← Chapters

နှုတ်ဆက်ခွဲခွာရခြင်း

Vol. 139 Ch. 2085

နှုတ်ဆက်ခွဲခွာရခြင်း

Vol. 139 Ch. 2085

အချိန်အတော်အတန်ကြာသွားပြီးနောက်...။

“ပြန်ကြရအောင်”

ဆူဇီမိုက သူ့ကိုယ်သူအတတ်နိုင်ဆုံးကြိုးစားကာ ပြုံးပြလိုက်၏။

“မင်းအပြင်ကို ထွက်လာတာအရမ်းကြာသွားပြီ... အခုထျန်ဟွမ်ကုန်းမြေတိုက်ကို တစ်ချက်ပြန်သွားကြည့်ရမယ့်အချိန်ပဲ”

ကျိယောင်ရွှယ်က မသိမသာခေါင်းညိတ်ပြလိုက်၏။

မြေခွေးတစ်ကောင်သည် သူ၏ တွင်းထဲမှာသာသေပြီး သစ်ရွက်တစ်ရွက်က အပင်၏ ခြေရင်းမှာသာ ကျဆင်းလေသည်။

နောက်ဆုံးမှာတော့ သူမသည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ပြန်သွားရဦးမည်ဖြစ်၏။

သူတို့နှစ်ယောက်သည် ကမ္ဘာငယ်များကိုဖြတ်ကျော်လာပြီး တစ်လမ်းလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့ကြ၏။

ကျိယောင်ရွှယ်၏ အသက်ဓာတ်အားကို ပို၍အားနည်းလာပြီး သူမ၏ အသက်က ကြိုးတစ်မျှင်ဖြင့် ချိတ်ဆွဲခံလာရသည်ကို ဆူဇီမိုကအာရုံခံမိနိုင်၏။

သူမသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာသောအခါ သူမဘာသာသူမ ရပ်တည်ဖို့ပင် ခက်ခဲနေပြီဖြစ်၏။

သူမသည် ဆူဇီမို၏ ဘေးမှာညင်သာစွာမှီပြီး ဤလောက၏ ရင်းနှီးကျွမ်းဝင်သောအော်ရာတစ်ခုကို အာရုံခံနေ၏။ သူမက အတွေးနက်စွာဖြင့် တိတ်တဆိတ်ငေးငိုင်စွာမတ်တတ်ရပ်နေ၏။

“မဟာကျိုးကိုသွားမလား”

ဆူဇီမိုက ညင်သာစွာမေးလိုက်၏။

ကျိယောင်ရွှယ်က သူမ၏ ခေါင်းကိုမော့ပြီး ဆူဇီမိုကိုကြည့်ကာပြုံးပြလိုက်၏။

“ငါနေရာကောင်းတစ်ခုကို တွေးမိထားတယ်... အဲ့ဒီကိုသွားကြရအောင်”

ဆူဇီမိုက ကျိယောင်ရွှယ်၏ အပြုံးကိုမြင်ပြီး လွှတ်ခနဲပြောလိုက်၏။

“ကန်းလန်ရိုးမလား”

“နင်အဲ့ဒါကို ခန့်မှန်းနိုင်မယ်ဆိုတာ ငါသိတယ်”

ကျိယောင်ရွှယ်က ပြုံးပြလိုက်၏။

အဲ့ဒါသည် သူတို့ပထမဆုံးတွေ့ဆုံခဲ့ကြသော နေရာဖြစ်၏။

“ကောင်းပြီလေ”

ဆူဇီမိုကခေါင်းညိတ်ပြီး ကျိယောင်ရွှယ်နှင့်အတူ လေဟာနယ်ကိုဖြတ်ကျော်ကာ ကန်းလန်ရိုးမအထက်သို့ ဆင်းသက်လိုက်၏။

သူရောက်ရှိလာသည့်ခဏမှာပင် ဆူဇီမိုက အစိမ်းရောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူတို့နှစ်ယောက် အတူရှိခဲ့ဖူးသောလိုဏ်ဂူကို အလျင်အမြန်ရှာဖွေလိုက်၏။

နှစ်ပေါင်းများစွာက ကုန်ဆုံးခဲ့၏။

လိုဏ်ဂူက ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပြီး ဤနေရာသို့ မည်သူကမှရောက်ရှိမလာခဲ့ပေ။ ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က အနည်းငယ်လှုပ်ရှားသွားပြီး သူ၏ အင်္ကျီလက်စကို ညင်သာစွာဝေ့ယမ်းကာ လိုဏ်ဂူထဲရှိဖုန်မှုန့်များအားလုံးကို ဖယ်ရှားလိုက်၏။

