ခရီးထွက်ခြင်း
Vol. 139 Ch. 2074
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် အဲ့ဒါကိုတွေ့မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွလာ၏။
လူတစ်ယောက်သည် ကမ္ဘာတစ်ခုလုံးကို တစ်ယောက်တည်းဖြင့်ဖိနှိမ်ခြင်း...။
သူတို့က ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် အဲ့ဒါကို ဘယ်သူက ယုံကြည်နိုင်ပါ့မလဲ။ ပုံပြောသူက ပို၍ပင် စိတ်လှုပ်ရှားတက်ကြွနေ၏။
မျိုးဆက်တိုင်း၏ ပုံပြောသူသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကျင့်ကြံခြင်းယဥ်ကျေးမှုနှင့်ပတ်သက်၍ မှတ်တမ်းတင်ရေးသားရပြီး အကျိုးဆောင်မှုများနှင့် မဟာတာအိုကို လက်ဆင့်ကမ်းမျှဝေရင်း လူသားမျိုးနွယ်၏ စိတ်ဝိညာဥ်ကို ထိန်းသိမ်းပေးရ၏။
ပဟေဠိနန်းတော်ကိုတည်ထောင်ခဲ့စဥ်က နတ်မိမယ်လင်းလုံ၏ မူလရည်ရွယ်ချက်သည် တာအိုကို သင်ကြားပေးဖို့ဖြစ်၏။
ပဟေဠိနန်းတော်မှာ ဧကရာဇ်တိုင်းအတွက် ပုဂ္ဂိုလ်ရေးအမွေအနှစ်တစ်ခုကို မှတ်တမ်းတင်ပေးမည့် ပုံပြောသူတစ်ဦးရှိရလေသည်။
အရင်တုန်းက ဆူဇီမိုသည် ဧကရာဇ်ဘွဲ့ကို မခံယူနိုင်ခင် သိုင်းတာအိုကိုတည်ထောင်ပြီး သက်ရှိများအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့သောကြောင့် ဂမ္ဘီရဧကရာဇ်သည် သူ့အတွက် အမွေအနှစ်တစ်ခုကို မှတ်တမ်းတင်ရေးသားပေးခဲ့၏။
သူသည် ထိုအမွေအနှစ်ကို နာမည်မပေးရသေးဘဲ ခေါင်းစဥ်ကို ဗလာအတိုင်းထားသည်ဟု ဂမ္ဘီရဧကရာဇ်က တစ်ခါပြောခဲ့ဖူး၏။
ဆူဇီမို၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုများက ဘယ်လောက်အတိုင်းအတာအထိ ရောက်ရှိလာမလဲ သူမသိခဲ့ပေ။
ထိုကြောင့် ဤအမွေအနှစ်ကို နောက်မျိုးဆက်၏ ပုံပြောသူကသာ ပြီးပြည့်စုံအောင် ရေးသားနိုင်မည်ဖြစ်၏။
နောက်ပိုင်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်တွင် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနှင့်အတူ သွေးမိစ္ဆာကပ်ဘေးကပါ ကျရောက်လာခဲ့၏။ ထိုအချိန်တုန်းက ဂမ္ဘီရဧကရာဇ်သည် လူသားဧကရာဇ်နန်းတော်၏ နန်းတော်အစောင့်အရှောက်ဖြစ်လာခဲ့ပြီး လင်းရွှမ်ကျီက ထိုမျိုးဆက်၏ ပုံပြောသူ တရားဝင်ဖြစ်လာခဲ့၏။
လင်းရွှမ်ကျီသည် ထိုအမွေအနှစ်မှာ မကြုံစဖူးအံ့မခန်းတိုက်ပွဲနှစ်ခုကို မှတ်တမ်းတင်ပေးခဲ့၏။
လင်းရွှမ်ကျီမတက်လှမ်းခင် သူက နောက်ထပ်ပုံပြောသူတစ်ယောက်ကို ရွေးချယ်ခဲ့လေသည်။
အစတုန်းက သူသည် သိုင်းဧကရာဇ်၏ အမွေအနှစ်ကို နာမည်တစ်ခုပေးလိုခဲ့၏။
