ဂီတသေတ္တာ (၄)
Vol. 2 Ch. 83
တုန်ယင်နေတာ ပျောက်သွားပြီးတဲ့နောက်မှာ ကျွန်မဘာသာ ကျွန်မထရပ်ပြီးတော့ ဟိုဖက်အိမ်ဆီ ပြန်သွားချင်ခဲ့ပေမဲ့ ကိုယ်တော်ချောက အတင့်ရဲရဲနဲ့ပဲ ကျွန်မကို လက်နှစ်ဖက်နဲ့ ခါးကနေပြီး စပွေ့ချီလိုက်တယ်။
“ရှင်... ရှင်ဘာလုပ်မလို့လဲ။” ကျွန်မလည်း ကြောက်လန့်ပြီး အော်လိုက်မိတာပေါ့။ သူကတော့ အေးတိအေးစက်နဲ့ ကျွန်မကို ငုံကြည့်ဘဲ မင်းသမီးလေးတစ်ပါးကို ချီသလိုမျိုး ချီထားရင်းကနေ ပြောလိုက်တယ်။
“မင်းမှာ ဖိနပ်မပါလာဘူး။ ခြံထဲမှာ ဆူးဆူးမိရင် ဘယ်လို လုပ်မလဲ။”
နောက်တော့ သူက ကျွန်မကို ချီပြီးတော့ ခြံဝင်းအပြင်က စထွက်တယ်။ အိုလီရာနာကတော့ ကျွန်မကို နောက်ကနေ တစ်လမ်းလုံး စနောက်ရင်းနဲ့ လိုက်လာတယ်။
“ဆယ်ဗီမရေ၊ ဝမ်းသာလွန်ပြီး သေမသွားနဲ့ဦးနော်။” သူသာ ကျွန်မကို ကျိန်စာတိုက်မထားရင် စိတ်ရှိလက်ရှိ ကိုင်ဆောင့် ပစ်လိုက်ပြီးပြီး တကယ်။
အိမ်ကိုပြန်ရောက်တော့ ကျွန်မတို့တွေ ဆွေးနွေးခန်း ဝင်ကြရ ပြန်ပါတယ်။ သူတို့အဆိုအရတော့ ကျွန်မတို့ နိုးမလာခင်ကတည်း အိမ်ကြီးမှာ မူမမှန်မှု ရှိမရှိဆိုပြီး လိုက်လံစစ်ဆေးခဲ့တယ် ဆိုပေမဲ့ရယ်လို့ ဘာမှမတွေ့ခဲ့ဘူးလို့ ဆိုပြန်တယ်။
“လောလောဆယ်တော့ ကျိန်စာက အသက်အန္တရာယ် မရှိသေးဘူးလို့ ဆိုရမှာပဲ။ ဒီရွာကနေ ထွက်မသွားချင်တာနဲ့ ညတိုင်းအဲဒီအိမ်ကြီးကို သွားပြီးတော့ ထူးဆန်းတာတွေ လျှောက်လုပ်နေရုံပဲ ရှိတာမဟုတ်လား။”
သူတို့က အခုလိုကောက်ချက်ချတယ်။ ကျွန်မက မနေ့ညက သိခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြလိုက်တယ်။ နက်ဆန်က စဥ်းစားရင်းနဲ့ပဲ အခုလိုမျိုး ပြန်ဖြေတယ်။
“ငါတို့သိရတဲ့ အချက်အလက်တွေအရဆိုရင် အဲဒီအိမ်ကို ဂျူးသူဌေးကြီးတစ်ယောက်က ပိုင်တာမှန်တယ်။ ဂရိနိုင်ငံက ဒုတိယကမ္ဘာစစ်မှာ အီတလီနဲ့ဂျာမဏီတို့ သိမ်းပိုက်တာ ခံခဲ့ရတာလဲ မှန်တယ်။ အဲဒီနောက်ပိုင်း ဂရိမှာရှိတဲ့ ဂျူးလူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဂျာမန်လက်ချက် မိသွားတယ်လို့ဆိုတယ်။”
