← Chapters

အပိုင်း (၇၄)

Vol. 6 Ch. 74

အပိုင်း (၇၄)

Vol. 6 Ch. 74

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့၏။ အဘိုးအိုသည် ဂိုဏ်းချုပ်၏ ဟောခန်းဆီသို့ မချဉ်းကပ်နိုင်ခဲ့ချေ။ သူသည် အမြန်ဆန်ဆုံးသော အရှိန်နှုန်းဖြင့် အနောက်ဘက်ဆီသို့ လွင့်စင်သွားခဲ့၏။

ဝေါ့

လေထုထဲမှာတော့ အဘိုးအိုသည် သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။ သူတော်စင် တစ်ယောက်၏ အခွင့်အာဏာ ဆိုသည်မှာ ကြီးကျယ်ခမ်းနားလွန်းလှသည့် အရာဖြစ်၏။

ယန်ရှိုသည် သူတော်စင်အဆင့်ဆီသို့ မရောက်ရှိသေးသည် ဆိုသော်လည်း သူ တော်စင်အဆင့်ဆီသို့ ရောက်ရှိနိုင်ရန် ဂိတ်တံခါးဝဆီသို့ လှမ်းလျှောက်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူတော်စင်တစ်ယောက်၏ အော်ရာများကို ပိုင်ဆိုင်နှင့် ပြီးသား ဖြစ်တော့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အစစ်အမှန် သူတော်စင်တစ်ယောက်သာ ဝင်ရောက် တားဆီးခြင်း မရှိပါက ၎င်း၏ ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်နိုင်မည့် အခြေအနေကို မည်သူမှ တားဆီးနိုင် တော့မည် မဟုတ်ချေ။

“ဒါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ အော်ရာတွေပဲ။ ဒီထဲက လူက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက လူ‌ပဲ” အဘိုးအို သည် စိတ်ပျက်လက်ပျက်ဖြင့် ထကာ အော်ဟစ်လိုက်မိသည်။

ယန်ရှိုကို သူ မသိရှိချေ။ သို့ပေမဲ့ တစ်ဖက်လူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်များသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်များဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်များနှင့် တူညီနေသည်ကို သူက ချက်ချင်းသိ၏။ ထို့အပြင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဆိုသည်မှာ နတ်နယ်မြေအဆင့် အင်အားစုဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာသည် လေးစားရသည့် အခြေအနေတွင် တည်ရှိနေသည့် ဂိုဏ်းတစ်ခုလည်း ဖြစ်တော့၏။

“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ကျူးကျော်သူ… ဘယ်လိုဖြစ်ပြီးတော့ ထျန်းကန်ဂိုဏ်းထဲကို ဝင်ရှုပ်ရဲတာလဲ”

နောက်ထပ် အကြီးအကဲ တစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ဆံနွယ်များသည် ရှုပ်ပွလျက်ရှိ၏။ မျက်လုံးများသည် သွေးကဲ့သို့ပင် နီရဲလျက် ရှိနေပြီး သူ၏လမ်းအရှေ့တွင် ရှိသမျှ အရာအားလုံးကို ဝါးမျိုရန် ဆန္ဒ ရှိနေသကဲ့သို့ပင်။

သူသည်သာ ထိုအတားအဆီးကို ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့သည်ဆိုပါက ယန်ရှို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပစ်မှာ သေချာ၏။ နတ်ဆိုးကျင့်ကြံသူများသည် ယခု သူတို့ဂိုဏ်း၏ တောင်အတာအကွယ် အစီအရင်ကို ချိုးဖြတ်ကာဖြင့် မည်သူမှ မသိအောင် ဂိုဏ်းထဲသို့‌ ရောက်ရှိနှင့်နေ၏။

ဤအရာတင် မကသေးချေ။ ထျန်းကန်ဂိုဏ်း၏ အခွင့်အရေးဖြစ်သော သူတော်စင်ဖြစ်ရန် အခွင့်အရေး တစ်ခုလုံးကိုလည်း လုယူသွားခဲ့ခြင်းပင်။ နှစ်ပေါင်း တစ်သောင်းကျော်ကြာမြင့်ပြီးသည့်နောက် ထျန်းကန်ဂိုဏ်း သည် ဤကဲ့သို့ အရှက်တကွဲ၊ အကျိုးနည်း အခြေအနေမျိုးကို မည်သည့်အခါကမှ မကြုံခဲ့ဘူးချေ။

