ယုံကြည်သက်ဝင်မှု
Vol. 139 Ch. 2073
“ယုံကြည်သက်ဝင်မှုစွမ်းအား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
သူထင်မှတ်ထားသည့်အတိုင်းပင်.. နတ်ဘုရား သရဖူက အောက်ဘုံလောကမှ ပစ္စည်းမဟုတ်ပေ။
သရဖူပေါ်ရှိ ကျောက်မျက်ရတနာ ရှစ်ခုကနေ စီးထွက်လာသည့် နို့နှစ်ဖြူရောင် အလင်းရောင်သည် နတ်ဘုရားမျိုးနွယ်၏ တစ်မူထူးခြား၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု.. ယုံကြည်သက်ဝင်မှုစွမ်းအားဖြစ်၏။
နတ်ဘုရားမျိုးနွယ်သည် အခြားသော ကမ္ဘာငယ်များကို အဆက်မပြတ် သိမ်းပိုက်လာခဲ့သည့် အကြောင်းရင်းမှာ သူတို့ အုပ်စိုးသည့် ကမ္ဘာများက ပိုများလေလေ.. နတ်ဘုရားမျိုးနွယ်ထံမှာ အညံ့ခံလာသော သက်ရှိများက ပိုများလေလေ.. သူတို့ ရရှိနိုင်သော ယုံကြည်သက်ဝင်မှုစွမ်းအားက ပို၍ ကြီးမားလာနိုင်လေလေဖြစ်သောကြောင့်ပင်။
နတ်ဘုရား သရဖူမှာ နတ်ဘုရားမျိုးနွယ်၏ အုပ်ချုပ်မှုအောက်မှာ ရှိသော သက်ရှိများ အားလုံး၏ ယုံကြည်သက်ဝင်မှုစွမ်းအား ပါဝင်နေသည်ဟု ဆိုနိုင်၏။
ဆူဇီမိုသည် နတ်ဘုရား သရဖူနှင့် ရင်ဆိုင်ရသောအခါ သူသည် ဓမ္မရတနာတစ်ခု သို့မဟုတ် လူတစ်ယောက်ကို ရင်ဆိုင်ရခြင်း မဟုတ်ပေ။ သူသည် နတ်ဘုရားမျိုးနွယ်ကို ယုံကြည်သက်ဝင်၍ ကြည်ညိုလေးစားသော အဆုံးမဲ့သက်ရှိများနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။
အဲဒါသည် အလွန်ကြီးမားသည့် စွမ်းအားတစ်ခုဖြစ်၏။
နတ်ဘုရားဧကရာဇ်သည် နှစ်ကြိမ်တိုင်တိုင် သေခြင်းတရားကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမှာလည်း ထိုထူးခြား၍ ခန့်ညားထည်ဝါသော ယုံကြည်သက်ဝင်မှုစွမ်းအားကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ကံကြမ္မာမီးတောက်များကို ငြှိမ်းသတ်နိုင်ခဲ့သည့် ကံကြမ္မာစက်ကွင်းခြောက်ခုက လှုပ်ခတ်သွားခဲ့ခြင်းဖြစ်၏။
နတ်ဘုရားမျိုးနွယ်၏ ကျင့်ကြံရေးနည်းစနစ်များ အားလုံးနီးပါးသည် ကျင့်ကြံဖို့အတွက် နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို လိုအပ်၏။
ဆူဇီမိုသည် နတ်ဘုရားဧကရာဇ်၏ မှတ်ဉာဏ်များကနေ နတ်ဘုရားမျိုးနွယ်၏ ကျင့်ကြံရေးနည်းစနစ်နှင့် လျှို့ဝှက်အတတ်တချို့ကို ရရှိခဲ့သော်လည်း သူက အဲဒါတွေကို ကျင့်ကြံလို့ မရနိုင်ပေ။ သူက ထိုအရာများကို သိုင်းတာအိုမီးဖိုထဲသို့ ထည့်သွင်းပေါင်းစည်းမည်ဆိုလျှင်တောင် အသုံးမဝင်ပေ။
ဆူဇီမိုသည် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်၍ တိတ်တဆိတ် မတ်တတ်ရပ်ပြီး နတ်ဘုရားကုန်းမြေတိုက်ကို နောက်တစ်ဖန် စစ်ဆေးဖို့အတွက် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်လိုက်၏။
“ဟမ်”
ခဏနေပြီးနောက် ဆူဇီမိုသည် အံ့အားသင့်သွားသော အကြည့်တစ်ခုနှင့်အတူ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
သူသည် ဤနတ်ဘုရားကုန်းမြေမှာ ပြီးပြည့်စုံသော အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းတစ်ခုကို တွေ့ရှိလိုက်ရ၏။
