အပိုင်း (၇၆)
Vol. 6 Ch. 76
“နတ်အရှင်”
လန်ချင်းရှုသည် တောင်၏ ခြေရင်းဆီမှ အသာလှမ်းတက်လာခဲ့၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မပျော်မရွှင် ဖြစ်လို့နေခဲ့သည်။ စစ်တုရင်ခုံကို လှမ်းကြည့်ပြီးသည့်နောက် သူသည် အသာ ပြောလိုက်၏။ “နတ်အရှင် … တစ်ယောက်တည်း စစ်တုရင် ကစားနေတာလား”
“အင်း… အချိန်ကုန် မြန်စေဖို့ပေါ့”
ရောင်စဉ်အလင်းနတ်အရှင်သည် ပြုံးကာ ပြောလိုက်၏။ သူသည် လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် စစ်တုရင်ရုပ် အကုန်လုံးကို ပြန်လည်ကာ သိမ်းဆည်းလိုက်၏။ သူသည် စိတ်ဝင် တစားဖြင့် မေးမြန်းလိုက်သည်။ “စီနီယာဦးလေးလန်… ဒီတစ်ကြိမ် တော်ဝင်သဲကန္တာရမြို့ကို သွားလည်တာ ဘာတွေ ရခဲ့လဲ”
ပြောပြီးပြီးချင်းမှာပဲ သူသည် အနားပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အရှင်သခင် ပါလာသည်ကို ရှာဖွေ မတွေ့ရှိခဲ့ချေ။
“ကျုပ် အမှားလုပ်ခဲ့တယ်”
လန်ချင်းရှုသည် ရောင်စဉ်အလင်းနတ်အရှင်၏ အရှေ့တွင် ထိုင်ချလိုက်၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် သုန်မှုန်လျက် ရှိနေပြီး သူသည် အေးစက်စက် အသံဖြင့် ပြောလိုက်၏။ “တော်ဝင်ရင်နိုင်ငံနဲ့ တော်ဝင်ဓားဂိုဏ်း နှစ်ခုလုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဘက်မှာ ရှိနေတယ်လေ။ ပြီးတော့”
သူက ဆက်ပြောလိုက်သည်။ “တော်ဝင်ရင်နိုင်ငံရဲ့ နတ်ဘုရားအင်ပါယာ ကိုယ်တိုင် ဝင်ပြီးတော့ ကျုပ်ကို တိုက်ခိုက်ခဲ့သေးတယ်။ ကျုပ်အနေနဲ့ ပြန်ပြီးတိုက်ခိုက်ဖို့အတွက် အခွင့်အရေးကောင်းကောင်း မရခဲ့ဘူး”
“ဪ”
ရောင်စဉ်အလင်းနတ်အရှင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူက မေးမြန်းလိုက်သည်။ “တော်ဝင်ရင်နိုင်ငံရဲ့ နတ်ဘုရားအင်ပါယာ - သူက သူတော်စင်ကောင်းချီးကို ရရှိခဲ့ပြီး သူတော်စင် ဖြစ်လာခဲ့တဲ့ လူမဟုတ်လား။ ဒါက သူတော်စင်ဖြစ်ဖို့ နည်းလမ်းလေးတစ်ခုပါပဲ။ အရမ်းကြီး စိုးရိမ်စရာ မဟုတ်ပါဘူး”
လန်ချင်းရှုသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ သူသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။ “အရေးအကြောင်း အခြေအနေမျိုးမှာ တုရင်ဝူယုနဲ့ တုရန်ဝူလင် တို့က ရောက်ရှိလာခဲ့တယ်။ ဒီလူတွေက တော်ဝင်ဓားဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲတွေ။ ကျုပ်ကို တားဆီးခဲ့ကြတယ်”
“ပြီးတော့”
သူက ဆက်ပြောလိုက်သည်။ “တကယ့်ကို ရဲရင့်တဲ့ ကိစ္စရပ်တစ်ခုကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ သေးတယ်။ တကယ်လို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်နဲ့သာ ပြဿနာတတ်မယ်ဆိုရင် ကျုပ်တို့နဲ့ ရန်သူ ဖြစ်နိုင်တယ်လို့တောင် ကြေညာသွားခဲ့တာ”
“ဒါက”