သူက ကျိယောင်ရွှယ်ကိုဖေးမပြီး အထဲသို့ဝင်ရောက်လိုက်လေသည်။

“ငါတို့ပြန်ရောက်လာပြီပဲ”

ကျိယောင်ရွှယ်က ညင်သာစွာပြုံး၍ ခပ်တိုးတိုးပြောလိုက်၏။

သူမသည် ဘေးပတ်လည်ကိုကြည့်ရှုပြီး ဖော်မပြတတ်သော ခံစားချက်တစ်ခုက သူမ၏ နှလုံးသားထဲသို့ လှိုက်ဝင်လာခဲ့၏။ အဲ့ဒါက ဝမ်းသာပျော်ရွှင်မှုဟုထင်ရသော်လည်း ဝမ်းနည်းမှုလည်းပါဝင်နေ၏။

ဆူဇီမိုသည် ကျိယောင်ရွှယ်၏ ခန္ဓာကိုယ်က ပို၍လေးလံလာသည်ဟု ခံစားရ၏။

အစကတော့ သူမသည် သူ့ကိုညင်သာစွာမီပြီး ရပ်နေရုံသာဖြစ်၏။

သို့သော်ယခု... ထိုသို့ ဆက်လက်၍ မဖြစ်နိုင်တော့ပေ။

“မင်းပင်ပန်းနေတာပဲ ဖြစ်ရမယ်... ခဏလောက်အနားယူလိုက်ပါလား”

ဆူဇီမိုက ကျိယောင်ရွှယ်၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းလျမှုကို တွေ့ရသောအခါ သူ၏ ရင်ခွင်ထဲမှာ သက်တောင့်သက်သာမှီပြီးနေနိုင်စေရန် သူက သူမကိုဖြည်းဖြည်းချင်းလျှောချပေးလိုက်၏။

ကျိယောင်ရွှယ်၏ မျက်နှာက ​ပို၍ဖြူဖျော့လာပြီး သူမ၏ အသက်ရှုသံက အားနည်းလာကာ သူမ၏ မျက်ခွံများကလည်း လေးလံလာခဲ့၏။

ဆူဇီမိုက သူမကို တိတ်တဆိတ်ဖြင့် ညင်သာစွာထွေးပိုက်ထား၏။

သူသည် ထာဝရသိုင်းဧကရာဇ်ဖြစ်ပြီး သိုင်းတာအိုကိုတည်ထောင်ခဲ့သော်လည်း ကျိယောင်ရွှယ်ထွက်ခွာသွားတော့မည်ကို သူကဘာမှမတတ်နိုင်ဘဲ စောင့်ကြည့်နေရ၏။

ကျိယောင်ရွှယ်သည် ငေးငိုင်စွာဖြင့် သူမ၏ ခေါင်းကိုငုံ့ပြီး သူမ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းမှိတ်လိုက်၏။

သူမသည် ပင်ပန်းနွမ်းလျမှုကို နက်ရှိုင်းစွာခံစားနေရ၏။

သူမက ဘယ်တော့မှပြန်နိုးလာတော့မှာမဟုတ်ဘူးဆိုတာ သူမသိနေ၏။

ရုတ်တရက်ဆိုသလို....။

ပူနွေးသောရေစက်တစ်စက်က သူမ၏ မျက်နှာပေါ်သို့ ကျဆင်းလာပြီး သူမကိုနိုးကြားသွားစေ၏။

ကျိယောင်ရွှယ်က သူမ၏ မျက်လုံးနှစ်ဖက်ကို တစ်ဖန်ပြန်ဖွင့်လိုက်၏။ သူမ၏ မျက်လုံးထဲမှာ အလင်းတစ်ချက်ဖျတ်ခနဲလက်သွားပြီး သူမ၏ ခန္ဓာကိုယ်က ခွန်အားတချို့ကိုပြန်လည်ရရှိလာ၏။ သူမ၏ လက်ဖဝါးကို မြှောက်ပြီး ဆူဇီမို၏ ပါးကို ညင်သာစွာပွတ်သပ်လိုက်၏။

“ဇီမို... နင်ငိုနေတာလား”

