← Chapters

ခြေရာလက်ရာများအားလုံးဖျောက်ဖျက်ခြင်း

Vol. 139 Ch. 2077

ခြေရာလက်ရာများအားလုံးဖျောက်ဖျက်ခြင်း

Vol. 139 Ch. 2077

အနက်ရောင်ဝတ်အမျိုးသား၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

သူ့ထက် ကျင့်ကြံမှုနယ်ပယ်နှစ်ခု ပိုမိုနိမ့်ကျသော အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ဤကဲ့သို့ သာမန်ကာလျှံကာ ရေစက်တစ်စက်ကို ထုတ်ဖော်ပြီး သူ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားကို ဖျက်ဆီးပစ်လိုက်နိုင်လိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

ထိုမျှသာမက အနက်ရောင်ရေစက်သည် ဧရာမမီးလုံးကို ဖြတ်ကျော်လာပြီးနောက် လုံးလုံးလျားလျား ခန်းခြောက်မသွားပေ။ ကျန်ရှိနေသောရေစက်က အနင်ရောင်ဝတ်လူထံသို့ ပစ်ဝင်လာခဲ့၏။

“အဲ့ဒါက ဘယ်လိုနတ်ဆိုးပညာရပ်ပါလိမ့်”

အနက်ရောင်ဝတ်လူက မကျေမနပ်ပြောဆိုပြီး သူ၏ ဝတ်ရုံစကို ဆန့်ထုတ်လိုက်၏။ သူ၏ လက်တစ်ဖက်ကိုသာမန်ကာလျှံကာဝေ့ယမ်းပြီ ရေစက်ကိုတွန်းဖယ်ထုတ်ကာ ဆူဇီမိုကို တိုက်ခိုက်ဖို့အတွက် အင်မော်တယ်ပညာရပ်တစ်ခုကို သူကစုဖွဲ့ချင်၏။

သို့သော်လည်း ဝတ်ရုံစက ရေစက်နှင့်ထိတွေ့မိသည့်ခဏမှာပင် အနက်ရောင်ဝတ်လူက ဆတ်ခနဲတုန်ယင်သွား၏။

သူသည် ရေစက်တစ်စက်ကို လုံးဝခါမချနိုင်ပေ။

ထိုအခိုက်အတန့်မှာ သူသည် ရေစက်တစ်စက်နှင့် ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ သမုဒ္ဒရာတစ်စင်းနှင့် ရင်ဆိုင်နေရသည့်အလားပင်။

ဘန်း...

ရေစက်က ပေါက်ကွဲထွက်သွား၏။

အနက်ရောင်ဝတ်လူသည် သူ၏ ခန္ဓာကိုယ်မှ အရိုးများကျိုးသံတဖျောက်ဖျောက်ကိုကြားလိုက်ရ၏။

သူသည် ပေပေါင်းအတော်အတန်အကွာအဝေးသို့ ဒလိမ့်ခေါက်ကွေး ကျဆင်းသွား၏။

လောကမှာ အားနည်းသောရေရှိမည်ဆိုလျှင် အပေါ့ပါးဆုံးရေသည် သက်ရှိများအားလုံးကို နှစ်မြှုပ်ပြီး ၎င်းပေါ်မှာ ငှက်မွေးတစ်တောင်ပင်လျှင် ပေါ်နိုင်လိမ့်မည်မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်ဘုံရေက လောကမှာရှိသော အလေးဆုံးရေဖြစ်ပေလိမ့်မည်။

ရေစက်တစ်စက်က မြစ်များသမုဒ္ဒရာများကို ခုခံပေးနိုင်၏။

ဆူဇီမိုသည် အဲ့ဒါကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သော်လည်း သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ ရေစက်တစ်စက်ကိုသာလျှင် စုဖွဲ့နိုင်၏။

သူသည် ကောင်းကင်ဘုံပကတိရေစက်ပေါင်းထောင်ချီကို စုဖွဲ့နိုင်သည့် အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် အဲ့ဒါသည် လောကနှင့် အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားတစ်ခုဖြစ်လာပေလိမ့်မည်။

