← Chapters

ကျရှုံးသွားသော မသေမျိုး၏ အစွမ်းကို ဖိနှိပ်ခြင်း

Vol. 7 Ch. 96

ကျရှုံးသွားသော မသေမျိုး၏ အစွမ်းကို ဖိနှိပ်ခြင်း

Vol. 7 Ch. 96

" သခင်လေး ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို သတ်ပေးပါ "

ကျင့်ကြံသူ သုံးယောက် အနူးညွှတ် တောင်းဆိုလိုက်ကြပြန်သည်။

သူ့ရှေ့မှ လူသုံးယောက်ကို ကြည့်ကာ လောထျန်း မည်သို့လုပ်ရမည်မသိ ဖြစ်သွားသည်။

အကယ်၍သာထိုလူများက ရန်သူ ဆိုပါက သူ အလွယ်တကူပင် သတ်ပစ်မိမည် မလွဲချေ ။

သို့သော် ယခု သူ့ရှေ့မှ လူများ၏ အခြေအနေက သာမာန် ဟုတ်မနေပါ ။

သို့ဖြစ်ရာ ထိုသုံးယောက်ကိုသာ သတ်လိုက်ပါက သူ အပြစ်ရှိသကဲ့သို့ ခံစားနေရမည်ဖြစ်သည်။

" တခြားနည်း မရှိတော့ဘူးလားဗျာ "

လောထျန်းက မေးလိုက်သည်။

ယဲ့ထုံလင်းက အောင့်သက်သက်ပြုံး၍ ပြော၏။

" တခြားနည်းသာ ရှိရင် ကျုပ်တို့သုံးယောက်က ဒီနေရာမှာ ကိုယ့်ကိုကိုယ် ချုပ်နှောင်ထားပြီး နေ့တိုင်း သေဖို့ ဆုတောင်းနေပါ့မလားဗျာ ။ ကျုပ် သိသလောက်တော့ တခြားနည်း မရှိတော့ဘူး "

ဖုချင်းလျန်ကလည်း ဝင်ပြောသည် ။

" အမှန်ပဲ ၊ စိတ်မလွတ်ချင်ရင် ကျရှုံးသွားတဲ့ မသေမျိုးရဲ့ အစွမ်းကို သွေးနဲ့ ဆေးကြောပစ်မှ ရတယ် ။လူမသတ်ရင်ကျတော့လဲ အရူးတစ်ယောက်လို ဖြစ်သွားပြီး မြင်သမျှ သတ်ပြန်ရော ။ ကျွန်မတို့မှာ ရွေးစရာ လမ်းမရှိတော့ဘူး "

လောထျန်းက ထိုသုံးယောက်ကို ကြည့်နေရင်း ရုတ်တရက် အကြံတစ်ခု စဥ်းစားမိသွားပြီး ပြော၏။

" ဒါဆို ကျရှုံးသွားတဲ့ မသေမျိုးရဲ့ အစွမ်းကို သွေးနဲ့ လောလောဆယ် ဖိနှိပ်ထားလို့ ရတယ်ပေါ့ "

ထျန်းယီ ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ် ၊ ဒါပေမယ့် အဲ့စွမ်းအင်ကို ဖိနှိပ်ဖို့ လိုတဲ့သွေးက တော်တော်များတယ် "

လောထျန်းက လက်ကို ဆန့်ထုတ်ကာ သူ့လက်ချောင်းထိပ်ကို ရုတ်တရက် ကိုက်ဖောက်လိုက်သည်။

ချက်ချင်းပင် ရွှေရောင်သွေးတစ်စက် ကျလာ၏။

" ခင်ဗျားတို့ သုံးယောက်ထဲက ဘယ်သူအရင် စမ်းကြည့်ချင်လဲ "

လောထျန်းက မေးလိုက်သည်။

" ဟင် .. သခင်လေးက .. သခင်လေးရဲ့ သွေးကို .. "

၎င်းကို မြင်သောအခါ လောထျန်း မည်သို့ တွေးနေသည်ကို ယဲ့ထုံလင်း သဘောပေါက်သွားသည်။

" သခင်လေး ၊ လက်လျှော့လိုက်ဖို့ပဲ ကျုပ်တော့ အကြံပေးချင်တယ် ။ ခုနက ပြောတဲ့အတိုင်းပဲ ၊ကျရှုံးသွားတဲ့ မသေမျိုးရဲ့ အစွမ်းကို ဖိနှိပ်ဖို့ဆိုရင် သွေးတစ်စက်တည်းနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး "

လောထျန်းက သူ့ကိုကြည့်ကာ ပြော၏။

" အရမ်း သေချာပေါက်ကြီးတော့ မပြောနဲ့ဦးလေ ။ အရင် စမ်းကြည့်လိုက်ပါဦးဗျ ။ ဒီနည်းနဲ့ အလုပ်မဖြစ်လို့ရှိရင် ကျုပ် ခင်ဗျားတို့ကို သတ်ပေးပါ့မယ် "

ယဲ့ထုံလင်း ခေတ္တမျှ စဥ်းစားပြီးနောက်မှသာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆိုလဲ စမ်းကြည့်ကြတာပေါ့ "

သူက ထိုသို့ပြောပြီးသည်နှင့် လောထျန်းလက်ထဲမှ သွေးစက်ကိုယူကာ ပါးစပ်ထဲထည့်၍ မျိုချလိုက်သည်။

နံဘေးမှ ကြည့်နေသည့် ဖုချင်းလျန်က ခြောက်ကပ်ကပ်ပြုံး၍ ပြော၏။

" သခင်လေး ၊ ဘာလို့ သွေးကို အလကားအဆုံးရှုံး ခံနေမှာလဲ ။ ဒီနည်းက အလုပ်ဖြစ်မှာ မဟုတ်ဘူး "

ကျန်းယီကမူ မည်သို့မှ မပြောဘဲ တိတ်တဆိတ်သာ ရှိနေသည် ။

ထိုအချိန်တွင် ...

" ဟင် .. "

ယဲ့ထုံလင်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ နဖူးမှ သွေးကြောများ ထောင်လာ၏။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်လာသည် ။

" ထပ်ဖြစ်ပြန်ပြီလား .. မြန်လိုက်တာ "

ထိုအခြင်းအရာကို မြင်သောအခါ ကျန်နှစ်ယောက် တုန်လှုပ်သွားကြသည်။

ကျရှုံးသွားသော မသေမျိုး၏ စိတ်ဝိဥာဥ်က အစောကလေးတင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ရာ နတ်ဆိုးအဖြစ် တဖန်ပြောင်းလဲရန် အချိန်အနည်းငယ် ကြာသင့်ပေသည် ။

သို့သော် ..ယခု ယဲ့ထုံလင်းက မည်သည့်အတွက်ကြောင့် အလွန်မြန်နေရသနည်း ။

" သခင်လေး လောထျန်း ၊ ကျွန်မတို့ရဲ့ အကိုကြီးကို မြန်မြန် သတ်လိုက်ပါ "

ဖုချင်းလျန် အံကြိတ်၍ ပြောလိုက်သည်။

သူမအမြင်တွင် သေဆုံးခြင်းကိုသာ သက်သာရာအဖြစ် တွေးထင်ထား၏။

သို့သော် လောထျန်းက နေရာမရွှေ့ဘဲ ယဲ့ထုံလင်းကို မထူးခြားဟန်ဖြင့်သာ ကြည့်နေလိုက်သည်။

" ယား..."

ယဲ့ထုံလင်း ရုတ်တရက် ခေါင်းမော့ကာ ကျယ်လောင်စွာ အော်လိုက်သည် ။ အသံလှိုင်းလုံးများ ကောင်းကင်ယံသို့ ထိုးတက်သွား၏။

သူ့ခန္ဓာကိုယ်တွင် အသက်စွမ်းအင်များဖြင့် ပြည့်နေသည့် မှိန်ဖျော့သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သူ့ခံစားချက်များမှာလည်း ယခင် နတ်ဆိုးအဖြစ် အပြောင်းခံထားရသည့် ခံစားချက်နှင့် လုံးဝ တူမနေတော့ပေ ။

ထိုစဥ် နံဘေးတွင် ရှိနေကြသည့် ဖုချင်းလျန်နှင့် ကျန်းယီတို့မှာလည်း ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိထားမိလိုက်ကြသည် ။

သူတို့နှစ်ယောက် ချက်ချင်း ထရပ်ကာ သူတို့၏ အကိုကြီးအား အံ့သြတကြီး ကြည့်လိုက်ကြသည် ။