ဆူဇီမို၏ မျက်လုံးများက နီမြန်းနေပြီး သူ၏ ခေါင်းကိုညင်သာစွာခါပြလိုက်၏။

“ငါမအိပ်ချင်တော့ဘူး... ဇီမို ငါ့ကိုစကားပြောပေး”

ကျိယောင်ရွှယ်က နူးညံ့သိမ်မွေ့သောအကြည့်နှင့်အတူ ဆူဇီမိုကိုပြောလိုက်၏။

“ကောင်းပြီလေ”

ဆူဇီမိုက တစ်ဆို့နေသောအသံဖြင့် ပြောလိုက်၏။

“ဇီမို... နင်ဘာမှဝမ်းနည်းနေစရာမလိုဘူး... လူတိုင်းက သူ့ကံနဲ့သူလာတာ... အဲ့ဒါကိုအတင်းလုပ်ယူလို့မရဘူး... ငါသေပြီးရင် ငါ့ကိုဒီနေရာမှာပဲမြှုပ်ပေး”

“ဒီဘဝမှာ ငါတို့ရဲ့အထုံရေစက်က သိပ်ပြီးမနက်ခဲ့ဘူး... ဒါပေမဲ့ ငါကနင်နဲ့ နှစ်တစ်ထောင်လောက်အချိန်ဖြုန်းခဲ့ရတာ တကယ်ကိုကျေနပ်မိတယ်”

“လူတိုင်းက ငါ့ကိုမေ့ပျောက်သွားမယ်ဆိုရင်တောင် ဒီကမ္ဘာမှာငါ့ကိုဂရုစိုက်ပေးတဲ့ လူတစ်ယောက်ရှိနေဦးမယ်ဆိုတာငါသိတယ်... ငါအရမ်းကိုပျော်တယ်”

“ငါသေသွားပြီးရင်တောင်မှ ငါကပျော်ရွှင်နေရလိမ့်မယ်”

ကျိယောင်ရွှယ်က သူမ၏ မျက်ဝန်းထောင့်မှ ခိုတွဲလာသော မျက်ရည်တစ်စနှင့်အတူ ပြုံးလိုက်၏။

“ငါတို့ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကို မင်းမှတ်မိသေးလား”

ဆူဇီမိုက သူ၏ နှလုံးသားထဲရှိ နာကျင်မှုကိုဖိနှိမ်ပြီး အတိတ်ကာလကို ပြန်စဥ်းစားလိုက်၏။

“အဲ့ဒီအချိန်တုန်းက ငါ့မှာစိတ်ဝိညာဥ်ရင်းမြစ်မရှိဘူး... ငါက ဘာကိုမှလည်းမသိဘူး... ငါက လုယူလာတဲ့သိုလှောင်အိတ်တစ်အိတ်ကို ကိုင်ထားပေမယ့် ဘယ်လိုပဲလုပ်လုပ် အဲ့ဒါကိုဖွင့်မရဘူးဖြစ်နေခဲ့တာ”

“ငါမှတ်မိတာပေါ့”

ကျိယောင်ရွှယ်က ပြုံးပြလိုက်၏။

“အဲ့ဒီတုန်းက နင်က တော်တော်ကြောင်တိကြောင်တောင်နိုင်တာပဲ”

ဆူဇီမိုက အတိတ်ကာလကိုပြန်ပြောချိန်မှာ ကျိယောင်ရွှယ်ကလည်း ပို၍တက်ကြွလာခဲ့၏။

အစကတော့ သူမသည် ဆူဇီမိုနှင့်အပြန်အလှန်စကားပြောဆိုနိုင်နေသေး၏။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုကသာအချိန်အများစုမှာ စကားပြောပေးနေရ၏။ သူမက ရံဖန်ရံခါမှသာပြန်ပြောတတ်ပြီး သူမ၏ အသံကလည်း တိုးညင်းလာခဲ့၏။

တဖြည်းဖြည်းသူမက ဆက်လက်၍စကားမပြောဆိုနိုင်တော့ဘဲ ညင်သာစွာသာပြုံးပြနေ၏။ သူမသည် သူမ၏ မျက်လုံးထဲရှိ နှမြောတမ်းတလွမ်းဆွတ်မှုနှင့်အတူ ဆူဇီမိုကို ခပ်ထွေထွေငေးကြည့်နေ၏။

