← Chapters

အရိုးစု မိစ္ဆာနတ်ဆိုး

Vol. 7 Ch. 93

အရိုးစု မိစ္ဆာနတ်ဆိုး

Vol. 7 Ch. 93

လောထျန်း ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် အဘိုးအိုနောက် လိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည် ။

" ဒါဆို ခင်ဗျားက ဘယ်သူလဲ "

လောထျန်းက သံသယဖြင့် မေးလိုက်သည် ။

" ငါလား .. ဟားဟား .. ငါက ဒီတိုင်း အဘိုးအိုတစ်ယောက်ပါကွာ "

အဘိုးအိုက ရယ်လိုက်သည် ။

လောထျန်းက ထပ်မေးလိုက်သောအခါတွင်မူ အဘိုးအိုက စကားပြန်မပြောတော့ပေ ။

မကြာမီတွင် သူတို့နှစ်ဦး ဂူတစ်ခုဆီသို့ ရောက်သွားကြသည် ။

ဂူ၏ အနီးတစ်ဝိုက်တွင် အကာအကွယ် အစီအမံများ ရှိထားသည့်အတွက် ကိုယ်အရောင်အဝါကို ဖုံးကွယ်ပေးထားနိုင်သလို အပြင်မှ တိုက်ခိုက်မှုများကိုလည်း ကာကွယ်ပေးထား၏။

ထိုအစီအမံကြောင့်သာ ဂူက ဘေးကင်းစွာဖြင့် အကောင်းတိုင်း ရှိနေခြင်း ဖြစ်ရပေမည် ။

" သူက ဟိုနားလေးမှာ .. အသက်တော့ ရှူနေသေးတယ် ။ ဒါပေမယ့် သေတာနဲ့တော့ ဘာမှ မခြားပါဘူးကွာ "

အဘိုးအိုက လက်ညိုးညွှန်ကာ ပြောလိုက်သည် ။

လောထျန်းက သူ ညွှန်ပြသည့်ဘက် ကြည့်လိုက်သောအခါ ကျောက်ပြားတစ်ခုပေါ်တွင် လဲလျောင်းနေသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည် ။ ထိုလူကြီးမှာ အလွန်ပိန်လှီကာ အရိုးနဲ့ အရေသာ ကျန်တော့၏။

" ဟင် ..သူ ဘာဖြစ်သွားခဲ့တာလဲ "

လောထျန်း မေးလိုက်သည် ။

" အင်း ..လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက် အကြာက သူ ဒီနေရာကို ရောက်လာခဲ့တယ်ကွ ။ ကံဆိုးတာလား ကံကောင်းတာလားတော့ မသိပါဘူးကွာ ၊ သူ ရောက်ရောက်လာချင်းပဲ စောနက မြင်ခဲ့တဲ့ အရိုးစု မိစ္ဆာနတ်ဆိနဲ့ ထိုက်တိုက် တွေ့သွားခဲ့တယ် ။ အရိုးစု မိစ္ဆာက သူ့ကို လက်သည်းနဲ့ ရိုက်ချလိုက်ရော ။ ဒါပေမယ့် သူ အသက်တော့ သေမသွားဘူးကွ ။ အဲ့ဒါနဲ့ ငါလဲ သူ့ကိုခေါ်ပြီး ဒီမှာ ခနလာထားထားတာပဲ "

" သူ ရထားတဲ့ ဒဏ်ရာတွေက ပြင်းလွန်းတော့ ငါ ကုဖို့ ကြိုးစားပေမယ့် ဘာမှ တိုးတက်မလာခဲ့ဘူး ။ သူက လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ စိတ်စွမ်းအင် တစ်ခုတည်းကိုပဲ အားကိုးပြီး အသက်ရှင်နေခဲ့တာ ။ လွန်ခဲ့တဲ့ လဝက်လောက်ကတော့ သူ သတိလစ်ပြီး ခုလို ဖြစ်သွားတာပဲ ။ ဒီမှာသာ ဆက်နေလို့ကတော့ သူ ရက်ပိုင်းလေးပဲ အသက်ဆက်ရှင်နိုင်မှာ "

