တော်ဝင်အစောင့်တပ်သားများအား ရှင်းလင်းခြင်း
Vol. 7 Ch. 85
မြင်ကွင်းမှာ ကြာက်စရာကောင်းလွန်းလှသဖြင့် ကူယွိနင်ထံမှ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည် ။
တော်ဝင် အစောင့်တပ်သားများမှာ ခေတ္တမျှ မှင်သက်နေကြသော်လည်း အသိပြန်ဝင်လာပြီး တိုက်ခိုက်ရန် ပြင်လိုက်ကြသည် ။
" မင်းလိုကောင်ကများ တပ်မှူး မု ကို သတ်ရဲတယ်ပေါ့ "
" မင်း ထွက်ပြေးလို့ မရပါဘူးကွာ "
အားလုံး ဓားကိုယ်စီ ထုတ်လိုက်ကြသည် ။
လောထျန်းက သူတို့အားလုံးကို ဝေ့ဝဲကြည့်ကာ ပို၍ မျက်မှောင်ကြုံ့သွား၏။
" သခင်လေး ဘာမှလုပ်စရာ မလိုပါဘူး ၊ ဒီကောင်တွေကို ကျုပ် ရှင်းလိုက်မယ် "
ထိုအချိန် ဘုရင်ကျင်းဖန်က ပြောလိုက်သည် ။
ထို့နောက် သူ့ခန္ဓာကိုယ် လှုပ်ရှားသွား၏။
ခဏအကြာတွင်မူ လောထျန်း ၊ ဘုရင်ကျင်းဖန် နှင့် မိန်းကလေး ကူ တို့မှလွဲ၍ ကျန်လူများက အလောင်းများအဖြစ် ပြောင်းသွားပြီး မြေပြင်တွင် အတုံးအရုံး လဲကျနေကြတော့သည် ။
" ဟင် .. ဒါ .. "
ကူယွိနင်မှာ မည်သို့မှ မပြောနိုင်ဘဲ ဖြစ်သွားသည် ။
လောထျန်းက သူမကို လှည့်ကြည့်ကာ ပြော၏။
" မင်းသမီးလေး .. နေရထိုင်ရတာရော အဆင်ပြေရဲ့လား ။ တကယ်ဆို တော်ဝင်အစောင့်တပ်က တော်ဝင်မိသားစုရဲ့ သစ္စာခံပဲ ဖြစ်နေသင့်တာ မဟုတ်ဘူးလား ။အခု ဒီလူတွေက ဘယ်လိုကြောင့် ဘုရင်ရှန်းဝူရဲ့ လူတွေ ဖြစ်နေရတာလဲ "
ထိုအချိန်မှသာ မင်းသမီး ကူယွိနင် အသိပြန်ဝင်လာပြီး ကူကယ်ရာ မဲ့နေဟန်ဖြင့် ပြောလိုက်သည် ။
" အစပိုင်းကတော့ တော်ဝင်အစောင့်တပ်တွေက ကျွန်မတို့ တော်ဝင်မိသားစုရဲ့ လက်အောက်မှာပဲရှိတာ ။ ဒါပေမယ့် ဟိုတလောက ကျွန်မ ကွေ့ယွမ်ဂိုဏ်းကို အကူအညီတောင်းဖို့အတွက် သွားနေတဲ့အချိန်မှာ အစောင့်တပ်တွေ အပြောင်းအလဲ ဖြစ်သွားတယ် ။ တော်ဝင်အစောင့်တပ်ရဲ့ တပ်ချုပ်ဟောင်းက ထူးထူးဆန်းဆန်း ဆုံးသွားပြီးတော့ အဲ့နောက်ပိုင်း လူတွေက ဘုရင်ရှန်းဝူရဲ့ လူတွေ ဖြစ်သွားတာပဲ "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" ဒီတစ်ခါလဲ ဘုရင်ရှန်းဝူ ပဲပေါ့"
ကူယွိနင်က ချက်ချင်း ပြန်ပြောသည် ။
" အဲ့ဒါကို ခဏမေ့ထားလိုက်ပါရှင် ။ အခု ကျွန်မနဲ့ နန်းတော်ထဲ လိုက်ခဲ့ကြပါ ။ ဘုရင်ရှန်းဝူကို ရင်ဆိုင်ဖို့ဆိုရင် ကျွန်မတို့အတွက် ရေရှည် အစီစဥ်တစ်ခု လိုလမ့်မယ် "
ဘုရင်ရှန်းဝူသည် အလွန်အစွမ်းထက်ပြီး သြဇာအာဏာလည်း ကြီးသည်ကို သူမ သိပေသည် ။
သို့ဖြစ်ရာ သူနှင့် ရင်ဆိုင်ရန်မှာ တစ်ညတည်းဖြင့် ပြီးသွားမည့် ကိစ္စတစ်ခု မဟုတ်ပေ ။
