နတ်ဆိုး
Vol. 7 Ch. 92
" မင်းသမီးလေး ၊ ကျုပ်ကို တော်ဝင်သင်္ချိုင်းဂူ အတု ဆီကို ခေါ်သွားပေးပါလား "
လောထျန်း ထပ်ပြောလိုက်သည် ။
" ဟင် "
ကူယွိနင် အံ့သြမှင်သက်ကာ အနည်းငယ်ပင် တုန်သွား၏။
ခေတ္တမျှ ကြာပြီးနောက် မင်းသမီးက မျက်ရည်များဖြင့် ပြောသည် ။
" သခင်လေး လောထျန်း ၊ ကျွန်မ ရှင့်ကို လိမ်ညာခဲ့တာတောင် ရှင်က ခွင့်လွှတ်ပေးခဲ့တဲ့အပြင် ကျွန်မ အဖေကို ကယ်ပေးဦးမှာတဲ့လား ။ ဒါ တကယ်ကို ..'
ထိုတခဏတွင် သူမ ဝမ်းသာလွန်း၍ မျက်ရည်များလည်နေ၏။
လောထျန်း မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားသည် ။
အမှန်တွင်မူ သူသည် စိတ်သောကအသက် အတွက်သာ ထိုနေရာသို့ အဓိက သွားလိုခြင်းဖြစ်ပြီး သူမအဖေကို ကယ်တင်ရန်မှာ ဒုတိယဦးစားပေးသာ ဖြစ်သည်။
သူမက မည်သည့်အတွက်ကြောင့် ထိုသို့ ေကာက်ချက်ချလိုက်ရပါသနည်း ။
" ဟို ..မဟုတ်ဘူးဗျ ၊ ကျုပ်က စိတ်သောကအသက် ကို ရချင်လို့ ဟီး "
လောထျန်း ပြောလိုက်သည် ။
သို့သော် ထိုစကားကို ကြားသောအခါ ကူယွိနင်က ပို၍ပင် စိတ်လှုပ်ရှားသွားဟန်တူ၏။
" သခင်လေး လောထျန်း လို လူမျိုးက တခြားသူတွေဆီက ဘာမှ ပြန်ရဖို့ မမျှော်ဘဲ စိတ်စေတနာကောင်းနဲ့ပဲ ကူညီပေးတတ်တာ ကျွန်မ သိတယ် ။ သခင်လေး ဘာမှ ထပ်ပြောဖို့ မလိုပါဘူးရှင် ၊ ကျွန်မ နားလည်တယ် "
သူမက ဆိုသည် ။
လောထျန်း မည်သို့ ပြန်ပြောရမည်မသိဘဲ ပါးစပ်ပိတ်သွား၏။
ကူယွိနင်က ဦးညွှတ်အရိုအသေပေးကာ ဆက်ပြောလိုက်သည် ။
" သခင်လေးလောထျန်း ၊ ကျွန်မ အဖေကိုသာ ကယ်နိုင်မယ်ဆိုရင် ကျွန်မ ဘဝတစ်ခုလုံးကို ရှင့်ကို အပ်ပါတယ် ။ သခင်လေးက ကျွန်မကို တောင်းဆိုရင်တောင် .... ကျွန်မ ဘာမှ ငြင်းမှာမဟုတ်ဘူး "
ထိုစကားကို ပြောပြီးသည်နှင့် သူမ၏ မျက်နှာလေး ရှက်သွေးဖြင့် ရဲသွား၏။
" ဟင် .."
