နတ်ဆိုး သုံးယောက်ကို ရိုက်သတ်ခြင်း
Vol. 7 Ch. 94
သို့သော် ခဏအကြာမှာပင် အရိုးစုမိစ္ဆာ၏ ခက်ထန်သောအသွင် ပြန်ပေါ်လာပြီး အရိုးစု လက်သည်းရှည်ကြီးတစ်ခုကို မြှောက်ကာ လောထျန်းအား ရိုက်ချလိုက်သည်။
ဘုန်း ...
အသံကျယ်တစ်သံ ထွက်လာပြီး ဧရာမ အရိုးစု လက်သည်းကြီးက အဝေးသို့ လွင့်ထွက်သွား၏။
" အမ် .. "
အရိုးစု မိစ္ဆာက လွင့်သွားသော လက်သည်းကို အံ့သြတကြီး ကြည့်လိုက်ပြီးနောက် လောထျန်းအား ငုံ့ကြည့်လိုက်သည်။
လောထျန်း၏ မျက်နှာက အလွန်အေးစက်နေ၏။
ထို့နောက်တွင်မူ သူက လေထဲသို့ တည်နေရာရွှေ့ပြောင်းကာ မိစ္ဆာနတ်ဆိုးအား လက်သီးဖြင့် ထိုးလိုက်သည်။
အရိုးစုမိစ္ဆာမှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် ချက်ချင်း အရိုးစု လက်သည်းအချို့ကို သုံး၍ ခုခံလိုက်သည်။
သို့သော် ..
ဘုန်း
မိစ္ဆာနတ်ဆိုး၏ ဧရာမ ခန္ဓာကိုယ်ကြီးက အနောက်ဘက် ပေတစ်ထောင်ခန့်အထိ လွင့်ထွက်သွားကာ မြေပြင်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားသည်။
" အား .. "
မိစ္ဆာနတ်ဆိုးထံမှ စူစူးဝါးဝါး အော်သံတစ်သံ ထွက်လာ၏။ ၎င်းက သူ့ကိုယ်ကို ငုံ့ကြည့်လိုက်သောအခါ သူ့လက်တစ်ဖက်မှာ ပြာအဖြစ်သို့ ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။
" အား .. "
၎င်းက ခေါင်းမော့၍ ကျယ်လောင်စွာ ထပ်အော်လိုက်သည်။
ထို့နောက်တွင်မူ ပျက်စီးသွားသည့် လက်က အကောင်းအတိုင်း ပြန်ဖြစ်သွား၏။
ထို့အပြင် သူ့ကိုယ်တွင်လည်း အနက်ရောင် အလင်းတန်းတစ်ခု စုစည်းလာပြီး ကြောက်မက်ဖွယ် ဖိနှိပ်စွမ်းအင်တစ်ခု ထွက်လာသည်။
ဝုန်း ..
ထို့နောက်တွင်မူ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားကာ လောထျန်းဆီသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။
သူ့ခန္ဓာကိုယ်မှ ထွက်နေသော ကြောက်မက်ဖွယ်အစွမ်းကြောင့် လမ်းတလျှောက်ရှိ လေထုမှာ စတင်ပြိုကွဲလာ၏။
ထို့နောက် မျက်စိတစ်မှိတ် အချိန်အတွင်းမှာပင် ထိုလူက လောထျန်းရှေ့သို့ ရောက်လာပြီး သူ့ကို အသေသတ်ရန် ပြင်လိုက်သည်။
သို့သော် ..
ဘုန်း ..