ဒါကတော့ တကယ့်ကို စိတ်မကောင်းစရာပဲလို့ ဆိုရမလား။ ကျွန်မ ကိုယ့်ယူနီဖောင်းအနားစကိုကိုယ် ပြန်ပြီးတော့ ဆုပ်ကိုင်ထားခဲ့မိတယ်။ အေရီရယ်ဆိုတဲ့ ကောင်မလေး ငရဲခံသလို ကြုံခဲ့ရတဲ့အတွေ့အကြုံကို ကျွန်မ မှတ်မိနေပါသေးတယ်။
“ပြောရရင်တော့ မင်းအခုကြုံတွေ့နေတာတွေက အေရီရယ်နဲ့ ပါစီဗယ်ဆိုတဲ့ စစ်အတွင်းက ချစ်သူနှစ်ယောက် ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို အိပ်မက်လိုလို လက်တွေ့လိုလိုနဲ့ ခံစားနေရတာပဲ။ ဒီအတွေ့အကြုံရဲ့အဆုံးသတ်မှာ အဖြေတစ်ခုခုရှိလိမ့်မယ်လို့ ငါထင်တယ်။”
နက်ဆန်က ရရှိထားတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ ပြောလိုက်ပါတယ်။ ဘာတွေဆက်ဖြစ် လာမလဲဆိုတာ ကျွန်မ မသိတဲ့အတွက်ကြောင့် စိုးရိမ် နေမိတာတော့ အမှန်ပါပဲ။
“ဒါဆိုရင် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။”
“ဘာမှလုပ်စရာမလိုဘူး။ ဒီည မင်းအိပ်မက်မက်ပြီးတော့ ထလမ်းလျှောက်တာကို ငါတို့စောင့်ကြည့်မယ်။ မနေ့က လိုပဲပေါ့။ ဒါပေမဲ့ ဒီနေ့တော့ အဖြေတစ်ခုခု သိရမယ်လို့ ထင်တာပါပဲ။”
ကျွန်မ ကိုယ့်လက်တွေကိုကိုယ် ပြန်ပြီးတော့ ဆုပ်ကိုင်ထားခဲ့မိတယ်။ မနေ့ညက ခံစားခဲ့ရတဲ့ နာကျင်မှုက ရူးသွပ်လုမတတ်ပဲ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလိုအဖြစ်မျိုး ထပ်ပြီးမကြုံချင်တော့တာ အမှန်ပါ။
“ဆယ်ဗီ...” နက်ဆန်က ကျွန်မကို လေသံပျော့ပျော့နဲ့ ခေါ်လိုက်တယ်။ ပြီးတဲ့နောက် သူ့ရဲ့မှော်ဆရာသေတ္တာထဲက တဲရော့ကတ်တစ်ကတ်ကို ထုတ်ပေးပါတယ်။ ဘုရင်မတစ်ပါး ဂျုံစိုက်ခင်းတွေနောက်မှာ ထိုင်နေတဲ့ပုံဖြစ်ပြီး ခေါင်းပေါ်မှာ ကြယ်သရဖူဆောင်းထားတာ တွေ့ရတယ်။
“ဒါက ဧကရီတဲရော့ကတ်ပဲ။ မင်းကို အရေးကြုံလာရင် ကာကွယ်ပေးလိမ့်မယ်။”
ကျွန်မလည်း အဲဒီကတ်ကို ယူပြီးအိတ်ထဲမှာ ထည့်ထား လိုက်ပါတယ်။ အဲဒီနောက်တော့ တစ်နေကုန် ဘာမှ လုပ်စရာ မရှိတော့ဘူး။ နက်ဆန်ကတော့ စျေးထွက်ဝယ်ဦးမယ်ဆိုပြီး အိမ်ကနေ ထွက်သွားတယ်။ အိုလီရာနာနဲ့ကျွန်မပဲ အိမ်မှာ ကျန်နေရစ်တယ်။
