှောင်လင်းယဲ့က sis-conလေ။
နေ့တိုင်း၊ ဘယ်ပဲရောက်ရောက် သူ့အစ်မအကြောင်း မပါမဖြစ်ပြောတတ်သူဖြစ်သည်။ သူ့အစ်မက ဘယ်လိုလှတယ်၊ ဘယ်လိုဉာဏ်ကောင်းတယ်၊ ဘယ်လိုထူးချန်တယ်နှင့် သူတို့ခရိုင်မှာ ထိပ်တန်းကျောင်းသူဖြစ်ကြောင်း၊ ဘယ်လိုတောင် ဝီရိယရှိကြောင်း၊ သူမသည် မိန်းကလေးတို့ရှိသင့်ရှိအပ်သည့် ဂုဏ်ရည်အလုံးစုံနှင့် ပြည့်စုံသူဖြစ်ကြောင်း ဆက်တိုက်ပြောနေခြင်းပင်။
ရှောင်လင်းယဲ့နှင့် သုံးနှစ်တာအတူရှိခဲ့ပြီးနောက်မှာတော့ သူတို့အားလုံး ရှောင်လင်းယွီကို ကိုယ်တိုင်သိကျွမ်းနေသလိုပင် ခံစားမိတော့သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့ သူမကို တစ်ခါမှမမြင်ဖူးကြပေ။ သူတို့စားခဲ့သည့် ခရမ်းချဉ်သီးများသည်လည်း ရှောင်လင်းယဲ့၏အစ်မ ပို့လာပေးခြင်းဖြစ်သည်။
သူတို့သုံးယောက်က ရှောင်လင်းယဲ့ အူပွနေသည်ကို လျသ်လျူရှုကာ မေးလိုက်လေသည်။ “ယဲ့၊ ငါတို့အစ်မ အိမ်မှာရှိလား။”
ရှောင်လင်းယွီသည် Zမြို့ရှိ ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်ကြောင်း ရှောင်လင်းယဲ့ဆီမှာ သူတို့ကြားထားခဲ့သည်။
ရှောင်လင်းယဲ့က မသေမချာဖြင့် ပြန်ဖြေလာလေသည်။ “ရှိမယ်ထင်တာပဲ။”
သူ့အစ်မ ပြန်ရောက်လာပြီးကတည်းက သူမသည် မျိုးစေ့ဝယ်ဖို့၊ အသီးအရွက်တွေရောင်းဖို့၊ အကြောင်းမျိုးစုံဖြင့် နေရာအနှံ့လျှောက်သွားနေခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် ရှောင်လင်းယဲ့လည်း သူ့အစ်မ အိမ်မှာရှိမရှိ သေချာမပြောတတ်ပေ။
ရှောင်လင်းယဲ့က ခြံထဲသို့ဝင်လိုက်ပြီးနောက် အော်လိုက်လေသည်။ “အဖေ၊ အမေ၊ အစ်မ၊ သားပြန်လာပြီ။”
မေမေရှောင်က အိမ်ထဲကနေ အမြန်ထွက်လာကာ ဆူပူလိုက်လေသည်။ “ကောင်စုတ်လေး၊ ဘာလို့ဒီလောက်တောင် အော်နေ….” သို့သော်လည်း သူမသားဘေးတွင် ကောင်လေးသုံးယောက်ပါလာသည်ကို မြင်သည်နှင့် သူမလေသံကို ချက်ချင်းပြောင်းလိုက်လေသည်။ “ယဲ့အာ၊ သားပြန်လာပြီလား။ သားရဲ့သူငယ်ချင်းလေးတွေလား။”
***