ဤလောကသည် အချိန်ကြာမြင့်စွာ တည်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့စဉ်က ဤနေရာမှာ အထက်ဘုံမှ ပညာရှင်တစ်ဦး သေဆုံးခဲ့ပေလိမ့်မည်။
သူ၏ ရုပ်အလောင်းကို ဤနေရာမှာ မြုပ်နှံထားခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ အဲဒါက တဖြည်းဖြည်း ပျက်ယွင်းလာပြီး ကျောက်ဖြစ်သွားခဲ့၏။ အမြုတေချီများက ဖြန့်ကြက်သွားပြီး သတ္တုတွင်းတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာစေခဲ့၏။
ဤနေရာမှာ ကျင့်ကြံနေသော မဟူရာနတ်ဘုရားများ အမြဲတမ်း ရှိနေခဲ့သော်လည်း တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု မရှိဘဲ ကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးချချင်သည်ဆိုလျှင် သူတို့သည် အရင်ဆုံး ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိအောင် တက်လှမ်းရပေလိမ့်မည်။
နတ်ဘုရားကုန်းမြေမှာ ရှိသော အမြုတေချီက ပါးလွှာသောကြောင့် ဤနေရာမှာ ရှိသော မဟူရာနတ်ဘုရားများသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိအောင် ကျင့်ကြံဖို့အတွက် အခွင့်အရေး မရှိပေ။
ထိုသို့ဖြင့် သတ္တုတွင်းက ဒီတိုင်းပင် မပျက်မယွင်း ကျန်ရှိနေ၏။
ဤသတ္တုတွင်းသည် အောက်ဘုံလောကမှ အခြားသော သက်ရှိများအတွက် အသုံးမဝင်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာအတွက် အဲဒါက အချိန်ကိုက် အကူအညီတစ်ခု ဖြစ်လာခဲ့သည်မှာ သံသယရှိစရာ မလိုပေ။
အရင်တုန်းက အထက်ဘုံလောကမှ ပညာရှင်များ ကျန်ရစ်ခဲ့သော အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို သူက သုံးစွဲခဲ့ပြီးသည်မှာ ကြာခဲ့ပြီဖြစ်၏။ ယခုအချိန်မှာ သူသည် ဘုရင်ယွင်ရို၏ တာအိုသစ်သီးကို အရည်ဖျော်ချခြင်းဖြင့်သာ ကျင့်ကြံနေရ၏။
သို့သော်လည်း တာအိုသစ်သီးသည် ပကတိအင်မော်တယ်တစ်ပါး၏ တစ်ဘဝစာ ကျင့်ကြံမှုကနေ စုဖွဲ့ထားခြင်းဖြစ်၏။
သိုင်းတာအိုမီးဖိုက ဘယ်လောက်ပင် ကြမ်းကြုတ်ခက်ထန်သည်ဖြစ်စေ.. အဲဒါက ပကတိအင်မော်တယ် တာအိုသစ်သီးတစ်လုံးကို စုပ်ယူသန့်စင်ဖို့ အင်မတန် ခဲယဉ်းနေဆဲဖြစ်၏။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုက တဖြည်းဖြည်း နှေးကွေးလာခဲ့၏။
ယခုအချိန်မှာ ပြီးပြည့်စုံသော အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းတစ်ခုကို ရရှိခြင်းသည် သူ့အတွက် အလွန်တရာ အရေးပါနေသည်။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းမနေပေ။ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး မြေအောက်အနက်ပိုင်းထဲမှ အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းကို တူးထုတ်ကာ အဲဒါကို သိုင်းတာအိုမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲမှာ သိုင်းစိတ်ဝိညာဉ်မီး၊ နဂါးဖီးနစ်မီး၊ ကပ်ဘေးမီးနှင့် အနီရောင်ကြာပန်းကံကြမ္မာမီးတို့က သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်မွမ်းမံပေးနေ၏။
အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းကို အထဲသို့ ပစ်ထည့်ပြီးနောက် သူသည် တကူးတက ကျင့်ကြံနေစရာ မလိုဘဲ သိုင်းတာအိုမီးဖိုက အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းကို တဖြည်းဖြည်း စုပ်ယူသန့်စင်နိုင်မည်ဖြစ်၏။
နတ်ဘုရားကုန်းမြေမှာ ခဏတာ နေပြီးနောက် မည်သည့်အရာကိုမှ ထပ်မံ၍ မတွေ့ရှိတော့သည့်အခါ ဆူဇီမိုက ဤလောကကနေ ထွက်ခွာလာခဲ့၏။
ထို့နောက် သူသည် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ပြီး နတ်ဘုရားကုန်းမြေကို အပြီးသတ် ချိတ်ပိတ်ပစ်လိုက်၏။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်တစ်ယောက်သည် သူ၏ခွန်အားထက် မကျော်လွန်နိုင်သရွေ့ ဤလျှို့ဝှက်ကုန်းမြေကို ဘယ်တော့မှ ပြန်ဖွင့်နိုင်တော့မည် မဟုတ်ပေ။
ဗဟိုနတ်ဘုရားမြို့တော်၏ အပြင်ဘက်မှာ မီးတောက်များက ယခုအချိန်ထိ မငြိမ်းသေသေးပေ။
တိုက်ပွဲနယ်မြေ၏ နေရာတိုင်းမှာ မီးတောက်များက ရှိနေ၏။
ဗဟိုနတ်ဘုရားမြို့တော်သည် အကျိုးအပဲ့ အစအနများစွာ ကျန်ရစ်ခဲ့သည့် အပျက်အစီးပုံများ ဖြစ်သွားခဲ့လေပြီ။ ထိုမြို့တော်မှာ ယခင် ခမ်းနားထည်ဝါမှုတို့က ဆက်လက်၍ မရှိတော့ပေ။
ရှင်သန်ကျန်ရစ်ခဲ့သော နတ်ဘုရားမျိုးနွယ်သက်ရှိများက ထွက်ခွာမသွားကြပေ။ သူတို့အားလုံးသည် နတ်ဘုရားကုန်းမြေ ရှိရာဘက်ကို ကြည့်ပြီး မျှော်လင့်စောင့်စားစွာဖြင့် တိတ်တဆိတ် ဆုတောင်းနေကြ၏။
ဆူဇီမို လျှောက်လှမ်းထွက်လာသည်ကို တွေ့မြင်သောအခါ နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ နှလုံးသားထဲရှိ မျှော်လင့်ချက်က လုံးလုံးလျားလျား ကြေမွပျက်စီးသွား၏။
သိုင်းဧကရာဇ် ပေါ်ထွက်လာခြင်းသည် နတ်ဘုရားဧကရာဇ်က သေဆုံးသွားပြီဟု အဓိပ္ပာယ်ရလေသည်။
ဆူဇီမိုသည် နတ်ဘုရားကုန်းမြေတိုက်မှာ ပြန်လည်ပေါ်ထွက်လာသောအခါ လောကက အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်ချင်းစီ၏ နှလုံးသားများထဲမှာ အကြောက်တရားနှင့် စိတ်ပျက်အားငယ်မှုကသာလျှင် ကျန်ရစ်တော့၏။
ထိုအခိုက်အတန့်မှာ နတ်ဘုရားဧကရာဇ်နှင့် ရပ်တန့်၍ မရသော နတ်ဘုရားမျိုးနွယ်စစ်တပ်ကို ရင်ဆိုင်ခဲ့ရချိန်က ထျန်ဟွမ်ကုန်းမြေတိုက်မှ သက်ရှိများ၏ ခံစားချက်ကို သူတို့က တွေ့ကြုံခံစားနေရ၏။
အရာရာတိုင်းသည် စက်ဝန်းတစ်ပတ်လည်ပတ်လာသည့်အလားပင်။
ဆူဇီမိုသည် တိမ်စိုင်များပေါ်မှာ မတ်တတ်ရပ်ပြီး အောက်ဘက်မှာ ရှိသော နတ်ဘုရားမျိုးနွယ်ကို ငုံ့ကြည့်နေ၏။ သူက ဂရုမထားသော အမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းတို့ရဲ့ နတ်ဘုရားတွေက သေသွားပြီ”
နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ အမူအရာများက မှေးမှိန်ကျသွား၏။
