← Chapters

မင်းသား ရှန်းဝူ

Vol. 7 Ch. 89

မင်းသား ရှန်းဝူ

Vol. 7 Ch. 89

ထိုအချိန်တွင် ကူယွိနင်မှာလည်း အလွန်အံ့အားသင့်နေ၏။

ကွေ့ရှအဆင့် ကျင့်ကြံသူ လေးယောက်ကို မြင်လိုက်ရစဥ်က သူမ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည် ။

ဘုရင်ရှန်းဝူနောက်တွင် ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေနိုင်သည်ဟု သူမ တွေးထားပြီး ဖြစ်သော်လည်း  လေးယောက် တစ်ပြိုင်တည်း ပေါ်လာသည့်အတွက် သူမ အလွန်ကြောက်ရွံ့သွားခဲ့ရ၏။

မည်သို့ပင်ဆိုစေ သူမ အသေခံတိုက်မည်ဟုပင် အစက တွေးထားခဲ့သေးသည် ။

သို့သော် ယခု လောထျန်းက ရှေ့မှ ကွေ့ရှအဆင့် ကျင့်ကြံသူများကို လက်သီးဖြင့်ထိုးသတ် ၊ လည်ပင်းညှစ် သတ် လုပ်နေ၏။

ကွေ့ရှအဆင့်က ဘယ်အချိန်က အစွမ်းနိမ့်သွားပါသလဲ ..

ထိုစဥ် လောထျန်းက လက်ထဲမှ ဆံနီအဘိုးအို၏ အလောင်းကို လွှင့်ပစ်လိုက်ပြီး ကျန်နှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည် ။

ထိုလူနှစ်ယောက်မှာလည်း လောထျန်း၏ အကြည့်ကြောင့် အလွန်ကြောက်ရွံ့တုန်လှုပ်သွားကာ မျက်နှာများပင် ဖြူဖျော့သွားကြသည် ။ နောက်သို့လည်း ခြေလှမ်းများစွာ ဆုတ်လိုက်ကြ၏။

" ကဲ .  သခင်ကြီးတို့ ၊ ကျုပ်တို့တွေ စကား​နည်းနည်း ပြောကြတာပေါ့ "

" ဟုတ်တယ် ဟုတ်တယ်  ၊ ကျုပ် .. ကျုပ်တို့တွေက ဒီတိုင်း ဖြတ်သွားဖြတ်လာခရီးသွားတွေပါ ။ ဘုရင်ရှန်းဝူက ဖိတ်လို့ ဒီမှာ ခန နေနေကြတာ ။ မယုံရင် ဘုရင်ရှန်းဝူကို မေးကြည့်ပါ "

သို့သော်ဟသူတို့ လှည့်ကြည့်လိုက်မှပင် ဘုရင်ရှန်းဝူ ထွက်ပြေးသွားပြန်သည်ကို သိလိုက်ရသည် ။

" တော်တော် ကျေးဇူးကန်းတဲ့ကောင်ပဲ "

သူတို့နှစ်ယောက်လုံး တစ်ပြိုင်တည်း ဆဲရေးလိုက်ကြသည် ။

ထိုအချိန်တွင် လောထျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူတို့နှစ်ယောက်ဆီသို့ လျှောက်လာ၏။

သူတို့နှစ်ယောက်မှာ ကြောက်လွန်း၍ ဆံပင်မွေးများပင် ထောင်သွားကြသည် ။

ထိုလူက အလွန် ကြောက်စရာကောင်းလှပေသည် ။

" လူစုခွဲကြ "

သူတို့ထဲမှ တစ်ယောက်က အော်လိုက်သည် ။

ထို့နောက် သူတို့နှစ်ဦးလုံး တစ်ယောက်တစ်လမ်းစီ ပြေးထွက်သွား၏။

ထိုအချိန်တွင် အမြန်ဆုံး လွတ်အောင် ပြေးနိုင်သူက အနိုင်ပင် ။

သို့သော် ..

ဝုန်း ..ဝုန်း ...