အဘိုးအို ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည် ။

လာထျန်းက သတိမေ့နေသည့် ဧကရာဇ်ကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည် ။

" ဒီနေရာမှာ စိတ်သောကအသက် ရှိတယ်မဟုတ်ဘူးလား ။ အဲ့ပစ္စည်းက ဒဏ်ရာတွေကို ကုတဲ့နေရာမှာ အရမ်းအကျိုးရှိတယ်ဆို "

ထိုစကားကို ကြားသောအခါ အဘိုးအို၏ မျက်နှာ ရုတ်ချည်း ပြောင်းသွား၏။

" စိတ်သောကအသက် က ဒီမှာရှိတာမှန်တယ် ။ ဒါပေမယ့် ငါ ယူလို့မရဘူး "

" ဘာဖြစ်လို့လဲ "

လောထျန်းက အံ့သြတကြီး မေးလိုက်သည် ။

အဘိုးအို ခေါင်းယမ်း၍ ပြော၏။

" ငါ ပြောပြရင်တောင် မင်းနားလည်မှာမဟုတ်ပါဘူး ကွာ။ မင်း ကိုယ်တိုင်သွားယူဖို့ ဆန္ဒရှိရင်တော့ ငါ မင်းကို လမ်းပြပေးလို့ရတယ် ။ မင်းယူနိုင်ခဲ့ရင် သူ့အသက်ကိုလဲ ကယ်လို့ရတာပေါ့ "

လောထျန်းမှာ အနည်းငယ် မယုံသင်္ကာ ဖြစ်နေသော်လည်း ခေါင်းသာ ညိတ်ပြလိုက်သည် ။

" ကောင်းပါပြီ ၊ ဒါဆို ကျေးဇူးပြုပြီး ကျုပ်ကို လမ်းပြပေးပါ သခင်ကြီး "

အဘိုးအိုက လက်ဝေ့ယမ်းကာ လောထျန်းအား ဂူအပြင်သို့ ခေါ်ထုတ်လာ၏။

" ဟိုမှာကြည့် ၊ဖီးနစ်ငှက်ရဲ့ မီးတောက် ကျလာတာ တွေ့လား ။ စိတ်သောကအသက် က အဲ့မှာ ရှိတယ်ကွ ။ ဒါပေမယ့် တစ်ခုတော့ သေချာမှတ်ထား ၊ အဲ့မီးတောက် ငြိမ်းမသွားခင် မင်း ပြန်လာမှ ရမယ် ။ လမ်းမှာ မင်းကို ဘယ်သူက စကားလာပြောပြော ၊ သူ့ကို လျစ်လျူရှုထားလိုက် "

အဘိုးအိုက အလေးအနက် ပြောလိုက်သည် ။

" ဘာဖြစ်လို့လဲ "

လောထျန်း၏ ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်သွား၏ ။

" ဘာလို့လဲ မေးမနေပါနဲ့ကွာ ။ မြန်မြန်သာ သွားပြီး မြန်မြန်ပြန်လာခဲ့ ။ ငါ ခန့်မှန်းထားသလိုဆိုရင် မင်းအတွက် အချိန်တစ်နာရီလောက် ရဦးမယ် ။ မင်း အဲ့ တစ်နာရီအတွင်း ပြန်လာပြီး ဒီဂူထဲမှာပဲ နေရမယ် ။ အဲ့ကျရင် ငါ မင်းကို လာမရှာဘူး ၊ မင်း သေသွားရင်တောင် ဒီဂူထဲကနေ ထွက်လာလို့ မရဘူးနော် "

အဘိုးအိုက ပြောလိုက်သည် ။

" အ ..  ကောင်းပါပြီ "