လောထျန်းက သူ့ကို ရိုက်လိုက်ပြန်၏။
မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ် အဝေးသို့ လွင့်ထွက်သွားရပြန်သည်။
ဤတစ်ကြိမ်တွင်မူ ယခင်အကြိမ်ကထက် ပိုဝေးဝေးသို့ ရောက်သွားပြီး လေထဲ၌ပင် မရေမတွက်နိုင်သော အရိုးများ သူ့ခန္ဓာကိုယ်မှ ကျလာကြသည်။ မြေပေါ်သို့ ကျသည့်အချိန်တွင်မူ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပျက်စီးလုနီးပါးပင် ဖြစ်သွားရ၏။
သို့သော် သူ့ခန္ဓာကိုယ် ပျောက်ကွယ်လု ဆဲဆဲမှာပင် အနက်ရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲလင်းသွားပြီး အရိုးများ ပြန်ထွက်လာကာ နဂိုမူလအတိုင်း ပြန်ဖြစ်သွားပြန်သည်။
" ဟင် ..ခုထိ မသေသေးပါလား "
ထိုမြင်ကွင်းကို ကြည့်ကာ လောထျန်း အလွန်အံ့အားသင့်သွား၏။
" အင်း .ကြားခဲ့ရတဲ့အတိုင်းပါလား ..ဒီကောင်ကြီးက တကယ်ကို မသေမျိုးတစ်ယောက် ဖြစ်နေတာပဲ ။ ဒီလိုဆိုတော့လဲ နည်းနည်းပိုပြီး အားစိုက်ရမှာပေါ့ "
လောထျန်း ထိုသို့ပြောကာ လက်နှစ်ဖက်ကို စုစည်းလိုက်သည်။
သူ့အနောက်ဘက်တွင် ဧရာမ အရိပ်ကြီးတစ်ခု ချက်ချင်း စုစည်းလာ၏။
အရိပ်၏ ပုံသဏ္ဍာန်မှာ မှုန်ဝါးနေကာ လောထျန်း၏ လှုပ်ရှားမှုများအတိုင်း လိုက်လှုပ်ရှားနေသည်။
" ယား .. "
ထိုအချိန်တွင် အရိုးစုမိစ္ဆာက လောထျန်းဆီသို့ တတိယအကြိမ် တိုးဝင်လာပြန်သည်။
" ကောင်းကင်ဘုံ လက်ဝါးသိုင်း "
လောထျန်းက ပေါ့ပေါ့ပါးပါးပြောကာ လက်ဝါးတစ်ဖက်ကို ထုတ်လွှတ်လိုက်သည်။
သူ့အနောက်ဘက်မှ အရိပ်ကလည်း လောထျန်းအတိုင်း လိုက်လုပ်၏။
ချက်ချင်းပင် ဧရာမ လက်ဝါးကြီးတစ်ခုက အရိုးစုမိစ္ဆာအား ဖိနှိပ်လိုက်သည်။
အရိုးစု မိစ္ဆာက လက်ဝါးကြီးအား ကဗျာကရာ တိုက်ခိုက်လိုက်သည်။
သို့သော် သူ့ တိုက်ခိုက်မှုမှာ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ရန် ကြိုးစားနေသည်နှင့် မခြားလှပေ။
ဘုန်း ..
နောက်ဆုံးတွင်မူ လက်ဝါးကြီးက အောက်ကျလာပြီး အရိုးစုမိစ္ဆာ လုံးဝ ပျောက်ကွယ်သွားသည်အထိ ဖိချေပစ်လိုက်သည်။
" သေချင်နေတာပဲ "
လောထျန်း ခေါင်းယမ်းကာ တစ်ကိုယ်တည်း တီးတိုးပြောလိုက်သည်။ ထို့နောက် သူ နောက်လှည့်ကာ ထွက်ခွာရန် ပြင်လိုက်၏။
သို့သော် .. ထိုအချိန်မှာပင် ...
အက်ကွဲသံအချို့ ထွက်ပေါ်လာပြီး လေထဲတွင် အရိုးတစ်ခု စတင်စုစည်းလာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းက နဂိုမူလ အရိုးစုမိစ္ဆာအဖြစ် ပြန်ကြီးထွားလာ၏။
" ဟင် .. ဒီကောင်ကြီးက ခုထိကို မသေနိုင်သေးပါလား "
လောထျန်း အလွန်အံ့သြမှင်သက်သွားသည်။
သူ အစောက သုံးလိုက်သည့် လက်ဝါး၏ အစွမ်းမှာ ကောင်းကင်ဘုံ ပျက်စီးခြင်းကိုပင် ပြိုကွဲစေနိုင်သည့် အစွမ်းရှိပေသည်။
သို့သော် ထိုအရိုးစုမိစ္ဆာက အမှန်တကယ် အသက်ဆက်ရှင်နေသေးသည်လား။
" ဒီကောင်က တကယ့်ကို မသေမျိုးတစ်ယောက်လား "
လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။
ထိုသို့သော အရာကို သူ တစ်ခါမှ မကြားဖူးပါ ..
ထိုစဥ် အရိုးစုမိစ္ဆာက မူလအတိုင်း ပြန်ဖြစ်လာပြီးနောက် အနည်းငယ် ငြိမ်သက်သွား၏။
၎င်းက လောထျန်းအား သတိဖြင့် ကြည့်လိုက်ပြီး ကောင်းကင်ယံသို့ ခေါင်းမော့၍ အော်လိုက်သည်။
ထို့နောက် ချက်ချင်းပင် မတူညီသည့် နေရာနှစ်ခုမှ တန်ပြန်အော်သံနှစ်ခု ထွက်လာ၏။
ထို့နောက်တွင်မူ ..
ဘုန်း ..
