← Chapters

ဘုရင်ရှန်းဝူ

Vol. 7 Ch. 86

ဘုရင်ရှန်းဝူ

Vol. 7 Ch. 86

" ဟင် .. "

ကူယွိနင် အလွန်အံ့သြတုန်လှုပ်သွားသည် ။

ထို့နောက် သူမသည် တော်ဝင်အစောင့်တပ်သားများ၏ အလောင်းကိုကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" သနားစရာ ​ကောင်းလိုက်တာ .. သူတို့တွေအားလုံးက ယဲ့ဖုန်းနိုင်ငံက လူငယ်လေးတွေပဲ "

သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည် ။

လောထျန်းက သူမအား မျက်စောင်းဖြင့် ကြည့်လိုက်သည် ။

" မင်းသမီးက တော်တော်လေးကို နှလုံးသား ပျော့တဲ့သူပဲ။ ဒီလူတွေက ယဲ့ဖုန်းနိုင်ငံရဲ့ လူတွေ မဟုတ်ဘူးဗျ ။ သူတို့အားလုံးက ဘုရင်ရှန်းဝူရဲ့ ကိုယ်ပိုင် အစောင့်တပ်ဖွဲ့တွေပဲ ။ သူတို့သာ မသေရင် မင်းသမီး သေသွားရလိမ့်မယ် ။ တကယ်လို့ ဒါမျိုးကို မဖြစ်စေချင်ဘူးဆိုရင်တော့ မင်းသမီး အထုပ်တွေသိမ်းပြီး ဘယ်သူမှ မရှိတဲ့နေရာမှာ သူဌေးမကြီး တစ်ယောက်ဖြစ်နဲ့ သွားနေပါလို့ပဲ ကျုပ် အကြံပေးချင်တယ် "

ကူယွိနင်မှာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွား၏။ ထို့နောက် သူမ ခေါင်းငုံ့သွားပြီး အချိန်အတန်ကြာ စဥ်းစားပြီးနောက်မှသာ ခေါင်းမော့၍ လောထျန်းအား ကြည့်လိုက်သည် ။

" ကျွန်မ တောင်းပန်ပါတယ် သခင်လေး လောထျန်း ၊ ကျွန်မ အရမ်း ပျော့ညံ့သွားတယ် ။ ခုချိန်ကစပြီး ဒီလို လက်တွေ့မဆန်တဲ့ အတွေးမျိုးတွေ မတွေးတော့ပါဘူးလို့ ကျွန်မ ကတိပေးပါတယ် "

လောထျန်း ခေါင်းညိတ်လိုက်သည် ။

" ဒါ ကောင်းတာပေါ့ ။ ကဲ .. အခု ကျုပ်တို့တွေ ရှန်းဝူနန်းတော်ကို သွားကြမယ် "

" ဟုတ်ကဲ့ "

ကူယွိနင် ခေါင်းညိတ်ပြလိုက်သည် ။

ထိုအချိန် ရှန်းဝူနန်းတော်ထဲ၌ ...

ညအချိန်သို့ ရောက်လာသည့်တိုင် နန်းတော်တစ်ခုလုံး မီးများဖြင့် ထိန်လင်းနေသည်။

ခန်းမဆောင်ထဲတွင်မူ စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဘုရင်ရှန်းဝူက စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေ၏ ။

စားပွဲ တစ်ဖက်တစ်ချက်တွင် သူ ဖိတ်ခေါ်ထားသည့် သခင်ကြီးများ ရှိနေကြသည် ။

" အရှင်မင်းမြတ် .. ဒီနေ့မှာ ကျုပ်တို့ ရှန်းဝူနန်းတော်ထဲက အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်းရဲ့ ​ကိုယ်စားလှယ်တွေ ရောက်နေပါတယ် ။သူတို့အားလုံးက အခမ်းအနားမှာ ကောင်းကင်ဘုံကို ပူဇော်ဖို့အတွက် ပစ္စည်းတွေကို ပြင်ဆင်နေကြပါတယ် "

နန်းတော် အရာရှိတစ်ယောက်က လက်ထဲတွင် ကိုင်ထားသည့် စာအုပ်ကို ကြည့်ကာ ပြောလိုက်သည် ။

" ခြောက်ဂိုဏ်း .. ဟုတ်လား .. နတ်ဆိုးအောင်နိုင်သူ ကျောင်းတော်ရော ရှိသေးတယ်မဟုတ်လား "