အချိန်အတန် ကြာသွားပြီးနောက်တွင်မူ ယဲ့ထုံလင်း၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်း မှိန်သွားပြီး သူ့မျက်နှာ ရွှင်လန်းလာ၏။

" ဒါ ..တကယ်ကြီး ဖြစ်နေတာလား "

ယဲ့ထုံလင်းက သူ့လက်မောင်းသူ တအံ့တသြ ပြန်ငုံ့ကြည့်လိုက်သည်။

" အကိုကြီး ..ဘာဖြစ်လို့လဲ "

ကျန်နှစ်ယောက်ကလည်း သိချင်စိတ်ဖြင့် ကြည့်လိုက်ကြ၏။

ယဲ့ထုံလင်းက ခေါင်းမော့၍ ပြောလာသည်။

" ကျရှုံးသွားတဲ့ မသေမျိုးရဲ့ စိတ်ဝိဥာဥ်က ဖိနှိပ်ခံလိုက်ရပြီကွ "

" ဘယ်လို .. "

ကျန်နှစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့မှာ ကိုယ့်နားကိုယ်ပင် မယုံနိုင်ကြပါချေ ။

ယခင်က သူတို့ သွေးများစွာ သုံး၍ ကြိုးစားခဲ့ကြသော်လည်း စိတ်ဝိဥာဥ်၏ တစ်စိတ်တစ်ပိုင်းကို ခဏတာမျှသာ ဖိနှိပ်နိုင်ခဲ့၏။

သို့သော် ယခု ယဲ့ထုံလင်း၏ ကိုယ်မှ စိတ်ဝိဥာဥ်ကို သွေးတစ်စက်တည်းဖြင့် ဖိနှိပ်နိုင်ခဲ့သည်လား ။

" အင်း .. ဒီကျရှုံးသွားတဲ့ မသေမျိုးရဲ့ စိတ်ဝိဥာဥ်က အတွင်းထဲမှာ ကိန်းအောင်းနေတာဆိုတော့ လုံးဝ ပျောက်ကွယ်သွားတာတော့ မဟုတ်သေးဘူး ။ ဒါပေမယ့် လက်ရှိ ဖိနှိပ်အစွမ်းနဲ့ဆိုရင် အနည်းဆုံး နောက်တစ်နှစ်လောက်တော့ ထပ်ပေါ်လာနိုင်တော့မှာမဟုတ်ဘူး "

ယဲ့ထုံလင်းက တအံ့တသြ ပြောလိုက်သည်။

" တစ်နှစ်တောင်မှ .. "

ထိုစကားကို ကြားသော ကျန်နှစ်ယောက်မှာလည်း အလွန်စိတ်လှုပ်ရှားသွားကြ၏။

တစ်နှစ်အထိ စိတ်မလွတ်ဘဲ နေနိုင်ခြင်းကပင် သူတို့အတွက် အလွန်တန်ဖိုးကြီးသော အရာတစ်ခု ဖြစ်နေလေပြီ ။

" ခဏ နေဦး ..ငါ ထင်တာတော့ ..အဆင်ပြေမယ်နဲ့ တူတယ်ကွ "

ထိုအချိန်တွင် ယဲ့ထုံလင်းက မျက်လုံးများ မှိတ်လိုက်သည် ။

ထို့နောက်တွင်မူ ..

ဘုန်း ..

ယဲ့ထုံလင်း၏ ခန္ဓာကိုယ် ရုတ်တရက် ပြောင်းသွားပြီး ချော်ရည်နတ်ဆိုးအဖြစ် ပြောင်းသွားပြန်၏။

" ဟင် ..ခုနကပြောတော့ ဖိနှိပ်ခံလိုက်ရပြီဆို .."