လေထဲတွင် အသံနှစ်သံ ထွက်ပေါ်လာ၏။

လောထျန်းအနောက်ဘက်တွင် ဧရာမ အရိပ်ကြီးတစ်ခု စုစည်းလာသည်။

ထိုအရိပ်၏ လက်နှစ်ဖက်က ထွက်ပြေးနေကြသော လူနှစ်ယောက်ကို တစ်ဖက်ဆီ ဖမ်းဆုပ်လိုက်၏။

" ဒါ .. ဘာကြီးလဲ "

သူတို့နှစ်ဦးလုံး ထိတ်လန့် တုန်လှုပ်သွားကြသည် ။

" ဘုရင်ရှန်းဝူကို ကာကွယ်ပေးမယ်လို့ ခင်ဗျားတို့ပဲ ပြောခဲ့ကြတာလေ ။ ဒီတော့ သေကြတော့ "

လောထျန်းက ပြောလိုက်သည် ။

လူနှစ်ယောက်ထဲမှ တစ်ယောက်၏ မျက်နှာတွင် ရက်စက်ယုတ်မာသည့် အကြည့်တစ်ခု ပေါ်လာ၏။

" ကောင်လေး  ၊ ငါ့ကို လျှော့မတွက်နဲ့နော် ။ ငါ့ကို သတ်ချင်ရင် ငါက မင်းတို့ ယဲ့ဖုန်းနိုင်ငံက လူတစ်ဝက်လောက်ကိုပါ ငါနဲ့အတူ ခေါ်သွားမှာ "

စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်က စတင် ဖောယောင်လာသည် ။

" သတိထား .. သူ့ကိုယ်သူ ဖျက်ဆီးတော့မယ် "

ထိုအခြင်းအရာကို မြင်သောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ကူယွိနင် သတိထားမိသွားပြီး ကျယ်လောင်စွာ အော်လိုက်သည် ။

ကွေ့ရှအဆင့်မှ ကျင့်ကြံသူတစ်ယောက်သာ မိမိကိုယ်ကို ဖျက်ဆီးပါက ၎င်းမှ ထွက်လာသည့် အစွမ်းမှာ အလွန်ကြောက်စရာကောင်းပေလိမ့်မည် ။

နန်းတော်သည် မြို့တော်ထဲမှ လူထူထပ်သော နေရာတွင် တည်ရှိသည်ဖြစ်ရာ ပေါက်ကွဲမှုသာ ဖြစ်သွားပါက အသက်ပေါင်းမည်မျှ ဆုံးရှုံးသွားမည် မပြောနိုင်ပေ ။

သို့သော်  .

" ဟုတ်လား .. ဒီလူကြီးက ကိုယ့်ကိုကိုယ် တော်တော်အထင်ကြီးတာပဲ "

လောထျန်းက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ အရိပ်လက်ကြီးက ထိုလူ၏တစ်ကိုယ်လုံးကို ဖုံးအုပ်ထားလိုက်သည် ။

ထိုအချိန်တွင် တစ်ဖက်လူ၏ စိတ်စွမ်းအင်က ပေါက်ကွဲလုနီးပါး ဖြစ်လာ၏။

ဝု  .

အသံတိုးတိုးတစ်သံ ထွက်ပေါ်လာပြီး ထိုလူမှာ လောထျန်း၏ အရိပ်လက်ထဲတွင်သာ ပေါက်ကွဲထွက်သွားတော့သည် ။ အထိအခိုက် တစ်စုံတရာပင် မရှိလိုက်ပါချေ ။

လက်ကြားမှ အမည်းရောင် မီးခိုးအနည်းငယ်သာ ထွက်လာ၏။

" ဟာ .."

ထိုမြင်ကွင်းကို ကြည့်နေသော ကွေ့ရှအဆင့် ကျင့်ကြံသူ နောက်ဆုံးတစ်ယောက်မှာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည် ။

မိမိကိုယ်ကို ဖျက်ဆီးခြင်းကပင် ဤမျှသာ အကျိုးသက်ရောက်နိုင်သည်တဲ့လား ..