သို့သော် ..လောထျန်းက ခေါင်းယမ်းကာ ပြောလာ၏။
" ရေရှည်တွေ ရေတိုတွေ စိတ်ပူမနေပါနဲ့ဗျာ ။ ဒီတိုင်းပဲ လုပ်ကြတာပေါ့ ။ အခု အရင်ဆုံး တော်ဝင်အစောင့်တပ်နဲ့ တွေ့မှရမယ် ။ သူတို့ရဲ့ ဌာနချုပ်က ဘယ်နားမှာလဲ ၊ လူအင်အားရော ဘယ်လောက်လောက် ရှိမလဲ "
ကူယွိနင် ခေတ္တမျှ အံ့သြမှင်သက်သွားပြန်သည် ။ ထို့နောက် သူမက ပြော၏။
" ဌာနချုပ်က .. နန်းမြို့ရိုးထဲမှာ ၊ လောလောဆယ်တော့ လူ ၅ ထောင်လောက် ရှိမယ်ထင်တယ် "
" ကျုပ်ကို အဲ့ကို ခေါ်သွားပေးပါ "
လောထျန်းက ပြောလိုက်သည် ။
ကူယွိနင် မျက်မှောင်ကြုံ့သွား၏။
" သခင်လေး လောထျန်း ၊ အခု လက်ရှိ တော်ဝင်အစောင့်တပ်ရဲ့ တပ်ချုပ်က ဘုရင်ရှန်းဝူရဲ့ လူယုံတော်တစ်ယောက်ပဲရှင့် ။ သူ့အစွမ်းက ထုံရွှယ် အဆင့် ၅ ရှိတယ် ။ ပြီးတော့ ကျန်တဲ့ အစောင့်တပ်သား ၅ ထောင်ရဲ့ အစွမ်းကလဲ မဆိုးကြဘူး ။ ဂိုဏ်းချုပ်ကြီး လင်ရှနဲ့ တခြားသူတွေ ရောက်လာတာကို စောင့်ပြီးမှ ဆက်ပြောကြတာပေါ့ရှင် "
သို့သော် လောထျန်းက သူမ၏ စကားကို လျစ်လျူရှုကာ နန်းမြို့ရိုးအတွင်းသို့ လှည့်ကြည့်လိုက်သည် ။
" တွေ့ပြီ "
ထို့နောက် သူက ဘုရင်ကျင်းဖန်နှင့် ကူယွိနင်တို့ နှစ်ယောက်၏ လက်ကိုဆွဲကာ နေရာမှ ပျောက်ကွယ်သွားသည် ။
ချက်ချင်းပင် သူတို့ သုံးယောက် ကွင်းပြင်တစ်ခုဆီသို့ ရောက်သွားကြ၏။
" ဟင် .. ဒါ .. "
ကူယွိနင်မှာ မည်သို့ ဖြစ်သွသည်ကို နားမလည်လိုက်ချေ ။
ဘုရင်ကျင်းဖန်အတွက်မူ အသားကျနေသည့်အတွက် မထူးဆန်းတော့ပေ ။
" ဘယ်သူလဲဟေ့ "
ရုတ်တရက် ပေါ်လာသည့် လူသုံးယောက်ကြောင့် အစောင့်တပ်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည် ။
မကြာမီပင် အစောင့်တပ်သားများအားလုံး ကွင်းပြင်ဆီသို့ ရောက်လာ၏။
" အားလုံး ..လက်နက်ချကြပါရှင် ၊ ကျွန်မ .. မင်းသမီး ကူယွိနင်ပါ "
ကူယွိနင်က ကျယ်လောင်စွာ အော်ပြောလိုက်သည် ။
" မင်းသမီးလား .. "
တော်ဝင်အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ယောက်က မျက်မှောင်ကြုံ့သွားပြီး သူ့ဘေးမှ လူအား တီးတိုးပြောလိုက်သည် ။
ထိုလူက ချက်ချင်း ထွက်ပြေးသွားပြီး မကြာမီ ထိုနေရာအနီးရှိ တဲငယ်တစ်ခုအတွင်းမှ လူတစ်ယောက် ထွက်လာ၏။
" ဟေ့ .. မင်းသမီး .. နန်းတော်အဆောင်ထဲမှာပဲ နေ ၊ ဘယ်မှ မသွားနဲ့လို့ မင်းကို ကျုပ် မပြောထားဘူးလား ။ အခု ဘာလို့ ဒီနေရာကို လာခဲ့ရတာလဲ ။ မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား "
ထိုလူကြီးက ဒေါသတကြီး ပြောလိုက်သည် ။
မင်းသမီးက ပုန်ကန်တာတဲ့လား ..
