← Chapters

ထျန်းရှန့် သိုင်းပြိုင်ပွဲ

Vol. 7 Ch. 97

ထျန်းရှန့် သိုင်းပြိုင်ပွဲ

Vol. 7 Ch. 97

ထို့နောက်တွင်မူ ဧကရာဇ်ကြီး ရှိနေသော ဂူဆီသို့ သူတို့အားလုံး ရောက်သွားကြပြီး သတိမေ့နေသည့် ဧကရာဇ်ကို ပုခုံးပေါ်တင်ကာ ထွက်လာခဲ့ကြသည် ။

ထိုနေရာတစ်ခုလုံးကို ချုပ်နှောင်ထားသည့် အချုပ်အနှောင် အစီအမံအား ယဲ့ထုံလင်းကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင် ။

၎င်းကို ဖန်တီးခဲ့စဥ်က အပြင်သို့ ထွက်မသွားဘဲ ဤနေရာတွင်သာ အမြဲနေရန် သူတို့ စဥ်းစားခဲ့ကြ၏။

သို့သော် ယခု အန္တရာယ်အား ခေတ္တ ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ သူတို့ ဆက်နေရန် မလိုတော့ချေ ။

ယဲ့ထုံလင်း၏ အကူအညီဖြင့် အချုပ်အနှောင်က လျင်မြန်စွာ ပွင့်သွားသည်။

ထိုစဥ် တော်ဝင်သင်္ချိုင်းဂူ အတု ၏ အပြင်၌ ...

ကူယွိနင်သည် နန်းတော်ထဲသို့ မပြန်ဘဲ လောထျန်းနှင့် လမ်းခွဲခဲ့ကြသည့် နေရာတွင်သာ စိုးရိမ်တကြီး စောင့်နေ၏။

" နေ့တစ်ဝက်တောင်ရှိသွားပြီ ။ သခင်လေး လောထျန်း ဘယ်လိုဖြစ်နေပြီလဲ မသိဘူး ..ငါ့ အဖေရော .. "

ကူယွိနင်က နှစ်ပေါင်းများစွာ ပျောက်နေခဲ့သည့် သူမအဖေအကြောင်း စဥ်းစားမိလိုက်သည်။ ထို့နောက် ဒဏ္ဍာရီကျော်  မိစ္ဆာနတ်ဆိုး သုံးယောက်အကြောင်းကိုလည်း ဆက်စဥ်းစားမိသွားကာ စိုးရိမ်စိတ်များ ပိုတိုးလာသည် ။

" သခင်လေးလောထျန်းကို ငါ ပေးမဝင်ခဲ့သင့်ဘူး .. သူ ပြန်မထွက်လာနိုင် ဘယ်လိုလုပ်မလဲ .. "

ကူယွိနင် နောင်တရသွား၏။

ထိုအချိန်မှာပင် ...

ဝီ ..

သူမရှေ့ရှိ လေထုက ရုတ်တရက် ပြောင်းလဲလာသည် ။

" ဟင် .. မဟုတ်မှလွဲရော .. "

ကူယွိနင် ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် ဖြစ်နိုင်ချေကို တွေးမိကာ အလွန်ပျော်ရွှင်သွား၏။

၎င်းမှာ အတွင်းဘက်မှ အချုပ်အနှောင်အစီအမံကို ဖွင့်လိုက်သည့် လက္ခဏာပင် ။

သူမ၏ အဖေမှလွဲ၍ အချုပ်အနှောင်ကို အတွင်းဘက်မှ ဖွင့်နိုင်သူ ရှိပါမည်လား ။

ထိုအချိန်တွင် လေထဲ၌ အက်ကွဲရာတစ်ခု ပေါ်လာပြီး လောထျန်းနှင့် နတ်ဆိုးသုံးယောက်တို့ လမ်းလျှောက်ထွက်လာကြသည်။

" သခင်လေး လောထျန်း .. အဖေ .. "

ကူယွိနင်၏ မျက်လုံးများ အရောင်လက်သွားကာ ကျန်းယီ၏ ပုခုံးပေါ်တွင် ထမ်းလာသည့် ဧကရာဇ်ကြီးအား ကြည့်လိုက်သည် ။

" အဖေ .. အဆင်ပြေရဲ့လား "

