မင်းဘယ်သူ့ကိုလာပြီး ခြိမ်းခြောက်နေတာလဲ
Vol. 139 Ch. 2079
“နဂါးမျိုးနွယ်မျိုးဆက်သွေးက တကယ်ကိုထူးခြားတာပဲ”
အခြားသော အဆင့်-၅ အင်မော်တယ်တစ်ယောက်ကပြောလိုက်၏။
“ငါတို့နှစ်ယောက် ဒီနေရာမှာရှိနေလို့သာမဟုတ်ရင် ငါတို့ရဲ့ ဂျူနီယာတွေသက်သက်နဲ့ ဒီနဂါးငယ်ကို ဖိနှိမ်နိုင်မှာမဟုတ်ဘူး”
ဆူဇီမိုသည် ဘေးကနေ အေးစက်စွာစိုက်ကြည့်ပြီး အရာရာတိုင်းကိုရှင်းလင်းစွာတွေ့မြင်နေရ၏။
သူထင်တာမမှားဘူးဆိုလျှင် ထိုကျင့်ကြံသူနှစ်အုပ်စုသည် နဂါးအသူရာချောက်နက်မြို့တော်မှ အစောင့်တပ်သားပြောခဲ့သော ဂိုဏ်းနှစ်ဂိုဏ်းဖြစ်သည့် မဟူရာရေခဲတောင်ကြားနှင့် အမြုတေပြန်ဂိုဏ်းတို့မှ ဖြစ်ကြပေလိမ့်မည်။
အဖြူရောင်ဝတ်မိန်းကလေးသည် ဤမျှအထိတောင့်ခံနိုင်နေသည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူမကအားမနည်းသောကြောင့်ဖြစ်၏။
တစ်ချိန်တည်းမှာပင် အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်သည် သူမကိုသတ်ဖြတ်လိုခြင်းမရှိဘဲ အသက်ရှင်လျက်ဖမ်းဆီးလိုသောကြောင့်ဖြစ်၏။
တကယ်တော့... အချိန်ကြာလာသည်နှင့်အမျှ အဖြူရောင်ဝတ်မိန်းကလေး၏ ဒဏ်ရာများက ပို၍ဆိုးဝါးလာပြီး သူမသည် သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
“အပြစ်ရှိလူသားတွေ”
အဖြူရောင်ဝတ်မိန်းကလေးက အံကိုကြိတ်ပြီး သူမ၏ မျက်လုံးများက ရွှံရှာစက်ဆုပ်မှုဖြင့် ပြည့်နှက်လာကာ မုန်းတီးစွာဖြင့် ပြောလိုက်၏။
“နင်တို့တွေငါ့ကိုကျွန်ပြုဖို့ ဘယ်လိုတောင်ကြိုးစားရဲတာလဲ... နင်တို့တွေက နဂါးမျိုးနွယ်ရဲ့ အမျက်သင့်ပြီး နဂါးကမ္ဘာနဲ့ ကောင်းကင်ဘုံကမ္ဘာကြားစစ်ပွဲတစ်ခုစတင်လာမှာ မကြောက်ဘူးလား”
အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်က တုန်လှုပ်သွားသည့်အလား အနည်းငယ်မှင်တက်သွား၏။
သို့သော် မကြာခင် သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ဟားတိုက်ရယ်မောလိုက်ကြ၏။
သူတို့၏ မျက်နှာများက လှောင်ပြောင်သရော်လိုမှုများဖြင့် ပြည့်နှက်နေလေသည်။
“ဒီနဂါးလေးက ဘာတွေကိုလာပြောနေတာလဲ”
မဟူရာရေခဲတောင်ကြား၏ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်က သူမ၏ စကားကိုမကြားချင်ယောင်ဆောင်ပြီး တမင်သက်သက်အော်ပြောလိုက်၏။
“ဒီနဂါးငယ်က နဂါးကမ္ဘာနဲ့ ကောင်းကင်ဘုံကမ္ဘာကြား စစ်ပွဲတစ်ပွဲနဲ့ ငါတို့ကိုလာပြီး ခြိမ်းခြောက်နေတာပဲ... ငါဖြင့်လန့်သွားတာပဲ”
“ဟားဟားဟားဟား...”