ထိုအခိုက်အတန့်မှာ နတ်ဘုရားမျိုးနွယ်၏ စိတ်ဝိညာဉ်၊ အမြုတေ၊ ယုံကြည်မှုနှင့် မာန်မာနတို့က လဲပြိုကျသွားလေပြီ။
နတ်ဘုရားများက သေဆုံးသွားပြီဖြစ်၏။
နတ်ဘုရားမျိုးနွယ်၏ ယုံကြည်သက်ဝင်မှုကလည်း သေဆုံးသွားခဲ့လေပြီ။
သူတို့က ရှုံးနိမ့်သွားလေပြီ။
တစ်ခါတုန်းက နေရာတိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီး ပြိုင်ဘက်ကင်းခဲ့သော နတ်ဘုရားကုန်းမြေတိုက်တစ်ခုလုံးနှင့် နတ်ဘုရားမျိုးနွယ်သက်ရှိများ အားလုံးသည် လူတစ်ယောက်တည်းထံမှာ ရှုံးနိမ့်သွားရ၏။
သူတို့သည် အပြတ်အသတ် ရှုံးနိမ့်သွားပြီး တိမ်စိုင်များကြားမှ ဖုန်မှုန့်များအဖြစ်သို့ နင်းချေဖျက်ဆီးခံခဲ့ရ၏။
ဤနေ့မှစ၍ နတ်ဘုရားမျိုးနွယ်သည် နောက်တစ်ဖန် ဦးမော့လာနိုင်မည်ဆိုလျှင်တောင် သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ဘယ်တော့မှ ခြေချရဲတော့မည် မဟုတ်ပေ။
ထိုပုဂ္ဂိုလ်က နတ်ဘုရားမျိုးနွယ်သက်ရှိများ အားလုံးအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့လေပြီ။
နတ်ဘုရားမျိုးနွယ်သက်ရှိများ အားလုံး၏ နှလုံးသားများ၏ အနက်ပိုင်းထဲမှာ ပယ်ဖျက်၍ မရနိုင်သော အကြောက်တရား အမှတ်အသားတစ်ခုက ပေါ်ထွက်လာခဲ့၏။
ထိုသည်ကို တွေ့မြင်သောအခါ ယိုယွင်းပျက်စီးနေသော မြို့ရိုးပေါ်ရှိ နန်းချင်ဟု အမည်ရသော မိန်းကလေးမှာ ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခု ရှိလာပြီး သူမ၏ မျက်နှာပေါ် မျက်ရည်များက စီးကျလာ၏။
နတ်ဘုရားမျိုးနွယ်၏ ဤကပ်ဘေးကို ရှောင်လွှဲ၍ ရနိုင်ခဲ့၏။
လွန်ခဲ့သည့် နှစ်နှစ်ရာကျော်က သူမ၏ ဆရာ နတ်ဘုရားဧကရီ နန်းကြည်က ဤနေ့ကို ကြိုမြင်ခဲ့၏။
“မင်း ဘယ်သူလဲ”
ထိုစဉ်မှာပင် သူမ၏ နားထဲသို့ အသံတစ်ခု ဝင်ရောက်လာ၏။
နန်းချင်က မော့ကြည့်လိုက်၏။
မသိလိုက် မသိဘာသာနှင့်ပင် ထျန်ဟွမ်ကုန်းမြေတိုက်၏ ထာဝရသိုင်းဧကရာဇ်က သူမ၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူမကို တိတ်တဆိတ် ကြည့်နေ၏။
“စီနီယာ သိုင်းဧကရာဇ်.. ကျွန်မရဲ့ နာမည်က နန်းချင်ပါ”
နန်းချင်က သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို ခပ်မြန်မြန်မပြီး သူမ၏ မျက်ရည်များကို သုတ်လိုက်၏။
“ကျွန်မ ဆရာက နတ်ဘုရားဧကရီ နန်းကြည်ပါ”
“နန်းချင်.. နန်းချင်..”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
“မင်းရဲ့ဆရာက အဲဒီနာမည်ကို ပေးခဲ့တာဖြစ်ရမယ် ဟုတ်တယ်မလား”
“ဟုတ်ပါတယ်”
နန်းချင်က ခေါင်းညိတ်ပြပြီး သူမ၏ လက်နှစ်ဖက်ဖြင့် ရွှေရောင် စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်၏။
“ရှင်က တစ်နေ့မှာ နတ်ဘုရားကုန်းမြေတိုက်ကို သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်လာခဲ့မယ်ဆိုရင် ကျွန်မက ဒီရွှေရောင်စာရွက်ကို ရှင့်ကို ကမ်းပေးရမယ်လို့ ဆရာက မှာခဲ့ပါတယ်”
ဆူဇီမိုက အဲဒါကို လက်ခံယူပြီး ခေါက်ထားသော ရွှေရောင်စက္ကူကို ဖွင့်ကြည့်လိုက်၏။
‘သခင်လေး..’