တစ်နာရီခွဲလောက်ကြာတော့ နက်ဆန်က အထုတ်တွေ အပိုးတွေနဲ့ ပြန်ရောက်လာရော။ ပြီးတော့ သူ့ပုံစံက တော်တော်အိပ်ချင်နေပုံပဲ။ နာရီကို ကြည့်လိုက်တော့ ဆယ်နာရီထိုးနေပြီ။ သူ့အတွက်ဆိုရင် အိပ်ရမယ့်အချိန် ကျော်နေပြီလို့ ပြောရမှာပဲ။ ဒါနဲ့ ကျွန်မက မေးလိုက်တယ်။
“ရှင်မအိပ်တော့ဘူးလား။”
သူက ခေါင်းခါပြပြီး ကျွန်မကိုကြည့်ကာ ပြောတယ်။ “မင်း ဗိုက်မဆာဘူးလား။”
“....” ကျွန်မ ရှက်သွားတယ်။ တကယ်ပဲ၊ ဒီရွာမှာက စားဖို့ ထွက်ဝယ်စရာ ဘာဆိုင်မှရှိတာမဟုတ်ဘူးရယ်။ ပါလာတဲ့ စားစရာတွေကလည်း ကုန်သွားပြီ။
နက်ဆန်ကတော့ အိမ်ထဲမှာအသင့်ရှိနေတဲ့ ရှေးမီးသွေး မီးဖိုကြီးထဲကို ဝယ်လာတဲ့ မီးသွေးတုံးတွေ ပစ်ထည့်လိုက်ပြီး မီးစမွှေးတယ်။ အဲဲဒီနောက်တော့ ဟင်းအမယ်တွေကို ဖြန့်ခင်းပြီး ကြော်ဖို့လှော်ဖို့လုပ်တော့တာပဲ။
အမယ်၊ ဒီနေ့ကျ အမဲသားတွေဘာတွေဝယ်လို့ပါလား။ ပြီးတော့ ပါစတာအတောင့်လေးတွေနဲ့ ခြံထွက်ချေ့စ်ရောပဲ။ ပထမဆုံးအနေနဲ့ သူက ရေကိုဆူအောင်လို့ မီးဖိုပေါ်တင် လိုက်ပြီးတော့ ပါစတာအတောင့်တွေကို ထည့်လိုက်တယ်။ မီးတဲ့နောက် အမဲသားကို သေးသေးလေးတွေတုံး၊ မုန်လာဥ၊ ခရမ်းချဥ်သီးစတာတွေကိုလှီးတယ်။ အဲဒီနောက်ချေ့စ်နဲ့ တခြားဟင်းအမယ်တွေကိုပစ်ထည့်ပြီး ပျစ်ပျစ်လေး ဖြစ်သွားမယ့်အချိန်အထိ အိုးပေါ်မှာ ဆက်တည်ထားတော့တာပါပဲ။
“ကိုကိုသခင်က အိမ်ရှင်ထီးကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်လာပြီ။” အိုလီရာနာက မှတ်ချက် ချလိုက်တယ်။ ကျွန်မလည်း သူတို့နှစ်ယောက်ကို ကြည့်ရင်းနဲ့ မနေနိုင်ဘဲ ပြုံးလိုက်မိတော့တာပေါ့။ ဖော်ပြရ ခက်ခဲတဲ့ ပျော်ရွှင်မှုတစ်ခုက ကျွန်မရင်ထဲကို အစားထိုးဝင်ရောက် လာခဲ့ပါတယ်။
‘ဒါက မိသားစုဆိုတဲ့ ခံစားချက်မျိုးလား။' အရင်က ကျွန်မမှာ စစ်မှန်တဲ့ မိသားစုဆိုတာ မရှိခဲ့ဖူးဘူးလေ။ ဘုရားသခင်က အခုလိုကောင်းမွန်တဲ့ လူတွေနဲ့တွေ့ရဖို့အတွက် ကျွန်မကို ဖန်တီးပေးခဲ့ပုံပဲ။
...