" အလုပ်မဖြစ်ဘူးနဲ့ တူတယ် "

ထိုအခြင်းရာကို မြင်သောအခါ ကျန်နှစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည် ။

သို့သော် ချော်ရည်နတ်ဆိုးက လက်ကို ဝေ့ယမ်း၍ ပြောလာ၏။

" မစိုးရိမ်ကြပါနဲ့ကွ ၊ ငါပါ "

" ဟင်..ဒီလိုပုံနဲ့တောင် စိတ်မလွတ်ဘဲ နေနိုင်တယ်လား "

ဖုချင်းလျန် မယုံနိုင်စွာ ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။

ကိုယ်တိုင် အကြိမ်ပေါင်း မရေမတွက်အောင် နတ်ဆိုးအဖြစ် အပြောင်းခံခဲ့ရသည့် အတွက် ထိုခံစားချက်က မည်သို့ရှိမည်ကို သူမ ကောင်းကောင်းကြီး သိပါသည် ။

သူတို့ နတ်ဆိုးအဖြစ် ပြောင်းသွားတိုင်း အသိစိတ် လုံးဝမရှိတော့ဘဲသွေးဆာနေသည့် သားရဲများအဖြစ် ပြောင်းသွားခဲ့ကြရသည် မဟုတ်ပါလား ။

သို့သော် ယခု ယဲ့ထုံလင်း၏ ခန္ဓာကိုယ်က နတ်ဆိုးအဖြစ် ပြောင်းသွားသည့်တိုင် သူ့အစွမ်း လျော့မသွားသလို အသိစိတ်လဲ ဆက်ရှိနေသေး၏။

သူမ နားမလည်နိုင်တော့ပါချေ ။

ကျရှုံးသွားသော မသေမျိုး၏ စိတ်စွမ်းအင်က အကူအညီပင် ဖြစ်လာသည်လား ..

ထိုစဥ် ယဲ့ထုံလင်းက လူသားပုံအဖြစ် ပြန်ပြောင်းလိုက်သည်။

" အင်း ..အခုတော့ ကျရှုံးသွားတဲ့ မသေမျိုးရဲ့ အစွမ်းကို ထိန်းချုပ်နိုင်သွားပြီကွ ။ ဒါပေမယ့် နတ်ဆိုးပုံအဖြစ် ပြောင်းနေတဲ့အချိန်ဆိုရင်တော့ သွေးကို သုံးတဲ့နှုန်းက နှစ်ဆ ဖြစ်သွားတယ် ။နတ်ဆိုးအဖြစ်နဲ့ ဆက်နေသွားရင်တော့ အလွန်ဆုံး နှစ်ဝက်လောက်အထိပဲ ဖိနှိပ်ထားနိုင်မယ်နဲ့တူတယ် "

ယဲ့ထုံလင်းက သုံးသပ်လိုက်သည်။

သူသည် အစီအမံ ပညာရပ်တွင် ဆရာတစ်ဆူဖြစ်ပြီး အတွက်အချက်လည်း ကျွမ်းကျင်သဖြင့်   အခြေအနေကို ကြည့်ပြီး ခန့်မှန်းချက် ထုတ်ရာတွင် လုံးဝ မမှားတတ်ပေ ။

ထိုစကားကို ကြားသောအခါ ကျန်နှစ်ယောက် အံ့သြတုန်လှုပ်သွားကြပြန်၏။

ယခုကဲ့သို့ လုပ်နိုင်သည်မှာ အမှန်တကယ် အံ့သြစရာ ကောင်းလှပေသည်။

လောထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

" ကျုပ် မှန်းထားတဲ့အတိုင်းပဲ ၊ ခင်ဗျားကိုယ်ထဲက စိတ်စွမ်းအင်ကို ဖိနှိပ်လို့ရတယ်ဗျ ။ အစောပိုင်းက ခင်ဗျားတွေ့ခဲ့တဲ့ သွေးတွေက အစွမ်းနိမ့်နေလို့သာ မရတာ ။ အခု  ကျုပ်ရဲ့ လက်ရှိ သွေးတစ်စက်ကတောင် တစ်နှစ်အထိ ဖိနှိပ်ထားနိုင်တယ်ဆိုတော့ နောက် ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်ပြီး အစွမ်းပိုထက်လာရင် ဖိနှိပ်ထားနိုင်တဲ့ အချိန်ကလဲ ပိုကြာလာမှာပဲ "

" နောက်ဆုံးကျုပ် လုံလောက်အောင် အစွမ်းထက်သွားတဲ့ အချိန်ကျရင် ဒီ ကျရှုံးသွားတဲ့ မသေမျိုး ပြဿနာကို အပြတ် ရှင်းပစ်လို့ ရသွားမှာ "

လောထျန်း၏ စကားကို နားထောင်ပြီးသွားသောအခါ သူတို့သုံးယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် ။ ထို့နောက် သူတို့အားလုံး လောထျန်းရှေ့တွင် တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြ၏။