လောထျန်းမှာ သူမကိုကြည့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည် ။
" အဲ့ဒါကို ခနမေ့ထားလိုက်ပါဗျာ ၊ အခု ကျုပ်ကို တော်ဝင်သင်္ချိုင်း အတုဆီပဲ လိုက်ပို့ပေးပါ '
လောထျန်းက ပြောလိုက်သည် ။
" ဟုတ်ကဲ့ "
ကူယွိနင် ခေါင်းငုံ့ထားရင်းမှ ပြန်ပြောသည် ။
မကြာမီအချိန်တွင် သူတို့ နှစ်ဦးသည် မြို့တော်၏ မြောက်ဘက် မိုင်ရာချီ ဝေးသော နေရာရှိ တောအုပ်တစ်ခုသို့ ရောက်လာ၏။
လမ်းတစ်လျှောက်တွင် နေရာချထားသော အစောင့်အကြပ်များ ရှိကြသော်လည်း ..
မင်းသမီးကိုယ်တိုင် ဦးဆောင်လာသည့်အတွက် မည်သည့်အခက်အခဲမှ မရှိလိုက်ပေ ။
ဤသို့ဖြင့် သူတို့နှစ်ဦးမှာ အချိန်တိုအတွင်း တော်ဝင်သင်္ချိုင်း အဝင်ဝသို့ ရောက်လာကြသည် ။
" သခင်လေး လောထျန်း ၊ ရှေ့ကို ဆက်လျှောက်သွားရင် နတ်ဆိုးသုံးယောက်ကို ချုပ်နှောင်ထားတဲ့ နေရာကို ရောက်သွားလိမ့်မယ် ။ အဲ့ကို ရောက်တာနဲ့ ကျွန်မ ဖီးနစ်ငှက်ရဲ့ မီးတောက်ကို သုံးပြီးတော့ သခင်လေးဝင်ဖို့ အပေါက်လေး လုပ်ပေးမယ် ။ ဒါပေမယ့် အထဲရောက်တာနဲ့ ကျွန်မ ဘာမှ ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ဘူး "
ကူယွိနင်က စိုးရိမ်မကင်းသည့် အကြည့်ဖြင့် ပြောလိုက်သည် ။
လောထျန်း ခေါင်းညိတ်လိုက်သည် ။
" ကျုပ် နားလည်ပြီ ၊ တံခါးသာ ဖွင့်လိုက်ပါ "
ကူယွိနင်က သက်ပြင်းတစ်ချက်ချကာ အင်္ကျီလက်ကို လက်မောင်းရင်းထိ ပင့်တင်လိုက်သည် ။ သူမ၏ ကြာစွယ်တစ်ခုကဲ့သို့ ဖြူဖွေးချောမွတ်သော လက်မောင်းသားလေးများ ပေါ်လာ၏။
သူမ၏ လက်ပေါ်တွင် ဖီးနစ်ငှက်တစ်ကောင်ပုံ ဆေးမှင်တစ်ခု ရှိနေသည် ။
ထို့နောက်တွင်မူ သူမ၏ ခန္ဓာကိုယ်တစ်လျှောက် စိတ်စွမ်းအင်များ စီးဆင်းလာပြီး သူမလက်ပေါ်မှ မျက်လုံးမှိတ်ထားသည့် ဖီးနစ်ငှက်ပုံက ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။
ထို့နောက် ၎င်းက ငိုလိုက်သည် ။
ဖီးနစ်ငှက်၏ မျက်ရည် ကျလာသည်နှင့် သူမလက်ပေါ်၌ အလွန်အစွမ်းထက်သော မီးေတာက်တစ်ခု ချက်ချင်း ပေါ်လာ၏ ။
ဝုန်း
ထို့နောက်တွင်မူ တော်ဝင်သင်္ချိုင်း ဝင်ပေါက်၌ အက်ကွဲရာတစ်ခု ဖြစ်သွားသည်။
ကူယွိနင်က ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်သည် ။
" သခင်လေး လောထျန်း ၊ တံခါးတော့ ပွင့်သွားပြီ ။ အထဲမှာ ကျွန်မအဖေကို ရှာတွေ့လို့ရှိရင် သူ့ရဲ့ ဖီးနစ်ငှက် မီးတောက်နဲ့ အတွင်းကနေ ပြန်ဖွင့်ပြီး ထွက်လာလို့ရတယ် ။ တကယ်လို့ အထဲမှာ သူနဲ့ မတွေ့ရင်လဲ ကျွန်မ နောက် ခုနစ်ရက်နေရင် ဒီကိုပြန်လာပြီး သခင်လေး ထွက်လို့ရအောင် တံခါးလာဖွင့်ပေးပါမယ် "
လောထျန်း ခေါင်းညိတ်လိုက်သည် ။
" ကျုပ် နားလည်ပါပြီ ။ ကျေးဇူးတင်ပါတယ်ဗျာ "
ထိုသို့ပြောပြီးနောက် လောထျန်း၏ ပုံရိပ် ဖျတ်ခနဲ လှုပ်ရှားသွားကာ အက်ကွဲရာမှတဆင့် အထဲသို့ ဝင်လိုက်သည် ။
" သခင်လေး လောထျန်း "
ထွက်ခွာသွားသော လောထျန်း၏ နောက်ကျောကိုကြည့်ကာ ကူယွိနင်၏ မျက်နှာလေး ရဲသွားပြန်သည် ။
ဝုန်း ..
