အပိုင်း (၇၇)
Vol. 6 Ch. 77
ဘုန်း
နားကွဲလောက်စရာ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့၏။ နတ်ဘုရားတောင်ထွတ် တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ ရောင်စဉ်အလင်းနတ်အရှင် ဘေးနားတွင် ရှိနေသည့် ကျောက်ပြားကြီးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့၏။ ကြမ်းတမ်းလွန်းလှသည့် လှိုင်းအဟုန်များသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ပြီး လေထုထဲတွင် သတ်ဖြတ်လိုခြင်းအော်ရာများသည် အရှိန်အဟုန်ပြင်းပြင်း ဖြစ်တည်လာခဲ့၏။ ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူတော်စင်အဆင့် အောက်တွင်ရှိနေသည့် မည်သူမဆိုတို့သည် ခန္ဓာကိုယ် တစ်ခုလုံးပင် တုန်ယင်သွားခဲ့ကြ၏။
“ယန်ရှိုက အဲလို တကယ်ပြောခဲ့တာလား” ရောင်စဉ်အလင်းနတ်အရှင်သည် အေးစက်စက်အသံဖြင့် မေးလိုက်သည်။
“ထျန်းကန်ဂိုဏ်းထဲက လာတဲ့ သတင်းအချက်အလက်အရ”
လင်းမင်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူ့အနေနှင့် ရောင်စဉ်အလင်းနတ်အရှင်၏ ဦးခေါင်း တည်နေရာဆီသို့ပင် မော့ကာ မကြည့်ရဲတော့ချေ။ သူက တီးတိုးပြောလိုက်၏။ “သတင်းအမှားတော့ မဖြစ်နိုင်ပါဘူး”
“ယန်ရှိုက ဘာကောင်လဲ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဘာလဲ။ သူတို့က ဘာကိစ္စ ဒီလောက် သတ္တိကောင်းနေရတာလဲ”
ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ရင်ဆိုင်နေသည့်အချိန်တွင် တော်ဝင်ဓားဂိုဏ်းနှင့် တော်ဝင်ရင်နိုင်ငံတို့ ပါဝင် ပတ်သက်လာသည်ကို သူနားလည်ပေးနိုင်စွမ်းရှိ၏။ ထိုသူများသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်မှ မျက်နှာသာ ပေးမှုများကို ရရှိပြီး အကျိုးအမြတ်များ ရရှိခဲ့ကြသည် မဟုတ်ပါလား။
သို့ပေမဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဘာလဲ။ အသွင်အပြင် အမူအရာအရ ကြည့်မည်ဆိုလျှင် သူတို့သည် တူညီသည့် ဘက်ခြမ်းတွင် ရှိနေသင့်သည့် လူများဖြစ်၏။ အဘယ်ကြောင့် အသင်းဖော်အဖြစ် နေမည့်အစား နောက်ကျောကို ဓားနှင့်ထိုးရသနည်း။
“ထျန်းကန်ဂိုဏ်းက တကယ့်ကို သုံးမရတဲ့ အမှိုက်လို ဂိုဏ်းမျိုးလား”
ရောင်စဉ်အလင်းနတ်အရှင်က နှာခေါင်းရှုံ့ လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများ အရှိန်တငြီးငြီး ဖြစ်တည်လာခဲ့သည်။ သူက လေးလေးနက်နက်အသံဖြင့် ပြောလိုက်သည်။ “သူတော်စင်အဆင့် ဂိုဏ်းအကာအကွယ် အစီအရင်တစ်ခုကို သူတို့ ပိုင်ဆိုင်တယ်လေ။ ပြီးတော့ နတ်အဆင့် အကြီးအကဲတွေ အများကြီး ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီး သူတို့ဂိုဏ်းက လူတွေက တစ်ဖက်လူဝင်လာတာကို မသိရတာလဲ။ ဒီကောင်တွေ တကယ့်ကို သောက်သုံးမကျတဲ့ကောင်တွေလား”