“တပည့်တို့.. အကာအကွယ် အစီအရင်တစ်ခုကို ဖန်တီးကြ။ ငါ့နောက်ကနေ လိုက်ခဲ့ … ဂိုဏ်းချုပ်ကို ကယ်ကြမယ်” အဘိုးအိုသည် ကောင်းကင်ယံသို့ တစ်ခါပျံတက်လိုက်၏။ သူသည် လေထုထဲတွင် မတ်မတ်ရပ်လိုက်သည့်နောက် ဆံနွယ်များသည် လေထုထဲသို့ လွင့်လျက်ရှိ၏။ သူ၏ ဝတ်စုံများသည်လည်း တဝုန်းဝုန်း နှင့် လှုပ်ခါလျက်ရှိ၏။

“ဒီနတ်ဆိုးလူ သူတော်စင် မဖြစ်ခင်မှာ ဂိုဏ်းချုပ်ကို ဝင်ပြီးကယ်တင်ကာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ပြီးတော့ ဂိုဏ်းချုပ်က ထျန်းကန်ဂိုဏ်းအတွင်းမှာ သူတော်စင် ဖြစ်လာရမယ့်လူ။ ဒီအခွင့်အရေးကိုသာ လွှဲချော်သွားရမယ် ဆိုရင် နောက်ထပ် ဘယ်သူ သူတော်စင်ဖြစ်မလဲ ဆိုတာ သိနိုင်တော့မှာ မဟုတ်တော့ဘူး။ ရောင်စဉ်အလင်း နတ်နယ်မြေက နောက်ထပ် ကောင်းကင်နဲ့မြေပြင် သန့်စင်ခြင်းဆေးလုံးတစ်လုံးကို ထပ်ပြီးတော့ ပေးမယ်လို့ ထင်လား”

အဘိုးအိုသည် ဂိုဏ်းချုပ်၏ အသက်မှာ အန္တရာယ်အတွင်းသို့‌ ရောက်ရှိနေသည်ဟု မစဉ်းစားချေ။ အဘယ်ကြောင့် ဆိုသော် ဂိုဏ်းချုပ်၏ ဝိညာဉ်ကျောက်စိမ်းပြားသည် မကွဲမအက်ဘဲ ဤအတိုင်း ပုံမှန် ရှိနေသောကြောင့်ပင်။

ဆွစ် ဆွစ် ဆွစ်

ရေတွက်လို့မရအောင် များပြားလွန်းလှသော အလင်းတန်းများသည် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့၏။ တပည့်များသည် အဘိုးအို၏ နောက်တွင် မတ်မတ်ရပ်ပြီးသည့်နောက် အလွန်ကြီးမားလှသော အစီအရင်ကြီးကို စတင်ကာ ဖန်တီးသည်။ တပည့်များသည် တစ်ဦးချင်းစီအလိုက် အားကောင်းလှသည် မဟုတ်သော်လည်း ပူးပေါင်းလိုက်သည့်အချိန်မှာတော့ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူအနေနှင့် အချိန်အတော်ကြာ တိုက်ခိုက်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိသွား၏။ သို့ပေမဲ့ သူတော်စင်တစ်ယောက်နှင့် တိုက်ခိုက်ရန် ဆိုသည်မှာတော့ အကူအညီ ကင်းမဲ့လှချေ၏။

အစီအရင်ထဲမှာတော့ တပည့်များသည် ဓားရှည်များကို ကိုင်ဆောင်ထားခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ကြောက်လန့်စွာဖြင့် အကြည့်ချင်း ဖလှယ်လျက်ရှိ၏။ အားလုံးတို့၏ မျက်လုံးထဲတွင် စိုးရွံ့ကြောက်လန့်မှုများ ပြည့်နှက်လျက်ရှိ၏။ လက်ရှိအခြေအနေတွင် တစ်စုံတစ်ခု လွှဲမှားနေသည်ဖြစ်ကြောင်းကို အရူးပင်လျှင် သိရှိနိုင်စွမ်း ရှိသည်။

သူတော်စင်အဆင့်ကို တက်လှမ်းသွားသည့်လူမှာ သူတို့၏ ဂိုဏ်းချုပ် မဟုတ်ဘဲ နောက်ထပ် နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ဖြစ်လို့နေ၏။ လက်ရှိ အခြေအနေတွင် ၎င်းတို့၏ အတွေးထဲသို့ ဝင်ရောက်လာသည်မှာ ခုခံရန် မကြိုးစားဘဲ ထွက်ပြေးရန်သာ ဖြစ်လို့နေ၏။