သူ့ရှေ့မှ လူက ဘယ်သူပါလဲ ...

" သေစမ်းကွာ .. ပြောတော့ လွယ်လွယ်လေးတဲ့ "

သူ အောင့်သက်သက် ရယ်လိုက်သည် ။

ထို့နောက်တွင်မူ ..

ဝုန်း ..

လောထျန်းက ထိုလူအား လက်ဖြင့် ညှစ်သတ်လိုက်တော့သည် ။

ကွေ့ရှအဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိကြတော့ချေ ...

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဘုရင်ရှန်းဝူ၏ မိတ်ဆွေ သခင်ကြီးများ မျက်နှာဖြူဖျော့သွားကြ၏။

သူတို့သည် ဘုရင်သစ်၏ အမာခံ လူများ ဖြစ်လာမည်ဟု မျှော်လင့်ထားခဲ့ကြသော်လည်း ..

အခြေအနေများက ယခုကဲ့သို့ ဖြစ်လာမည်ဟု မည်သူ ထင်ထားပါမည်နည်း ။

လူအချို့က နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သို့သော် လောထျန်းက သူ့အနီးမှ ဘုရင်ကျင်းဖန်အား တီးတိုးပြော၏။

" ကျင်းဖန် .. ဒီလူတွေကို စောင့်ကြည့်ထား ။ ထွက်ပြေးဖို့ ကြိုးစားတာနဲ့ သတ်သာသတ်ပစ်လိုက် "

" ဟုတ်ကဲ့ပါ သခင်လေး "

ဘုရင်ကျင်းဖန်က ချက်ချင်း ပြန်ဖြေသည် ။

ထို့နောက် လောထျန်းက ရှန်းဝူနန်းတော် အတွင်းဘက်သိူ့ လျှောက်သွားလိုက်သည် ။

ထိုအချိန်တွင် .. ဘုရင်ရှန်းဝူသည် လျှို့ဝှက်နေရာ နောက်တစ်ခုကို ဖွင့်လိုက်ပြန်၏။

သူ အားကိုးခဲ့ရသည့် ကွေ့ရှအဆင့် ကျင့်ကြံသူ လေးယောက်လုံး သေသွားကြသည့်တိုင် သူ့ရင်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေသေးပေသည် ။

အဘယ့်ကြောင့်ဆိုသော် သူ့လက်ထဲတွင် အကြီးဆုံး ဝှက်ဖဲတစ်ချပ် ရှိနေသေးသောကြောင့်ပင် ..

" သခင်ကြီး ဟေး ..သခင်ကြီး ဟေး ..ဘယ်ရောက်နေတာလဲဗျ "

ဘုရင်ရှန်းဝူက လျှို့ဝှက်အဆောင်ဆီသို့ လမ်းလျှောက်လာရင်း အော်ခေါ်လိုက်သည် ။

ထိုအချိန်တွင် လျှောက်လမ်းဘက်မှ မင်းသားရှန်းဝူ ထွက်လာ၏။

" အဖေ .. ဘာတွေ ဖြစ်နေတာလဲဗျ "

မင်းသားရှန်းဝူက မေးလိုက်သည် ။

သူ့သား ထွက်လာသည်ကို မြင်သည်နှင့် ဘုရင်ရှန်းဝူ အနည်းငယ် ပြန်တည်ငြိမ်သွား၏။

" သားလေး .. မင်းရဲ့ဆရာ ဘယ်မှာလဲ ။ သူဘယ်ရောက်နေတာလဲ ၊ သူ့ကို အခုထွက်လာဖို့ ပြောလိုက်စမ်းပါ "

သူ့သား၏ ဆရာက မည်မျှအစွမ်းထက်သည်ကို သူကိုယ်တိုင် မျက်စိဖြင့် မြင်ထားဖူးပေသည်။

သို့ဖြစ်ရာ သခင်ကြီးဟေး သာ ဝင်ပါပါက လောထျန်း မည်သို့မှ တတ်နိုင်လိမ့်မည် မဟုတ်ချေ ။