လောထျန်းမှာ အဘိုးအို ဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်သော်လည်း ခေါင်းသာ ညိတ်လိုက်သည် ။

သို့သော် ဤနေရာအကြောင်းကို သူ တစ်ခုမှ သိမထားရာ အဘိုးအိုပြောသည့်အတိုင်း လုပ်လိုက်ခြင်းက ကောင်းပေလိမ့်မည် ။

လောထျန်းက ထိုသို့တွေးကာ မီတာတစ်ထောင်ခန့် အကွာအဝေးသို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းလိုက်သည် ။

" ဟင် .. ဒီ ခန္ဓာကိုယ်ရွှေ့ကွက်က .. "

လောထျန်း၏ ရွှေ့ကွက်ကို ကြည့်ကာ အဘိုးအို အံ့အားသင့်သွားသည် ။

ထိုစဥ် လောထျန်းမှာ ကောင်းကင်ဘုံ ခန္ဓာကိုယ်ကျင့်စဥ်၏ ကျေးဇူးကြောင့် ဖီးနစ်ငှက် မီးတောက်ရှိရာဆီသို့ တခဏအတွင်း ရောက်သွားသည်။

အပျက်အစီး မြေတစ်ခုပေါ်တွင် မရေမတွက်နိုင်သော နို့နှစ်ရောင် စိတ်သောကအသက် များက ချိုင့်ကွက်များအတွင်း နေရာအနှံ့ ပြန့်ကြဲနေ၏။

" ဟင် .. အများကြီးပါလား "

၎င်းကို မြင်သောအခါ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး စတင်ကောက်ယူလိုက်သည် ။

သို့သော် စိတ်သောကအသက် များသည် ပေါများဟန် ပေါက်နေသော်လည်း အမှန်တကယ် ကောက်ယူပြီးသွားသည့် အချိန်တွင်မူ ထင်ထားသလို မဟုတ်ဘဲ အနည်းငယ်မျှသာ ရှိနေ၏။

လောထျန်းက နောက်ထပ် ချိုင့်နက် တစ်ခုထဲသို့ သွားကာ စ်တ်သောကအသက် များကို ဆက်ကောက်ယူလိုက်သည် ။ သို့သော် အားလုံးကို ယူပြီးသွားသည့်တိုင် သူ့ ပုလင်း တစ်ဝက်ခန့်သာ ရသေး၏။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ အလင်းရောင်က စတင်အရောင်မှိန်လာသည် ။

ဖီးနစ်ငှက်၏ မီးတောက် ငြိမ်းခါနီးနေလေပြီ ။ သူ ဂူထဲသို့ ပြန်သင့်ပြီဟု လောထျန်း တွေးလိုက်သည် ။

" ဒီလောက်ဆို လုံလောက်မယ် ထင်ပါတယ် "

လောထျန်း တွေးကာ နောက်လှည့်၍ ထွက်ခွာလိုက်သည်။

သို့သော် ထိုအချိန်တွင် မလှမ်းမကမ်းမှ အမျိုးသမီးတစ်ဦးက လှလှပပ ခြေလှမ်းများဖြင့် သူရှိရာဘက်သို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည် ။

" ဟင် ..တခြားသူတွေ ရှိနေပါလား "

ထိုမြင်ကွင်းကို မြင်သောအခါ လောထျန်း အံ့သြမှင်သက်သွား၏။

ဤ အချုပ်အနှောင်နေရာတွင် အဘယ့်ကြောင့် လူများစွာ ရှိနေရပါသနည်း ။

ပြီးခဲ့သည့် နှစ်များအတွင်း ကူမိသားစုက လူဘယ်နှယောက်ကို ဤနေရာသို့ ပေးဝင်ခဲ့ပါသနည်း ။