အနက်ရောင်ဝတ်လူသည် သူ၏ အရိုးများထဲရှိ အက်ကွဲကြောင်းများကို ပြုပြင်ဖို့အတွက် သူ၏ အမြုတေချီကိုလှည့်ပတ်ရင်း မတ်တတ်ထရပ်ချင်၏။

ရုတ်တရက်ဆိုသလို...။

သူ၏ ရှေ့မှာ ပုံရိပ်တစ်ခု ဖျတ်ခနဲလက်သွားပြီး ဆူဇီမိုက သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဆူဇီမို၏ ခြေဖဝါးတစ်ဖက်က တောင်တစ်လုံးကဲ့သို့ သူ၏ ရင်ဘတ်ကို နင်းချလိုက်၏။

အနက်ရောင်ဝတ်လူက လုံးဝမလှုပ်ရှားနိုင်တော့ပေ။

“မင်းငါ့ကို သတ်လို့မရဘူး”

အနက်ရောင်ဝတ်လူက အလောတကြီးပြောလိုက်၏။

“ငါက... ကျောကလန်ကပဲ”

ကျောကလန်သည် နေလတိုင်းပြည်၏ မိသားစုကလန်ကြီး ငါးခုထဲမှတစ်ခုဖြစ်၏။

ဆူဇီမိုက မှင်သေသေဖြင့်မေးလိုက်၏။

“မင်းကိုဘယ်သူလွှတ်လိုက်တာလဲ”

“ငါ့သဘောနဲ့ငါလာတာ”

အနက်ရောင်ဝတ်လူက ပြောလိုက်၏။

“မင်းက... အမှန်ကိုမပြောဘူးပေါ့လေ”

ဆူဇီမိုက သူ၏ခေါင်းကိုညင်သာစွာခါပြီး သူ၏ခြေဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။ အနက်ရောင်ဝတ်လူသည် အချိန်မရွေးထိုးဖောက်ခံရတော့မည့်အလား သူ၏ ရင်ဘတ်ကနေ တကျွိကျွိအသံများထွက်ပေါ်လာ၏။

“မိုလင်း... မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

အနက်ရောင်ဝတ်လူက ဒေါသထွက်သွားပြီး အံကိုကြိတ်ကာပြောလိုက်၏။

“မင်းငါ့ကိုသတ်ရဲမယ်ဆိုရင်... ငါက...”

ဂျွတ်..

သူ၏ ခြေဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ဆူဇီမိုသည် အနက်ရောင်ဝတ်လူ၏ နှလုံးကို ​ခြေမွှဖျက်ဆီးကာ သူ၏ ရင်ဘတ်ကိုချိုင့်ဝင်သွားစေ၏။

“အား...”

အနက်ရောင်ဝတ်လူက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူ့ကိုမည်သည့်အခွင့်အရေးမှ မပေးဘဲ ဆူဇီမိုက သူ၏ ဦးခေါင်းကိုဖြတ်ရိုက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကိုထိန်းသိမ်းပြီး ဝိညာဥ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်လိုက်၏။

ဤလူက အမှန်အတိုင်းမပြောဘူးဆိုမှတော့ ဆူဇီမိုသည် အဲ့ဒါကို သူ့ဘာသာသူရှာဖွေရပေလိမ့်မည်။

သိပ်မကြာခင် ထိုလူ၏ အမြုတေစိတ်ဝိညာဥ်က ညှိုးခြောက်သွား၏။

ဆူဇီမိုသည် သူ၏ လက်ဖဝါးကိုဖိခြေပြီး အနက်ရောင်ဝတ်လူ၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်ပစ်လိုက်၏။

“ကျောကျူးရွှမ်”

