← Chapters

အပိုင်း (၇၈)

Vol. 6 Ch. 78

အပိုင်း (၇၈)

Vol. 6 Ch. 78

ရက်အနည်းငယ် ကြာမြင့်ပြီး တော်ဝင်သဲကန္တာရမြို့၏ အတွင်းဘက် .....

ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ မနက်စောစောစီးစီး ပိုင်ချမ်းဟန်နှင့် လီယွင်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိ၏။ ၎င်းတို့သည် အလာပသလာပများကို ပြောဆိုလျက် ရှိနေ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရက်အနည်းငယ် နေထိုင်ပြီးသည့်နောက် ပိုင်ချမ်းဟန်သည် သူ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည်သာမက သူ၏ အားအင်အဆင့်သည်လည်း တိုးတက်လာခဲ့သည်။ တော်ဝင်ရင်နိုင်ငံတော်၏ များပြားလှသည့် ကိစ္စရပ်များသာ မရှိသည်ဆိုပါက သူသည် ဤနေရာတွင် ထာဝရ နေထိုင်ချင်စိတ်ပင် ပေါက်နေမိသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသောကြောင့် သူ့သည် နတ်နယ်မြေအရှင် နှင့် တူညီသည့် အဆင့်အတန်း တစ်ခုဆီသို့ လွယ်လွယ်ကူကူ ရောက်ရှိလာမည်ဟု မျှော်လင့်မိသည်။ ထို့အပြင် သူတော်စင် ကောင်းချီး နည်းစနစ်သည် ကောင်းမွန်လှသည့်အရာဖြစ်သည်။ သို့ပေမဲ့ ပြင်ပနည်းစနစ် အကူအညီ တစ်ခုသာလျှင်ဖြစ်၏။

သူ၏ ရည်ရွယ်ချက်သည် သူတော်စင်အတု တစ်ယောက်ကဲ့သို့ မဟုတ်ချေ။ တကယ့်ကို ပါရမီရှင် သူတော်စင် တစ်ယောက် ဖြစ်ချင်ခြင်းပင်။ ထိုမှသာလျှင် သူ၏ လက်ရှိ သူတော်စင်ဖြစ်ပြီးသည့်နောက် ဖြစ်တည်နေသည့် အားနည်းချက်များ ပျောက်ကွယ်သွားမှာ ဖြစ်လေသည်။

“စီနီယာ”

ပိုင်ချမ်းဟန်သည် ရေနွေးကို တစ်ငုံသောက်ကာဖြင့် မေးမြန်းလိုက်၏။ “ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ယန်ရှိုရဲ့ ကိစ္စရပ်တွေကို ကြားပြီးပြီလား”

ဤရက်ပိုင်းအတွင်း ယန်ရှိုသည် တော်တော် ပြဿနာရှာခဲ့၏။ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို လှုပ်ခါနိုင်သည့် အရာမျိုး ပြုလုပ်ခဲ့သည် မဟုတ်သော်လည်း နယ်မြေတော်တော်များများသည် ၎င်း၏ အကြောင်းနှင့်ပတ်သက်၍ ပြောမဆုံးအောင် တောသုံးထောင် ဖြစ်လို့နေခဲ့သည်။

ရောင်စဉ်အလင်းနတ်နယ်မြေသည် ယန်ရှိုကို အမဲလိုက်သလို လိုက်နေပြီး ရောင်စဉ်အလင်းနတ်နယ်မြေ၏ အကြီးအကဲ လန်ချင်းရှုပင် ထွက်ခွာလာခဲ့၏။ ယွမ်နယ်မြေ၏ နယ်စပ်တွင် ၎င်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လန်ချင်းရှုသည် ယန်ရှို စီစဉ်ခဲ့သည် သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် ပိတ်မိနေပြီး အသက်သေလုမတတ်ပင် ဖြစ်ခဲ့ရ၏။

ဤကိစ္စသည် အားလုံးသောသူများကို တုန်လှုပ်စေခဲ့တော့၏။ အသစ်ဖြစ်တည်လာသည့် သူတော်စင်တစ်ယောက် သည် သူတော်စင်အဟောင်းကြီး တစ်ယောက်ကို သေဆုံးလုနီးပါး တိုက်ခိုက်ခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ဤကဲ့သို့သော ကိစ္စရပ်များ မဖြစ်ပေါ်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။

ရလဒ်အားဖြင့် ကြီးမားလှသည့် ဒေါသတရားများ ဖြစ်ပေါ်လာခဲ့ပြီး ရောင်စဉ်အလင်းနတ်နယ်မြေသည် ယန်ရှိုကို သုတ်သင်ရှင်းလင်းပစ်ရန်အတွက် သူတော်စင်သုံးယောက်တို့အား ထပ်မံကာ စေလွှတ်ခဲ့၏။ သို့ပေမဲ့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် သူတော်စင်သုံးယောက် ကို ယန်ရှိုအား လာရောက်ကာ ကယ်တင်ခဲ့၏။