သို့သော်လည်း သူအဲ့ဒါကိုမပြုလုပ်ခင် သူ၏ စိတ်ကိုပြောင်းလဲခဲ့ပြီး အဲ့ဒါက ဗလာအတိုင်းပင် ထားရှိခဲ့၏။
ယခု... ထိုအမွေအနှစ်သည် ဒီဘက်မျိုးဆက်၏ ပုံပြောသူ၏ လက်ထဲသို့ ရောက်ရှိနေခဲ့လေပြီ။
ပုံမှန်အခြေအနေမှာဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်သည် မျိုးနွယ်စုတစ်သောင်းတိုက်ပွဲနှင့် သွေးမိစ္ဆာကပ်ဘေးကို တွေ့ကြုံခံစားပြီးနောက် အားအင်ဖြည့်တင်းဖို့အတွက် အလွန်ကြာမြင့်သောအချိန်ကာလတစ်ခုကို လိုအပ်လေသည်။
အစကတော့... သိုင်းဧကရာဇ်ခေတ်အလွန် ထျန်ဟွမ်ကုန်းမြေတိုက်သည် အလွန်တရာရိုးရှင်းပြီး ပျင်းရိဖွယ်ရာကောင်းသည်ဟု ဒီဘက်မျိုးဆက်၏ ပုံပြောသူက တွေးထင်နေ၏။
သို့သော်လည်း သိုင်းဧကရာဇ်သည် နတ်ဘုရားကုန်းမြေတိုက်ကို အနိုင်ယူနိုင်ပြီး လောကတစ်ခုလုံးကို တစ်ယောက်တည်းဖိနှိမ်လိုက်သည်ကို သူက ကိုယ်တိုင်မြင်တွေ့ခွင့်ရမည်ဟု ထင်မှတ်မထားခဲ့ပေ။ အဲ့ဒါက မနှိုင်းယှဥ်သာအောင် တောက်ပထည်ဝါပြီး မကြုံစဖူးအံ့မခန်းတိုက်ပွဲတစ်ခုဖြစ်၏။
အဓိပ္ပါယ်အရဖြစ်စေ... သက်ရောက်မှုအရဖြစ်စေ... အမျိုးမျိုးသော အသင်းအဖွဲ့များပြသခဲ့သည့် စွမ်းအားကြီးမားသောနည်းလမ်းများအရဖြစ်စေ ဤတိုက်ပွဲသည် မျိုးနွယ်စုတစ်သောင်းတိုက်ပွဲနှင့် သွေးမိစ္ဆာကပ်ဘေးထက် ဘယ်နည်းနှင့်မှ မနိမ့်ကျပေ။
ပုံပြောသူသည် အဲ့ဒါကို မျက်ဝါးထင်ထင်မြင်တွေ့ရပြီး ကိုယ်တိုင်မှတ်တမ်းတင်နိုင်တော့မည်အတွက် အလွန်တရာစိတ်လှုပ်ရှားတက်ကြွနေ၏။
သိပ်မကြာခင်... ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်း၏ အကြည့်အောက်မှာ ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်မှ မိန်းကလေးငယ်နှင့်အတူ လျှောက်လှမ်းလာခဲ့၏။
“ဇီမို... နင်အဆင်ပြေရဲ့လား”
ကျိယောင်ရွှယ်က ညင်သာစွာမေးလိုက်၏။
ဆူဇီမိုက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
ကျိယောင်ရွှယ်ဘေးသို့ရောက်ရှိလာပြီး သူက နတ်ဘုရားသရဖူကို သူမအားကမ်းပေးလိုက်၏။
“နင်ဘာလုပ်နေတာလဲ”
ကျိယောင်ရွှယ်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သူမ၏ မျက်နှာက နီမြန်းသွား၏။
သူက အဲ့ဒါကိုသတိမထားမိသည့်အလား ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်မှ မိန်းကလေးငယ်ကိုလှည့်ကြည့်ပြီး ပြောလိုက်၏။
“ယုံကြည်သက်ဝင်ခြင်းစွမ်းအားကို လှည့်ပတ်စီးဆင်းနိုင်အောင်လို့ နတ်ဘုရားမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး ဒီနတ်ဘုရားသရဖူကို အသက်သွင်းပေးလိုက်”