ကျိယောင်ရွှယ်က သူမ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။

သူမ၏ မျက်ဝန်းထဲမှာ ဆူဇီမို၏ ပုံပန်းသဏ္ဌာန်က တဖြည်းဖြည်းဝေဝါးသွားပြီး ဖြောင့်မတ်နေသော အစိမ်းရောင်ဝတ်စုံကသာလျှင် သူမ၏ မှတ်ဉာဏ်ထဲမှာ စွဲထင်စွာကျန်ရစ်ခဲ့၏။

သူမ၏ ဝိညာဥ်က ပျက်စီးသွားပြီး သူမက ပြန်ဝင်စားလာမည်ဆိုလျှင်တောင် အဲ့ဒါကိုမေ့ဖျောက်သွားလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက ကျိယောင်ရွှယ်ကိုပွေ့ဖက်ပြီး တစ်စုံတစ်ရာကိုခံစားမိသွားသည့်အလား သူ၏ အသံက ခဏမျှရပ်တန့်သွား၏။

သူသည် ကျိယောင်ရွှယ်၏ အသက်ဓာတ်အားကို အာရုံမခံနိုင်တော့သလို နူးညံ့သိမ်မွေ့၍ နာပျော်ဖွယ်ကောင်းသောအသံကိုလည်း မကြားနိုင်တော့ပေ။

သို့သော်လည်း သူက အောက်ကိုငုံံ့မကြည့်ရဲပေ။

သူက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ လည်ချောင်းထဲမှာ တစ်ဆို့လာသည်ဟုခံစားလိုက်ရ၏။ သူကအသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ရင်ခွင်ထဲမှလူက တုံ့ပြန်လာဖို့မျှော်လင့်နေသည့်အလား ဆက်လက်၍စကားများပြောဆိုနေ၏။

အဲ့ဒါက စကားသံတစ်သံ၊ သက်ပြင်းချသံတစ်သံ၊ သို့မဟုတ် သူ့နာမည် ဇီမို ဆိုလျှင်တောင် ကိစ္စမရှိပေ။

သူသည် အတန်ကြာသည့်အထိ သူ့ဘာသာသူတစ်ယောက်တည်း တတွတ်တွတ်ပြောဆိုနေ၏။

သို့သော်လည်း တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့အသံတစ်ခုတည်းကသာပဲ့တင်ထပ်နေ၏။

ဆူဇီမိုက ငေးငိုင်စွာဖြင့် ကျိယောင်ရွှယ်ကို ပွေ့ဖက်ထား၏။ သူ၏ အသံက အားနည်းလာပြီး သူ၏ အမူအရာက ပြောင်းလဲလာကာ သူ၏ မျက်လုံးရှေ့မှာ ပုံရိပ်များက တဖျတ်ဖျတ်ပေါ်ထွက်လာ၏။

“ကျမက... အဇူရာနှင်းမြူလွှာဂိုဏ်းက ယောင်ရွှယ်ပဲ... ကျွန်မအသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

ထိုအချိန်တုန်းက သူတို့နှစ်ယောက်က ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြ၏။

“ဇီမို... ငါတို့သေချာပေါက်ပြန်ဆုံမှာပါလို့ ငါပြောခဲ့သားပဲ”

ထိုအချိန်တုန်းက အင်ပါယာအမိန့်ပြန်တမ်းတစ်ခုနှင့်အတူ အမျိုးသမီးတစ်ယောက်သည် ဆူဟုန်အား ယန်ဘုရင်ဘွဲ့ကို ပေးအပ်ခဲ့လေသည်။ သူမက ရထားလုံးထဲကနေ လျှောက်လှမ်းထွက်လာသောအခါ သူမက ဆူဇီမိုကိုပြုံးပြပြီး ကောင်းကင်ကပင် အရောင်ဖျော့သွားရ၏။

“ဇီမို... ဘယ်လိုနေလဲ”

မဟာကျိုးနန်းတော်ထဲရှိ လူတိုင်း၏ ရှေ့မှာ မဟာကျိုး၏ တတိယမင်းသမီးက သူ့ရှေ့သို့ရောက်ရှိလာပြီး သူမ၏ ခန္ဓာကိုယ်ကို ညင်သာစွာတစ်ပတ်လှည့်ကာ အဝါဖျော့ဖျော့ဝတ်စုံကို ကိုင်မြှောက်ပြလိုက်၏။ သူမက သူမ၏ တောက်ပသောမျက်လုံးများကို တဖျတ်ဖျတ်ခတ်ပြီး ပန်းတစ်ပွင့်ကဲ့သို့ ပြုံးရွှင်နေ၏။