ထိုစကားကို ကြားသောအခါ ကူယွိနင် ဒေါသကြောင့် မျက်နှာများပင် ဖြူဖျော့သွား၏။
လူကြီးက မျက်နှာထားတင်းတင်းဖြင့် လျှောက်လာကာ ပြောလိုက်သည် ။
" မင်းသမီးရဲ့ နန်းတော်အဆောင်ထဲကို အခု ပြန်သွားလိုက်ပါ ။ ကောင်းကင်ဘုံ ယဇ်ပူဇော်ပွဲ အခမ်းအနားမတိုင်ခင် ပြန်ထွက်လာလို့ကတော့ ကျုပ်ကိုယ်တိုင် မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်ရလိမ့်မယ် ။ တောက် .. မင်းသားလေးသာ အစောတည်းက ကြိုမပြောထားရင် မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်တာ ကြာပြီ ။ ခွေးမက ဘုရင်ကြီးရဲ့ အမိန့်ကိုများ လွန်ဆန်ချင်နေသေးတယ် ၊ ကိုယ့်နေရာကိုယ် မသိဘူးလား "
" ရှင် .. "
ကူယွိနန်၏ မျက်လုံးများ ရဲသွားကာ ငိုချလိုက်တော့မလို ဖြစ်သွားသည် ။
ထိုအချိန်တွင် သူမဘေးမှ လောထျန်းက လက်ပြ၍ သူမကို ထွက်သွားရန် အချက်ပြလိုက်သည် ။ ထို့နောက် သူက ထိုလူကြီးထံသို့ သွား၍ ပြော၏။
" ဟေ့ .. မင်းက ဘုရင်ရှန်းဝူရဲ့ လူဆိုတာ ဟုတ်လား "
" ဟင် "
လူကြီးမှာ ထိုအချိန်မှသာ လောထျန်းအား သတိထားမိသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည် ။
" ဟုတ်တယ် ၊ ငါက ဘုရင်ရှန်းဝူရဲ့ သစ္စာခံ တပ်ချုပ်လေးယောက်ထဲက တစ်ယောက်ပဲ ။ ငါ့နာမည်က မော့နန်ချုံ လို့ခေါ်တယ် ။ မင်းက ဘယ်သူလဲ .. ကွေ့ယွမ်ဂိုဏ်းကလား "
လောထျန်းက သူ့ကိုကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည် ။
" ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ် ။ အခုချက်ချင်း ဒူးထောက်ပြီး မင်းသမီးကို သစ္စာစောင့်သိမယ်လို့ ကျိန်စမ်း "
သူက ပြောပြောဆိုဆို ကူယွိနင်ဘက်သို့ လက်ညိုးညွှန်ပြလိုက်သည် ။
ထိုစကားကို ကြားသောအခါ မော့နန်ချုံ ခေတ္တမျှ ငြိမ်သွားပြီးနောက် တဟားဟား အော်ရယ်လိုက်သည် ။
" ငါ နားကြားများ လွဲသွားသလား ၊ မင်းက ငါ့ကို ဒီခွေးမဆီ သစ္စာခံစေချင်တယ်ပေါ့ ..ဟုတ်လား "
ထိုအချိန်မှာပင် ...