ထိုစကားလုံးများကို တွေ့မြင်သောအခါ ဆူဇီမိုသည် အနည်းငယ် ငေးငိုင်သွား၏။ သူ့ရှေ့မှာ ရှိသော မိန်းကလေးက နန်းကြည်အဖြစ် အသွင်ပြောင်းလဲသွားပြီး သူ့ဘေးမှာ မတ်တတ်ရပ်နေသည်ဟု ခံစားလာရ၏။
‘ရှင်က ဒီစာကို ဘယ်တော့မှ မတွေ့မြင်ရဖို့ ကျွန်မ မျှော်လင့်မိတယ်’
‘ဒါပေမဲ့ ကံဆိုးစွာနဲ့ ရှင် ဒီစာကို ဖတ်နေရမယ်ဆိုရင် နတ်ဘုရားမျိုးနွယ်က ကျွန်မရဲ့ ညွှန်ကြားမှုတွေကို မလိုက်နာခဲ့ဘူးဆိုတဲ့ သဘောပဲ.. သခင်လေး.. ကျွန်မတို့ရဲ့ အတိတ်ကာလ ဆက်ဆံရေးကို ထောက်ထားပြီး နတ်ဘုရားမျိုးနွယ်အတွက် မျိုးဆက်သွေး နည်းနည်းလောက် ကျေးဇူးပြုပြီး ချန်ထားပေးပါ.. အဲဒါဆိုရင် ကျွန်မ အရမ်းကို ကျေးဇူးတင်မိမှာပါ’
ထိုစာကို ဖတ်ပြီးနောက် ဆူဇီမိုသည် ရွှေရောင်စက္ကူကို ဖုန်မှုန့်များဖြစ်သည်အထိ လုံးခြေပစ်လိုက်၏။
“စီနီယာ သိုင်းဧကရာဇ်”
နန်းချင်က တုန်ယင်နေသော အသံဖြင့် ခေါ်လိုက်၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“မင်းသာ ဒီစာကို စောစောစီးစီး ထုတ်ပြခဲ့မယ်ဆိုရင် မင်းတို့ရဲ့ ကလန်သားတွေက ဒီလောက်အများကြီး သေချင်မှ သေရလိမ့်မယ်”
နန်းချင်က သူမ၏ ခေါင်းကို ငုံ့လိုက်၏။
သူမသည်လည်းပဲ ထိုစာကို စောစောစီးစီး ထုတ်ပေးချင်ခဲ့၏။
သို့သော်လည်း မြင့်မြတ်ပုရောဟိတ်ဖြစ်စေ.. နတ်ဘုရားဧကရာဇ်ဖြစ်စေ.. သူတို့သည် အသနားခံတောင်းပန်ဖို့ကို ဘယ်တုန်းကမှ တွေးမထားကြပေ။ သူတို့သည် သိုင်းဧကရာဇ်နှင့်သာ တိုက်ခိုက်ချင်ပြီး သူ့ကိုပင် သတ်ဖြတ်လိုခဲ့၏။
စောစောက သူမသည် ရွှေရောင်စာရွက်ကို ထုတ်ခဲ့ပြီးပြီဖြစ်၏။ သို့သော်လည်း နတ်ဘုရားဧကရာဇ်သည် သိုင်းဧကရာဇ်ကို တမင်သက်သက် ရန်စခဲ့ပြီး နတ်ဘုရားကုန်းမြေတိုက်ထဲသို့ သူ့ကို မျှားခေါ်သွားခဲ့၏။
နတ်ဘုရားဧကရာဇ်၏ ထိုလုပ်ရပ်သည် သူ့ကို သေဆုံးစေရုံသာမက နတ်ဘုရားကုန်းမြေရှိ မဟူရာနတ်ဘုရားများကိုပင် ရောပါငြိစွန်း သေဆုံးစေခဲ့၏။