ထိုစဥ် အမျိုးသမီးမှာလည်း လောထျန်းကို တွေ့သွားကာ အံ့သြတုန်လှုပ်သွားသည် ။ သို့သော် သူမက ခပ်မြန်မြန်ပင် ပြန်တည်ငြိမ်သွားပြီး လောထျန်းကို ကြည့်လိုက်၏။

" ရှင် မသေချင်ရင် ဒီကနေ မြန်မြန်ထွက်သွား "

သူမက ပြောလိုက်သည် ။

လောထျန်း မျက်မှောင်ကြုံ့သွား၏။ သို့သော် သူ ဒေါသ မထွက်ပါချေ ။

အမျိုးသမီး၏ စကားက ခက်ထန်သော်လည်း သူ့ကို အန္တရာယ်ပြုရန် ရည်ရွယ်ချက်မရှိသည်ကို သူ သိပေသည် ။

" ထားလိုက်ပါကွာ "

လောထျန်း ခေါင်းယမ်းကာ အခြားဘက်သို့ လှည့်လိုက်သည် ။

ဝုန်း

သို့သော် သူ ခေါင်းလှည့်လိုက်သည်နှင့်အမျိုးသမီးက မြေကြီးပေါ်သို့ လဲကျသွားသည်ကို သူ မြင်လိုက်ရ၏။

" ဟင် ..ခင်ဗျား အဆင်ပြေရဲ့လား "

လောထျန်း အံ့အားသင့်သွားကာ အမျိုးသမီးဆီသို့ အပြေးသွားလိုက်သည်။

ထိုအချိန်မှသာ အမျိုးသမီး၏ ကိုယ်ပေါ်၌ မရေမတွက်နိုင်သောဟဓားရာများ ရှိနေသည်ကို လောထျန်း သတိထားမိလိုက်၏။

သူမက ထိုဒဏ်ရာများအား မည်သို့ ခံနိုင်ရည်ရှိနေသည်ကို လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။

" ထားလိုက်ပါကွာ ၊ ငါ စိတ်ထားကောင်းနဲ့ပဲ ဆက်ဆံပေးလိုက်ပါမယ် "

လောထျန်း တွေးကာ အမျိုးသမီးအား စိတ်သောကအသက် ဖြင့် ပြည့်နေသည့် တွင်းတစ်ခုထဲသို့ ပစ်ချလိုက်သည်။

၎င်းက ဒဏ်ရာများကို ကုသပေးနိုင်မည်ဖြစ်ရာ ထိုအမျိုးသမီး အချိန်တိုအတွင်း ပြန်သက်သာနိုင်ပေသည် ။

သို့သော် ..စိတ်သောကအသက်ရှိသည့် တွင်းထဲသို့ ကျသွားသည်နှင့် သူမထံမှ စူးစူးဝါးဝါး အော်သံတစ်သံ ထွက်လာ၏။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

မြင်လိုက်ရသော အဖြစ်အပျက်ကြောင့် လောထျန်း အံ့သြမှင်သက်သွားရပြန်သည်။

ထို စိတ်သောကအသက်က ဒဏ်ရာများအား ကုသပေးနိုင်သည် မဟုတ်ပါလား ။ သူမက မည်သည့်အတွက် နာကျင်နေဟန် ဖြစ်နေရသည်း ။

ထိုအချိန်တွင် အမျိုးသမီး၏ မျက်နှာမှာ ပျက်ယွင်းနေ၏။

" သွား .. ဒီကနေ မြန်မြန်ထွက်သွားတော့ "

အမျိုးသမီးက ကျယ်လောင်စွာ အော်လိုက်သည်။

" ငါ လုပ်လိုက်တာ တစ်ခုခုများ မှားသွားလို့လား "

လောထျန်း ချက်ချင်း အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည် ။

သူ့ကြောင့် သူမ ထိုသို့ ခံစားနေရသည် ဆိုပါက သူ့အပြစ်ပင် မဟုတ်ပါလား ။

" သွားတော့ ..မြန်မြန်သွား "