ခပ်လှမ်းလှမ်းမှ တောင်တစ်လုံး ပြိုကျသွားပြီး အမည်းရောင် ဧရာမ ဓားတစ်လက်ကို ကိုင်ထားသော လူသားအသွင်ရှိသည့် မိစ္ဆာတစ်ကောင်က သူတို့ရှိရာသို့ ပျံသန်းရောက်ရှိလာသည်။
သူ လာသည့် လမ်းတလျှောက်မှ မရေမတွက်နိုင်သော တောင်များ ပြိုကျသွား၏။
" ဟိုကောင်ပဲ "
သူ့ကို မြင်သည်နှင့် ထိုလူမှာ အစောပိုင်းက အရိုးစုမိစ္ဆာနှင့် တိုက်ခိုက်နေခဲ့သည့် သူမှန်း လောထျန်း သိလိုက်သည်။
ဘုန်း ...
အခြားတစ်ဖက်မှ မြေကြီးလည်း ပေါက်ကွဲထွက်သွားပြီး တစ်ကိုယ်လုံး ချော်ရည်ပူများ စီးထွက်နေသည့် မိစ္ဆာသားရဲတစ်ကောင်က မြေကြီးထဲမှ ထွက်လာသည်။
" ဒါ ..မိစ္ဆာနတ်ဆိုး ၃ ကောင်လား .. သူတို့အားလုံး ရောက်လာကြပြီပဲ "
လောထျန်း ထိုသို့ပြောကာ ခေါင်းညိတ်လိုက်သည်။
" ယား .."
မိစ္ဆာနတ်ဆိုး သုံးယောက်က တစ်ပြိုင်နက်တည်း ညာသံပေး၍ လောထျန်းအား အတူတကွ တိုက်ခိုက်လိုက်ကြသည်။
ထိုသုံးယောက်ထံမှ ထွက်နေသည့် ကိုယ်အရောင်အဝါက အစွမ်းထက်လွန်းလှသဖြင့် အနီးအနားရှိ လေထုတစ်ခုလုံး မွန်းကျပ်လာ၏။
သူတို့တစ်ယောက်ချင်းစီ၏ အစွမ်းများက အနည်းဆုံး တုကျဲ့ ထိပ်ဆုံးအဆင့်တွင် ရှိနိုင်ပေရာ ..
သူတို့သုံးယောက် အတူတကွ တိုက်ခိုက်လိုက်သောအခါ အစွမ်းက ပို၍ပင် ကြောက်စရာကောင်းသွား၏။
သို့သော် ..
ဘုန်း .. ဘုန်း ..ဘုန်း ..
အသံကျယ်သုံးခု တစ်ပြိုင်နက်တည်း ထွက်လာပြီးနောက် သူတို့၏ ဧရာမ ခန္ဓာကိုယ်များ နောက်သို့ တစ်ပြိုင်နက်တည်း လွင့်ထွက်သွားကြသည်။
" ကောင်းကင်ဘုံ ဓားသိုင်း "
ထို့နောက် လောထျန်းက သူ့ဓားကို ဆွဲထုတ်ကာ ထိုသုံးယောက်အား ဓားဖြင့် သုံးချက် ခုတ်လိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ် ဓားစွမ်းအင်များ နေရာအနှံ့ လွင့်ပျံလာ၏။
ထိုဓားစွမ်းအင်ကြောင့် အစွမ်းထက်သော မိစ္ဆာနတ်ဆိုး သုံးကောင်မှာ အပိုင်းပိုင်း ပြတ်သွားကြတော့သည်။
သို့သော် ... တခဏအကြာတွင် ..
" ဟင် "
လောထျန်း မျက်မှောင်ကြုံ့လိုက်၏။
ထိုသုံးယောက်၏ ခန္ဓာကိုယ်များက မူလအတိုင်း ပြန်ဖြစ်သွားကြလေပြီ။
" ယုံတောင် မယုံနိုင်ဘူး ၊ ဒီကောင်တွေက တကယ် မသေကြဘူးပဲ "
လောထျန်း၏ မျက်လုံးထဲတွင် ရက်စက်မှု အရိပ်အရောင်အချို့ ဖျတ်ခနဲ လင်းလာ၏။
ထို့နောက် .. သူ့လက်ထဲမှ ဓားက ထိုမိစ္ဆာသုံးကောင်အား အဆက်မပြတ် တိုက်ခိုက်လိုက်ပြန်သည်။
မိစ္ဆာနတ်ဆိုး သုံးကောင်မှာ မသေမျိုး ဖြစ်သော်ငြား ဆက်တိုက်ဆိုသလို အသတ်ခံနေရပြီး ခန္ဓာကိုယ် အကောင်းတိုင်း ပြန်ဖြစ်လာသည်နှင့် နောက်တစ်ကြိမ် ချက်ချင်း အသတ်ခံလိုက်ရပြန်၏။
သူတို့မှာ ပြန်တိုက်ခိုက်ရန် မဆိုထားဘိ ၊ နေရာမှ ထွက်ပြေးရန်ပင် အခွင့်အရေး မရလိုက်ကြချေ။
နောက်ဆုံးတွင်မူ အကြိမ် သုံး၊လေးဆယ်မျှ ဆက်တိုက် အသတ်ခံရပြီးနောက် အရိုးစုမိစ္ဆာ၏ ခန္ဓာကိုယ်က ပထမဆုံး ပြိုကွဲသွားတော့သည်။
ဝုန်း ..