စားပြီးတာနဲ့ နက်ဆန်က အိပ်ရာထဲ ထိုးအိပ်နေပြီ။ ကျွန်မက ရှေ့မှာရှိနေတဲ့ ပျော့ပြဲပြဲပါစတာပန်းကန်ကိုကြည့်ပြီးတော့ ငိုရခက် ရယ်ရခက် ဖြစ်နေတယ်။
“ရေအများကြီး ထည့်လိုက်မိတာလား။” ပါစတာဟင်းပွဲ ပျက်စီးသွားပြီးနောက် နက်ဆန်ရဲ့တုံ့ပြန်မှုက အလွန်ကို ရိုးရှင်းတယ်။ သူက အဲဒီတစ်ခွန်းပဲ ပြောလိုက်မိတာ။
အစကတော့ ကျွန်မက သူ့ကိုအိုးပေါ်မှာ ဆက်ပြီးတော့ ကြာကြာတင်ထားဖို့ အကြံပေးချင်ခဲ့ပေမဲ့ ရေက များလွန်းလို့ စားလို့ရတယ်ဆိုရုံလောက်လေး ဖြစ်သွားတဲ့အချိန်မှာ မုန်လာဥနဲ့အသားတွေက အရည်ပျော်စပြုနေပြီဖြစ်ပြီး ဆက်မီးဖိုပေါ်တင်ထားရင် စားမရပဲ ပစ်ရတော့မှာ။ အခုတောင်မှ ဆန်ပြုတ်နဲ့ နင်လားငါလားဖြစ်နေပြီ။ အသားတွေက အကျက်လွန်ပြီး ပါးစပ်ထဲရောက်တာနဲ့ ပျော်ကျသွားတယ်။ အရသာကလည်း ဘယ်လိုကြီးမှန်း မသိဘူး။ ညှီညှီကြီးနဲ့။ ကြည့်ရတာ အမဲသားကို ဘယ်လို ဟင်းခတ်အမွှေးအကြိုင်ထည့်ရမလဲ သူမသိသေးတဲ့ပုံပဲ။
“ထားပါတော့၊ သူက ယောက်ျားလေးပဲဟာ။ ဒုတိယ အကြိမ်မြောက် ချက်ဖို့ပြုတ်ဖို့လုပ်တဲ့အချိန် ပါစတာချက်ဖို့ ကြိုးစားတယ်ဆိုကတည်းက သတ္တိကို ချီးကျူးစရာပဲ။”
ကျွန်မကတော့ နက်ဆန်ကို တတ်နိုင်သမျှချီးကျူးရင်းနဲ့ ဆာလောင်နေတဲ့ဗိုက်ကို ဖြည့်ဖို့အတွက် အတင်းဖျစ်ညှစ်ပြီး စားတယ်။ အိုလီရာနာကတော့ ထောင့်တစ်ထောင့်မှာကပ်ပြီး ငိုနေပြီ...
“အေသင်ကို အရမ်းလွမ်းတာပဲ... အီးဟီးဟီး....”
မလိမ်ဘဲ အမှန်အတိုင်းပြောရရင် ကျွန်မလည်း အေသင်က အကင်ဆိုင်လေးကို လွမ်းမိသားရယ်။
...
ဘယ်လိုပဲ ညမရောက်ချင်ဘူးလို့ပြောပြောတယ်။ အချိန်ကို တားဆီးမရ ဆိုတဲ့အတိုင်းပဲ ညရောက်လာခဲ့ပါတယ်။ ကျွန်မက မှောင်မိုက်လာပြီဖြစ်တဲ့ အပြင်လောကကြီးကို ကြည့်နေရင်းနဲ့ ကြောက်လန့်လာမိတယ်။
အိပ်မပျော်ဘူးဆိုရင် အဲဒီလိုအိပ်မက် ဆက်မမက်တော့ဘူး တွေးမိတာနဲ့ ဖုန်းကိုကိုင်ပြီးတော့ ရုပ်ရှင်တွေကြည့်လိုက်၊ ဂိမ်းဆော့လိုက်၊ စာဖတ်လိုက်နဲ့ ဟိုလုပ်ဒီလုပ် လုပ်နေခဲ့တယ်။ ဒါကိုတောင်မှ အိပ်ချင်လာပြီဆိုရင် ထိုင်မနေတော့ဘဲ တစ်အိမ်လုံးကိုပတ်ပြီး လမ်းလျှောက် နေတော့တာ။
မနက်က တစ်မနက်လုံးအိပ်နေတဲ့ နက်ဆန်လည်း နိုးလာပြီ။ သူက အရူးမကြီးလို အိမ်ထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ ကျွန်မကိုတွေ့တော့ မေးပါတယ်။
“ဆယ်ဗီ၊ ဘာဖြစ်နေတာလဲ။”
ကျွန်မလည်း အမှန်အတိုင်းပြောလိုက်တာပေါ့။ “အိပ်မပျော်ရင် ကျိန်စာမသက်ရောက်တော့ဘူးလို့ ထင်လို့ပါ။”
သူက ကျွန်မကို ထိုင်ခုံပေါ်မှာ ထိုင်နေရင်းကနေပြီး ခေါင်းခါပြတယ်။ “ဆယ်ဗီ၊ ကျိန်စာတွေက....”