လောထျန်း ဝင်သွားပြီးသည်နှင့် အက်ကွဲရာက ပြန်ပိတ်သွားကာ မူလအတိုင်း ပြန်ဖြစ်သွားသည် ။
ထိုစဥ် အထဲရောက်သွားသည့် လောထျန်းမှာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသည့်အလား ခံစားလိုက်ရ၏။
" ဒီမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ "
လောထျန်း ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ရာ တောင်များ ၊ ကုန်းမြေများနှင့် မြစ်များက လုံးဝ အကောင်းတိုင်း ရှိမနေဘဲ ကမ္ဘာပျက်ကြီး တစ်ခုကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။
ကောင်းကင်ယံတွင်လည်း ဧရာမ မီးလုံးကြီးတစ်ခု မျောလွင့်နေပြီး ဖီးနစ်ငှက်၏ အစွမ်းကို စဥ်ဆက်မပြတ် ထုတ်လွှတ်နေ၏။
ထိုမီးလုံးမှာ ဖီးနစ်ငှက် မီးတောက်ဖြစ်ပြီး ထိုနေရာတစ်ခုလုံးကို ချုပ်နှောင်ထားသည့် အဓိကသော့ချက်မှန်း လောထျန်း သိလိုက်သည် ။
" အရင်ဆုံး အထဲဝင်ပြီး ရှာကြည့်တာပေါ့ "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်ကာ ရှေ့သို့ လျှောက်သွားလိုက်သည် ။
မကြာမီပင် မှောင်မည်းနေသော ချောက်ကမ်းပါးတစ်ခုဆီသို့ သူ ရောက်သွား၏။
ချောက်ကမ်းပါး နံရံမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေပြီး ဓားတစ်လက်ဖြင့် အဖြတ်ခံထားရသည်နှင့်ပင် တူနေသည် ။
ထိုချောမွေ့နေသည့် ကျောက်နံရံပေါ်တွင် မရေမတွက်နိုင်သော စာလုံးများလည်း ရှိနေ၏ ။
" ဟင် .. ဒါ .. "
လောထျန်း သေချာကြည့်လိုက်သောအခါ စာလုံးများက မညီမညာ ဖြစ်နေသည့်တိုင် ဖတ်၍ ရသည်ကို တွေ့လိုက်ရသည် ။
" သေချင်တယ် .. "
လောထျန်း တစ်လုံးချင်း ဖတ်လိုက်သည် ။
မှန်ပါသည် ။ ကျောက်နံရံပေါ်တွင် ' သေချင်တယ် ' ဆိုသော စကလုံးကို မရေမတွက်နိုင်အောင်ပင် ရေးထား၏။
" ဘာလဲဟ ၊ ဘယ်သူက သေချင်တာလဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွားသည် ။
ထိုအချိန်မှာပင် ...