သို့ပေမဲ့ ထွက်ပြေးခြင်းဆိုသည်မှာ ပြုလုပ်နိုင်သည့်အရာမျိုး မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ တည်ရှိနေရာ နေရာသည် ထျန်းကျန်ဂိုဏ်း၏ အဓိကဂိတ်တံခါးရှေ့တွင် ဖြစ်နေသောကြောင့်ပင်။ အားလုံးသောသူများ ထွက်ပြေးသွားသည်ဆိုပါက ထျန်းကန်ဂိုဏ်းသည် မည်သို့ ဖြစ်သွားမည်နည်း။

“သတ်ကြစမ်း” အဘိုးအိုက အော်ဟစ်လိုက်သည်။

နောက်တစ်ကြိမ် သူသည် အလင်းတန်းအဖြစ်သို့ အသွင်ပြောင်းပြီး ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်၏။ ရှည်လျားလွန်းလှသော ဓားရှည်ကြီးတစ်စင်း ပေါ်ပေါက်လာ၏။ များပြား လွန်းလှသော ဓားအလင်းတန်းများသည် လေဟာနယ်တစ်ခုလုံးတွင် ကခုန်လျက်ရှိပြီး အလင်းအကာအရံကြီး တစ်ခုကဲ့သို့ ဖြစ်တည်နေသော အစီအရင်ကြီးကို ပိုင်းဖြတ်လေ၏။

ဆွစ်

အဓိကဟောခန်းကြီး တစ်ခုလုံး အလင်းတန်းများ ပြိုးပြိုးပျက်ပျက် ဖြစ်တည်သွားခဲ့သည်။

“သတ်… သတ်ကြ”

နောက်ဘက်တွင် ရှိနေသည့် တပည့်ပေါင်းသောင်းကျော်တို့သည် သံပြိုင်ဆိုသလိုပဲ အော်ဟစ် ကြိမ်းမောင်း လိုက်ကြ၏။ ၎င်းတို့၏ တိုက်ပွဲခေါ်သံသည် ကောင်းကင်ကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့၏။ ၎င်းတို့ စတင်ကာ ဖန်တီးထားသည့် အစီအရင်ကြီးသည်လည်း တုန်ခါလာခဲ့သည်။ လမ်း၏အရှေ့တွင် ရှိနေသည့် အရာအားလုံးကို ချိုးဖြတ်နိုင်ရန် ပြင်ဆင်နေသည့်ပုံပင်။

“အင်း…”

ထိုအချိန်မှာတော့ ကောင်းကင်ယံထက်သို့ ရောက်ရှိနေသော ဆန်းကြယ်လွန်းလှသော ပုံရိပ်တစ်ခုသည် မျက်လုံး ပွင့်လာခဲ့၏။ လေထုထဲတွင် အနက်ရောင် နတ်ဆိုးအော်ရာများ ဖြစ်တည်လာခဲ့ပြီး ကြီးမားလွန်းလှသည့် လေပွေကြီးသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်လာ၏။

မျက်လုံးကို ဖွင့်လိုက်ချင်းချင်းမှာပဲ ယန်ရှို၏ သူတော်စင်အော်ရာများသည် ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ ရေတွက်လို့မရအောင် များပြားလှသည့် လူများအားလုံးတို့သည် ထိုအော်ရာများ၏ ဖိအားကို မည်သို့မှ မခံစားနိုင်ခဲ့ကြချေ။ ထို့ကြောင့် သူတို့သည် ကောင်းကင်ယံဆီမှ အောက်သို့ ပြုတ်ကျကုန်ကြသည်။

“အင်း… ဒီသူတော်စင်ကို တိုက်ခိုက်ရဲတယ် ဟုတ်လား။ မင်းတို့ တော်တော် သတ္တိကောင်းနေတာပဲ” အေးစက်စက် အသံက ထွက်ပေါ်လာ၏။ ဂိုဏ်းချုပ်၏ ဟောခန်းထဲမှာတော့ ယန်ရှိုသည် ဖြည်းညှင်းစွာဖြင့် မတ်တပ်ထရပ် လိုက်သည်။ ၎င်း၏ အမဲရောင်ဝတ်စုံသည် လေမတိုက်ဘဲ လွင့်မျောလျက်ရှိ၏။

၎င်း၏ပတ်ဝန်းကျင် တည်နေရာတွင် ရှိနေသည့် နတ်ဆိုးစွမ်းအင်များသည် ခန့်မှန်း၍ မရနိုင်သည့် အခြေအနေ အထိ အားကောင်းလာခဲ့သည်။ တဝူးဝူးအသံများနှင့်အတူ နတ်ဆိုးစွမ်းအင်များသည် တည်နေရာအနှံ့သို့ ပျံ့နှံ့ကုန်၏။ မကြာခင်မှာပဲ ထျန်းကန်ဂိုဏ်း တစ်ခုလုံးကို ထိုအော်ရာများက ဖုံးလွှမ်းသွားခဲ့သည်။