ဘုရင်ရှန်းဝူက မေးလိုက်သည် ။

အရာရှိက ခေါင်းယမ်း၍ပြန်ဖြေ၏။

" နတ်ဆိုးအောင်နိုင်သူကျောင်းတော် ကို ဖိတ်စာပို့ထားပေမယ့် သူတို့ဆီက ဘာပြန်စာမှ မရပါဘူး အရှင်မင်းမြတ် "

ဘုရင်ရှန်းဝူ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းသွားသည် ။

" ကြည့်ရတာ နတ်ဆိုးအောင်နိုင်သူကျောင်းတော်က သူတို့ကို မျက်နှာသာပေးနေတာကိုတောင် မလိုချင်ဘူးနဲ့တူတယ် ။ သူတို့က တော်ဝင်မိသားစုဘက်က နေချင်တာများ ဖြစ်နေမလား "

သူ အေးစက်စက် ပြော၏ ။

ထိုစဥ် ဘုရင်ရှန်းဝူ နံဘေးမှ ပိန်ပိန်ပါးပါး လူတစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည် ။

" ဘုရင်မင်းကြီး ရှန်းဝူ .. နတ်ဆိုးအောင်နိုင်သူကျောင်းတော်က ဒီကမ္ဘာကြီးမှာ ဒုတိယတန်းအဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုပဲဗျ ။ အထူးသဖြင့် သခင်ကြီး ထျန်းပဲ ၊ သူက လောလောဆယ် ကမ္ဘာကြီးရဲ့ အရေးကိစ္စတွေကို ဂရုမစိုက်ဘဲ တစ်ယောက်တည်း ကျင့်ကြံနေတယ် ဆိုပေမယ့် သူ့အစွမ်းက ပျောက်ကွယ်သွားတာတော့ မဟုတ်ဘူးဗျ ။သူတို့သာ ကျုပ်တို့ကို ဆန့်ကျင်လာရင် ပြဿနာရှိလာနိုင်တယ် "

ဘုရင်ရှန်းဝူက ဒေါထွက်သွားဟန်ဖြင့် အေးစက်စက် ပြန်ပြောသည် ။

" သခင်ကြီး ထျန်း လား ..လွန်ခဲ့တဲ့ နှစ်တွေကဆိုရင်တော့ ကျုပ် သူ့ကို ကြောက်မိမှာ အမှန်ပဲ ။ ဒါပေမယ့် အခုတော့ သူက ကျုပ် စိတ်ပူဖို့ မထိုက်တန်တဲ့ သူ ဖြစ်သွားပြီ ။ ကျုပ်က သူ့ကို မျက်နှာသာပေးချင်လို့သာ ဖိတ်စာကို ပို့ခဲ့တာ ။ သူက မလိုချင်ဘူး ဆိုမှတော့လဲ ကိစ္စမရှိပါဘူး ။ ကောင်းကင်ဘုံ ယဇ်ပူဇော်ပွဲ ပြီးတာနဲ့ ကျုပ် ယဲ့ဖုန်းနိုင်ငံရဲ့ ရာဇပလ္လင်ကို နေရာယူမယ် ။ ဒီတစ်ခေါက်တော့ အဲ့ဒီ နတ်ဆိုးအောင်နိုင်သူကျောင်းတော်ကို အမြစ်ဖြတ်ချေမှုန်းပစ်ရမယ် "

အားလုံး သံပြိုင် ဟစ်ကြွေးလိုက်ကြသည် ။

" အရှင်မင်းမြတ် ဘုန်းတော်ကြီးမားလှပါတယ် "

ဘုရင်ရှန်းဝူက ထိုလူများအား လက်ပြ၍ တားလိုက်သည် ။

" မကြာခင် ပလ္လင်ကို ရတော့မှာ ဆိုပေမယ့် အခုလောလောဆယ် မရသေးတာမို့ အဲ့လိုတွေ လျှောက်မအော်ကြပါနဲ့ "