“ဇီမို... ဒီနေ့က နင်သေဆုံးခဲ့တဲ့နှစ်ပတ်လည်နေ့ပဲ... ငါနင့်ဆီကိုလာလည်တယ်နော်”

ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားမှလာသော ရှိုက်ငိုနေသည့်အသံကို ခပ်ရေးရေးကြားလိုက်ရ၏။

“ငါကအခုဆို မဟာကျိုးရဲ့ဧကရီဖြစ်နေပြီ... နန်းတော်ထဲမှာ တခြားသူတွေရဲ့ရှေ့မှာဆို ငါက ငိုလည်းမငိုရဲဘူး... ငိုလည်းမငိုနိုင်ဘူး”

“ဒီနေရာမှာပဲ ငါက ငါ့ကိုယ်ငါ မချုပ်တည်းဘဲနဲ့ အားရပါးရငိုနိုင်တယ်... ဇီမို နင်ငါ့ကိုမရယ်ရဘူးနော်”

“ဇီမိုမပူပါနဲ့... ငါက ဆရာဆူဟုန်ကို ဝှက်ပေးထားပြီးပြီ... ငါမသေးသရွေ့ ဘယ်သူကမှသူ့ကို ရှာနိုင်မှာမဟုတ်ဘူး”

နဂါးသင်္ချိုင်းတောင်ကြားကို ကံဆိုးမိုးမှောင်ကျတတ်သောနေရာဟု ခေါ်ဆိုကြလေသည်။

မရေမတွက်နိုင်သောပညာရှင်များသည် လွန်ခဲ့သည့်နှစ်တစ်သောင်းမှာ ဤနေရာတွင်မြှုပ်နှံခံခဲ့ကြရ၏။

ထိုစဥ်တုန်းက မရေမတွက်နိုင်သောသက်ရှိများသည် ဤနေရာကို ရှောင်ကွင်းသွားကြလေသည်။

သို့သော်လည်း အမျိုးသမီးတစ်ယောက်သည် အန္တရာယ်ကိုလျစ်လျူရှုပြီး မဟာချွမ်အပျက်အစီးနယ်မြေနှင့် မရေမတွက်နိုင်သောတမလွန်စစ်သားများ၏ ဝန်းရံပိတ်ဆို့မှုကိုဖြတ်ကျော်ကာ နဂါးသင်္ချိုင်းတောင်ကြားသို့ရောက်ရှိလာပြီး သူမ၏ အရိုအသေကို လာရောက်ပေးခဲ့လေသည်။

အမျိုးသမီးသည် နဂါးသင်္ချိုင်းတောင်ကြားမှာ မတ်တတ်ရပ်ပြီး တစ်နေ့လုံး စကားများပြောဆိုနေခဲ့၏။

နှစ်နှစ်ဆယ်ကြာသည့်အထိ သူမသည်ပျက်ကွက်ခြင်းမရှိဘဲ နှစ်စဥ်နှစ်တိုင်းတူညီသောနေ့မှာ ထိုနေရာသို့ ရောက်ရှိလာတတ်၏။

သို့သော်ယခု... ဤအမျိုးသမီးသည် သူ၏ ရင်ခွင်ထဲမှာလှဲလျောင်းနေပြီး ဘယ်တော့မှပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုက သူ၏ ခေါင်းကို ဖြည်းဖြည်းချင်းငုံ့ပြီးကြည့်လိုက်၏။

ကျိယောင်ရွှယ်သည် သူ၏ ရင်ခွင်ထဲမှာ တိတ်တဆိတ်လှဲလျောင်းနေ၏။

သူမ၏ အသားအရေက ဖြူဖွေးနေပြီး မိန်းကလေးတစ်ယောက်အိပ်မောကျနေသည့်အလား သူမ၏ နှုတ်ခမ်းပေါ်က အပြုံးတစ်ခုနှင့်အတူ တိတ်ဆိတ်အေးချမ်းစွာရှိနေ၏။

ချက်ချင်းပင် ဆူဇီမိုသည် သူ၏ ဝမ်းနည်းမှုကို ချုပ်တည်းမထားနိုင်တော့ဘဲ သူ၏ မျက်နှာပေါ်သို့ မျက်ရည်များက တသွင်သွင်စီးကျလာ၏။

All Chapters