" အား .."
စူးစူးဝါးဝါး အော်သံတစ်ခု အဝေးမှ ထွက်ပေါ်လာ၏။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
ထိုအသံမှာ အနည်းငယ် ကျောချမ်းစရာ ကောင်းနေသည့်အတွက် လောထျန်း အံ့အားသင့်သွားသည် ။
ထို့နောက် သူက ကျောက်တုံးပေါ်သို့ တည်နေရာရွှေ့ပြောင်းကာ အသံလာရာဘက် လှမ်းကြည့်လိုက်သည် ။
သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အနည်းငယ် ထိတ်လန့်သွား၏။
သူ မြင်လိုက်ရသည့်အရာမှာ အဝေးမှ အပျက်အစီး တစ်ခုပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည့် အဖြူရောင် အရိုးစုကြီး တစ်ခုပင် ။
ထိုအရိုးစုတွင် လက် ဆယ့်နှစ်ဖက် ရှိနေပြီး ၎င်းတို့က လေထဲတွင် တဖျတ်ဖျတ်လှုပ်နေ၏။
ထိုလက်နှင့် ထိလိုက်သည့် နေရာတိုင်း မြေအနည်းငယ် ပြိုကျသွားသည်ကိုလည်း မြင်လိုက်ရသည် ။
ထိုအချိန်တွင် အခြားတစ်ဖက် မြေကြီးပေါ်၌ အရပ်ရှည်ရှည် အရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်ကမူ လူသားတစ်ယောက်နှင့် ပိုတူပေသည် ။
သို့သော် သူ့ထံမှ အမုန်းတရား အငွေ့အသက်များ ထွက်နေပြီး လက်ထဲတွင်လည်း ဓားတစ်ချောင်း ကိုင်ထား၏။ ထိုဓားပတ်လည်တွင် အမည်းရောင် မီးတောက်များလည်း ရစ်ပတ်နေသည် ။
ထိုအရိပ်နှစ်ခု ပေါ်လာပြီးနောက် သူတို့ချင်း မြန်မြန်ဆန်ဆန် တိုက်မိသွားကာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုက်ကြသည် ။
ထိုမြင်ကွင်းကို ကြည့်နေသော လောထျန်းမှာ ထိုအချိန်မှာသာ နေရာတစ်ခုလုံး အဘယ့်ကြောင့် အပျက်စီးများဖြင့် ပြည့်နေရသည်ကို နားလည်လိုက်၏။
သားရဲနှစ်ကောင် တိုက်ခိုက်နေလျက်ဖြင့်ပင် အပျက်အစီး မရှိပါက ထူးဆန်းသွားမည် မဟုတ်ပါလား ။
" ဒါ .. မိစ္ဆာနတ်ဆိုးတွေများ ဖြစ်နေမလား "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည် ။
ထိုအချိန်တွင် သူ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်သဖြင့် နောက်လှည့်ကြည့်လိုက်သည် ။
သူ့အနောက်ဘက်တွင် အဘိုးအိုတစ်ယောက် တဖြည်းဖြည်းချင်း လမ်းလျှောက်လာနေ၏။
အဘိုးအိုမှာလည်း လောထျန်းကို မြင်သွားဟန်ဖြင့် မျက်နှာထား ချက်ချင်းပြောင်းသွားသည် ။
" ဟင် .. မင်း ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ "
အဘိုးအိုက အလန့်တကြား မေးလိုက်သည် ။
" အမ် ..ကျုပ်က .. "
လောထျန်း ရှင်းပြရန် ပြင်လိုက်စဥ်မှာပင် ..