ရုတ်တရက် ကျွန်မနားထဲကနေ သီချင်းသံ ကြားလိုက်ရတဲ့ အတွက်ကြောင့် သူပြောမယ့်စကားကို ကျွန်မ နားမထောင် ဖြစ်ခဲ့ပါဘူး။
“ခနလေး၊ ရှင်အဲဒီသီချင်းသံကြားလား။” ကျွန်မ သူ့ကို မေးလိုက်ပေမဲ့ ကျွန်မမျက်စိရှေ့မှာပဲ မြူခိုးတွေက အိမ်ထဲ ဖုံးလွှမ်းသွားပြီး နက်ဆန်ကို မမြင်ရတော့ဘူး။ အိုလီရာနာ ကိုလည်းမတွေ့ရတော့ဘူး။
မနေ့ကလိုပဲ ကြောက်လွန်းလို့ အိမ်အပြင်မထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ ခြေထောက်တွေက အလိုလိုနေရင်း လှုပ်ရှားလာတယ်။ သီချင်းသံကို ကြားနေရလို့ အခုလို ထိန်းချုပ်ခံရတာလို့တွေးပြီး နားကိုပိတ်ထားဖို့ ကြိုးစားခဲ့ပေမဲ့ အချည်းအနှီးပါပဲ။
ကျွန်မ မသိလိုက်ရခင်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးက အိမ်အပြင်ကို ရောက်နေပြီဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးမှာ ကျွန်မတစ်ယောက်ပဲ ရှိနေတော့တယ်။
နောက်တော့ ကျွန်မခြေလှမ်းတွေက တဖြည်းဖြည်းနဲ့ စံအိမ်ကြီးဆီကို ဦးတည်သွားတယ်။ စံအိမ်ထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ကျွန်မမတွေ့ရဘူး။ အိမ်ကြီးက အကောင်းအတိုင်းလှပနေပေမဲ့ ဗလာကြီး ဖြစ်နေပါတယ်။ အရင်နှစ်ရက်က ကြုံခဲ့ရတာနဲ့ယှဥ်ရင် သိပ်ကို ကွာခြားနေတယ်။
ကျွန်မကိုယ်ကျွန်မ ငုံကြည့်လိုက်တော့ ခါတိုင်းလိုပဲ ပိုးသား ဂါဝန်ကို ဝတ်ဆင်ထားပြန်ပြီ။ စံအိမ်ထဲကို ဝင်လိုက်ပြီး ဧည့်ခန်းထဲကိုရောက်တော့ ဂီတသေတ္တာလေးကို ဖွင့်ပြီး လက်ကိုင်ကို လှည့်နေမိပါတယ်။
“အေရီရယ်... အေရီရယ်...” အပြင်ကနေပြီး တစ်ယောက်ယောက်က ကျွန်မနာမည်ကို လှမ်းခေါ်နေတဲ့ အသံ ကြားလိုက်ရတယ်။ ဒါကြောင့် ကျွန်မသေတ္တာလေးကို ချပြီး တံခါးသွားဖွင့်ပေးတော့ ထင်မှတ်မထားတဲ့ မြင်ကွင်းကို ကျွန်မ မြင်လိုက်ရတော့တာပါပဲ။
“ပါစီဗယ်... ရှင်... ရှင်တကယ်ပြန်လာတယ်။”
စစ်ယူနီဖောင်းကို သေသေသပ်သပ်ဝတ်ထားတဲ့ ကောင်လေးက ကျွန်မအိမ်ရှေ့မှာ ရပ်နေတယ်။ အရင်က မြင်ဖူးတဲ့ပုံစံထက် အများကြီးအသားညိုသွားပြီးတော့ လူကောင်နည်းနည်းကြီးလာပေမဲ့ ပါစီဗယ်မှ ပါစီဗယ် အစစ်ပါပဲ။