ထိုသို့ နောက်ဆုံးအကြိမ် ပြိုကွဲသွားပြီးနောက် ကျိုးကြေနေသော အရိုးများကြားမှ လူသားတစ်ယာက်ပုံရိပ် ထွက်ပေါ်လာသည်။
ထိုသူမှာ အစောက လောထျန်း တွေ့ခဲ့ရသည့် အမျိုးသမီးပင် ။
ထိုစဥ် ဓားကိုင်ထားသည့် မိစ္ဆာနတ်ဆိုးကလည်း ပြိုကွဲသွားပြီး သူ့ကိုယ်ထဲမှ ဆံပင်ရှည်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထွက်လာ၏။
နောက်ဆုံး မိစ္ဆာနတ်ဆိုး ပြိုကွဲသွားပြီးနောက်တွင်မူ အဘိုးအိုတစ်ယောက် ထွက်လာသည်။
" ဟင် "
လောထျန်းသည် အစပိုင်းတွင် ထိုသုံးယောက်ကို အသေသတ်ရန် စဥ်းစားလိုက်သော်လည်း ..
အဘိုးအိုကို မြင်လိုက်သည့်အချိန်တွင် သူ့လက် ရုတ်တရက် ရပ်သွား၏။
" ဘာဖြစ်လို့ ..ဒီလူက .. "
လောထျန်း အံ့သြတကြီး ပြောလိုက်သည်။
ထိုအဘိုးအိုမှာ အစောပိုင်းက သူ့ကို ဂူထဲ ခေါ်သွားခဲ့သည့် လူပင် ။
ထိုလူကြီးက မိစ္ဆာနတ်ဆိုး သုံးကောင်ထဲမှ တစ်ကောင် ဖြစ်နေခဲ့သည်လား ။
အဘယ့်ကြောင့် ထိုသို့ ဖြစ်နေပါသနည်း ။
ထို ဒဏ္ဍာရီကျော် မိစ္ဆာနတ်ဆိ သုံးကောင်က မရေမတွက်နိုင်သော အသက်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သည့် သွေးဆာနေသော သားရဲများ မဟုတ်ပါ လား ...
သို့သော် ထိုအဘိုးအိုမှာ လူကောင်းတစ်ယောက်နှင့် တူနေ၏။
ဘာတွေ ဖြစ်နေပါသနည်း ။
လောထျန်း စိတ်ထဲတွင် သံသယမကင်း ဖြစ်နေသည့်တိုင် ဆက်မတိုက်ခိုက်ဘဲ နေလိုက်သည်။
ထို့နောက် ထိုသုံးယောက်လုံးကို ခေါ်လာခဲ့လိုက်၏
ထိုအချိန်တွင် ထိုလူသုံးယောက်မှာ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေပြီး ဒဏ်ရာကြောင့် မေ့လဲကျနေကြသည်။
လောထျန်းက ခေါင်းယမ်းကာ သူတို့သုံးယောက်ကို ခေတ္တ လျစ်လျူရှူထားလိုက်သည်။ ထို့နောက် သူက ပုလင်းတစ်လုံးကို ထုတ်၍ စိတ်သောကအသက် များကို ကောက်နေလိုက်သည်။
သို့သော် အစောက တိုက်ပွဲ ပြီးသွားပြီးနောက် မြေမျက်နှာသွင်ပြင် ပြောင်းသွားခဲ့သည့်အတွက် ..
စိတ်သောကအသက် များကို ယူရန် ပို၍ ခက်ခဲသွား၏။
ဤတစ်ကြိမ်တွင် စိတ်သောကအသက်ကို လုံလုံလောက်လောက် စုမိရန် လောထျန်း နာရီပေါင်းများစွာပင် အချိန်ယူလိုက်ရသည်။
ထိုအချိန်တွင် ..
" အား..နာလိုက်တာ ။ ဘာတွေဖြစ်သွားတာလဲ "
မိစ္ဆာနတ်ဆိုး သုံးယောက်ထဲမှ သတ်လတ်ပိုင်းအရွယ် လူကြီးက ပထမဆုံး နိုးလာသည်။