" ကျွန်တော့်ဆရာက လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ယွိလုံနိုင်ငံကို ကိစ္စလေးရှိလို့ဆိုပြီး ထွက်သွားတာဗျ ။ ခုထိ ပြန်မလာသေးဘူး "

မင်းသားရှန်းဝူ ဖြေလိုက်သည်။

" ဘာ "

ဘုရင်ရှန်းဝူ တစ်ကိုယ်လုံး တုန်သွားကာ ထိုင်ခုံတစ်လုံးပေါ်သို့ ထိုင်ရက် ကျသွား၏။

" အဖေ ..ဘာတွေ ဖြစ်လို့လဲ ၊ဒဏ်ရာရထားတာလား "

မင်းသားရှန်းဝူက အလွန်ကြောက်ရွံ့ဟန် တူနေသည့် ဖခင်ဖြစ်သူကို ကြည့်ကာ မေးလိုက်သည် ။

ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်လာ၏။

ထိုခြေသံများကို ကြားလိုက်ရသည်နှင့် ဘုရင်ရှန်းဝူ အလွန်ကြောက်ရွံ့တုန်လှုပ်သွားကာ ခြေမခိုင်ဘဲ ဖြစ်သွားသည် ။

" ဟင် ..မခေါ်ဘဲနဲ့ ဘယ်သူ လာရဲတာလဲ ။ သေချင်နေပြီလား "

ယခင်က မိမိကိုယ်ကို နှိမ့်ချတတ်သည့်ဟန် ပေါက်နေသည့် မင်းသားရှန်းဝူက ရုတ်တရက် မောက်မာခက်ထန်သွားကာ မျက်နှာသုန်မှုန်စွာ အော်ပြောလိုက်သည် ။

ထိုအချိန်တွင် လောထျန်း၏ပုံရိပ် ထွက်ပေါ်လာ၏။

" သေချင်နေတာလား တဲ့ .. ငါ့ကို ပြောနေတာလား ။ မင်းက ဘယ်သူလဲ "

လောထျန်းက လက်နောက်ပစ်၍ ကြည့်ကာ မေးလိုက်သည် ။

မင်းသားရှန်းဝူ ရှူးရှူးရှားရှား ဖြစ်သွားပြီး အေးစက်စက်ပြော၏။

" မင်း ..ကန်းနေတာလား ။ငါဘယ်သူမှန်း မသိဘူးပေါ့ ။ ငါက မင်းသားရှန်းဝူပဲ ။ ခုချက်ချင်း ဒူးထောက်စမ်း "

ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားသည် ။

" မင်းသား ရှန်းဝူ ဆိုတာ .. မင်းကိုး .. "

သူက အေးစက်စက် ပြောလိုက်သည် ။

သူ အချိန်ခရီးသွားပြီးပြီးချင်း ပထမဆုံး ကြုံခဲ့ရသည့် ဒုက္ခမှာ ထို မင်းသားရှန်းဝူကြောင့်ပင် ။

ယခု မမျှော်လင့်ဘဲ ထိုလူက သူ့ရှေ့ ရောက်နေ၏။

မင်းသားရှန်းဝူက လောထျန်းကို ကြည့်ကာ မျက်မှောင်ကြုံ့၍ ထပ်မေးလိုက်သည် ။

" မင်းက ဘယ်သူလဲ "

" ငါ့နာမည်က လောထျန်းလို့ ခေါ်တယ် "

လောထျန်းက ပြန်ဖြေလိုက်သည် ။

ထိုနာမည်ကို ကြားသောအခါ မင်းသားရှန်းဝူ ခေတ္တမျှ အံ့အားသင့်သွားပြီး ရုတ်တရက် ပြော၏။