အဘိုးအိုက ကြောက်လန့်တကြား ပြော၏။
" စကားမပြောနဲ့ဦး ၊ ဘာအသံမှ မထွက်နဲ့ ။ ကိုယ်အရောင်အဝါ မထွက်အောင် ဂရုစိုက်ပြီး ငါနဲ့လိုက်ခဲ့ ။ ဟိုနှစ်ယောက် မသိအောင် သတိထားမှ ရမယ် "
အဘိုးအိုက အလွန်ကြောက်ရွံ့ဟန် ပေါက်နေသည့်အတွက် လောထျန်း မည်သို့မှပြန်မပြောဘဲ သူပြောသည့်အတိုင်းသာ လိုက်လုပ်လိုက်သည် ။ ဤသို့ဖြင့် သူ အဘိုးအိုနောက်မှ လိုက်သွားပြီး အချိုးအကွေ့များစွာ သွား၍ သားရဲနှစ်ကောင်ကို မမြင်ရတော့မှသာ ရပ်လိုက်ကြသည် ။
အဘိုးအိုက ထိုအချိန်မှ သက်ပြင်းချလိုက်ပြီး လောထျန်းအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည် ။ ထို့နောက် သူက မျက်မှောင်ကြုံ့၍ ပြော၏။
" ကောင်လေး .. မင်း ရူးနေတာလား ။ ဘာလို့ ဒီကို လာခဲ့တာလဲကွ ။ ဒါ ဘယ်နေရာလဲဆိုတာ မင်း မသိဘူးလား "
လောထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည် ။
" ယဲ့ဖုန်းနိုင်ငံရဲ့ တော်ဝင်သင်္ချိုင်းက မိစ္ဆာနတ်ဆိုး သုံးယောက်ကို ချုပ်နှောင်ထားတဲ့နေရာဆိုတာ ကျုပ် သိတယ်ဗျ "
အဘိုးအိုက အံ့သြတကြီး ကြည့်လိုက်သည် ။
" သိသိရက်ကြီးနဲ့တောင် လာခဲ့တာလား "
လောထျန်းက ပြုံး၍ ပြန်ပြော၏။
" ကျုပ်က ဒီကို ကိစ္စလေးရှိလို့ လာခဲ့တာဗျ ။ ခင်ဗျားက ကျုပ်တို့ ယဲ့ဖုန်းနိုင်ငံရဲ့ ဧကရာဇ်ကြီး မဟုတ်လား ..။ ကူယွိနင်က ခင်ဗျားကို ရှာဖို့ ကျုပ်ကို တာဝန်ပေးလိုက်တာဗျ '
ဤနေရာတွင် ရှိနေသည့် အဘိုးအိုမှာ လွန်ခဲ့သော နှစ်အနည်းငယ်က လာခဲ့သည့် ဧကရာဇ်ကြီးမှလွဲ၍ အခြား မည်သူဖြစ်နိုင်ပါမည်နည်း ။
သို့သော် ..
" အော် ..မင်းက ဧကရာဇ်ကို လာရှာတာလား ။ မင်း ကံဆိုးတာပဲကွာ ။ ငါက ဧကရာဇ် မဟုတ်ဘူးကွ "
အဘိုးအိုက ပြောလိုက်သည် ။
" ဟမ် .. မဟုတ်ဘူးလား "
လောထျန်း စိတ်ရှုပ်သွားရသည် ။
ထိုအဘိုးအိုက ယဲ့ဖုန်းနိုင်ငံ၏ ဧကရာဇ် မဟုတ်လျှင် မည်သူပါနည်း ။
ထိုစဥ် အဘိုးအိုက မတ်တပ်ထ၍ လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်သည် ။
" ကဲ ..ကောင်းပြီလေ ၊ မင်းက သူ့ကို လာရှာတာဆိုတော့ ငါ့နောက်လိုက်ခဲ့ ။ သူ့ကို ဒီကနေ ခေါ်ထုတ်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ ။ နောက်လဲ ဒီနေရာကို ဘယ်တော့မှ ပြန်မလာနဲ့ "
ထိုသို့ပြောပြီးသည်နှင့် အဘိုးအိုက နောက်လှည့်ကာ ထွက်သွားလိုက်သည် ။