နန်းချင်သည် နတ်ဘုရားမျိုးနွယ်မှဖြစ်ပြီး သူမတစ်ယောက်တည်းကသာလျှင် နတ်ဘုရားသရဖူကို အခုချိန်မှာ အသုံးချနိုင်လေသည်။
ဆူဇီမိုသည် နတ်ဘုရားသရဖူကို သူမအား ဆောင်းပေးလာခဲ့သည်မှာ အကြောင်းအရင်းတစ်ခုရှိနိုင်သည်ကို ကျိယောင်ရွှယ်က နားလည်သဘောပေါက်လာခဲ့၏။
နန်းချင်က ခေါင်းညိတ်ပြီး သူမ၏ သွေးချီကို လှည့်ပတ်ကာ လျှို့ဝှက်အတတ်တစ်ခုကို စုဖွဲ့ဖို့အတွက် သူမ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်၏။
နန်းချင်၏ ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင်မြင့်မားခြင်း မရှိသေးပေ။
အတန်ကြာပြီးနောက် နတ်ဘုရားသရဖူပေါ်ရှိ ကျောက်မျက်ရတနာ ၈ ခုက ညင်သာစွာတောက်ပလာပြီး နို့နှစ်ဖြူရောင် အလင်းတစ်ခုက ဖြည်းဖြည်းချင်း စီးဆင်းလာကာ ကျိယောင်ရွှယ်ပေါ်သို့ ရေတံခွန်တစ်ခုလို ဆင်းသက်လာခဲ့၏။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က ကျိယောင်ရွှယ်အပေါ်ရောက်ရှိနေပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမှုများကို အာရုံခံကြည့်နေ၏။
ခဏနေပြီးနောက် နန်းချင်၏ အမြုတေစိတ်ဝိညာဥ်က အားနည်းသွားပြီး နတ်ဘုရားသရဖူကို ဆက်လက်၍ အသက်မသွင်းနိုင်တော့ပေ။
သူမ၏ မျက်နှာက ဖြူဖျော့၍ အနည်းငယ်မောဟိုက်နေ၏။
နတ်ဘုရားသရဖူကနေ စီးဆင်းနေသည့် ယုံကြည်သက်ဝင်ခြင်းစွမ်းအားကလည်း ဖြတ်တောက်ခံလိုက်ရ၏။
“အဲ့ဒါက မလုံလောက်သေးဘူးပဲ”
ဆူဇီမိုက စိတ်ထဲကနေ တီးတိုးရေရွတ်ပြီး သူ၏ မျက်လုံးနှစ်ဖက်က အရောင်မှိန်သွား၏။
ကျိယောင်ရွှယ်၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်ချိုးဖျက်တက်လှမ်းမည့် မည်သည့်လက္ခဏာကိုမှမပြသဘဲ သူမ၏ ဘဝသက်တမ်းကလည်း တိုးမြင့်မလာသည်ကို သူကရှင်းလင်းစွာတွေ့မြင်နေရ၏။
ဤနှစ်များအားလုံးမှာ ကျိယောင်ရွှယ်၏ ဘဝသက်တမ်းကို ဆွဲဆန့်နိုင်ဖို့အတွက် သူသည် မရေမတွက်နိုင်သောရတနာများကို ရှာဖွေခဲ့ပြီး မရေမတွက်နိုင်သောနည်းလမ်းများကို ကြံဆခဲ့၏။
သို့သော်လည်း အဲ့ဒါတွေအားလုံးက နောက်ဆုံးမှာအချည်းနှီးသားဖြစ်ရ၏။
ဤတစ်ခေါက်မှာ ဆန်းကြယ်နက်နဲသော ယုံကြည်သက်ဝင်ခြင်းစွမ်းအားကို သူကအာရုံခံမိသည့်အခါ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိုစွမ်းကိုအသုံးချ၍ ကျိယောင်ရွှယ်က အဆင့်ချိုးဖျက်တက်လှမ်းပြီး သူမ၏ ဘဝသက်တမ်းကို မြှင့်တင်နိုင်မလား သူကကြိုးစားကြည့်လိုခြင်းဖြစ်၏။