ရောင်စဉ်အလင်းနတ်အရှင်သည် ဒေါသကြီးလျက် ရှိနေ၏။
ထျန်းကန်ဂိုဏ်းသည် အားနည်းလွန်း၏။ ထို့ကြောင့်ပင်လျှင် သူသည် ကောင်းကင်နှင့်မြေကြီး သန့်စင်ခြင်း ဆေးလုံးကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုဆေးလုံးသည် သူတော်စင်ဖြစ်ရန် အကူအညီကို တိုက်ရိုက်ဆိုသလို ပံ့ပိုးပေးနိုင်သည် မဟုတ်သော်လည်း သူတော်စင်ဖြစ်ရန် အခွင့်အရေးကိုတော့ တိုးမြှင့်နိုင်စွမ်း ရှိနေ၏။
ထို့အပြင် ရောင်စဉ်အလင်းနတ်အရှင်တွင်တောင်မှ အကန့်အသတ်နှင့် တည်ရှိသော ဆေးလုံးမျိုးဖြစ်၏။ သူသည် တစ်ဖက်လူကို ရက်ရက်ရောရော ပေးခဲ့သည်ဆိုခြင်းမှာ အသုံးပြုစရာ တချို့တလေ ရှိနေသောကြောင့်ပင်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထိုအရာများသည် သူ့ကို ပြန်လည်တိုက်ခိုက်မည့် လက်နက်အဖြစ် ဖြစ်တည်လာခဲ့တော့၏။ တကယ်ကို စိတ်တိုစရာ ကိစ္စရပ်ပင်။
“ထျန်းကန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပြောသလိုဆိုရင် ယန်ရှိုက သူတို့ရဲ့ အကာအကွယ် အစီအရင်ကြီးကို ဖြတ်ပြီးတော့ သွားချင်သလိုသွား၊ လာချင်သလိုလာ လုပ်ခဲ့တယ်တဲ့။ သူက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ လမ်းညွှန် ပြသမှုကို ရရှိခဲ့တဲ့ပုံ ပေါ်တယ်” လင်းမင်သည် အားပျော့စွာဖြင့် ထပ်ပြောလိုက်သည်။
“ဘာ”
ရောင်စဉ်အလင်းနတ်အရှင်၏ နှလုံးသားတစ်ခုလုံးသည် တုန်ခါသွား၏။ သူ၏ ဒေါသများသည် ပိုမိုကာ လှိုင်းထန်လာခဲ့သည်။ “ထပ်ပြီး ထပ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ပဲလား”
သူတစ်ဖက်လူဆီကို သွားရောက်ကာ ပြဿနာ မရှာရသေးပေ။ တစ်ဖက်လူသည် သူ့အား ကောင်းကောင်းကြီး ဒုက္ခပေးလျက် ရှိနေ၏။
ယခု လုပ်ဆောင်သွားခဲ့သည့် အကွက်သည် တကယ်ပင် ကြမ်းတမ်းလွန်းလှချေ၏။ သူ၏ ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံးကို လုယူသွားခဲ့သည်သာ မကပေ။ ထျန်းကန်ဂိုဏ်းကိုလည်း စုတ်ပြတ်သတ်သွားစေ၏။ ထျန်းကန်ဂိုဏ်းတစ်ခုလုံးသည်လည်း သူတော်စင် မရှိသည့် ဂိုဏ်းတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထို့အပြင် ရောင်စဉ်အလင်းနတ်နယ်မြေအနေနှင့်လည်း မိမိရန်သူကို သူတော်စင်အဆင့် ဆေးလုံးတစ်လုံး ပေးအပ် လိုက်သည်နှင့် ဆင်တူလှ၏။ အရာအားလုံးတို့သည်လည်း သေချာ ဖန်တီး စီစဉ်ထားသလိုပင်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် တကယ်ကို ဦးနှောက်ကောင်းမွန်လှသည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ရောင်စဉ်အလင်းနတ်အရှင်အား အလွန်အားကောင်းလှသည့် ရန်သူတစ်ယောက် ပေါ်ပေါက် လာစေရန် ဖန်တီးပေးခဲ့ခြင်းပင်။ ထိုသူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှလည်း