ဤကဲ့သို့သော အခြင်းအရာတွင် သူတော်စင်ရှစ်ယောက်တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး မိုင်ထောင်ပေါင်း များစွာတွင်ရှိနေသည့် ပတ်ဝန်းကျင်များသည် ပျက်စီးခဲ့၏။ အပြစ်မဲ့သည့် လူပေါင်းများစွာတို့သည် ဤကပ်ဘေးကြီးကို ခံစားခဲ့ရသည်။ တိုက်ပွဲကြီးသည် အလွန်တရာ ကြမ်းတမ်းလွန်းလှပြီး ပိုင်တုရန် တောင်ကြားထဲမှ တိုက်ပွဲထက်ပင် ပိုမိုကာ ဆိုးရွားလွန်းခဲ့သည်။

သူတော်စင်ရှစ်ယောက်တို့သည် အသီးသီး ဒဏ်ရာရရှိခဲ့ကြပြီး နှစ်ဖက်နှစ်ခြမ်းဆီမှ သူတော်စင် ဘုရင်များပင်လျှင် ရောက်ရှိလာကာ တိုက်ခိုက်လုမတတ် ဖြစ်ခဲ့၏။အခြေအနေသည် နောက်ဆုံးတွင် ပြီးစီးသွားခဲ့သည်ဆိုသော်လည်း ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းတို့သည် ကြီးမားလှသည့် ရန်ငြိုးကို တည်ဆောက်ခဲ့ပြီးဖြစ်၏။

“ယန်ရှို ဟုတ်လား။ အင်း…”

လီယွင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ပိုင်ချမ်းဟန်၏ ကိုယ်ရေး အကျဉ်းကို လှမ်းကြည့်ပြီးသည့်နောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ယန်ရှိုသည် ဤမျှ ပြဿနာ ကြီးကြီးမားမား ဖန်တီးပေးလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။

ရောင်စဉ်အလင်းနတ်နယ်မြေ အနေနှင့် ခေါင်းကိုက်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားလိမ့်မည်ဟု သူက ယုံကြည်နေမိသည်။ အသာခေါင်းညိတ်ပြီးသည့်နောက် သူသည် ပြုံးကာပြောလိုက်သည်။ “အင်း.. ကျုပ် ကျိန်းသေ‌ပေါက် ကြားခဲ့တာပေါ့”

“ယန်ရှိုရဲ့ နောက်လိုက်တစ်ယောက်ဆီက ပြောတဲ့စကားတွေအရဆိုရင် ယန်ရှိုက ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီ လာပြီးတော့ စီနီယာဆီက သတင်းအချက်အလက်တွေ ဝယ်ယူခဲ့တယ်တဲ့”

“ဒါ အမှန်ပဲလေ” လီယွင်က ခေါင်းညိတ်လိုက်၏။ အမှန်ပင်ဖြစ်၏။

ပိုင်ချမ်းဟန်သည် တကယ်ပင် နားလည်သွားမိ၏။ ယန်ရှို အဆင့်တက်သည့် သတင်း ထွက်ပေါ်လာကတည်းက စီနီယာ နောက်ကွယ်မှ ဖန်တီးပေးခဲ့သည်ဖြစ်ကြောင်း သူ သံသယဝင်မိ၏။ ယခု သူ၏ သံသယများသည် အတည်ပြုခဲ့ပြီးပြီဖြစ်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ထိုင်လျက်ရှိနေသည့် စီနီယာသည် နတ်နယ်မြေ နှစ်ခု၏ သေခြင်းရှင်ခြင်း အခြေအနေထိရောက်အောင် ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့သည်။ ဤသတင်းသည်သာ အပြင်သို့ ထွက်သွားသည်ဆိုပါက ရေတွက်လို့ မရအောင် များပြားလှသည့် လူများသည် ထိတ်လန့်တကြား ကြောက်ရွံ့ သွားကြမှာ သေချာသည်။

ထို့အပြင် ဤကဲ့သို့ ကြီးမားလှသည့် ကိစ္စရပ်ကြီး ဖြစ်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။ ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတို့သည် သူတော်စင်အဆင့် သုံးယောက်ကို စေလွှတ်ကာဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်စေခဲ့သည်။ တကယ်ပင် ကြီးမားလှသည့် တိုက်ပွဲကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းပင်။

“စီနီယာ... ဒီရက်ပိုင်းအတွင်း ယန်ရှိုကိစ္စပေါ်လာတော့ ကျင့်ကြံခြင်းလောကတစ်ခုလုံးက ရှုပ်ထွေးနေတယ်လေ။ ဒီတော့ သူတို့အားလုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အကြည့်ရောက်ရင် ရောက်နေကြလိမ့်မယ်။ နေ့စဉ် နေ့တိုင်း တော်ဝင်သဲကန္တာရမြို့ကို သူလျှိုအသီးသီး ရောက်နေကြတယ်”

ပိုင်ချမ်းဟန်သည် လီယွင်ကို လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်သည်။ “ကျုပ် သူတို့ကို မောင်းထုတ်လိုက်ရမလား”