ကံဆိုးစွာနှင့်ပင်...။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားက အောက်ဘုံလောကများမှာ ပြိုင်ဘက်ကင်းနေပြီဖြစ်၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် ယှဥ်နိုင်နေလေပြီ။
သူက သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိများအားလုံးကို သိုင်းတာအိုသင်ကြားပေးကာ ဓမ္မပညာရပ်များအားလုံးကို အရည်ဖျော်ချနိုင်သည်ဆိုလျှင်တောင်...။
သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ဘဲရှိနေဆဲ ဖြစ်၏။
အဲ့ဒီမှာ အခြားသောနည်းလမ်းများမရှိတော့ဘူးဆိုလျှင် ကျိယောင်ရွှယ်သည် အသက်ရှင်ဖို့အတွက် နှစ်တစ်ထောင်သာလျှင် ကျန်ရှိတော့သည်ဟုအဓိပ္ပါယ်ရ၏။
မော်တယ်များအတွက် နှစ်တစ်ထောင်က အလွန်ကြာမြင့်သော အချိန်ကာလတစ်ခုဖြစ်၏။
သို့သော်လည်း ကျင့်ကြံသူများအတွက်တော့ အဲ့ဒါက တဒင်္ဂသာဖြစ်၏။
သူသည် ယနေ့မှာ နတ်ဘုရားကုန်းမြေတိုက်ကို ဖိနှိမ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ အကြီးမားဆုံး ငုပ်လျှိုးနေသည့်အန္တရာယ်ကို ဖြေရှင်းပေးနိုင်ခဲ့သော်လည်း သူသည် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတစ်ခုကို ရရှိခဲ့သည်ဆိုလျှင်တောင် ဆူဇီမိုသည် ဝမ်းသာပျော်ရွှင်မှုကို ခံစားမလာရပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းသည် သိုင်းဧကရာဇ်၏ စိတ်ခံစားချက်အပြောင်းအလဲကို အာရုံခံမိသော်လည်း မည်သူကမှ အကြောင်းအရင်းကိုမသိကြပေ။
ကျိယောင်ရွှယ်က ညင်သာစွာ ပြုံးပြီး နတ်ဘုရားသရဖူကို ချွတ်လိုက်၏။ သူမက အဲ့ဒါကို ဆူဇီမိုအားပြန်ပေးပြီး ညင်သာစွာမေးလိုက်၏။
“နင်ငါ့ကိုစိုးရိမ်နေတာလား”
ဆူဇီမိုက နတ်ဘုရားသရဖူကို တိတ်တဆိတ်လက်ခံယူပြီး မျက်လွှာချလိုက်၏။
ကျိယောင်ရွှယ်က ပြုံးပြလိုက်၏။
“ဇီမို... တကယ်တော့ ငါနင့်ကိုပြန်တွေ့ရပြီးတဲ့နောက် ငါ့မှာဘာနောင်တမှမရှိတော့ဘူး”
“ငါအခုဆိုရင်အရမ်းပျော်နေပြီ”
ကျိယောင်ရွှယ်သည် ဆူဇီမိုကို စိုးရိမ်သောကမရောက်စေလိုဘဲ ညင်သာစွာပြုံး၍ သူ့ကို နှစ်သိမ့်ပေးလိုက်၏။
“မင်းမှာ နောက်ထပ်ဘာအစီအစဥ်တွေရှိလဲ”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး နောက်ဆုံးမှာ သူ၏ ခေါင်းကိုမော့ကာ ကျိယောင်ရွှယ်ကို မေးလိုက်၏။
“ငါ့မှာ လောလောဆယ်တော့ ဘာစိတ်ကူးမှ မရှိသေးဘူး”
ကျိယောင်ရွှယ်က သူမ၏ ခေါင်းကိုညင်သာစွာခါပြလိုက်၏။
ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။
“ငါတို့... အပြင်ဘက်ကို လမ်းလေးဘာလေးထွက်လျှောက်ကြတာပေါ့”
“အာ..”