ဖြစ်လို့နေ၏။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆိုသည်မှာ သေးငယ်လှသည့် ဂိုဏ်းတစ်ခု မဟုတ်ချေ။ နတ်ဆိုးကျင့်ကြံခြင်း လမ်းစဉ်တွင် ရောင်စဉ်အလင်းနတ်နယ်မြေထက် မည်သို့မှ အားမနည်းလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့် ဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်းတို့ဂိုဏ်းအတွင်းဘက်တွင် တကယ့်ကို ဖုံးကွယ်ထားသော နက်နဲသည့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း တည်ရှိနိုင်သည်။ ဉပမာအားဖြင့် ကွာစီ အင်ပါယာပင်။
“အင်း… ကိုယ်တိုင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ လည်မယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်အနေနဲ့ ဘယ်လို သာမန်ထက် ထူးခြားတဲ့ အရည်အသွေးမျိုး ရှိသလဲဆိုတာကို ကျုပ် ကြည့်ချင်သေးတယ်” ရောင်စဉ်အလင်းနတ်အရှင်က ပြောလိုက်၏။
ယခုအချိန်မှာတော့ သူသည် မသက်မသာ ခံစားနေရ၏။ ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံး ပေးအပ် လိုက်ခြင်းသည် ထိပ်တန်းလျှို့ဝှက်ချက်ကြီးဖြစ်သည်။ ထိုသတင်းသည် အဘယ်သို့ မြန်မြန်ဆန်ဆန်နှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိသွားရသနည်း။
သို့မဟုတ် ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံး သတင်းအချက်အလက်နှင့် ပတ်သက်ပြီး ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်သုံးသပ်နိုင်ခဲ့လေသည်လား။ တစ်ဖက်လူသည် မည်သို့သောသူ ဖြစ်နေသနည်း။ တစ်ဖက်လူသည် ပေါ့သေးသေးလူ တစ်ယောက် မဟုတ်တာတော့ သေချာ၏။
လက်ရှိအခြေအနေမှာတော့ သူတွေးထင်ထားသကဲ့သို့ နေ့ရက်မျိုး ရောက်ရှိလာမည်ဆိုလျှင် တကယ့်ကို ပြဿနာကြီး ဖြစ်လာမယ်ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်တစ်ခုလုံး ပျက်စီးသွားမှသာလျှင် သူသည် နေသာထိုင်သာရှိမည်ဟု ခံစားလာမိသည်။
“နတ်အရှင်”
တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည့် လန်ချင်းရှုသည် ဝင်ကာ ပြောဆိုလိုက်၏။ “အခု အရေးအကြီးဆုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင် မဟုတ်ဘူး။ ယန်ရှိုပဲလေ။ သူက ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံးကို ယူပြီးတော့ ထျန်းကန်ဂိုဏ်းထဲမှာပဲ ပေါ်ပေါ်တင်တင်နဲ့ သူတော်စင်ဖြစ်အောင် ပြုလုပ်သွားခဲ့တယ်။ ရောင်စဉ်အလင်းနတ်နယ်မြေအနေနဲ့ ဒီကိစ္စကို မတုံ့ပြန်ဘူးဆိုရင် ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး အထင်အမြင်သေးလာလိမ့်မယ်”
“စီနီယာဦးလေးလန် ပြောတာက.. အင်း”
ရောင်စဉ်အလင်းနတ်အရှင်သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ အရှေ့ဆီကို လှမ်းတက်လာခဲ့၏။ တစ်ချိန်တည်းမှာပဲ သူ မည်သူဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်သည့် အကျိုးဆက်များအကြောင်း ပြန်လည်ကာ စဉ်းစားမိပြီး မသက်မသာနှင့် ခံစားနေမိပြန်သည်။