ရောင်စဉ်အလင်းနတ်အရှင်သည် ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ တကယ်ပင် စိတ်ပူသွားမိ၏။ ဤကိစ္စသည် အဆုံးသတ်တွင် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူက မမျှော်လင့်ခဲ့ချေ။ တခြားသော နတ်နယ်မြေ များပါ ဝင်ရောက်ပတ်သက်လာမည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အားအင်အဆင့်သည် ဘာမှန်း သေသေချာချာ မသိနိုင်တော့ချေ။ တော်ဝင်ဓားဂိုဏ်းသည် လက်ရှိအခြေအနေ၌တစ်ဖက်ခြမ်းမှပင် ဝင်ရောက် ပူးပေါင်းလျက် ရှိနေသည်။ ထိုအရာကို မည်သူမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။
“တော်ဝင်ဓားဂိုဏ်းက ကွာစီအင်ပါယာတစ်ယောက်ရဲ့ အရှိန်အဝါကိုတောင်မှ မကြောက်ဘူးလား”
ဓားသူတော်စင် တစ်ယောက်၏ စွမ်းအင်သည် ပြိုင်ဘက်များကြားထဲတွင် ခန့်မှန်း၍ မရအောင် အားကောင်းလှသည် ဆိုသော်လည်း ကွာစီအင်ပါယာလောက်တော့ အားမကောင်းလှချေ။ ဓားတာအိုကို ကျင့်ကြံသည့် ကွာစီအင်ပါယာတစ်ယောက် ရှိနေမှသာ ထိုမျှ ရဲရင့်သင့်သည်။
ထို့အပြင် ထိုစကားကို ပြောခဲ့သူသည် တုရန်ဝူယုနှင့် တုရန်ဝူလင်တို့ ဖြစ်ခဲ့၏။ တုရန်ဝူလင်သည် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ရရှိခဲ့ဖူး၏။ ၎င်းတို့ နှစ်ယောက်လုံး၏ စိတ်နေစိတ်ထားသည် အမှန်ပင် ဆန်းကြယ်လွန်းလှ၏။ ပြောရမည်ဆိုလျှင် တော်ဝင်ဓားဂိုဏ်းထဲမှ ရှားရှားပါးပါးသာ အပြင်ထွက်တတ်သည့် လူများဖြစ်၏။
တော်ဝင်ရင်နိုင်ငံတော်ကိုပါ ထပ်မံကာ ထည့်သွင်းလိုက်မည်ဆိုလျှင် ရောင်စဉ်အလင်းနတ်အရှင်အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ပုန်ကန်လျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားရန် လိုအပ်လာ ခဲ့သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုတည်းဆိုရင် ဖြစ်နိုင်တယ်။ ဒီလူက အပြင်ဘက်ကို ထွက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီးတော့ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားစုတွေကို စုစည်းထားနိုင်တာလဲ”
ရောင်စဉ်အလင်းနတ်အရှင်၏ နှလုံးသားထဲတွင် စိုးရွံ့မှုများနှင့် ပြည့်နှက်လာခဲ့၏။ သူ၏ ကျောရိုးမကြီး တစ်ခုလုံးသည် စိမ့်တက်လာသလိုပင် ခံစားလာမိ၏။
လက်ရှိအခြေအနေတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ရန်သူအဖြစ် ပြုလုပ်ရမည့်အချိန် မဟုတ်ကြောင်း အချက်အလက်များက သူ့ကို ပြောဆိုနေသကဲ့သို့ပင်။
သူသည်သာ ရောင်စဉ်အလင်းနတ်အရှင်ဆိုသည့်နာမည်ထက် တခြားသော နာမည်တစ်ခု ရှိနေသည်သာ မဟုတ်ပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို တိုက်ခိုက်ရန် ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ အလွန်ဆုံး ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ ဂုဏ်သိက္ခာ အနည်းငယ် ကျန်ဦးမှာဖြစ်၏။ သို့ပေမဲ့ သူစဉ်းစားစရာ ကိစ္စရပ်က အများကြီး ဖြစ်လို့နေခဲ့သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာ သူမည်သူဖြစ်သည်ကို ထုတ်ဖော်ပြသလိုက်သည်ဆိုပါက သူ၏ လမ်းစဉ် တစ်ခုလုံးသည် ဆိုးဆိုးရွားရွာ စုတ်ပြတ်သတ်သွားမှာဖြစ်၏။ တွေးကြည့်ပြီးသည့်နောက် ရောင်စဉ်အလင်း နတ်အရှင်၏ မျက်နှာတစ်ခုလုံးသည် ကြမ်းတမ်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လာခဲ့၏။