ဆူဇီမိုသည် ကြယ်တာရာဂိုဏ်းဘက်သို့လှည့်ကြည့်ပြီး လှောင်ရယ်လိုက်၏။

သူသည် ကျောကျူးရွှမ်အပေါ် ထင်မြင်ချက်တချို့ရှိခဲ့၏။

မိသားစုကလန် ၅ ခုမှ အရိုက်အရာဆက်ခံသူများကြားတွင် ဤလူသည် ကျင့်ကြံမှုနယ်ပယ်အမြင့်မားဆုံးဖြစ်၏။ ရှန်ကွမ်ချန်ကဲ့သို့ပင် သူသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်​ဖြစ်ပြီး အတော်လေးရင့်ကျက်ကာ တစ်မူထူးခြားသည့်ပုံပေါ်လေသည်။

ရှဲထျန်ဖုန့်နှင့် လင်းမင်တို့နှင့်မတူဘဲ ဤလူက သူ့အပေါ်မည်သည့်ရန်လိုစိတ်ကိုမှ မပြသခဲ့ပေ။

ဤလူသည် လှုပ်ရှားမှုပြုလုပ်လိုက်သည့်အချိန်မှာပင် သူ့အသက်ကိုလိုချင်နေလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် ဤလူသည် အလွန်တရာသတိကြီးပြီး အမှားအယွင်းတစ်စုံတစ်ရာမရှိစေရန် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကိုပင် စေလွှတ်ခဲ့၏။

သို့သော်လည်း သူက ဆူဇီမိုနှင့်ရင်ဆိုင်နေရခြင်းဖြစ်၏။

ဆူဇီမိုသည် အနက်ရောင်ဝတ်လူ၏ သိုလှောင်အိတ်ကို ဖြုတ်ယူပြီး မီးလုံးတစ်လုံးကို သာမန်ကာလျှံကာပစ်ထုတ်လိုက်၏။ သူက ထိုလူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းပြာချပြီး ထိုလူ၏ အလောင်းကိုဖျောက်ဖျက်ကာ လှည့်ထွက်သွား၏။

သူ၏ လက်ရှိပန်းတိုင်မှာ နဂါးအသူရာချောက်နက်ကြယ်၏ အသူရာချောက်နက်ဆီသို့ သွားရောက်ဖို့ဖြစ်ပြီး လောလောဆယ်မှာသူက ကျောကျူးရွှမ်ကို အရေးလုပ်မနေနိုင်ပေ။

………

ကြယ်တာရာဂိုဏ်း၊ လိုဏ်ဂူခန်းဝါတစ်ခုထဲတွင်။

ကျောကျူးရွှမ်က သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး အနားယူနေသည့်ပုံဖြင့် ကျောက်ကုတင်ပေါ်မှာ ခြေနှစ်ဖက်ကိုချိတ်ထိုင်နေ၏။

သူ၏ နောက်ဘက်မှာ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သော အဖိုးအိုတစ်ယောက်ရှိနေ၏။

“သခင်လေး... ခင်ဗျားကဘာလို့ မိုလင်းကိုအာရုံစိုက်ပြီး သူ့ကိုအမဲလိုက်ဖို့အတွက် ကျောဖူကိုတောင် လွှတ်လိုက်ရတာလဲ”

အဖိုးအိုက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ကျောကျူးရွှမ်က သူ၏ နှာရောင်ကို ညင်သာစွာပွတ်သပ်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်လိုက်၏။

“ရှန်ကွမ်ချန်က သူ့ကိုကြည့်တဲ့အချိန်မှာ သူ့ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အကြည့်တစ်ခုရှိနေတယ်... ကျုပ်ကအတော်လေးလှည့်ပတ်မေးပြီးမှပဲ အရင်တုန်းက ကြယ်တာရာဂိုဏ်းမှာဖြစ်ပေါ်ခဲ့တဲ့နမိတ်ဖြစ်စဥ်က အဓိကအကြောင်းအရင်းဆိုတာကို တွေ့ရှိလိုက်ရတယ်”

“ဘာလို့လဲ... အဲ့ဒါက အဲ့ဒီလူနဲ့ပတ်သက်နေလို့လား”

အဖိုးအိုက မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒီလူက အရင်တုန်းက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... ကြယ်ငေးကြည့်စင်ပေါ်က ကြီးမားတဲ့ရုတ်ရုတ်သဲသဲအ​ခြေအနေက သူနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်နေနိုင်မှာလဲ”