သူသည် ယန်ရှိုကို တကယ်ပင် အထင်အမြင်သေးခဲ့မိ၏။ နတ်အရှင်တစ်ယောက်အနေနှင့် အကောင်းမွန်ဆုံး မတုံ့ပြန်ဘူး ဆိုပါက ရောင်စဉ်အလင်းနတ်အရှင်ဆိုသည့် ဂုဏ်သိက္ခာတစ်ခုလုံးသည် ပျက်စီးသွားမှာဖြစ်၏။ ထို့ကြောင့် သူသည် ဘေးကျပ်နံကျပ် ခံစားနေမိ၏။
“ကောင်းပြီ.. ဒါဆိုရင် စီနီယာဦးလေးလန်အနေနဲ့ ခရီးထွက်ဖို့ပဲ ကျုပ် ဒုက္ခပေးချင်တယ်။ စီနီယာဦးလေးလန်ရဲ့ အားအင်အရဆိုရင် အသစ်ဖြစ်တည်လာခဲ့တဲ့ ယန်ရှိုလို သူတော်စင်တစ်ယောက်ကို အသာလေး တိုက်ခိုက်နိုင်မှာပဲ။ ဒါက ပြဿနာ မဟုတ်လောက်ဘူး” ရောင်စဉ်အလင်းနတ်အရှင်က ပြောလိုက်သည်။
သူသည် လန်ချင်းရှု၏ အမူအရာကို လှမ်းကြည့်ပြီးသည့်နောက် စိတ်သက်သာရာ ရသလို ခံစားလိုက်မိသည်။ အစောပိုင်းတုန်းက သူသည် ဒေါသတကြီး ပြုလုပ်ရန် စဉ်းစားခဲ့မိ၏။ လန်ချင်းရှု တစ်ယောက် မည်သည့်အရာကိုမှ သံသယ မဝင်ခဲ့သည်ကို ကျေးဇူးတင်ရမည်။
ဤနှစ်ပေါင်းများစွာအတွင်း ရောင်စဉ်အလင်းနတ်အရှင်သည် လူပေါင်းများစွာတို့အား ရန်သူ ပြုလုပ်ခဲ့၏။ ထို့အရာသည် သူ၏ ကစားပွဲ အစိတ်အပိုင်းတစ်ခုသာလျှင် ဖြစ်တော့သည်။
“အရမ်းကောင်းတယ်”
လန်ချင်းရှုသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်အရင်သွားလိုက်အုံးမယ်”
ပြောပြောပြီးချင်းမှာပဲ လန့်ချင်းရှုသည် ပျောက်ကွယ်သွားခဲ့၏။
“အကြီးအကဲလင်း… ခင်ဗျားလည်း အခုသွားလို့ရပြီ” ရောင်စဉ်အလင်းနတ်အရှင်က နှင်လွှတ်လိုက်သည်။
“ကောင်းပါပြီ။ လင်းက အရင်ထွက်သွားပါတော့မယ်”
လင်းမင် ထွက်ခွာသွားပြီးသည့်နောက် လေထုထဲတွင် အမဲရောင်ပုံရိပ်က ပြန်လည်ဖြစ်ပေါ်လာခဲ့၏။ ထိုသူက ချက်ချင်း ပြောလိုက်၏။ “ခင်ဗျား ခုဏတုန်းက တကယ့်ကို စိတ်လောခဲ့တာပဲ”
“အင်း… ခင်ဗျားသာ ကျုပ်နေရာမှာဆိုရင်လည်း ဒီလိုပဲ ဖြစ်မှာပဲ မဟုတ်လား”
ရောင်စဉ်အလင်းနတ်အရှင်၏ အသံသည် အေးစက်လျက်ရှိ၏။ သူက ထပ်ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်က တကယ့်ကို ဆန်းကြယ်ပြီး ခန့်မှန်းလို့မရတဲ့ လူမျိုး တစ်ယောက်ပဲ။ အင်း.. သူဘယ်လိုမျိုး တွက်ချက်တယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ အချိန်ကပဲ သက်သေပြမှာပါ”
လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် ရောင်စဉ်အလင်းနတ်အရှင်က ပြောလိုက်၏။ “ခင်ဗျား သွားပြီးတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကိစ္စကို ဖြေရှင်းလိုက်အုံး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိစ္စကို ကျုပ်ကိစ္စ ထားလိုက်”
“နားလည်ပါပြီ”
ပြီးသည့်နောက် အမဲရောင်အရိပ်သည် လေနှင့်အတူ ပျောက်ကွယ်သွားလေသည်။