ကျိယောင်ရွှယ်က ခဏမျှမှင်တက်သွားပြီး အလိုလိုမေးလိုက်၏။
“ဘယ်ကိုလဲ”
“တခြားကမ္ဘာငယ်တွေကိုပေါ့”
ဆူဇီမိုက ပြုံးပြလိုက်၏။
“အောက်ဘုံလောကမှာ ထျန်ဟွမ်ကုန်းမြေတိုက်လို ကမ္ဘာငယ်ပေါင်းတစ်ဘီလီယံရှိတယ်... ကမ္ဘာငယ်တစ်ခုစီက အမျိုးမျိုးကွဲပြားခြားနားတယ်... သူတို့မှာ မတူညီတဲ့ ယဥ်ကျေးမှုတွေ... အမွေအနှစ်တွေနဲ့ သက်ရှိတွေရှိကြတယ် သူတို့က ပုံစံတွေအမျိုးမျိုးကွဲထွက်နေပြီးတော့ ထူးဆန်းတဲ့အရာပေါင်းစုံနဲ့ ပြည့်နှက်နေတယ်”
ထိုစကားကိုကြားသောအခါ ကျိယောင်ရွှယ်၏ မျက်လုံးများက တောက်ပစွာဝင်းလက်လာ၏။
သူမတစ်ယောက်တည်းသာလျှင်မဟုတ်ဘဲ ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသူများပင်လျှင် အပြင်လောကသို့ထွက်ပြီး သူတို့၏ အမြင်ကို ချဲ့ထွင်ချင်ကြ၏။
ထိုအရာများသည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် နတ်ဘုရားကုန်းမြေတိုက်တို့နှင့် ကွဲပြားခြားနားသော လောကများဖြစ်၏။
ထိုကမ္ဘာငယ်များမှာ မည်သို့သောယဥ်ကျေးမှုများ၊ ဗိသုကာလက်ရာများနှင့် ဓလေ့ထုံးတမ်းများ ရှိနေမလဲ။
အရာရာတိုင်းက ဘာမှန်းမသိရဘဲ အသစ်အဆန်းဖြစ်နေပေလိမ့်မည်။
ကံဆိုးစွာနှင့်ပင် ထျန်ဟွမ်ကုန်းမြေတိုက်မှ လက်ရှိဧကရာဇ်များပင်လျှင် အခြားတစ်ယောက်ယောက်ကို ခေါ်သွားဖို့နေနေသာ သူတို့ကိုယ်တိုင်ပင်လျှင် အခြားသောကမ္ဘာငယ်များသို့ စိတ်ရှိတိုင်း သွားလာနိုင်သည့်အစွမ်းအစမရှိကြပေ။
“အဲ့...အဲ့ဒါက တကယ်တော့ ကောင်းတာပေါ့”
“ဒါပေမဲ့... နင်က အထက်ဘုံကိုတက်လှမ်းတော့မှာ မဟုတ်ဘူးလား.... အဲ့ဒါက နင့်ရဲ့ကျင့်ကြံမှုအပေါ် သက်ရောက်စေမှာလား”
ကျိယောင်ရွှယ်က အနည်းငယ်ပျော်ရွှင်၍စိတ်လှုပ်ရှားနေသော်လည်း သူမက ဆူဇီမိုကို စိုးရိမ်ပူပန်နေ၏။
“တက်လှမ်းဖို့က လောနေစရာမလိုပါဘူး”