ထို့နောက် သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ပြော၏။

" ဒါနဲ့ .. သွေးနီ ကင်းမြီးကောက်ရော ဘယ်ရောက်နေတာလဲ ။ သူ ဘယ်အချိန် ပြန်လာမှာလဲ "

သူ့ဘေးမှ အရာရှိက မတ်တပ်ထရပ်ကာ ပြောလိုက်သည် ။

" အရှင်မင်းကြီး  .ကျုပ် သူ့ကို သတင်းစကား အများကြီး ပို့ထားပါတယ် ။ ဒါပေမယ့် သူ့ဆီက ဘာမှ မတုန့်ပြန်လာသေးဘူး "

ဘုရင်ရှန်းဝူ မျက်မှောင်ကြုံ့သွား၏။

" ဒီမျိုးမစစ်ကောင်ကတော့ .. ငါ သူ့ကို ကျင့်ကြံခြင်းအတွက် အရေးပါတဲ့ ပစ္စည်းတွေ အများကြီး ပေးခဲ့တာ ။ဒါတင်မကသေးဘူး မြို့ပေါင်းသုံးဆယ်ကို သူ့စိတ်ကြိုက် သွေးနဲ့ဆေးခွင့်ပေးမယ်လို့တောင် ကတိပေးခဲ့သေးတယ် ။ ဒါကိုတောင် ဒီကောင်က ခုလိုလုပ်တယ်ပေါ့ ။ အခမ်းအနား ပြီးသွားရင်တော့ ဒီကောင့်ကိုလဲ နန်းတော်ထဲမှာ ဆက်ထားလို့ မဖြစ်တော့ဘူး "

အရာရှိက ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်သည် ။

" အရှင်မင်းမြတ်ပြောတာ မှန်​​ကြောင်းပါ "

ထိုအချိန်တွင် အရာရှိက ခေတ္တမျှ တုန့်ဆိုင်းသွားပြီး စကားဆက်၏။

" ဒါနဲ့ စကားမစပ် ၊ အရှင်မင်းမြတ်ကို ကျုပ် သတင်းပို့ချင်တာ တစ်ခု ရှိပါသေးတယ် "

" ပြောလေ "

ဘုရင်ရှန်းဝူက ပြောလိုက်သည် ။

" ကွေ့ယွမ်ဂိုဏ်းက ကျီဝေ့လျှို့ဝှက်ဒေသမှာ ကြီးကျယ်တဲ့ အဖြစ်ပျက်တစ်ခု ဖြစ်သွားခဲ့တယ်လို့ သတင်းကြားပါတယ် ။သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်က လျှို့ဝှက်ဒေသထဲမှာ ပေါ်လာပြီးတော့ ပျောင်ပိုင်မြို့မှာလဲ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပေါ်လာတယ်လို့ ပြော .."

သို့သော် သူ့စကား မဆုံးခင်မှာပင် ဘုရင်ရှန်းဝူက လက်ယမ်း၍အပြုံးဖြင့် ပြော၏ ။

" မင်း ဘာပြောမယ်ဆိုတာ ငါ သိတယ် ။ လောထျန်းဆိုတဲ့ ကောင်လေးအကြောင်းကို ပြောမလို့ မဟုတ်လား "

အရာရှိ ခေါင်းညိတ်ပြလိုက်သည် ။

" မှန်ပါတယ် "

ဘုရင်ရှန်းဝူ ပြုံးလိုက်သည်။

" ငါ ဒီသတင်းကို ကြားထားတာ ကြာလှပြီ ။ အရမ်းကြီး အထင်ကြီးမနေပါနဲ့ "

" ဟင်..ဘာဖြစ်လို့လဲခင်ဗျာ "

အရာရှိ အံ့အားသင့်သွား၏။

" မင်း မသိသေးဘူးလားကွ ၊ ဒီ လောထျန်းဆိုတဲ့ ပါရမီရှင်ရော ၊ သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ရောက ကွေ့ယွမ်ဂိုဏ်းရဲ့ လှည့်ကွက်တွေပဲလေ "