" သခင်လေး ၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လုံးလုံး ကျုပ်တို့ ဘယ်လိုမှ ပြန်ကောင်းမလာနိုင်တော့ဘူးလို့ပဲ ထင်ထားခဲ့ကြတာ ။ ကျုပ်တို့မှာ နေ့တိုင်း ဆင်းရဲဒုက္ခအတိနဲ့ ဖြတ်သန်းခဲ့ကြရတာပါ ။ အခု သခင်လေးက ကျုပ်တို့သုံးယောက်ကို မျှော်လင့်ချက် ပြန်ပေးလိုက်တာပါပဲ ။ သခင်လေးကတော့ မသိနိုင်ပေမယ့် မျှော်လင့်ချက်ဆိုတဲ့ စကားလုံးက ကျုပ်တို့သုံးယောက်အတွက်တော့ အင်မတန် အဖိုးတန်တဲ့ စကားလုံးပါ "

" သခင်လေးက ကျုပ်တို့သုံးယောက်ရဲ့ အသက်တွေကို ကယ်တင်ပေးလိုက်တာပါဗျာ ။ ဒီနေ့ကစပြီးတော့ ကျုပ်တို့အားလုံး သခင်လေးကို သခင်အဖြစ် မှတ်ယူပြီး ခစားပါရစေ ။ ဘယ်လိုကိစ္စမျိုးပဲ ရှိလာရှိလာ ကျုပ်တို့တွေ သခင်လေးကို အသက်ပေးပြီး ကာကွယ်ပါ့မယ် "

ထိုသို့ ပြောပြီးသည်နှင့် သူတို့သုံးယောက်လုံး လောထျန်းအား သုံးကြိမ်တိုင်တိုင် ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။

ထိုအခြင်းအရာကို မြင်သောအခါ လောထျန်းက သူတို့သုံးယောက်အား ချက်ချင်း မတ်တပ်ပြန်ရပ်ခိုင်းလိုက်ပြီး ကျန်နှစ်ယောက်ကို သွေးတစ်စက်စီ ပေးလိုက်သည်။

" ဒါဆို ကျုပ်လဲ မငြင်းတော့ပါဘူးဗျာ ။ ခင်ဗျားတို့သုံးယောက်ကို ကျုပ်တို့ လော မိသားစုရဲ့ အစောင့်အရှောက်တွေအဖြစ် တာဝန် ပေးပါရစေ "

သူ့ရှေ့မှ နတ်ဆိုးသုံးယောက်၏ အစွမ်းက မည်မျှကြီးမားသည်ကို လောထျန်း သိထားပြီးဖြစ်သည်။

ထိုသုံးယောက်သာ ပျောင်ပိုင်မြို့ကို စောင့်ကြပ်ပါက အိမ်နီးချင်းနိုင်ငံများမှ ကျူးကျော် တိုက်ခိုက်လာလျှင်ပင် လောမိသားစုအား နည်းနည်းလေးမှ အန္တရာယ်ပြုနိုင်ကြတော့မည် မဟုတ်ပေ ။

" ကျေးဇူးတင်ပါတယ် သခင်လေး "

ဖုချင်းလျန်နှင့် ကျန်းယီတို့ နှစ်ဦးက လောထျန်း၏ သွေးကို မြိုကာ သူတို့၏ ခန္ဓာကိုယ်အား သန့်စင်လိုက်ကြသည်။

ထို့နောက်တွင်မူ သူတို့သည်လည်း ယဲ့ထုံလင်းကဲ့သို့ပင် ကျရှုံးသွားသော မသေမျိုး၏ စိတ်စွမ်းအင်ကို ဖိနှိပ်နိုင်သွားပြီး ရူးသွပ်ခြင်းမရှိဘဲ နတ်ဆိုးအဖြစ် အချိန်မရွေး ပြောင်းလဲနိုင်သွား၏။

အားလုံး ပြီးသွားသောအခါ လောထျန်းက လက်ခုပ်တစ်ချက်တီး၍ ပြောလိုက်သည်။

" ကဲ .. အခု အားလုံးလဲ အဆင်ပြေသွားပြီဆိုတော့ ဧကရာဇ်ကြီးကို ကူမိသားစုဆီ ပြန်ခေါ်သွားကြတာပေါ့ဗျာ "

All Chapters