“ကျုပ် အရင်က တွေးခဲ့သလိုပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတာ ရိုးရှင်းတဲ့အရာ မဟုတ်ဘူး”
လန်ချင်းရှုသည် ခဏလောက် စဉ်းစားကာဖြင့် ပြောလိုက်သည်။ “အဲဒီ နန်းဆောင်သခင်ရဲ့အားအင်အဆင့်ကို ခဏလောက် ဖယ်ထားလိုက်အုံး။ နန်းဆောင်ကိုယ်တိုင်က နတ်ဘုရားပစ္စည်း ဖြစ်နိုင်တယ်။ ကျုပ်ရဲ့ နတ်ဘုရားအာရုံနဲ့ အထဲကို ဝင်ပြီး ဘယ်လိုမှ ကြည့်လို့မရဘူး။ အထဲမှာ အင်ပါရီယာလက်နက် တစ်ခုခု ရှိနေပုံပဲ။ဒါပေမဲ့ အင်ပါရီယာ လက်နက်တစ်ခုရဲ့ အော်ရာတွေကိုလည်း မရပြန်ဘူး။ တော်တော်ကြီး ထူးဆန်းတယ်”
“အမ်”
ရောင်စဉ်အလင်းနတ်အရှင်သည် မျက်ခုံးပင့်သွားမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ဖြစ်ပေါ်လာနိုင် သည့် အန္တရာယ် အငွေ့အသက်များ အားလုံးကို သူက စိတ်ထဲတွင် တွက်ချက်လျက် ရှိနေ၏။
“စီနီယာဦးလေးရဲ့ အထင်အရဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘယ်လောက်တောင် အားကောင်းလဲ” ရောင်စဉ်အလင်းနတ်အရှင်က မေးမြန်းလိုက်သည်။ သူသည် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်လို့နေသေးသည်။
“အင်း.. သေသေချာချာတော့ ပြောလို့မရဘူး။ ဒါပေမဲ့ အနည်းဆုံးအနေနဲ့ သူတော်စင်ထက်တော့ ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး”
လန်ချင်းရှုသည် မသေချာ မရေရာသလို ပြောလိုက်၏။ ထို့အပြင် သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို မမြင်ခဲ့ဘူးချေ။ ထို့ကြောင့် တစ်ဖက်လူ၏ အားအင်အဆင့်ကို သေသေချာချာ သုံးသပ်၍ မရနိုင်ချေ။
“သူတော်စင်ထက် အားမနည်းဘူး ဟုတ်လား”
ရောင်စဉ်အလင်းနတ်အရှင်က တီးတိုးရေရွတ်လိုက်သည်။ အားအင် အဆင့်ဆိုသည်မှာ ယခုထက် အများကြီး တိုးပွားနေတာလည်း ဖြစ်နိုင်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် စွမ်းအင် တစ်ခုတည်းသာ ရှိသည်ဆိုပါက သူတို့အနေနှင့် စီမံခန့်ခွဲ၍ တိုက်ခိုက်၍ ရနိုင်၏။ သို့ပေမဲ့ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် စွမ်းအင် ရှိသည့်အပြင် အလွန်အားကောင်းလှသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သည်ဖြစ်သောကြောင့် သူတို့အနေနှင့် တစ်ဖွဲ့တည်း သွားရောက်၍ တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ထို့အပြင် တခြားသော ဂိုဏ်းများ ပါဝင်လာသောကြောင့် ကြီးကျယ်လှသည့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်စွမ်း ရှိနေ၏။ ဖြစ်နိုင်မည်ဆိုလျှင် သူတို့အနေနှင့် မိတ်ဆွေရောင်းရင်း ဖွဲ့ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ကြည့်ရတာ သေသေချာချာ စီစဉ်ဖို့ လိုအပ်လာပြီထင်တယ်”