ဝုန်း ...
သူ့ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်သွားပြီး သွေးစက်များ လွင့်စင်သွား၏။
လောထျန်း၏ လက်ချက်ဖြင့် သူ အသက်ဆုံးသွားခဲ့ရလေပြီ ။
" ဟင် .. တပ်ချုပ်ကြီး မော့ "
" သခင်ကြီး မော့ "
အနီးတစ်ဝိုက်မှ တော်ဝင်အစောင့်တပ်သားများ တုန်လှုပ်သွားကြသည် ။
သူတို့၏ တပ်ချုပ်ကြီး မော့နန်ချုံက မည်သို့ သေသွားခဲ့ရသည်ကိုပင် သူတို့ သေချာ မမြင်လိုက်ကြပါချေ ။
ထိုအချိန်တွင် လောထျန်းက လူအုပ်ကို ဝေ့ဝဲကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည် ။
" ငါ ဒီစကားကို တစ်ခါပဲ ပြောမှာမို့ သေချာနားထောင်ထားကြ ၊ မင်းတို့ အသက်ဆက်ရှင်ချင်သေးရင် သုံးစက္ကန့်အတွင်း ဒူးထောက်ပြီး မင်းသမီးကို သစ္စာစောင့်သိပါမယ်လို့ ကျိန်ဆိုကြ ။ မဟုတ်လို့ကတော့ မင်းတို့အားလုံး သေရမယ်သာမှတ် "
စကားဆုံးသည်နှင့် တော်ဝင်အစောင့်တပ်သားများက တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြသည် ။
ထိုစဥ် ရုတ်တရက် လူတစ်ယောက်က အော်လိုက်သည် ။
" မကြောက်ကြနဲ့ဟေ့ ၊ သူက အစွမ်းထက်တယ်ဆိုရင်တောင် ငါတို့ တော်ဝင်အစောင့်တပ်သား ၅ ထောင်ရဲ့ အားနဲ့တော့ ယှဥ်နိုင်မှာ မဟုတ်ဘူး "
" အမှန်ပဲ ၊ သူ့ကို မကြောက်ကြနဲ့ ။ ငါတို့တွေ အတူတူ တိုက်ခိုက်ပြီးတော့ သခင်ကြီး မော့အတွက် လက်တုန့်ပြန်ကြမယ် "
ထိုလူများ၏ စကားကြောင့် တော်ဝင်အစောင့်တပ်သား အများစုမှာ တိုက်မည်ခိုက်မည် တကဲကဲ ဖြစ်သွားကြသည် ။
သူတို့ထဲမှ လူအနည်းစုကသာ လက်နက်များကို မသိမသာ လွှတ်ချ၍ ဒူးတစ်ဖက် ထောက်လိုက်ကြ၏ ။
ထိုအချိန် ပထမဆုံး တိုက်ခိုက်ရန် စပြောခဲ့သည့် လူမှာ ရုတ်တရက် အံ့သြမှင်သက်သွားသည်။
အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့တွင် သံချောင်းကြီးတစ်ချောင်း ပျံဝဲလာသည်ကို မြင်လိုက်ရသောကြာင့်ပင် ..
ဒူးမထောက်ဘဲ ကျန်နေခဲ့ကြသည့် အခြားသူများအားလုံး၏ ရှေ့တွင်လည်း သံချောင်းများ ကိုယ်စီ ပေါ်လာသည်။
" ဘာကြီးလဲဟ "
အံ့အားသင့်နေသည့် လူတစ်ယောက်က ၎င်းသံချောင်းကို သူ့လက်နက်ဖြင့် ထိရန် ကြိုးစားလိုက်သည် ။
သို့သော် .. ထိုအချိန်တွင် ..
ဝှစ် .. ဝှစ် ... ဝှစ် ...
သံချောင်းများက တန်ပြန်တိုက်ခိုက်မှုများကို လျစ်လျူရှုကာ လူများ၏ ခေါင်းထဲသို့ တဟုန်ထိုး ဝင်သွားလိုက်ကြသည် ။
အော်သံတစ်သံ ..ငိုသံ တစ်သံမှ ပင် မကြားလိုက်ရဘဲ ..