သတိမေ့နေသည့် သူမအဖေကို ကြည့်ကာ ကူယွိနင်တစ်ယောက် အလွန်စိုးရိမ်သွားပြီး မျက်နှာပင် ဖြူဖျော့သွား၏။

" စိတ်မပူပါနဲ့ ၊ ဧကရာဇ်ကြီးက အသက်ရှိနေသေးတယ်ဗျ ။ အရင်ဆုံး နန်းတော်ကို မြန်မြန်ပြန်ကြတာပေါ့ "

လောထျန်းက ပြောလိုက်သည်။

ကူယွိနင် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့အားလုံး ထွက်ခွာသွားကြ၏။

နတ်ဆိုးသုံးယောက်၏ အကူအညီဖြင့် သူတို့အားလုံး နန်းတော်ထဲသို့ အချိန်တိုအတွင်း ပြန်ရောက်သွားကြသည်။

အထဲသို့ ရောက်သွားသည်နှင့် ကူယွိနင်က အားလုံးကို အနားမကပ်ရန် အမိန့်ပေးပြီး ဧကရာဇ်ကြီးအား လျှို့ဝှက်အခန်းတစ်ခုမှ ကုတင်ပေါ်တွင် နေရာချလိုက်သည်။

လောထျန်းက သူ့လက်ထဲမှ စိတ်သောကအသက် ထည့်ထားသည့် ပုလင်း ကို ထုတ်လိုက်၏။

ထိုပစ္စည်းက ဒဏ်ရာများကို ကုသပေးရာတွင် အလွန်အစွမ်းထက်လှပေသည် ။

လောထျန်းက ပုလင်းထဲမှ စိတ်သောကအသက် တစ်ဝက်ခန့်ကို ထုတ်ယူကာ ဧကရာဇ်ကြီး၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည် ။

အစောပိုင်းက သေလုမျောပါး ဖြစ်နေခဲ့သော ဧကရာဇ်၏ ဒဏ်ရာများ  လျှင်မြန်စွာပင် သက်သာပျောက်ကင်းလာကြ၏။

သူ ချက်ချင်း ပြန်သတိမရလာသေးသည့်တိုင် အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့လေပြီ ။

ထို့အပြင် အချိန်တိုအတွင်း ပြန်သတိရလာမည်မှာ ယုံမှားဖွယ်မရှိပေ ။

ထိုအချိန်မှသာ ကူယွိနင်တစ်ယောက် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။

ထို့နောက် သူမက လာထျန်းအား ဦးညွှတ်အရိုအသေပေးကာ ပြော၏။

" ကျွန်မအဖေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးလောထျန်း ။ သခင်လေး အချုပ်အနှောင်ထဲကို ဝင်သွားပြီးကတည်းက ကျွန်မ နောင်တရနေခဲ့တာ ။ အထဲမှာ မြင်မြင်သမျှကို မျက်တောင်တချက်မခတ်ဘဲ သတ်ပစ်ကြတဲ့ မိစ္ဆာနတ်ဆိုး သုံးယောက် ရှိနေတော့ သခင်လေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်မ ကိုယ့်ကိုကိုယ် အပြစ်တင်လို့ ဆုံးမှာမဟုတ်ဘူး "

ထိုသို့ ပြောပြီးသည်နှင့် သူမ မျက်ရည်များ သုတ်လိုက်သည်။ ထို့နောက် လောထျန်းနောက်တွင် ရှိနေကြသည့် လူသုံးယောက်ကို ကြည့်ကာ သံသယဖြင့် မေး၏။

" ဒါနဲ့ ၊ ကျွန်မ မေးဖို့တောင် မေ့နေတာ ။ ဒီလူသုံးယောက်က ဘယ်သူတွေလဲ "

လောထျန်းက အနည်းငယ် ကြောင်အအဖြစ်သွားကာ ထိုသုံးယောက်ကို လှည့်ကြည့်လိုက်သည်။

" ခင်ဗျားတို့ကိုယ်တိုင်ပဲ မိတ်ဆက်လိုက်လို့ အဆင်ပြေမလား "