" ငါ မှတ်မိပြီ ၊ မင်းက လန်ရှို့နဲ့ စေ့စပ်ထားတဲ့ အသုံးမကျတဲ့ ကောင်ပဲ ။ မင်း က ငါ့ရဲ့ အဖိုးတန် ဆေးအိုးကြီး လန်ရှို့ကို ဖျက်ဆီးခဲ့တယ်လို့ ကြားတယ် ။ ငါ မင်းနဲ့ စာရင်းရှင်းချင်နေတာ ကြာပြီကွ ။တခြားလုပ်စရာတွေ အများကြီး ရှိနေလို့သာ နောက်ဆုတ်ထားရတာ ။ မင်းက လူကိုယ်တိုင် ငါ့ရှေ့ပေါ်လာမယ်လို့ ဘယ်ထင်ထားပါ့မလဲ "

" အခုတိုင်းက ပို‌ေကာင်းပါတယ်လေ ၊ မင်းကို သတ်ဖို့ ငါ မိုင်တွေထောင်ချီပြီး ခရီးသွားစရာ မလိုတော့ဘူးပေါ့ ။လာ .. တောသားလေး ၊ တကယ့် ပါရမီရှင်အစစ်က ဘယ်လိုလဲဆိုတာ မင်းသိအောင် ပြပေးမယ် ၊ ဒုက္ခရောက်တယ်ဆိုတာ ဘယ်လိုလဲဆိုတာလဲ မင်း သိရတော့မှာပေါ့ကွာ  "

သူက ထိုသို့ ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည် ။

တစ်ချိန်တည်းမှာပင် သူ့အနောက်ဘက်၌ အရိုးစု အရိပ်တစ်ခုလည်း ထွက်ပေါ်လာ၏။

" သားလေး ..မလုပ်နဲ့ "

ထိုစဥ် ဘုရင်ရှန်းဝူက တုန်တုန်ယင်ယင်ဖြင့် သူ့သားကို လှမ်းတားလိုက်သည် ။

သို့သော် မင်းသားရှန်းဝူက ပြုံး၍ ပြန်ပြော၏။

" အဖေ ..စိတ်မပူပါနဲ့ ၊ခဏလေးပဲ စောင့် "

သူက ပြောပြီးသည်နှင့် လောထျန်းဆီသို့ ပျံသန်းသွားလိုက်သည် ။ သူ့အနောက်ဘက်မှ အရိုးစုကလည်း လောထျန်းအား ရိုက်ရန် လက်ဝါးကို အသင့်ပြင်ထားလိုက်၏။

" သေစမ်းကွာ "

မင်းသားရှန်းဝူက အော်လိုက်သည် ။

သို့သော် ..

ဘုန်း ..

မင်းသားရှန်းဝူ၏ အရိုးစုက လောထျန်းအား မထိရသေးခင်မှာပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည် ။

ထိုတခဏတွင် မင်းသားရှန်းဝူ အံ့သြမှင်သက်နေ၏။

သူ သုံးလိုက်သည့် သိုင်းကွက်မှာ သူ့ဆရာကိုယ်တိုင် သေချာသင်ပေးထားသည့် သိုင်းကွက်ပင် ...

၎င်းက မည်သည့်အတွက်ကြောင့် အလုပ်မဖြစ်ရပါသနည်း ။

အခြားတစ်ဖက်မှ လောထျန်းက သူ့အား အထင်သေးရွံရှာသည့်အကြည့်ဖြင့် ကြည့်လိုက်သည် ။

ထို့နောက် သူက လက်ဆန့်၍ မင်းသားရှန်းဝူ၏ လက်တစ်ဖက်ကို ကိုင်ကာ ဆွဲဆောင့်လိုက်သည် ။

အရိုးကျိုးသွားသည့် အသံတစ်သံနှင့်အတူ မင်းသားရှန်းဝူ၏ လက်တစ်ဖက် ပြုတ်ထွက်လာ၏။

" အား .. "

မင်းသားရှန်းဝူထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပါ်လာသည် ။

လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက်ပြော၏။

" ဒါလား ပါရမီရှင် .. ငါ့ကို ဒုက္ခရောက်တယ်ဆိုတာ ဘယ်လိုလဲသိအောင် ပြဦးမယ်တဲ့လား ။ ဒီနေ့တော့ မင်းကိုယ်တိုင် သိသွားအောင် ငါ လုပ်ပေးမယ် "

All Chapters