ကျောကျူးရွှမ်က ပြောလိုက်၏။

“အရင်တုန်းက ရှန်ကွမ်ချန်ရဲ့ထင်မြင်ချက်ကို ကျုပ်ကြားခဲ့တုန်းကလည်း ကျုပ်က အဲ့လိုပဲတွေးခဲ့တာပဲ... သူက အဲ့ဒါနဲ့ပတ်သက်ပြီး အတွေးလွန်နေတာဖြစ်ရမယ်လို့ ကျုပ်ခံစားခဲ့ရတယ်”

“ဒါပေမဲ့... ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီးတဲ့နောက် အဲ့ဒီလူရဲ့ ကျင့်ကြံမှုနယ်ပယ်က ခုန်ပေါက်တက်သွားပြီး သူက အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာပြီ... အဲ့ဒါကတော့ စိတ်ဝင်စားဖို့တော်တော်လေးကောင်းလာပြီ”

အဖိုးအိုကလည်း အတွေးနက်သွား၏။

ကျောကျူးရွှမ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲ့ဒီလူက အတုမရှိရတနာတစ်ခုကို သေချာပေါက်ပိုင်ဆိုင်ထားမယ်ဆိုတာ ကျုပ်သေချာတယ်... အဲ့ဒီအတုမရှိရတနာကပဲ ကြယ်ငေးကြည့်စင်ပေါ်မှာကြီးမားတဲ့ နိမိတ်ဖြစ်စဥ်တစ်ခုကို နှိုးဆွပေးနိုင်ခဲ့တာဖြစ်ရမယ်”

“အဲ့ဒီအတုမရှိရတနာကပဲ နှစ် ၁၅၀၀ မှာ သူ့ကိုအဆင့်သုံးဆင့်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာဖြစ်ရမယ်”

“အဲ့ဒါကြောင့်... အဲ့ဒီလူကိုသတ်ပြီး သူ့ရဲ့ရတနာကိုယူလာဖို့ ခင်ဗျားက ကျောဖူကိုလွှတ်လိုက်တာပေါ့”

အဖိုးအိုက နားလည်သဘောပေါက်သွား၏။

ကျောကျူးရွှမ်၏ မျက်လုံးထဲတွင် တောက်လောင်ပြင်းပြသောအကြည့်တစ်ခုပေါ်ထွက်လာ၏။

“ကျုပ်က အဲ့ဒီအတုမရှိရတနာကို ရယူနိုင်မယ်ဆိုရင် ကျုပ်က အဆင့်-၉ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ် တွေ့ဆုံပွဲမှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က နေရာတစ်နေရာအတွက် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မယ်”

“ကျုပ်က... ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်ထဲကိုဝင်ရောက်နိုင်တာနဲ့ အဲ့ဒါက အောက်ဆုံးနေရာဆိုရင်တောင်မှ ကျုပ်က မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ကျော်ကြားလာလိမ့်မယ်”

“အဲ့ဒါက ကျုပ်ရဲ့စမှတ်ပဲရှိဦးမယ်... အဲ့ဒီအချိန်ကျရင် ကျုပ်က ကျုပ်ရဲ့မိသားစုကလန်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးပြီး မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အင်မော်တယ်ရှေးတော်ဝင်မိသားစုတစ်စုဖြစ်လာဖို့ ကျုပ်တို့က နေလတိုင်းပြည်ထဲကနေ ဖောက်ထွက်ရမယ်”

“သခင်လေး... ခင်ဗျားရဲ့ရည်မှန်းချက်တွေက မိသားစုကလန်အတွက် တကယ့်ကိုကောင်းချီးမင်္ဂလာပါပဲ”

အဖိုးအိုက ခပ်မြန်မြန်ချီးကျူးလိုက်၏။

ထို့နောက် သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား အဖိုးအိုကမေးလိုက်၏။

“သခင်လေး... ရှန်ကွမ်ချန်နဲ့ ခင်ဗျားရဲ့လက်ထပ်မင်္ဂလာပွဲကို ဆုံးဖြတ်ပြီးသွားပြီလား”

“အမ်း...”