ဤနေရာသည် သူ၏ တော်ဝင်ရင်နိုင်ငံတော် ပိုင်နက် ဖြစ်သည်။ ထို့ကြောင့် ဤနေရာသို့ ရောက်ရှိလာသည့်လူများသည် သာမန်မဟုတ်ဘဲ လာရောက်ကာ စုံစမ်း ထောက်လှမ်းသူများ ဖြစ်သည်ကို သူတို့ သိရှိပြီးဖြစ်၏။

လက်ရှိအခြေအနေမှာတော့ များပြားလှသည့် ဂိုဏ်းအသီးသီးတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သတိပြုမိနေကြပြီဖြစ်၏။ ရမ်ချင်းတု၏ကိစ္စ ဖြစ်ပြီးကတည်းက အားလုံးသောသူတို့ စိတ်ဝင်စားနေကြတာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အလုံးစုံ တုန်လှုပ်စရာ ဖြစ်လို့နေလေသည်။

ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံးသည် နတ်နယ်မြေ နှစ်ခုလုံးကိုပင် မွှေနောက်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာ နည်းလမ်းတစ်ခုပင်။ ထို့ကြောင့် များပြားလှသော ဂိုဏ်းအသီးသီးတို့သည် သူတို့၏လူများကို စေလွှတ်ကာဖြင့် အသေးစိတ်စုံစမ်းထောက်လှမ်းရန် သို့မဟုတ် အသေးစိတ် ကြည့်ရန် စေလွှတ်ခဲ့ကြ၏။

ဖြစ်နိုင်မည်ဆိုပါက ၎င်းတို့သည် ပြဿနာ မရှာချင်ခဲ့ကြချေ။ ရောင်စဉ်အလင်းနတ်နယ်မြေ ဖြစ်သွားခဲ့သည့် အခြေအနေကို ကြည့်ရှုပြီးသည့်နောက် သူတို့သည် ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရမည့် အန္တရာယ်အဖြစ် ပစ်မှတ်ထားခံရမည်ကို ကြောက်လန့်နေကြသည်။

“မလိုပါဘူး။ သူတို့ကို ထားလိုက်ပါ။ ဒီအတိုင်း သူတို့ကို သုံးစရာ ရှိသေးတယ်” လီယွင်က ပြောလိုက်သည်။

“ဪ”

ပိုင်ချမ်းဟန်မှာ စိတ်ဝင်တစား ဖြစ်သွား၏။ မူလအားဖြင့် သူသည် တော်ဝင်သဲကန္တာရမြို့ဆီမှ မထွက်ခွာခင် အရာအားလုံးကို ရှင်းလင်းပစ်ရန် စီစဉ်ခဲ့၏။ ထို့အပြင် များပြားလှသည့် နတ်နယ်မြေ သို့မဟုတ် နတ်ဆိုးဂိုဏ်းများမှ လာသည့်လူများ ဖြစ်သောကြောင့် နောက်ခံ အနည်းငယ်တော့ တည်ရှိနေသေးသည်။ ထိုသူတို့သာ စုစည်းသွားမည်ဆိုပါက မည်မျှ ပြဿနာ ကြီးမားလိမ့်မည်ကို မည်သူကမှ အာမ မခံနိုင်ချေ။

သို့ပေမဲ့ အံ့အားသင့်စရာ ကောင်းလှစွာဖြင့် စီနီယာသည် ဤလူများ အားလုံးကို စီစဉ်စရာရှိသည်ဟု ပြောဆိုခဲ့၏။

“စီနီယာရဲ့ အစီအစဉ်က သူတို့ကို ကိုင်တွယ်ဖို့လား” ပိုင်ချမ်းဟန်က မေးမြန်းလိုက်သည်။

“အင်း... နည်းနည်း ရိုးရှင်းပါတယ်။ သူတို့ စုံစမ်းလို့ မရနိုင်ဘူးဆိုရင် ကျုပ်က စုံစမ်းလို့ရနိုင်တဲ့ သတင်း အချက်အလက် နည်းနည်းပေးပြီးတော့ သူတို့ အချိန်ကုန်သက်သာအောင် ပြုလုပ်ပေးရမှာပေါ့” လီယွင်သည် ရေနွေးခွက်ကို အသာကောက်ယူပြီးသည့်နောက် အသာငုံလိုက်၏။

“ဟင်”

ပိုင်ချမ်းဟန်သည် ဆွံ့အသွားခဲ့၏။ မည်ကဲ့သို့သော လုပ်ဆောင်မှုနည်း။ စီနီယာ၏ ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် သတင်းအချက်အလက်များကို ရောင်းချသည် မဟုတ်ပါလား။ အလကားပေးရန် စီစဉ်နေ သည်လား။ ကောင်းကင်ကြီးတွင် ဤမျှ ကောင်းမွန်လှသည့် ကံကောင်းခြင်းတရားဆိုသည်မှာ ရှိနေသည်လား။

All Chapters