အခြားသောကျင့်ကြံသူများကလည်း ဟားတိုက်ရယ်မောလိုက်ကြ၏။
အမြုတေပြန်ဂိုဏ်း၏ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်က အဖြူရောင်ဝတ်မိန်းကလေးကိုကြည့်ပြီး လှောင်ရယ်လိုက်၏။
“မင်းကိုယ်မင်းဘာထင်နေလို့လဲ.. နို့နံ့တောင်မစင်သေးတဲ့ နဂါးငယ်တစ်ကောင်က ကမ္ဘာနှစ်ခုကြားစစ်ပွဲကို ဖြစ်စေချင်တာလား”
အဖြူရောင်ဝတ်မိန်းကလေး၏ ခြိမ်းခြောက်မှုက တကယ်ပင်ရယ်စရာကောင်းနေ၏။
ဘာပဲပြောပြောသူမသည် အဆင့်-၁ ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိသည့် နဂါးငယ်တစ်ကောင်သာဖြစ်၏။
အဆင့်-၁ ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိသော နဂါးငယ်တစ်ကောင်အတွက် နဂါးကမ္ဘာတစ်ခုလုံးက အခြားသောကမ္ဘာတစ်ခုနှင့် စစ်ခင်းချင်သည်ဆိုလျှင် အဲ့ဒါကစိတ်ကူးယဥ်ဆန်ရာကျနေပေလိမ့်မည်။
လူသားမျိုးနွယ်မှ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည်လည်း နဂါးကမ္ဘာမှာသေဆုံးသွားမည်ဆိုလျှင် ဤကဲ့သို့သေးငယ်သော ကိစ္စတစ်ခုအတွက် ကောင်းကင်ဘုံကမ္ဘာသည် နဂါးကမ္ဘာနှင့် စစ်ခင်းစရာအကြောင်းမရှိပေ။
ကမ္ဘာနှစ်ခုကြားစစ်ပွဲက ဘယ်လောက်တောင်ရက်စက်ကြမ်းတမ်းလိုက်မလဲ။
ကမ္ဘာနှစ်ခုကြားစစ်ပွဲတစ်ပွဲဖြစ်ပွားလာသည်နှင့် မရေမတွက်နိုင်သော ပညာရှင်များက ရောပါငြိစွန်းခံရပြီး မရေမတွက်နိုင်သော သက်ရှိများက သေကြေပျက်စီးရပေလိမ့်မည်။
ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို မပြောနှင့် ကောင်းကင်လိုဏ်ဂူပညာရှင်များနှင့် ဘုရင်များပင်လျှင် အခြားသောကမ္ဘာများမှာသေဆုံးသွားပါက သူတို့သည် ကမ္ဘာနှစ်ခုကြားစစ်ပွဲတစ်ပွဲကို ဖြစ်စေလိမ့်မည် မဟုတ်ပေ။
ကြယ်တာရာဂိုဏ်း၏ လျှို့ဝှက်ချက်သည် အခြားသောကမ္ဘာတစ်ခုမှ ဘုရင်တစ်ပါးသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့ပြီး နောက်ဆုံးမှာ အင်မော်တယ်ဘုရင်တစ်ပါးက သူ့ကိုသတ်ဖြတ်လိုက်ခြင်းကနေ စတင်ခဲ့လေသည်။
ထိုစဥ်တုန်းကတောင် သူနေထိုင်ခဲ့သောကမ္ဘာသည် ကောင်းကင်ဘုံကမ္ဘာကို စစ်ခင်းလာခြင်းမရှိခဲ့ပေ။
“နင်...နင်တို့တွေ...”