ထိုစကားကိုကြားရချိန်မှာ ကျောကျူးရွှမ်၏ အမူအရာက ရုတ်တရက်မှုန်ကုပ်သွား၏။

“ဟမ့်... ကျုပ်က ဒီနှစ်တွေထဲမှာ အားထုတ်မှုအများကြီးပြုလုပ်ခဲ့တယ်... ဒါပေမဲ့ အဲ့ဒီမိန်းမက ကျုပ်အပေါ်မှာ အမြဲတမ်းအေးတိအေးစက်ပဲ”

“ဟမ့်... ကျုပ်သာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ နာမည်တစ်ခုချန်ထားခဲ့နိုင်မယ်ဆိုရင် ကျုပ်က လောကတစ်ဝှမ်း သေချာပေါက်ကျော်ကြားလာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် သူက ကျုပ်ဆီမှာလာပြီး တောင်းပန်ခယမယ်ဆိုရင်တောင် ကျုပ်ကသူ့ကို သဘောကျချင်မှကျတော့မှာ”

ထိုစဥ်မှာပင် ကျောကျူးရွှမ်က ရင်တစ်ချက်ထိတ်သွား၏။ သူသည် တစ်စုံတစ်ရာကိုအာရုံခံမိသွားသည့်အလား သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး ပျက်ယွင်းနေသော အမူအရာဖြင့် ကြေမွနေသောဝိညာဥ်တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။

“ဒါက...”

အဖိုးအိုကမေးလိုက်၏။

“ကျောဖူက သေပြီ”

ကျောကျူးရွှမ်က အံကိုကြိတ်ပြီး.အေးစက်နေသော အကြည့်ဖြင့်ပြောလိုက်၏။

အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

“ကျောဖူရဲ့တိုက်ခိုက်ရည်ခွန်အားက အားမနဲဘူး... သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကလည်း မိုလင်းထက် နယ်ပယ်နှစ်ခုတောင်ပိုမြင့်နေတာပဲ... သူကဘယ်လိုသေသွားရတာလဲ”

“အဲ့ဒီမှာဖြစ်နိုင်ခြေနှစ်ခုရှိတယ်”

ကျောကျူးရွှမ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ပထမတစ်ခု... မိုလင်းက အဲ့ဒီအတုမရှိရတနာနဲ့ ကျောဖူကိုသတ်ခဲ့တာပဲ... ဒုတိယတစ်ခုကတော့ သူ့ဘက်မှာ တခြားအကူအညီပေးမယ့်သူတွေရှိနေတာပဲ”

“ပထမဖြစ်နိုင်ခြေက ပိုပြီးတော့ဖြစ်နိုင်လောက်တယ်လို့ ကျုပ်ထင်တယ်”

ခဏမျှစဥ်းစားတွေးတော​ပြီးနောက် အဖိုးအိုကလည်း ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီလူက ကြယ်တာရာဂိုဏ်းကို ဝင်ရောက်တုန်းက သူက တစ်ယောက်တည်းပဲ... သူက ဒီနှစ်တွေအားလုံးထဲမှာ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိခဲ့ဘူး... သူ့မှာအခြားအကူအညီပေးမယ့်သူ မရှိလောက်ပါဘူး”

“ဟီးဟီး”

ရုတ်တရက် ကျောကျူးရွှမ်က ပြုံး၍ အေးအေးလူလူပြောလိုက်၏။

“သူ့ထက်အဆင့်နှစ်ဆင့်ပိုမြင့်တဲ့ ပြိုင်ဘက်တစ်ယောက်ကိုသတ်ဖြတ်နိုင်အောင် အဲ့ဒါက ဘယ်လိုရတနာတစ်ခုဖြစ်မလဲ ကျုပ်ပိုပြီးတော့တောင်မှ သိချင်လာပြီ”

All Chapters