" ကွေ့ယွမ်ဂိုဏ်းက တော်ဝင်မိသားစုနဲ့ ဟိုးအရင်ကတည်းက မိတ်ဆွေတွေဆိုတာ မင်းလဲ သိထားပြီးသားပဲ ။ ဒီတော့ သူတို့က ကူ မိသားစု ကျရှုံးသွားမှာကို မမြင်ချင်တာ မဆန်းပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့အစွမ်းက ငါကို ခြောက်ခြားအောင် လုပ်ဖို့ဆိုတာ အဝေးကြီးပဲ ။ ဒါ့ကြောင့်လဲ ဒီလူတွေက မဟုတ်တမ်းတရား လှည့်ကွက်တွေသုံးပြီး ငါ့ကို နှောင့်နှေးအောင်လို့ လောထျန်းဆိုတဲ့သူကို ဖန်တီးလိုက်တာပဲကွ "

ထို့နောက် ဘုရင်ရှန်းဝူက ရေနွေးတစ်ကျိုက်သောက်ကာ စကားဆက်သည်။

" ကြည့်ရတာတော့ ကွေ့ယွမ်ဂိုဏ်းက လူတွေက ငါ့ကို တော်တော်ကြောက်ကြတဲ့ပုံပဲ ။ ဒါ့ကြောင့်မို့လဲ အဓိပ္ပါယ်မရှိတဲ့ အလိမ်အညာတွေ လျှောက်ပြီး သတင်းလွှင့်တာလေ ။ သူတို့ပြောတာ ..ဘာတဲ့ .. လူငယ်လေးတစ်ယောက်က တုကျဲ့အဆင့် အစွမ်းရှိပြီးတော့ ကောင်းကင်ဘုံ ပျက်စီးခြင်းအစွမ်းကိုတောင် ဖျက်ဆီးနိုင်ခဲ့တယ်တဲ့ ။ ပြီးတော့ ဝေ့မိသားစုရဲ့ အကြီးအကဲကိုတောင် သတ်ပစ်လိုက်သေးတယ်ပြောတယ် "

" ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းတဲ့ အလိမ်အညာမျိုးလဲကွာ ၊ ဒီကောင်တွေက ငါ့ကို သုံးနှစ်အရွယ် ကလေးတစ်ယောက်လို့များ ထင်နေလား မသိဘူး ။ စိတ်မနှံ့တဲ့ သူမှပဲ သူတို့စကားတွေကို ယုံလိမ့်မယ် "

ဘုရင်ရှန်းဝူ၏ စကားဆုံးသောအခါ အခြားသူများလည်း တဟားဟား ရယ်မောလိုက်ကြသည် ။

" ဟုတ်ပါ့ဗျာ ၊ တော်တော်ဒေါသထွက်စရာကောင်းတဲ့ အလိမ်အညာပဲ "

" လင်ရှက တကယ်ကို ရူးသွားပြီနဲ့တူတယ် ။ ခုလို အလိမ်အညာမျိုး ပြောဖို့ ဘယ်ကနေ သတ္တိမွေးလိုက်လဲ မသိပါဘူး "

" ဟား ဟား ..သူ့ဦးနှောက်မှာ အခန်းတစ်ခန်း လွတ်နေတယ်နဲ့တူတယ် "

" ကျုပ်ကတော့ အဲ့ဒီလောထျန်းဆိုတဲ့သူအကြောင်းပဲ သိချင်တာ "

" ကျုပ်တို့ ဘာလုပ်နေတယ် ဆိုတာသာ သိရင် အဲ့ လောထျန်းဆိုတဲ့ကောင် ကြောက်လွန်းလို့ အော်ငိုသွားမှာပဲ "

အားလုံး တစ်ယောက်တစ်ပေါက်ပြောကာ ရယ်မောလိုက်ကြသည် ။

ထိုအချိန်တွင် ...

" ဘာတွေ ရယ်နေကြတာလဲ "

အခန်းထောင့်မှ အသံတစ်သံ ထွက်လာ၏။

" ဟင်"

ဘုရင်ရှန်းဝူအား အာခံရဲနေသည့် လူကို ကြည့်ရန် အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည် ။

အခန်းထောင့်ရှိ စားပွဲတစ်ခုတွင် လူငယ်လေးတစ်ယောက်က ခြေချိတ်ထိုင်နေပြီး လက်ထဲတွင် ကြက်ပေါင်တစ်ခုကို ကိုင်ကာ အားပါးတရ စားနေ၏။