အဖြူရောင်သတ်မိန်းကလေးက ခုခံနေရင်း သူမ၏ ပါးနှစ်ဖက်က အမျက်ဒေါသဖြင့်မို့တက်လာပြီး သူမက မည်သို့ငြင်းဆန်ရမည် မသိတော့ပေ။
“ကမ္ဘာနှစ်ခုကြား စစ်ပွဲတစ်ပွဲမဖြစ်ပွားဘူးဆိုရင်တောင် ငါ့အမေက နင်တို့တွေကိုရှာပြီး နင်တို့တွေကို အပိုင်းပိုင်းဆုတ်ဖြဲပြီးတော့ နဲနဲချင်းစီစားပစ်လိမ့်မယ်”
အဖြူရောင်ဝတ်မိန်းကလေးက အလျှော့မပေးပေ။
“ဟားဟား”
မဟူရာရေခဲတောင်ကြား၏ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်က ထပ်မံ၍ရယ်မောကာ အေးအေးဆေးဆေးပင်ပြောလိုက်၏။
“မိန်းကလေး... နင်ကတော်တော်ငယ်သေးတယ် ငါနင့်ကို သဘောတရားတစ်ခုသင်ပေးမယ်... နဂါးတစ်ကောင်အနေနဲ့ နင်က ကောင်းကင်ဘုံကမ္ဘာရဲ့ ပိုင်နက်နယ်မြေထဲကို ရောက်လာခဲ့တယ်... နင်က ဒီနေရာမှာသေသွားရမယ်ဆိုရင်တောင်မှ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး”
အမြူတေပြန်ဂိုဏ်း၏ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်က အဖြူရောင်ဝတ်မိန်းကလေးကိုကြည့်ပြီး သူ၏ခေါင်းကိုခါလိုက်၏။
“နင်က တကယ့်ကိုရိုးအလွန်းတယ်... ငါတို့က နင့်ကိုနောက်ပိုင်းအသက်ရှင်လျက်ဖမ်းဆီးပြီး ဒီနေရာက ခေါ်ထုတ်သွားမယ်ဆိုရင် နင့်ကိုခေါ်ထုတ်သွားတဲ့သူက ငါတို့ဆိုတာကိုဘယ်သူကသိတော့မှာလဲ”
“အရှက်မဲ့ပြီး ရွံစရာကောင်းတဲ့လူသားတွေ”
အဖြူရောင်ဝတ်မိန်းကလေးက ထပ်မံ၍ကျိန်ဆဲလိုက်၏။
ဤမိန်းကလေးက လောကအတွေ့အကြုံနုနယ်သေးပုံရလေသည်။ သူမက အမျက်ဒေါသဖြင့် ပြည့်နှက်နေသည်ဆိုလျှင်တောင် သူမ အများဆုံးပြောတတ်သည့်စကားမှာ ရွံစရာကောင်းခြင်းနှင့် အရှက်မဲ့ခြင်းသာဖြစ်၏။
“တိုက်”
မဟူရာရေခဲတောင်ကြား၏ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်သည် အဖြူရောင်ဝတ်မိန်းကလေး၏ စိတ်အာရုံပျက်ယွင်းမှုကို အခွင့်ကောင်းယူကာ ဓမ္မရတနာတစ်ခုကို ရုတ်တရက်ဆင့်ခေါ်လိုက်၏။
အဲ့ဒါက အဖြူရောင်ဝတ်မိန်းကလေးပေါ်သို့ ဆင်းသက်သွားပြီး သူမကို ချက်ချင်းပင်ရစ်ပတ်သွားလေသည်။
အဲ့ဒါသည် ကျင့်ကြံရေးလောကမှာ သားရဲဖိနှိမ်ကြိုးနှင့် ဆင်တူသောငွေဖြူရောင်ကြိုးတစ်ချောင်းဖြစ်၏။
သို့သော်လည်း ဤကြိုးသည် သာမန်သားရဲဖိနှိမ်ကြိုးများနှင့်ယှဥ်လျှင် နောက်ထပ်အပြောင်းအလဲတစ်ခုပါရှိလေသည်။
အဖြူရောင်ဝတ်မိန်းကလေးက ဟိန်းဟောက်ပြီ ချုပ်နှောင်မှုကနေ ရုန်းထွက်ချင်၏။ ကြိုးကငွေရောင်အလင်းဖြင့် တောက်ပလာပြီး နှင်းခဲအလွှာများက ဖြစ်ပေါ်လာကာ အေးစက်နေသောစိတ်ဆန္ဒတစ်ခုက ဖြာထွက်လာ၏။
အတွင်းမှာပိတ်မိသွားသော အဖြူရောင်ဝတ်မိန်းကလေးကို မပြောနှင့် အဝေးကနေစောင့်ကြည့်နေသော ဆူဇီမိုပင်လျှင် အအေးဓာတ်ကိုခံစားလာရ၏။