တခဏအတွင်း တော်ဝင်အစောင့်တပ်သား ၄ ထောင်ကျော် သေဆုံးသွားတော့၏။
" ဟင် .. "
ထိုမြင်ကွင်းကို ကြည့်နေသည့် ကူယွိနင်မှာ အလွန်အံ့သြထိတ်လန့်သွားသည် ။
၎င်းက မည်သို့သော တိုက်ခိုက်နည်းပါလဲ ...
ထိုစဥ် လောထျန်းက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ လေထဲမှ ဝိဥာဥ် ဖိနှိပ်သံချောင်းများ အလျှိုလျှို ပျောက်ကွယ်သွား၏။
၎င်းမှာ စိတ်ဝိဥာဥ်အစွမ်း၏ မှော်ဆန်သောအစွမ်းဟု ဆိုရပေမည် ။
" သိပ်ကောင်းတယ် ၊ တော်ဝင်အစောင့်တပ်ထဲမှာ စိတ်မှန်တဲ့ သူတွေ ရှိသေးတာပဲ ။ မင်းတို့တွေက ကြောက်လို့ပဲ ဒီလိုလုပ်တာလား ၊ တော်ဝင်မိသားစုကို သစ္စာရှိလို့ပဲ လုပ်တာလားတော့ ငါ မသိဘူး ။ဒါပေမယ့် မင်းတို့ရဲ့ ရွေးချယ်မှု မှန်သွားပြီပေါ့ကွာ ။ အခု အားလုံး ထပြီးတော့ ငါနဲ့ ဘုရင်ရှန်းဝူကို တိုက်ခိုက်တဲ့ဆီ လိုက်ခဲ့ကြ "
လောထျန်းက ပြောလိုက်သည် ။
" ဒါ ... "
ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ခဲ့သည့် လူအနည်းစုမှာ လောထျန်း၏ စကားကြောင့် မှင်သက်ဆွံ့အသွားကြသည် ။
ထိုအချိန်တွင် ကူယွိနင်လည်း အသိပြန်ဝင်လာ၏။ သူမက လောထျန်းကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည် ။
" သခင်လေး လောထျန်း ၊ တော်ဝင်အစောင့်တပ်တွေက အတော်အသင့် အစွမ်းထက်ကြတယ်ဆိုပေမယ့် ဘုရင်ရှန်းဝူရဲ့ ရှန်းဝူအစောင့်တပ်နဲ့ ယှဥ်လိုက်ရင် အများကြီး နောက်ကောက်ကျတယ် ။ ပြီးတော့ အခု ကျွန်မတို့မှာ ရှိတဲ့သူက နည်းနည်းလေး ။ ဘုရင်ရှန်းဝူကို တိုက်ဖို့ဆိုရင် ဒီလူတွေနဲ့ မလုံလောက်ဘူး "
လောထျန်းက သူမကို ကြည့်ကာ ပြောလိုက်သည် ။
" သူတို့တွေနဲ့ မလုံလောက်မှန်း ကျုပ် သိပါတယ် "
ကူယွိနင် အံ့အားသင့်သွား၏။
" ဒါဆို သူတို့ကို ဘာလို့ ခေါ်သွားမှာလဲ "
လောထျန်းက လက်ဝါးနှစ်ဖက်ကို ရိုက်၍ ဖုန်ခါကာ ပြောလိုက်သည် ။
" ကျုပ် သူတို့ကို လိုက်ခိုင်းတာက တိုက်ခိုက်ဖို့ မဟုတ်ဘူးဗျ ။ ပြီးရင် တိုက်ပွဲဖြစ်သွားတဲ့ နေရာကို ရှင်းခိုင်းမလို့ "
" ဟင် "
ကူယွိနင် နားမလည်နိုင် ဖြစ်သွားသည် ။
လောထျန်းက သူမကို ကြည့်ကာ ရှင်းပြ၏။
" ခဏနေကျရင် ရှန်းဝူနန်းတော်က အလောင်းတွေ အပြည့်နဲ့ သွေးပင်လယ်ကြီး ဖြစ်နေတော့မှာလေ ။ အဲ့တော့ ဒါတွေကို ရှင်းပေးမဲ့သူ လိုတာပေါ့ဗျာ "