အမျိုးသမီးက ဆက်အော်နေ၏။

နောက်ဆုံးတွင်မူ အော်သံများ ရုတ်တရက် ရပ်သွားသည် ။

အမျိုးသမီး၏ ခန္ဓာကိုယ်က ရုတ်ချည်း စတင်ပြောင်းလဲလာ၏။

" ငါ မင်းကို သွားဖို့ ပြောပေမယ့် မင်းက မသွားခဲ့ဘူး ။ ဆိုတော့ ဒီမှာပဲ သေပေါ့ကွာ "

အမျိုးသမီးက အော်လိုက်သည် ။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အရိုးဖြူများ ရုတ်ချည်း တိုးထွက်လာ၏။

ထို့နောက်တွင်မူ သူမက ဧရာမ အရိုးစု မိစ္ဆာကြီးအဖြစ် ပြောင်းသွားတော့သည် ။

" ဟင် .. ဒါ ..စောနက အကာင်ကြီးမဟုတ်လား "

လောထျန်း အခြေအနေကို ချက်ချင်း နားလည်သွား၏။ ထိုအမျိုးသမီးမှာ သူ ဤနေရာသို့ ရောက်လာစဥ်က ပထမဆုံး တွေ့ခဲ့သည့် အရိုးစု မိစ္ဆာနတ်ဆိုးပင် ။

ထိုသူက ချုပ်နှောင်ခံထားရသော မိစ္ဆာနတ်ဆိုး သုံးကောင်ထဲမှ တစ်ကောင်ပင်ဖြစ်သည် ။

" သေစမ်းကွာ "

ထိုအချိန်တွင် အရိုးစု မိစ္ဆာက လောထျန်းအား ရိုက်လိုက်သည်။

လောထျန်းကလည်း ၎င်းကို မြင်သည်နှင့် သူ့လက်ဖြင့် ပြန်ရိုက်လိုက်၏။

ဘုန်း ..

အရွယ်အစား မတူညီသည့် လက်နှစ်ဖက် တိုက်မိသွားကြပြီး နားကန်းစေနိုင်သည့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကျယ်၏ အလယ်တွင် ကွဲကြေသံ တစ်သံလည်း ထွက်လာသည်။

ခွပ် ..

အစောပိုင်းက လောထျန်း၏  အခြားလက်တစ်ဖက်တွင် စိတ်သောကအသက် ပါဝင်သည့် ကျောက်စိမ်း ပုလင်းကို  ကိုင်ထားခဲ့၏။

ယခု လက်ဝါးနှစ်ဖက် ထိပ်တိုက်တွေ့သွားရာမှ ထွက်လာသော စွမ်းအင်ပေါက်ကွဲမှုကြောင့် သူ့လက်ထဲမှ ကျောက်စိမ်းပုလင်းက ကွဲသွားခြင်းပင် ။

သူ ခက်ခက်ခဲခဲ စုဆောင်းထားခဲ့ရသည့် စိတ်သောကအသက် များက ချက်ချင်း  နေရာအနှံ့ ပြန့်ကြဲသွားတော့သည်။

၎င်းကို မြင်သောအခါ လောထျန်း အလွန်ဒေါသထွက်သွား၏။

" မျိုးမစစ်ကောင် ..ဒီဟာကို စုရတာ ဘယ်လောက်ခက်လဲ မင်း သိလား"

လောထျန်းပြောကာ ဖြည်းဖြည်းချင်း ခေါင်းမော့၍ အရိုးစု မိစ္ဆာနတ်ဆိုးအား အေးစက်စက် ကြည့်လိုက်သည်။

ထိုမိစ္ဆာသားရဲမှာ အစောပိုင်းတွင် ရက်စက်သည့် မျက်နှာဖြင့် လောထျန်းကိုသတ်ရန် အသင့်ဖြစ်နေခဲ့သော်လည်း ...

လောထျန်း၏ အကြည့်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွား၏။

All Chapters