ထိုလူငယ်ဘေးတွင် ထူးဆန်းသော မျက်နှာထားဖြင့် အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။

" ဟင် .. သခင်ကြီး ဝမ်ပါလား ..သူက သခင်ကြီးဝမ်ရဲ့ သားလား ။ တော်တော်မောက်မာပြီး ရိုင်းစိုင်းတာပဲ ။ သူ့ကို အခုချက်ချင်း ဒီကိုလာခိုင်းပြီး ဘုရင်ရှန်းဝူကို တောင်းပန်ဖို့ ပြောလိုက်ပါ "

ရှန်းဝူနန်းတော်မှ အစောင့်တစ်ယောက်က ခပ်တင်းတင်း အော်လိုက်သည် ။

ထိုစကားကို ကြားသောအခါ သခင်ကြီးဝမ် ချက်ချင်း မျက်နှာငယ်သွားပြီး ပြော၏။

" အရှင်မင်းမြတ် ..ကျုပ် သူ့ကို မသိဘူးဗျ ။ ဒီလူငယ်က ရုတ်တရက် ပေါ်လာပြီးတော့ ကျုပ်ကို ဘေးတွန်းထုတ်ပြီး ကျုပ်စားမယ့်ဟာကို လုသွားတာ "

" ဘယ်လို "

အားလုံး အံ့အားသင့်သွားကြသည် ။

မည်သူက ရှန်းဝူနန်းတော်လို နေရာမျိုးသို့ အတင့်ရဲစွာ ခိုးဝင်ပြီး ကြက်​ပေါင်ကို စားရဲနေပါသနည်း ။

သို့သော် ထိုလူငယ်က တစ်ယောက်တည်း မဟုတ်ဘဲ အခြားသူများလည်း ပါနေသေးသည်ကို ထိုအချိန်မှသာ သူတို့အားလုံး သတိထားမိသွား၏။

ထိုလူငယ်နောက်တွင် မိန်းမပျိုတစ်ဦးနှင့် နောက်ထပ် လူတစ်ယောက် ပါနေသေးပေသည် ။

သူ့အနောက်မှ လူ၏ အရပ်မှာ နှစ်မီတာကျော်ပင် ရှည်လျား၏ ။

မိန်းမပျိုကမူ အလွန်တရာ ချောမောလှပသော်လည်း မျက်နှာတွင် ဒေါသအပြည့် ဖြစ်နေသည် ။

လူငယ်နှင့် အရပ်ရှည်ရှည်လူကို သူတို့ မသိသော်လည်း မိန်းမပျိုကို မြင်သည်နှင့် သူတို့အားလုံး အံ့သြသွားကြသည် ။

" မင်းသမီးလေးပါလား "

လူတစ်ယောက်က ရေရွတ်လိုက်သည် ။

ထို မိန်းမပျိုမှာ တခြားသူမဟုတ်ဘဲ ယဲ့ဖုန်းနိုင်ငံ၏ တော်ဝင်မိသားသုမှ မင်းသမီး ကူယွိနင် ဖြစ်နေသည်ကို အားလုံး သိိလိုက်ကြသည် ။

သို့သော် မိန်းမပျိုက ယခုအချိန်တွင် နန်းတော်အဆောင်အတွင်း၌ အကျဥ်းချ ခံထားရပြီး အပြင်သို့ ထွက်ခွင့်မရှိသည်ကို သူတို့ သိထား၏။

ယခု သူမက အဘယ့်ကြောင့် ဤနေရာ၌ ပါ်လာရပါသနည်း ။

ဘုရင်ရှန်းဝူက သူမကို ဖိတ်ထားသည်လား ။

အားလုံးက ဘုရင်ရှန်းဝူအား အံ့သြတကြီး ကြည့်လိုက်ကြသည် ။

သို့သော် ထိုအချိန်တွင် ဘုရင်ရှန်းဝူကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေ၏။

" ကောင်လေး .. မင်းက ဘယ်သူလဲ "

ဘုရင်ရှန်းဝူက လောထျန်းကို စိုက်ကြည့်ကာ မေးလိုက်သည် ။

" ကျုပ်လား .. ကျုပ်က ခင်ဗျားတို့ ပြောနေကြတဲ့ လောထျန်းဆိုတဲ့သူပဲလေ”

All Chapters