ဆူဇီမိုက ပြုံးပြလိုက်၏။
“ကျင့်ကြံရတာက ပျင်းဖို့ကောင်းတယ်... ငါ့မှာအဲ့လိုမျိုးအချိန်တချို့ရှိဖို့လဲလိုတာပေါ့... တကယ်တော့ အဲ့ဒါက မဟာကျိုးရဲ့ဧကရီကလည်း သဘောတူလက်ခံမယ်ဆိုရင်ပေါ့”
ကျိယောင်ရွှယ်က ကိန်းကြီးခန်းကြီး ပုံစံဖမ်း၍ ခဏမျှစဥ်းစားတွေးတောပြီးနောက် ပြန်ဖြေလိုက်၏။
“ခွင့်ပြုတယ်”
ကျိယောင်ရွှယ်၏ မျက်နှာကတည်တံ့နေသော်လည်း သူမ၏ မျက်လုံးများက အရမ်းကိုတောက်ပပြီး ပြုံးရွှင်နေပုံရလေသည်။
ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်စလုံးသည် သူတို့၏ သရုပ်သကန်နှင့် အဆင့်အတန်းများကို မေ့လျော့သွားကြ၏။
ဆူဇီမိုက သိုင်းဧကရာဇ်မဟုတ်တော့ပေ။
ကျိယောင်ရွှယ်ကလည်း မဟာကျိုး၏ ဧကရီ မဟုတ်တော့ပေ။
အချိန်ကာလက နောက်ပြန်ဆုတ်သွားပြီး သူတို့နှစ်ယောက် ပထမဆုံး တွေ့ဆုံခဲ့သည့်ညသို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံး၍ကြည့်ကာ တူညီသောပုံစံဖြင့် ခံစားနေကြရ၏။
သူတို့၏ မျက်လုံးများထဲမှာ မည်သည့်တပ်မက်မှုမှမရှိဘဲ သူတို့၏ အကြည့်များက ကြည်လင်ရှင်းလင်း၍ လှပနေ၏။
ဆူဇီမို၏ နှလုံးသားထဲမှာ ကျိယောင်ရွှယ်သည် အခြားသူများနှင့် လုံးဝကွဲပြားခြားနားလေသည်။
အရင်တုန်းက ဆူဟုန်သည် သူ့ဘဝ၏ နေဝင်ချိန်သို့ ရောက်ရှိလာသောအခါ ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာပိတ်မိနေခဲ့ပြီး သူက ဆူဟုန်၏ဘေးမှာရှိနေဖို့ အခွင့်အရေးမရခဲ့ပေ။
ယခု... ဆူဇီမိုသည် မည်သည့်နောင်တကိုမှ မချန်ရစ်ခဲ့လိုပေ။
သူတို့နှစ်ယောက်သည် ဤဘဝမှာ တာအိုလက်တွဲဖော်များဖြစ်ဖို့ ကံပါမလာဘူးဆိုလျှင်တောင် အဲ့ဒါက သူ့နှလုံးသားထဲရှိ ကျိယောင်ရွှယ်၏ အဆင့်အတန်းအပေါ် သက်ရောက်လိမ့်မည်မဟုတ်ပေ။
သူသည် ဤနောက်ဆုံးခရီးမှာ ကျိယောင်ရွှယ်ကို အဖော်ပြုပေးရပေလိမ့်မည်။