နှင်းခဲအလွှာတစ်ခုက အဖြူရောင်ဝတ်မိန်းကလေး၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားလေသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိနဂါးသွေးက တဖြည်းဖြည်းအေးခဲလာပြိး သူမ၏ လှုပ်ရှားမှုများကလည်း လေးကန်လာ၏။
သိပ်မကြာခင် သူမသည်ထိုကျင့်ကြံသူများ၏ အသက်ရှင်လျက်ဖမ်းဆီးခြင်းကိုခံရပေတော့မည်။
ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုသည် သူ့ကိုယ်သူ ရုပ်လုံးထွက်ပြပြီး တိုက်ပွဲနယ်မြေရှိရာသို့ ဒယီးဒယိုင်လျှောက်လှမ်းသွား၏။
“ငါ့လခွမ်းတဲ့မှ... ဘာလို့အဲ့လောက်ထိ ဆူညံနေရတာလဲ”
ဆူဇီမိုသည် သူ၏ လက်တစ်ဖက်က ဝိုင်အိုးကိုကိုင်ဆွဲပြီး မကျေမနပ်ပြောဆိုလိုက်၏။
သူသည် အဖြူရောင်ဝတ်မိန်းကလေးကို သိရှိခြင်းမရှိသလို သူမနှင့် မည်သည့်ပတ်သက်ဆက်နွယ်မှုမှလည်း မရှိပေ။
သို့သော်လည်း ဆူဇီမိုသည် နဂါးမျိုးနွယ်အပေါ် ပင်ကိုအားဖြင့် ရင်းနှီးသောခံစားချက်တစ်ခုရှိလေသည်။
တစ်ဘက်မှာတော့... ထိုခံစားချက်သည် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဥ်ထံမှလာခြင်းဖြစ်၏။
တစ်ဘက်မှာတော့... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ နဂါးမျိုးနွယ်မှာ နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေထိုင်ခဲ့ဖူးသောကြောင့်ဖြစ်၏။
တစ်ချိန်တည်းမှာပင် အဲ့ဒါသည် သူ့ကိုတဗူးနဂါးဖီးနစ်တစ်ကောင်ဖြစ်လာအောင် နဂါးမျိုးနွယ်၏ ကာကွယ်စောင့်ရှောက်ပေးခဲ့မှုနှင့် လုံရန်၏ အကူအညီပေးခဲ့မှုတို့ကြောင့်ဖြစ်၏။
ထို့ကြောင့် ဆူဇီမိုသည် အဖြူရောင်ဝတ်မိန်းကလေးအန္တရာယ်ကျရောက်လာသောအခါ သူက ဒီတိုင်းအငြိမ်မနေနိုင်တော့ပေ။
“ဟမ်...”
လက်ရှိကျင့်ကြံသူတိုင်းအားလုံးက တုန်လှုပ်သွားကြ၏။
အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး လှမ်းကြည့်လိုက်ကြ၏။
သူတို့နှစ်ယောက်စလုံး၏ စိတ်ဝိညာဥ်အသိစိတ်က ဆူဇီမိုပေါ်သို့ ရောက်ရှိသွား၏။
သူက အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သည်ကိုတွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြေလျော့သွားပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“မဟူရာရေခဲတောင်ကြားနဲ့ အမြုတေပြန်ဂိုဏ်းက ဒီနေရာမှာ သားရဲတစ်ကောင်ကိုဖိနှိမ်နေတယ်... မဆိုင်တဲ့သူတွေ ဒီနေရာကနေ မြန်မြန်ထွက်သွား”
မဟူရာရေခဲတောင်ကြား၏ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်က ဆူဇီမိုကိုစိုက်ကြည့်ပြီး သူ၏ လေသံက အေးစက်ခက်ထန်နေ၏။
“အဲ့တော့ဘာဖြစ်လဲ”
ဆူဇီမိုက မျက်လုံးစွေကြည့်ပြီး နှုတ်ခမ်းစူလိုက်၏။