“စစ်ပွဲပြီးသွားပြီလေ။ ကတိအတိုင်း ကိုယ်ပြန်လာခဲ့ပြီ။”
ကျွန်မ ဝမ်းသာလွန်းလို့ အလိုလိုပြုံးလိုက်မိပါတယ်။ နောက်တော့ အိမ်ထဲမှာ သန့်ရှင်းရေးလုပ်နေကြတဲ့ အိမ်စေတချို့ လေထုထဲမှာတင် ရုတ်တရက်ရောက်လာပြီး ကျွန်မဆီကို ပြေးလာကြတယ်။
“ဂုဏ်ယူပါတယ် မမလေး။ အခုဆိုရင် မမလေး မင်္ဂလာ ဆောင်ရတော့မယ်။ လာလာ၊ အလှသွားပြင်ကြမယ်လေ။ ဧည့်သည်တွေ ရောက်လာတော့မယ်။”
မင်္ဂလာဆောင်ဂီတသံက စံအိမ်ထဲမှာ ပိုပြီးတော့ ကျယ်ကျယ် လောင်လောင်နဲ့ ပြန့်နှံလာတယ်။ ပါစီဗယ်ကတော့ ကျွန်မတို့ စံအိမ်ထဲကို လိုက်ဝင်လာပြီး ဗိုလ်ကြီးဦးထုပ်ကို စားပွဲပေါ် တင်ကာ ခုံတစ်ခုံမှာဝင်ထိုင်လိုက်တယ်။
“ကိုယ်ကတော့ ဒီမှာပဲ စောင့်နေတော့မယ်။”
မျက်နှာမပါတဲ့ အိမ်စေမလေးတွေက ကျွန်မကို ကျွန်မရဲ့ အခန်းထဲဆီခေါ်သွားပေးပြီး အဖြူရောင် မင်္ဂလာဆောင် ဂါဝန်ကို ဝတ်ပေးပါတယ်။ ကျွန်မကို မိတ်ကပ်ပြင်ပေးနေတဲ့ အိမ်စေလည်းရှိပြီး နောက်တစ်ယောက်ကတော့ လက်ထဲကို အဖြူရောင်ပန်းစည်းလေးတစ်ခု ထည့်ပေးလိုက်တယ်။
“မမလေးရေ၊ ဧည့်သည်တွေရောက်နေပြီတဲ့။ မြန်မြန်...”
ကျွန်မလည်း လောလောလောလောနဲ့ အောက်ထပ်ကို ပြန်ဆင်းလာတယ်။ ပါစီဗယ်က ကျွန်မလက်ကို လာတွဲတယ်။ အပြင်ကိုထွက်လိုက်တော့ အချိန်က ညပိုင်းမဟုတ်တော့ဘဲ နေ့ပိုင်းဖြစ်နေပြီ။
ဧည့်သည်တွေက နှစ်မျိုးနှစ်စားကွဲတယ်။ တစ်မျိုးက ကျွန်မသိပြီးသား မျက်နှာမပါတဲ့ အိမ်စေတွေနဲ့ အိမ်ဝန်ထမ်းတွေဖြစ်ပြီးတော့ တစ်မျိုးကတော့ မျက်နှာနေရာမှာ ပက်တီးတွေစည်းထားတဲ့ ဂရိစစ်သားတွေပါ။
သူတို့က ကျွန်မတို့နှစ်ယောက်ကို အလယ်မှာဝန်းရံထားပြီး ဘာသာရေးခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ လူကြီးကတော့ သိုးရေစက္ကူနဲ့လုပ်ထားတဲ့ စက္ကူချပ်တစ်ချပ်ကို ယူလာပြီး ကျွန်မတို့ရှေ့မှာ ဖြန့်ပြတယ်။
“ ရှေးထုံးအစဥ်အလာအရ သတို့သားနဲ့သတို့သမီးဟာ မျက်မြင်သက်သေတွေရှေ့မှာ ထာဝရပေါင်းစည်းမည့် အကြောင်း သစ္စာခံလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။”
ပါစီဗယ်ကလည်း ကျွန်မကို ကလောင်တံကမ်းပေးပြီး ပြုံးရင်းကနေ တိုက်တွန်းတယ်...