ဖုချင်းလျန်က ချောင်းဟန့်ကာ အားနာနေဟန်ဖြင့် ပြော၏။

" အရှင်မင်းသမီးလေး ၊ ကျွန်မတို့ သုံးယောက်က အစောက ပြောခဲ့တဲ့ မြင်သမျှကို မျက်တောင်မခတ်ဘဲ သတ်ခဲ့ကြတဲ့ မိစ္ဆာနတ်ဆိုးတွေပါ "

" အား .. ကယ်ကြပါ "

ထိုစကားကို ကြားသောအခါ ကူယွိနင် ကြောက်လွန်းသဖြင့် ထပင် ခုန်မိသွားသည်။

ဘာတွေ ဖြစ်နေပါသနည်း ။

ထိုလူများက ရှေးဟောင်းမှတ်တမ်းစာအုပ်များထဲတွင် ရေးထားသည့် မိစ္ဆာနတ်ဆိုး သုံးယောက်တဲ့လား ...

သူမတို့ ကူ မိသားစု၏ မှတ်တမ်းစာအုပ်များထဲတွင် ထိုနတ်ဆိုးသုံးယောက် ပေါ်လာစဥ်က ဆိုးရွားသော ဘေးအန္တာယ်များ ဖြစ်ပေါ်ခဲ့ပြီး ယဲ့ဖုန်းနိုင်ငံ တစ်ခုလုံး အန္တရာယ်တွင်းထဲ ကျလုနီးပါး ဖြစ်ခဲ့ရသည်ဟု ရေးထားခဲ့၏။

ယခု ထိုသုံးယောက်က အပြင်သို့ ပြန်ထွက်လာပြီဆိုလျှင် ...

သူမ လောထျန်းအား အလျင်စလို ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့ဗျာ ၊ ဖြစ်ကြောင်းကုန်စင်က ဒီလိုဗျ .. "

လောထျန်းက မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ နတ်ဆိုးသုံးယောက်၏ အတိတ်ဘဝအကြောင်းအပြင် ကျရှုံးသွားသော မသေမျိုး၏ အစွမ်းနှင့် ထိတွေ့ကာ မည်သို့ ဖြစ်သွားရသည့် ကိုပါ အကြမ်းဖျင်း ရှင်းပြလိုက်သည် ။

စကားဆုံးအောင် နားထောင်ပြီးမှသာ ကူယွိနင် သက်ပြင်းချနိုင်သွား၏။

သို့သော် လောထျန်းဆီမှ ကြားလိုက်ရသည့် သတင်းက သူမ ဆယ်စုနှစ်တစ်ခုကျော် သိထားခဲ့သည့် အကြောင်းအရာများနှင့် လုံးဝ ကွဲပြားနေသည့်အတွက် အနည်းငယ် တုန်လှုပ်နေဆဲပင် ။

လောထျန်း၏ ရှင်းပြချက်ကို ကြားပြီးသည့်တိုင် ထိုနတ်ဆိုးသုံးယောက်ကို မြင်သည်နှင့် သူမ၏ မသိစိတ်ထဲမှ ကြောက်နေဆဲဖြစ်သည်။

နတ်ဆိုးသုံးယောက်ကမူ ကူယွိနင်၏ ကြောက်ရွံ့မှုကို မည်သို့မှ စိတ်ထဲမထားဘဲ တည်တည်ငြိမ်ငြိမ်သာ ရှိနေကြ၏။

သူတို့သုံးယောက်သည် လူသားအဖြစ်သာမက နတ်ဆိုးများအဖြစ်နှင့်ပါ နှစ်ပေါင်းများစွာ နေလာခဲ့ရသည့်အတွက် အမြင်ကျယ်လာခဲ့ကြပြီး ထိုသို့သော ကိစ္စမျိုးကို စိတ်ထဲမှ ခံစားမနေတော့ချေ ။

" ဒါနဲ့ .. ကျုပ် မင်းသမီးလေးဆီက အကူအညီ တောင်းစရာ တစ်ခုတော့ရှိတယ် "

ထိုစဥ် လောထျန်းက ကူယွိနင်အား ရုတ်တရက် ပြောလိုက်သည်။

" သခင်လေး ဖြစ်ချင်တာ ဘာမဆို ပြောပါ "

ကူယွိနင် ပြန်ပြော၏။

" ကျုပ် ကျင့်ကြံခြင်းအတွက် လိုတဲ့ ပစ္စည်းတချို့ ရှိတယ် ။ ဒါပေမယ့် ဒီပစ္စည်းတွေက ပျောင်ပိုင်မြို့မှာ မရှိဘူးဗျ ။ မင်းသမီးလေး တချက်လောက် ကြည့်ပေးပါဦး "

လောထျန်းက ပြောပြောဆိုဆို စာရင်းတစ်ခုကို လှမ်းပေးလိုက်သည်။

ထိုစာရင်းတွင် ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် သူ လိုအပ်သော ပစ္စည်းများ အားလုံး ပါဝင်၏။

လောမိသားစုမှာ ထိုပစ္စည်းများကို မရှာနိုင်ကြသော်လည်း ..

နိုင်ငံတစ်ခု၏ မင်းသမီးတစ်ပါးဖြစ်သော ကူယွိနင်အနေဖြင့် လူအင်အားသုံးကာ အခြားမိသားစုများ မရနိုင်သည့် သတင်းအချက်လက်များကို ရနိုင်သည် မဟုတ်ပါလား ။

လောထျန်ူ ထင်ထားသည့်အတိုင်းပင် ကူယွိနင်က နေ့တစ်ဝက်အတွင်း သူ့ဆီသိူ့ ပစ္စည်းများနှင့် ပြန်ရောက်လာ၏။

" သခင်လေး ၊စာရင်းထဲက ပစ္စည်းတော်တော်များများကတော့ မြို့တော်ထဲမှာ ရှိတယ်ရှင့် ။ ဒါပေမယ့် ကျွန်မတို့ ယဲ့ဖုန်းနိုင်ငံ တစ်ခုလုံးမှာတောင် မရှိတဲ့ ပစ္စည်း ၂ မျိုးတော့ရှိတယ် "

ကူယွိနင်က ပြောလိုက်သည်။

" ဟုတ်လား ..ဘယ်ဟာတွေလဲ "

လောထျန်း မေးလိုက်သည်။

ကူယွိနင်က စာရင်းစာရွက်ကို လက်ညိုးဖြင့် ညွှန်ပြကာ ပြော၏။

" တစ်ခုက သွေးနီစိတ်ဝိဥာဥ် ပုလဲလုံး ၊ နောက်တစ်ခုက အဝါရောင် ရေပူစမ်းက ရေပြာ "

လောထျန်း မျက်မှောင်ကြုံ့သွားသည် ။

" ဒါဆို ဒီပစ္စည်း ၂ ခုကို ဘယ်မှာ ရှာလို့ရတယ်ဆိုတာရော မင်းသမီးလေး သိမလား "

ကူယွိနင်က ခေါငညိတ်ပြလိုက်သည်။

" ကျွန်မ သိတယ်ရှင့် ။ သွေးနီစိတ်ဝိဥာဥ် ပုလဲလုံးက ထျန်းရှန့် နိုင်ငံမှာ တွေ့နိုင်တယ် ။ အရေအတွက် နည်းတယ် ဆိုပေမယ့် သူတို့ဆီမှာ နှစ်တိုင်း နည်းနည်းစီ တွေ့ရတယ်လို့ ပြောတယ် ။ ကျွန်မရဲ့ ဝန်ထမ်းတစ်ယောက်ကို စုံစမ်းခိုင်းကြည့်တော့ သူတို့နိုင်ငံမှာ နှစ်စဥ်ကျင်းပတဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အနိုင်ရတဲ့သူကို ပေးတဲ့ဆုက သွေးနီစိတ်ဝိဥာဥ်ပုလဲ ပါတယ်တဲ့ "

" ထျန်းရှန့် သိုင်းပြိုင်ပွဲ ..ဟုတ်လား ၊ အဲ့ဒါ ဘာကြီးလဲ "

လောထျန်း မေးလိုက်သည်။

ကူယွိနင်က ရှင်းပြ၏။

" အဲ့ဒါက ထျန်းရှန့်နိုင်ငံမှာ ကျင်းပတဲ့ သိုင်းပညာရပ်တွေကို ယှဥ်ပြိုင်ကြတဲ့ ပွဲတစ်ခုပဲရှင့် ။  အနီးနား နိုင်ငံတွေကလဲ အဲ့ပွဲကို လာပြီး ဝင်ပြိုင်တတ်ကြတယ် ။ အဲ့ပွဲမှာ အနိုင်ရတဲ့သူက ဆုကြေးငွေတွေ အများကြီး ရတဲ့အပြင် ဆုမီ တောင်ကိုပါ ဝင်ခွင့် ရကြတယ် "