“မဟူရာရေခဲတောင်ကြားနဲ့ အမြုတေပြန်ဂိုဏ်းဆိုတာ ဘာမှမဟုတ်ဘူး... ငါဆိုရင် ကြယ်တာရာဂိုဏ်းကြီးကနေတောင်မှလာတာ... မင်းတို့ကောင်စုတ်နှစ်ကောင်က ဘယ်သူ့ကိုလာပြီး ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလဲ”
အဖြူရောင်ဝတ်မိန်းကလေးက ဝန်းရံပိတ်ဆို့ခံထားရပြီး ဒဏ်ရာများဖြင့်ပြည့်နှက်နေ၏။
ပုံမှန်အားဖြင့် ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေမှာ သူမက ပြုံးနိုင်စရာအကြောင်းမရှိပေ။
သို့သော်လည်း ဆူဇီမိုက အရက်မူး၍ ပေါက်တက်ကရစကားများပြောဆိုနေသည်ကိုတွေ့မြင်သောအခါ သူမကရယ်မိသွားလေသည်။
သူမက ဒေါသထွက်နေသော်လည်းအခြားသူများကို ဘယ်လိုကြိမ်းမောင်းပြောဆိုရမလဲ မသိပေ။
ဆူဇီမို၏ စကားလုံးများက သူမ၏ ရင်ထဲရှိအမျက်ဒေါသကို ဖြေဖျောက်ခွင့်ပေးလိုက်လေသည်။
သို့သော်လည်း အဖြူရောင်ဝတ်မိန်းကလေးက တစ်စုံတစ်ရာလွဲမှားနေသည်ကို အလျင်အမြန်နားလည်သဘောပေါက်သွားပြီး သူမ၏ ပါးစပ်ကို ပိတ်လိုက်၏။
အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်၏ အမူအရာက သုန်မှုန်လာပြီး သူတို့၏ မျက်နှာများက အေးစက်လာခဲ့၏။
သူတို့သည် သူတို့ထက်ကျင့်ကြံမှုနယ်ပယ် ပိုမိုမြင့်မားသောတစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူတို့နှစ်ယောက်က အဲ့ဒါကို သည်းခံကောင်းသည်းခံပေလိမ့်မည်။
သို့သော်လည်း အဆင့်-၄ ကမ္ဘာမြေအမြုတေနယ်ပယ်အရက်သမားတစ်ယောက်က သူတို့ကို အရှက်ခွဲလာသောအခါ သူတို့၏ ရင်ထဲရှိသတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာခဲ့၏။
“ငါအဲ့ဒီလူကိုသတ်မယ်..”
အမြုတေပြန်ဂိုဏ်း၏ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်က သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“မလိုအပ်တဲ့ပြဿနာကို ရှောင်လွှဲနိုင်အောင်”
ဤအရက်သမားက အရက်ကြောင်ကြောင်၍ ကယောင်ကတမ်းလျှောက်ပြောနေ၏။ သူ့ကို ဤနေရာကနေ ထွက်သွားခွင့်ပေးလိုက်မည်ဆိုလျှင် သူက အပြင်ဘက်မှာ မည်သို့သောသတင်းများကိုလျှောက်ဖြန့်နေမလဲ မသိနိုင်ပေ။
သူတို့သည် နဂါးငယ်တစ်ကောင်ကို အရှင်ဖမ်းဆီးသွားခဲ့သည်ကို ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်မှ အခြားသောပညာရှင်များ သိသွားခဲ့မည်ဆိုလျှင် သူတို့က အဲ့ဒါကိုသေချာပေါက် လာလုပေလိမ့်မည်။
“လုပ်စရာရှိတာဆက်လုပ်... အဲ့ဒီအရက်သမားကို တတ်နိုင်သမျှ မြန်မြန်ရှင်းထုတ်ရမယ်”
မဟူရာရေခဲတောင်ကြား၏ အဆင့်-၅ မဟူရာအင်မော်တယ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီနဂါးငယ်က ငါ့ရဲ့ မဟူရာရေခဲကျော့ကွင်းထဲမှာပိတ်မိနေပြီ... ငါစောင့်ကြည့်နေမယ်ဆိုရင် သူက အဲ့ဒီကနေရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး”