စိတ်စွမ်းအင်သွေးကြော အသွင်ပြောင်းခြင်း
Vol. 7 Ch. 98
ကူယွိနင်က ပျော်ရွှင်စွာ ပြန်ပြောသည် ။
" သခင်လေးသာ ထျန်းရှန့်သိုင်းပြိုင်ပွဲကို သွားပြိုင်ရင် သေချာပေါက် ပထမ ရမှာပဲ ။ အဲ့ကျရင် ကျွန်မတို့ ယဲ့ဖုန်းနိုင်ငံလည်း ဂုဏ်တက်သွားမှာ "
ထျန်းရှန့်ပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်များကြောင့် ယဲ့ဖုန်းနိုင်ငံမှာ အခြားအိမ်နီးချင်းနိုင်ငံများရှေ့တွင် မျက်နှာငယ်ခဲ့ရ၏ ။
ယခု လောထျန်းသာ ဝင်ပြိုင်မည် ဆိုပါက သူမတို့ တော်ဝင် ကူ မိသားစုအတွက်လည်း မျက်နှာရစရာ ဖြစ်သွားပေမည် ။
ထို့နောက် ကူယွိနင်က ရတနာတိုက်ထဲတွင် ဆယ်နှစ်ကျော်ကြာ သိမ်းထားခဲ့သည့် အဆောင်တစ်ခုကို ယူကာ လောထျန်းအား ပေးလိုက်သည် ။
" သခင်လေး ၊ ဒါက ထျန်းရှန့် သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လက်မှတ်ပဲ ။ ဒီနှစ်အတွက် ပြိုင်ပွဲရက်က နောက်လထဲမှာဆိုတော့ အဲ့ကျရင် သခင်လေး သွားပြိုင်လို့ရတယ် "
သူမက ပြောလိုက်သည် ။
လောထျန်းက သူမပေးသည့် အဆောင်ကဒ်ပြားကို ယူလိုက်၏။ ထို့နောက် နှုတ်ဆက်စကားဆိုကာ ဘုရင်ကျင်းဖန် ၊ နတ်ဆိုးသုံးယောက်တို့နှင့်အတူ လောမိသားစုသို့ ပြန်သွားကြသည် ။
သူ အိမ်မှ ထွက်လာခဲ့သည်မှာ ရက်အတန်ကြာသွားခဲ့ပြီ မဟုတ်ပါလား ။ ထို့အပြင် ထျန်းရှန့်သိုင်းပြိုင်ပွဲသို့ မသွားမှီ သူ အိမ်တွင် ပြင်ဆင်စရာများလည်း ရှိသေး၏။
သူတို့ ပျောင်ပိုင်မြို့အနီးသို့ ရောက်သောအခါ ယဲ့ထုံလင်းက မြို့ကို ကြည့်ကာ မျက်မှောင်ကြုံ့သွားသည်။
လောထျန်းက သူ့မျက်နှာထား ပြောင်းသွားသည်ကို မြင်ကာ မေးလိုက်သည် ။
" သခင်ကြီး ယဲ့ ၊ ဘာဖြစ်လို့လဲဗျ "
ယဲ့ထုံလင်းက ချက်ချင်း ပြန်ဖြေ၏ ။
" သခင်လေး ၊ ဒီမြို့က တောထဲတောင်ထဲမှာ ရောက်နေပြီးတော့ စိတ်စွမ်းအင်ကလဲ တော်တော်နည်းတယ်ဗျ ။ သာမာန်လူတွေအတွက် ဒီမှာနေတာက ပြဿနာမဟုတ်ပေမယ့် ပထမတန်းအဆင့် အင်အားကြီး အဖွဲ့တစ်ခုကို တည်ထောင်ဖို့ ဆိုရင်တော့ ဒီလောက်နဲ့ မလုံလောက်ဘူး "
" သခင်ကြီးယဲ့ ဘယ်လို စဥ်းစားထားလို့လဲ "
လောထျန်ူ မေးလိုက်သည်။
ယဲ့ထုံလင်းက ပြန်ဖြေ၏။
" သခင်လေး ၊ စိတ်စွမ်းအင်တွေ ပေါများတဲ့ နေရာကောင်းတစ်ခုကို ရှာပြီးတော့ မိသားစုအသစ် တည်ထောင်သင့်တယ် "
လောထျန်း ခေတ္တမျှ စဥ်းစားကာ ခေါင်းယမ်းလိုက်သည် ။
" ကျုပ် ငယ်ငယ်တည်းက နေလာတဲ့မြို့ကနေ ပြောင်းဖို့က မလွယ်ဘူးဗျ ။ ပြီးတော့ ကျုပ်က သွားဖို့ ဆန္ဒရှိရင်တောင် ကျုပ်ရဲ့ မိသားစုဝင်တွေက သွားစေချင်ကြမှာ မဟုတ်ဘူး "
ယဲ့ထုံလင်းက ထပ်ပြောလိုက်သည်။
" ဒါဆို ကျုပ်မှာ နောက်အစီအစဥ်တစ်ခု ရှိတယ် ။ ကျုပ်တို့တွေ ကမ္ဘာမြေကြီးထဲက စိတ်စွမ်းအင်သွေးကြောတွေကို ထုတ်ယူပြီးတော့ ဒီနေရာမှာပဲ ဂူတွေ ဖန်တီးပြီး စိတ်စွမ်းအင်တွေ ပေါများလာအောင် လုပ်လို့ရတယ် "
ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွားကာ မေး၏။
" အဲ့လို လုပ်လို့ ရတယ်လား "
ယဲ့ထုံလင်းက ပြုံး၍ ပြန်ပြောသည်။
" ရတာပေါ့ဗျာ ။ မဟုတ်ရင် နာမည်ကြီး မိသားစုတွေ ဂိုဏ်းတွေက လူတွေက နှစ်ပေါင်း ထောင်ချီကြာတဲ့အထိ စိတ်စွမ်းအင်တွေ လျော့မသွားအောင် ဘယ်ထိန်းထားနိုင်မှာလဲ ။ ဒီနည်းလမ်းကြောင့်သာ သူတို့ အဲ့လို လုပ်နိုင်ကြတာ "
" သခင်ကြီး ယဲ့ အဲ့ဒီနည်းကို သိလား "
လောထျန်း မေးလိုက်သည်။
သခင်ကြီးယဲ့ကာ ခေါင်းညိတ်ပြကာ ပြော၏။
" အမှန်တိုင်းပြောရရင် မြေကြီးထဲက စိတ်စွမ်းအင် သွေးကြောတွေကို ထုတ်ယူတာက ကျုပ် ထူးချွန်တဲ့ ပညာတစ်ခုပဲဗျ ။ ကျုပ် လက်တွေ့ ပြမယ် "
ယဲ့ထုံလင်းက ထိုသို့ ပြောကာ အောက်သို့ ပျံဆင်းလိုက်ပြီး လက်ကွက်အချို့ သုံး၍ အစီအမံများ ပြုလုပ်လိုက်သည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် စာတန်းများ ထွက်လာပြီး မြေကြီးထဲသို့ ဝင်သွား၏။
ဝီ ..
ခဏအကြာတွင်မူ တစ်ကိုယ်လုံး အဖြူရောင်အလင်းတန်းများ လွှမ်းခြုံနေသည့် သမင်ဖြူတစ်ကောင် ခပ်လှမ်းလှမ်း၌ ထွက်ပေါ်လာသည်။
သမင်ဖြူ၏ မျက်လုံးများက အလွန်စူးရှနေ၏။ ၎င်းက နေရာတွင် ခေတ္တမျှ နေနေပြီးနောက် ဆုံးဖြတ်ချက် ချပြီးသွားဟန်ဖြင့် သူတို့ ရှိရာသို့ အပြေးရောက်လာကာ ယဲ့ထုံလင်းနံဘေးတွင် နေလိုက်သည်။ ထို့နောက်တွင်မူ ၎င်းက တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွား၏။
သမင်ဖြူ ပျောက်ကွယ်သွားသည်နှင့် သူတို့ အနီးတဝိုက်ရှိ စိတ်စွမ်းအင်များ ရုတ်ချည်း တိုးလာကြသည် ။
ထိုအချိန်မှသာ ယဲ့ထုံလင်းက အစီအမံများ ဖော်ဆောင်ခြင်းကို ရပ်လိုက်သည်။ သူ့နဖူးပေါ်တွင် ချွေးစအချို့လည်း သီးနေ၏။
" သခင်ကြီး ယဲ့ ၊ ဘာတွေ ဖြစ်သွားတာလဲ "
လောထျန်း မေးလိုက်သည်။
ယဲ့ထုံလင်းက ပြုံး၍ ပြန်ဖြေသည်။
" စိတ်စွမ်းအင်သွေးကြောတွေက ကမ္ဘာမြေကြီးရဲ့ အသက်သွေးကြောတွေလိုပဲဗျ ။ စိတ်စွမ်းအင် သွေးကြော ကြီးလေလေ ၊အစွမ်းထက်တဲ့ စိတ်စွမ်းအင်တွေ များများပိုထုတ်နိုင်လေပဲ ။ စိတ်စွမ်းအင် သွေးကြောတစ်ခုက လုံလောက်အောင်သာ အစွမ်းထက်ရင် သတ္တဝါတစ်ကောင်အဖြစ် ပုံပြောင်းနိုင်သလို စိတ်စွမ်းအင် အသိဥာဏ်ကိုပါ ဖန်တီးနိုင်တယ် ။ ဒီလိုမျိုး စိတ်စွမ်းအင် သွေးကြောကို ဆွဲထုတ်ဖို့ ဆိုရင်တော့ ထူးခြားတဲ့နည်းကို သုံးလို့ရတယ်ဗျ ။ ဒီလိုမဟုတ်ရင်လဲ အစွမ်းချည်းသက်သက်ကိုပဲ သုံးပြီး ဆွဲထုတ်လို့လဲရတယ် "
" စောနက သခင်လေး တွေ့လိုက်ရတဲ့ သမင်ဖြူက ဒီနားပတ်ပတ်လည် မိုင်တစ်ထောင် အတွင်းမှာ ရှိတဲ့ အစွမ်းအထက်ဆုံး စိတ်စွမ်းအင် သွေးကြောပဲ ။ ကျုပ် သူ့ကို ပျောင်ပိုင်မြို့ထဲ သွားခိုင်းလိုက်ပြီ "
လောထျန်း အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။
" ဒါ .. တကယ်ကြီး ဖြစ်နိုင်တယ်ပေါ့ "
ယဲ့ထုံလင်းက ပြန်ဖြေ၏။
" ဒါပေါ့ဗျာ ။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက ယဲ့ဖုန်းနိုင်ငံထဲမှာ စိတ်စွမ်းအင် သွေးကြောတွေ တော်တော်ရှားတယ်ဗျ ။ ရှိတဲ့ထဲက အစွမ်းအထက်ဆုံးကတောင် တော်တော်လေး အဆင့်နိမ့်တယ် ။ ကျုပ်ကတော့ သခင်လေးတို့ မိသားစုလိုက် တခြားဆီ ပြောင်းဖို့ပဲ အကြံပေးချင်တယ် "
လောထျန်းက မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်။
" သခင်ကြီး ယဲ့ ၊ အစောက သုံးလိုက်တဲ့ စိတ်စွမ်းအင်သွေးကြော ထုတ်တဲ့နည်းကို ကျုပ်ကို သင်ပေးနိုင်မလား "
" ရတာပေါ့ သခင်လေးရဲ့ ။ ဒါပေမယ့် တစ်ခုရှိတာက ဒီနည်းကို ကြည့်ရင်သာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် အသုံးချဖို့ အဲ့လောင် မလွယ်ဘူးဗျ ။ အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိဖို့ လိုရုံတင်မကဘူး ၊စိတ်စွမ်းအင်တွေကို ကောင်းကောင်းကြီး ထိန်းချုပ်တတ်ဖို့လဲ လိုသေးတယ် "
ယဲ့ထုံလင်းက ထိုသို့ ပြောပြီးသည်နှင့် စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ လောထျန်းအား သိုင်းကျမ်းတစ်ခု ပေးလိုက်သည်။
" သခင်လေး ..ဒါဆို ကျုပ်တို့တွေ မြို့ထဲ ဝင်ကြတာပေါ့ "
ယဲ့ထုံလင်းက ပြောလိုက်သည်။
သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြောလာ၏။
" ခဏလေး နေဦးဗျ "
ယဲ့ထုံလင်း အံ့အားသင့်သွား၏။ ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။
" သခင်လေးက သိုင်းကျမ်းကို ပြီးအောင် ဖတ်ချင်လို့လား ။ သခင်လေး ၊ စိတ်မလောဘဲ သေချာအချိန်ယူဖို့တော့ ကျုပ် အကြံပေးချင်တယ် ။ ဒီ သိုင်းကျမ်းကို ကျုပ် ခက်ခက်ခဲခဲ ရထားတာဗျ ။ ဖုန့်လင်း ဒေသတစ်ခုလုံးမှာရှိတဲ့ စိတ်စွမ်းအင်သွေးကြော ထုတ်ယူတဲ့ ကျမ်းတွေထဲမှာတောင် ဒီသိုင်းကျမ်းက အကောင်းဆုံးပဲ "
သူ ဆက်ပြောရန် ပြင်လိုက်စဥ်မှာပင် လောထျန်းက မျက်လုံးများ မှိတ်ထားရာမှ ပြန်ဖွင့်လာသည်ကို မြင်လိုက်ရသည် ။
၎င်းကို မြင်သောအခါ လောထျန်း လက်လျှော့လိုက်ပြီဟု ထင်ကာ ယဲ့ထုံလင်း ပြုံးလိုက်သည်။
" စိတ်မလျှော့လိုက်ပါနဲ့ သခင်လေးရယ် ။ ဒီလိုအဆင့်မျိုးရှိတဲ့ သိုင်းကျမ်းကို လေ့ကျင့်ဖို့က အင်မတန် ခက်ခဲတယ်ဗျ ။ ကျုပ် ဒီ သိုင်းကျမ်းကို ရတုန်းကဆိုရင် ဖတ်ရုံပဲ ဖတ်ဖို့တောင် လဝက်လောက် အချိန်ယူလိုက်ရတယ် "
သူ လောထျန်းအား နှစ်သိမ့်လိုက်သည် ။
သို့သော် ထင်မှတ်မထားစွာပင် လောထျန်းက လက်ကွက်အချို့ ရုတ်တရက် ပြုလုပ်လိုက်၏။
" ဟင် .. ဒါ .. "
ယဲ့ထုံလင်း မှင်သက်ဆွံ့အသွားသည် ။
လောထျန်း သုံးလိုက်သည့် လက်ကွက်ကို သူ သိပါသည် ။ ၎င်းမှာ သိုင်းကျမ်းထဲတွင် ရေးထားသည့် လက်ကွက်ပင် ။
ထိုလက်ကွက်က ....
ဝီ ...
ထို့နောက်တွင်မူ လောထျန်းကိုယ်ပေါ်၌ စိတ်စွမ်းအင် စာတန်းများ ထွက်ပေါ်လာ၏။
ထိုစာတန်းများက အစောက ယဲ့ထုံလင်း ကိုယ်ပေါ်တွင် ပေါ်လာခဲ့သည့် မှုန်ဝါးဝါး စာတန်းများနှင့်လုံးဝ တူမနေချေ ။
လောထျန်းကိုယ်ပေါ်မှ စာများက ရှင်းလင်းပြတ်သားနေကာ စာလုံးတစ်လုံးစီတိုင်း ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည် ။
တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်း၌ ကျောက်စိမ်း ယုန်တစ်ကောင် ထွက်ပေါ်လာ၏။ ၎င်းက လောထျန်းဆီသို့ တဟုန်ထိုး ပြေးလာကာ လောထျန်း၏ ခြေထောက်များကို ပွတ်သပ်နေလိုက်သည်။ မြင်ကွင်းမှာ ကြည်နူးစရာပင် ကောင်းနေသေးတော့၏။
" ဒါ .. '
ထိုအခြင်းအရာကို မြင်သော ယဲ့ထုံလင်းမှာ အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူသည် လွန်ခဲ့သော နှစ်များအတွင်း စိတ်စွမ်းအင် သွေးကြောပေါင်း များစွာကို ထုတ်ယူဖူးသည့်အတွက် ထိုအရာများနှင့် မစိမ်းချေ ။
စိတ်စွမ်းအင်သွေးကြောသည် သတ္တဝါတစ်ကောင်အသွင် ပြောင်းပြီးက ထိုပုံရိပ်က မည်မျှ အားနည်းနေစေကာမူ မာန်အပြည့် ရှိတတ်ကြပြီး ထိုသို့ ပွတ်သီးပွတ်သပ် လုပ်လေ့မရှိပါ။
ယခု လောထျန်း ထုတ်ယူလိုက်သည့် စိတ်စွမ်းအင် သွေးကြောက ထူးခြားနေ၏။
ယဲ့ထုံလင်း ထိုသို့ စဥ်းစားမိကာ ကျောက်စိမ်းယုန်လေးကို ထိရန် လက်ဆန့်လိုက်သည်။
သို့သော် .. ကျောက်စိမ်းယုန်က သူ့အား အထင်သေးရွံရှာဟန်ဖြင့်ကြည့်ကာ ရှောင်လိုက်ပြီး တံတွေးပင် ထွေးလိုက်သေး၏။
ထို့နောက် ၎င်းက အခြားဘက်လှည့်၍ လောထျန်းခြေထောက်ကိုသာ ပွတ်သီးပွတ်သပ် ဆက်လုပ်နေလိုက်သည်။
" အင် .. "
ယဲ့ထုံလင်း ရှက်သွားသည် ။
တစ်ချိန်တည်းမှာပင် သူ အလွန်လည်း အံ့သြတုန်လှုပ်သွား၏။
ထိုစိတ်စွမ်းအင်သွေးကြောက လောထျန်းတစ်ယောက်တည်းကိုသာ ကြင်ကြင်နာနာ ဆက်ဆံသည်မှာ သံသယဖြစ်စရာ မလိုတော့ပါ ။
" အကိုကြီး .. ကြည့်လိုက်ဦး "
ထိုစဥ် ဖုချင်းလျန်က ရုတ်တရက် ပြောလိုက်သည်။
ယဲ့ထုံလင်းက သူမ ညွှန်ပြသည့်ဘက် ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းရှိ မြေကြီးပေါ်၌ အရွယ်အစားမျိုးစုံရှိသည့် ရာနှင့်ချီသော စိတ်စွမ်းအင် သွေးကြောများ ထွက်လာကာ အကောင်ငယ်လေးများအဖြစ် အသွင်ပြောင်းသွားကြသည်ကို မြင်လိုက်ရသည်။ ထို့နောက် ၎င်းတို့အားလုံး လောထျန်းဆီသို့ အပြေးရောက်လာကာ သူ့အား ပွတ်သပ်နေကြ၏။
ထို့စိတ်စွမ်းအင်သွေးကြော အကာင်ငယ်လေးများက လောထျန်းအနားတွင် နေချင်သည့်အတွက် သူတို့ချင်းပင် ရန်ဖြစ် နေရာလုနေကြသေးသည် ။
ထိုမြင်ကွင်းကို ကြည့်ကာ သူတို့အားလုံး ဆွံ့အသွားရသည် ။
" အကိုကြီး ၊ ဒီလိုမျိုး အရင်က တွေ့ဖူးလား "
ကျန်းယီက မေးလိုက်သည် ။
ယဲ့ထုံလင်း ခေါင်းယမ်းကာ ပြန်ပြော၏။
" မြင်ဖူးဖို့ မပြောနဲ့ ၊ ကြားတောင် မကြားဖူးဘူးကွ ။ သခင်လေးက တကယ့်ကို ထူးခြားတဲ့ သူတစ်ယောက်ပဲ ။ ငါတို့ မောင်နှမ သုံးယောက် သခင်ရွေးတာ မှန်သွားပြီပေါ့ကွာ "