" ဆုမီ တောင် .. ဟုတ်လား "

လောထျန်း ရေရွတ်လိုက်သည်။

ကူယွိနင်က ဆက်ရှင်းပြ၏။

" ဆုမီတောင်က ဖုန့်လင်းဒေသကြီး တစ်ခုလုံးမှာ အကြီးကျယ်ဆုံး လျှို့ဝှက်ဒေသ သုံးခုထဲက တစ်ခုပဲရှင့် ။ နှစ်စဥ် လျှို့ဝှက်ဒေသဖွင့်တဲ့အချိန်တိုင်း ဖုန့်လင်းဒေသတစ်ခုလုံးက အစွမ်းထက် ကျင့်ကြံသူတွေ အများကြီး လာကြတယ် ။ မြောက်ပိုင်းနယ်က သူတွေ တော်တော်များများတောင်  လာတတ်ကြတယ်ရှင့် "

" ဆုမီတောင်ကို သွားရင် ရမယ့် အကျိုးကျေးဇူးတွေကလဲ တကယ်အံ့မခန်းပဲ ။ ကျွန်မတို့ ယဲ့ဖုန်းနိုင်ငံက လျှို့ဝှက်ဒေသတွေ အားလုံးပေါင်းရင်တောင် ဆုမီတောင်ရဲ့ အပုံတစ်ထောင်မှာ တစ်ပုံစာတောင် ရှိမှာ မဟုတ်ဘူး ။ပြီးတော့ သခင်လေး လိုတဲ့ အဝါရောင်ရေပူစမ်းက ရေပြာကလဲ ဆုမီတောင်မှာ ရှိတယ် "

လောထျန်း အံ့အားသင့်သွားရသည်။

" အဲ့လောက်တောင် အစွမ်းထက်တာလား ။ ဒါဆို ထျန်းရှန့်သိုင်းပြိုင်ပွဲကို ကျုပ်တို့ ယဲ့ဖုန်းနိုင်ငံက ဘယ်သူ ဝင်ပြိုင်မှာလဲ "

ထိုမေးခွန်းကြောင့် ကူယွိနင် ချက်ချင်း မျက်နှာရဲသွားကာ ရှက်နေသည့်ပုံဖြင့် ပြော၏။

" လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ပြိုင်ပွဲဝင်ဖို့ ယဲ့ဖုန်းနိုင်ငံက လူတချို့ကို လွှတ်ခဲ့သေးတယ်ရှင့် ။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံက ပြိုင်ပွဲဝင်တွေက တစ်ပွဲလေးတောင် မနိုင်ခဲ့ကြဘူး ။ သွားတဲ့အချိန် အများစုမှာလည်း ကျွန်မတို့လူတွေ ပြိုင်ပွဲကွင်းထဲမှာပဲ သေခဲ့ကြရတာ များတယ်ရှင့် ။အသက်ရှင်ရက် ပြန်လာတဲ့ သူတွေကောင် ဒုက္ခိတ ဖြစ်ပြီးပြန်လာကြတာ "

" ဒါ့ကြောင့်မို့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတော့ ကျွန်မအဖေက နိုင်ငံထဲက အင်အားကြီးအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ပြိုင်ပွဲကို လူထပ်မလွှတ်တော့ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ "

စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပြီ ။ ဒီလိုဆိုတော့လဲကျုပ်ကိုယ်တိုင် သွားရုံပေါ့ ။ ထျန်းရှန့်ပြိုင်ပွဲကို သွားဖို့ တခြား ဘာတွေ လိုသေးလဲ "

ကူယွိနင် ရုတ်တရက် ခေါင်းမော့၍ လောထျန်းအား ကြည့်လိုက်သည် ။

" သခင်လေးက ထျန်းရှန့် သိုင်းပြိုင်ပွဲကို ဝင်ပြိုင်မလို့လား "

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" ဒါပေါ့ဗျ ၊ ကျုပ် ဒီပစ္စည်း နှစ်ခုကို ရမှဖြစ်မှာ "

All Chapters