နေအလင်းရောင်များနှင့် ပြည့်နှက်လျက် ရှိနေသည့် တည်နေရာကြီး တစ်ခုလုံးသည် မဲမှောင်ပြီး ညအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ပြီးနောက် ပုံရိပ်ယောင် လက်ကြီးများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။ နတ်ဆိုး စွမ်းအင်များ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် အားလုံးသောသူတို့၏ ရိုးတွင်းခြင်ဆီ ထဲသို့ပင် ရောက်ရှိနေ၏။ လက်ရှိအခြေအနေမှာတာ့ အားလုံးတို့သည် ခုခံရန် မပြောနှင့် မတ်တပ်ရပ်ရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေကြရ၏။

“ဘယ်သူလဲ။ ခင်ဗျားဘယ်သူလဲ” ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ခြောက်ကပ်ကပ် အသံဖြင့် မေးမြန်းလိုက်သည်။

“ကျုပ်က ယန်ရှိုပဲ။ လက်ရှိ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်” ယန်ရှိုသည် လေးနက်စွာ ပြောလိုက်၏။

သူသည် ပထမတုန်းက အကြီးအကဲဟု ပြောဆိုရန် ရည်ရွယ်ခဲ့၏။ သို့ပေမဲ့ သူတော်စင် ဖြစ်လာခဲ့ပြီးသည့်နောက် မှာတော့ သူသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာတော့မည် ဆိုသည်ကို ကောင်းကောင်း နားလည်၏။ ထို့ကြောင့် ပင်လျှင် သူ့ကိုယ်သူ ဂိုဏ်းချုပ်ဟု ပြောဆိုခဲ့ခြင်းသာလျှင် ဖြစ်တော့၏။

“မဖြစ်နိုင်ဘူး”

ယန်ရှို အသံထွက်ပေါ်လာလာချင်းမှာပဲ အသံတစ်ခုက ထွက်ပေါ်လာ၏။ ထျန်းကန်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ “ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဟောင်ကွမ်လေ။ ဘယ်လိုဖြစ်ပြီး ခင်ဗျား သူ့အစား အယောင်ဆောင်ရဲရတာလဲ။ ကျုပ် ခင်ဗျားကို ပြောမယ်။ ကျုပ်တို့ ရောင်စဉ်အလင်း နတ်နယ်မြေဆီကို သတင်းပို့ထားပြီ။ ဒီနေ့မှာ ခင်ဗျား ဘယ်လိုမှ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး”

ထိုစကားသံ ထွက်ပေါ်လာချင်းချင်းမှာပဲ ယန်ရှိုသည် ထိုသူအား လက်ဝါးနှင့် ပိတ်ရိုက်လိုက်၏။ ဖောင်းဟူသော အသံနှင့်ပင် ထိုသူသည် သွေးမြူများကဲ့သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့တော့၏။

“နားငြီးလိုက်တာ။ အတိတ်တုန်းက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဟောင်ကွမ် ဖြစ်ရင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ကစပြီး ဂိုဏ်းချုပ်က ပြောင်းလဲသွားပြီ။ ကျုပ် ယန်ရှိုပဲ”

ယန်ရှိုသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ဦးခေါင်းကို ငုံ့ကာဖြင့် ထျန်းကန်ဂိုဏ်းမှ လူများကို လှမ်းကြည့်လိုက်၏။ ပြီးနောက် သွားကြားထဲမှ အသံဖြင့် ပြောလိုက်သည်။

“ရောင်စဉ်အလင်းနတ်နယ်မြေက လူတွေကို ကျုပ်အစား သတင်းပို့လိုက်။ ဒီနေ့ကစပြီးတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ပုန်ကန်ရဲတဲ့ ဘယ်သူမဆို ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနဲ့ ပြဿနာတတ်လိမ့်မယ်။ ကျုပ်သာ တကယ်တမ်း စိတ်မကျေနပ်ဘူးဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”

ဤစကားစုသည် အမှန်ပင် မောက်မာလွန်းလှ၏။ ထျန်းကန်ဂိုဏ်းမှ တပည့်များ အားလုံးတို့သည် ပါးစပ် အဟောင်းသား ဖြစ်လို့နေခဲ့သည်။ ထိုစကားကို ကြားရပြီသည့်နောက် လူတော်တော်များများသည် တံတွေးများပင် မျိုချလိုက်မိ၏။ မည်သူမှသည် အသက်ကို ပြင်းပြင်းမရှူရဲကြချေ။

All Chapters