“မြန်မြန်လက်မှတ်ထိုးလိုက်တော့လေ၊ ပြီးရင် လက်စွပ် ဝတ်ပေးရဦးမယ်။”
ကျွန်မလည်း ပျော်ရွှင်နေတဲ့အတွက်ကြောင့် ကလောင်ကို ယူလိုက်ပြီးတော့ လက်မှတ်ထိုးဖို့လုပ်တယ်။ အဲဒီအချိန်မှာပဲ ကျွန်မရင်ဘတ်ကနေ ရုတ်တရက် မီးထတောက်တယ်။
ဖောက်...
ကျွန်မငုံကြည့်လိုက်တော့ မီးစွဲလောင်နေတဲ့ ဧကရီတဲရော့ ကတ်ပြားကို တွေ့လိုက်ပြီး အလန့်တကြားနဲ့ မြေပေါ်ကို ပစ်ချလိုက်မိတယ်။ ဒါပေမဲ့မီးက မင်္ဂလာဆောင်ဝတ်စုံကို စွဲသွားပြီဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်္ဂလာဆောင် ဝတ်စုံဟာ လုံးဝပြာကျသွားတယ်။ ထူးဆန်းတာက ကျွန်မရဲ့ သူနာပြုဝတ်စုံကျတော့ ဘာမှမဖြစ်တာပဲ။
ပါစီဗယ်က မျက်နှာပျက်သွားပြီး ဆန့်ကျင်ဘက် တစ်နေရာကို ကြည့်လိုက်တယ်။ အဲဒီဘက်ကနေ ရင်းနှီးနေပေမဲ့ မမှတ်မိတဲ့ လူတစ်ယောက်ရဲ့စကားသံကို ကျွန်မ ကြားလိုက်ရပါတယ်။
“အဲဒီစာချုပ်မှာ ယောင်လို့တောင် လက်မှတ်မထိုးမိစေနဲ့ ဆယ်ဗီ။”
ဆယ်ဗီတဲ့။ ဘယ်သူ့ကို ပြောတာလဲ။ ကျွန်မလိုက်ရှာမိတယ်။ ကျွန်မက အေရီရယ်ပါ။ ဆယ်ဗီမဟုတ်ဘူး။ ရုတ်တရက် ကျွန်မတို့ပတ်ဝန်းကျင်က အလင်းရောင်က မှေးမှိန်ပြီး ပျောက်ကွယ်သွားတော့မလို ခံစားလာရတယ်။ ဆန့်ကျင်ဘက်အရပ်မှာတော့ လူငယ်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရပ်နေပြီး လူငယ်လေးရဲ့ လက်ထဲမှာ အပြာရောင်မီးတောက် တောက်လောင်နေတဲ့ မီးအိမ်ကို ကိုင်ထားတာပါပဲ။
မီးအိမ်ကိုင်ထားတဲ့ လူငယ်ရဲ့အနားတစ်ဝိုက်က မြင်ကွင်းက ညဖြစ်သွားပြီး ပါစီဗယ်ရဲ့အနားတစ်ဝိုက်က မြင်ကွင်းက နေ့ဖြစ်နေတယ်။
“မင်္ဂလာဆောင်ကို မဖိတ်ဘဲရောက်လာတာ ရိုင်းတယ်လို့ မထင်ဘူးလား။” ပါစီဗယ်က အေးစိမ့်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်။ နက်ဆန်က ပြုံးလိုက်ပြီး...
“မင်းကို ငါဘာလို့ ရှာမတွေ့ဖြစ်နေတာလဲ ဆိုပြီးတော့ စဥ်းစားနေတာ။ မင်းက မြူတွေကိုတောင် ထိန်းချုပ်နိုင်တဲ့ တစ္ဆေနီတစ်ကောင် ဖြစ်နေပြီကိုး။”
တစ္ဆေနီ... ဘာတွေလဲ။ ကျွန်မ ပါစီဗယ်ကို ကြည့်လိုက်တယ်။ သူ့လည်ပင်းကနေ သွေးတွေအများကြီးစီးကျနေပြီးတော့ ယူနီဖောင်းတစ်ခုလုံး သွေးတွေနဲ့ရွဲနစ်နေတယ်။ ဒီတော့မှ ကျွန်မရဲ့ဖိနှိပ်ခံထားရတဲ့ အသိစိတ်က နည်းနည်းချင်းစီ ပြန်ရောက်လာတယ်။
“နက်... နက်ဆန်လား...” ကျွန်မကိုယ်ကျွန်မ အေရီရယ် မဟုတ်ဘူးဆိုတာ သတိထားမိပြီးတဲ့ နောက်မှာတော့ ပါစီဗယ်အနားကနေ ကျွန်မခုန်ထွက်လိုက်မိတယ်။ ဒါပေမဲ့ မျက်နှာမရှိတဲ့ အိမ်စေတွေက ကျွန်မလမ်းကို ပိတ်ရပ်နေပါတယ်။
“မမလေး၊ မင်္ဂလာဆောင်လက်မှတ် မထိုးရသေးဘဲ ထွက်သွားလို့မရဘူး။”
ကျွန်မ မျက်စိရှေ့ကအခြေအနေကြောင့် ဘာလုပ်ရမှန်း မသိတော့ဘူး။ တစ်ခါတည်းထိုင်ချပြီး အော်သာငိုပစ်ချင်တော့တယ်။
“ ညမင်းသား၊ မင်းကိုယ်မင်း နာနာဘာဝတွေအားလုံးအပေါ် ဩဇာသက်ရောက်တယ်လို့ ထင်နေတာလား။ ငါ ဒေါသထွက်မလာခင် ဒီကထွက်သွားလိုက်တော့။”
နက်ဆန်က မျက်မှောင်ကြုတ်လိုက်တယ်။ သူ့လက်ထဲမှာ ဓားနှစ်လက်ပေါ်လာတယ်။
“ဒီမိန်းကလေးကို ငါဒီကနေ ခေါ်ထုတ်သွားပြီးနေရင်တော့ ထွက်သွားမှာပါ။” နက်ဆန်က သွားကြားထဲကနေ ထွက်လာတဲ့ လေသံနဲ့ပြောလိုက်တယ်။
“ဒီမိန်းကလေးက ကျုပ်ရဲ့သတို့သမီးလောင်းဗျ။” ပါစီဗယ်ကလည်း သူ့ခါးမှာချိတ်ထားတဲ့ စစ်တပ်သုံး ဆေဘာဓားကို ဖြုတ်ယူလိုက်တယ်။ မင်္ဂလာဆောင် ဧည့်သည်တွေဖြစ်တဲ့ ပက်တီးတွေနဲ့စစ်သားတွေကလည်း သေနတ်တွေနဲ့ နက်ဆန်ကို ချိန်ထားလိုက်တယ်။
“မင်းသိလား၊ သူက မင်းရှာနေတဲ့ မင်းရဲ့သတို့သမီးလောင်း မဟုတ်ဘူးကွ။ သူက...” နက်ဆန်က ပြောချင်တဲ့စကားကို အတင်းဖိနှိပ်လိုက်ရဟန်နဲ့ စကားထစ်သွားပြီးမှ ဆက်ပြောတယ်။
“သူက ငါအလုပ်ခန့်ထားတဲ့ သူနာပြုပဲ။”