ရောင်စဉ်အလင်းနတ်အရှင်က တွေးတောလိုက်၏။ သူသည် စိတ်ကူးအကြံအစည် တစ်ခုကို စတင်ကာ တွေးတောကြံစည်လျက် ရှိနေ၏။
လေဟာနယ်ထဲတွင် ပုံရိပ်ယောင်တစ်ခုသည် ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့၏။ အသစ်ရောက်ရှိလာသည့် လူသည် အလောသုံးဆယ် ဖြစ်လို့နေခဲ့၏။ မြေပြင်ပေါ်သို့ မဆင်းသက်ခင်ကပင် အသံက ရောက်ရှိလို့လာသည်။
“အရှင်.. တကယ့်ကို ကြီးမားတဲ့ ကိစ္စကြီးဖြစ်ပြီ” လင်းမင်သည် အလောတကြီးဖြင့် ပြောလိုက်၏။
“ဘာတွေဖြစ်နေတာလဲ။ အကြီးအကဲလင်း.. ရှိသမျှကို အေးအေးဆေးဆေး အချိန်ယူပါအုံး။ အလောသုံးဆယ် လုပ်စရာ မလိုပါဘူး” ရောင်စဉ်အလင်းနတ်အရှင်က အသာပြောလိုက်သည်။
“ယန်ရှိုက ထျန်းကန်ဂိုဏ်းကို ဝင်ပြီးတော့ ကောင်းကင်နဲ့မြေပြင် သန့်စင်ခြင်း ဆေးလုံးကို လုယူသွားတယ်။ ပြီးတော့ ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေကိုတောင်မှ သတင်းစကား ပါးလိုက်သေးတယ်” လင်းမင်သည် လျင်လျင်မြန်မြန်ဖြင့် ရှင်းပြလိုက်၏။
“ဘာ”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ရောင်စဉ်အလင်းနတ်အရှင်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက် မိသည်။ သူသည် မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။ “ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ယန်ရှိုလား”
“အတိအကျပါပဲ”
လင်းမင်သည် ခေါင်းကိုညိတ်ကာ ဆက်ပြောလိုက်၏။ “ယန်ရှိုက ကောင်းကင်နဲ့မြေပြင် သန့်စင်ခြင်းဆေးလုံးကို ယူသွားရုံတင် မကဘူး။ သူက ထျန်းကန်ဂိုဏ်းမှာပဲ သူတော်စင်တစ်ယောက်ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်လေ။ ဒါက တကယ့်ကို ရဲတင်းတဲ့ လုပ်ဆောင်ချက်ပဲ”
“သူ ဘာပြောခဲ့တာလဲ” ရောင်စဉ်အလင်းနတ်အရှင်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ ယန်ရှိုသည် တကယ့်ကို စိတ်မချမ်းသာတစ်ခုခုကို ပြောဆိုခဲ့သည်ဟု သူ၏ အလိုလိုသိစိတ်က သိရှိလို့နေသည်။
“သူပြောခဲ့တာက”
လင်းမင်သည် ရောင်စဉ်အလင်းနတ်အရှင်၏ မျက်နှာသွင်ပြင်အမူအရာကို ကြည့်ရှုလိုက်၏။ နတ်ဘုရားအလင်းတန်းများ ကာဆီးထားသောကြောင့် တစ်ဖက်လူ၏ မျက်နှာသွင်ပြင် မည်သို့ဖြစ်နေသည်ကို သူမမြင်ရချေ။ သို့ပေမဲ့ မျက်နှာသွင်ပြင်သည် ကောင်းနေလိမ့်မည် မဟုတ်ဟု သူက ခန့်မှန်းမိ၏။
“ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို ပုန်ကန်တယ်ဆိုတာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ပုန်ကန်တာနဲ့ တူတူပဲတဲ့။ သူသာ စိတ်တိုလာမယ်ဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးဖို့အတွက် ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးတဲ့”