ကျန်နှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ယဲ့ထုံလင်းက လောထျန်းနံဘေးမှ စိတ်စွမ်းအင်သွေးကြောများကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
" နှမျောစရာတစ်ခုကတော့ သူ ဆွဲထုတ်လိုက်တဲ့ စိတ်စွမ်းအင်သွေးကြောတွေ အားလုံးက အားနည်းကြတာပဲ "
ဖုချင်းလျန်က ဝင်ပြော၏။
" အားနည်းပေမယ့် အရေအတွက် များတာတော့ အားသာချက်ပဲပေါ့ ။ ဒီ စိတ်စွမ်းအင်သွေးကြောတွေ အားလုံးကိုသာ ပေါင်းလိုက်မယ်ဆိုရင် ရလာမယ့် စိတ်စွမ်းအင်က ဖုန့်လင်းဒေသက တတိယတန်းအဆင့် အဖွဲ့တွေနဲ့တော့ ယှဥ်လို့ရသွားပြီ မဟုတ်လား "
ယဲ့ထုံလင်း ခေါင်းညိတ်လိုက်သည် ။
" အဲ့လောက်နီးပါးတော့ ရှိသွားမှာ ။ဒါပေမယ့် နှမျောတော့ နှမျောစရာပေါ့ကွာ "
သို့သော် မိုင်ပေါင်း သိန်းချီ ဝေးသော နေရာရှိ နာမည်ကျော် တောင်များ ၊ မြစ်များကြားမှ အများက အထွတ်အမြတ်ထားသည့် တောင်ထိပ်တစ်ခုပေါ်တွင် ကြောက်မက်ဖွယ် စိတ်စွမ်းအင်နှင့် အစွမ်းထက်သူများစွာ လေထဲ၌ ရပ်နေသည်ကိုမူ သူတို့ မသိပါချေ ။
ထိုလူများ၏နောက်တွင် ရွှေရောင်နဂါးတစ်ကောင် ပေါ်လာပြီး တောင်တန်းများကြား ပျောက်ကွယ်သွား၏။
" ထိပ်တန်းအဆင့် စိတ်စွမ်းအင်သွေးကြော ဆိုတဲ့နာမည်နဲ့ လိုက်တယ်ကွ ၊ နဂါးအစစ်တစ်ကောင်အဖြစ်ကို ပုံပြောင်းသွားတာပဲ ။ ဒီလို စိတ်စွမ်းအင် သွေးကြောကိုသာ ငါတို့ လောယွီဂိုဏ်းကို ပို့လိုက်နိုင်ရင် ငါတို့ဂိုဏ်းက နောက်နှစ်သုံးထောင်လောက်အထိကို ဆက်ပြီးအောင်မြင်နေမှာပဲ "
အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။
" ဒီလို စိတ်စွမ်းအင် သွေးကြောကို ထိန်းချုပ်ဖို့ ခက်ခဲတာတော့ နှမျောစရာပေါ့ဗျာ ။ ကျုပ်တို့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ငွေအား ၊လူအားတွေ အများကြီးသုံးပြီး ကြိုးစားခဲ့တာတောင် ဒီစိတ်စွမ်းအင်သွေးကြောကို တောင်ဘက် မိုင်တစ်ရာလောက်အထိပဲ စေလွတ်နိုင်သေးတယ် ။ ဒါကိုသာ ခင်ဗျားတို့ လောယွိဂိုဏ်းထဲ သွားစေချင်ရင်တော့ နောက်နှစ်သုံးဆယ်လောက် ကြိုးစားရဦးမှာဗျ "
အခြားသူတစ်ယာက်က ပြော၏။
" နှစ်တွေ ဘယ်လောက်ကြာကြာ ကြိုးစားရပါစေဗျာ ၊ ဒီ ရွှေရောင်နဂါးကြီးကိုသာ လာယွီဂိုဏ်းကို ပို့နိုင်ရင် ကြိုးစားရတာ တန်တာပဲ "
အဘိုးအိုက ပြန်ပြောလိုက်သည်။
အခြားသူကလည်း ခေါင်းညိတ်၍ ထောက်ခံ၏ ။
သို့သော် ထိုစဥ် မြေပြင်တွင် ရှိနေသည့် ရွှေရောင်နဂါးကြီးက ရုတ်တရက် ခေါင်းမော့၍ အော်လိုက်ပြီးနောက် မြောက်ဘက်သို့ စူးရှစွာ ကြည့်လိုက်သည်။
စာစဉ်ပြီး၏