← Chapters

အပိုင်း (၇၉)

Vol. 6 Ch. 79

အပိုင်း (၇၉)

Vol. 6 Ch. 79

“စီနီယာ.. ကျေးဇူးပြုပြီးတော့ ကျုပ်တို့ တော်ဝင်ရင်နိုင်ငံတော်ကိုလည်း စဉ်းစားပေးပါအုံး”

ပိုင်ချမ်းဟန်သည် သူ၏ လက်ကို ပွတ်လိုက်သည်။ သူသည် တိုက်ရိုက် ထုတ်ဖော်ပြောဆိုရမည့်မှာ အနည်းငယ် ရှက်ရွံ့လို့ နေခဲ့၏။ သို့ပေမဲ့ သူ၏ ပြောဆိုချင်သည့် အရာမှာ တော်ဝင်ရင်နိုင်ငံတော်ကိုလည်း ထည့်သွင်း စဉ်းစားပေးရန်ဖြစ်၏။

စီနီယာအနေနှင့် သတင်းအချက်အလက်များကို ရောင်းချပေးမည်ဆိုပါက အပြင်လူများအတွက် အရမ်းကြီး ဈေးပေါနေ၍ မဖြစ်ချေ။ သူတို့ တော်ဝင်ရင်နိုင်ငံတော်သည် အခွင့်အရေးများကို လိုအပ်၏။ စီနီယာ၏ လက်ထဲမှ အခွင့်အရေး တစ်ခု၊ နှစ်ခုလောက် ရရှိသည်ဆိုပါက ဘဝတစ်ခုလုံး အကောင်းဆုံးဖြစ်သည်။ အခွင့်အရေးတစ်ခုလောက်ကို ရလျှင်ပင် ကြီးမားလှသည့် အကျိုးဆက်ကို ရရှိမှာ သေချာ၏။ သူတို့၌ အင်ပါယာ မရှိလျှင်တောင်မှ သူတော်စင်ဘုရင်လောက် ရှိလာမည်ဆိုလျှင် မည်မျှကောင်းမွန်လိုက်မည်နည်း။

“ခင်ဗျားလည်း လိုချင်လို့လား” လီယွင်သည် မျက်ခုံးပင့်လိုက်မိ၏။

ပိုင်ချမ်းဟန်သည် မပြောချေ။ အားတက်သရောဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်သည်။

“နေအုံး.. ကျုပ် အရင်ဆုံး စစ်ဆေးလိုက်အုံးမယ်”

လီယွင်သည် စနစ်ကို သေချာအာရုံစိုက်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “စနစ်... ပါရမီရှင်စာရင်းကို လုပ်ဖို့အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ဘယ်လောက်လိုမလဲ”

အပြင်ဘက်တွင် ရှိနေသည့် များပြားလှသည့် ဂိုဏ်းအသီးသီးတို့သည် လာရောက် ကင်းထောက်နေသည် မဟုတ်ပါလား။ လီယွင်သည် စာရင်းတစ်ခုကို ဖန်တီးပြီးသည့်နောက် ၎င်းတို့အား ပြန်လည်ပေးပို့လိုက်မည်ဖြစ်၏။ ထိုသို့ဆိုလျှင် ထိုစာရင်းကို အမှီခိုပြုရင်း သူ့ကိုယ်သူ ကြေညာခြင်းလည်း ဖြစ်လာပေမည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာကို တိုးတက်စေသည်သာမက အားလုံးသောသူများသည်လည်း လုံလောက်သည့် သတင်းအချက်အလက်များကို ရရှိသွားပေမည်။ ဤအရာသည် နှစ်ဖက်လုံး အနိုင်ယူနိုင်သည့် နည်းစနစ်ပင်ဖြစ်၏။ မသေချာသည်မှာ ထိုကဲ့သို့သော စာရင်းကို ပြုလုပ်ရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် မည်မျှကုန်မည် ဆိုသည်ကိုပင်။

သို့ပေမဲ့ ထိုအရာကို ဖန်တီးရန်အတွက် ပိုက်ဆံသုံးဖြုန်းရခြင်းကို သူ ဂရုမစိုက်လှချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို ဖန်တီးပြီးပြီဆိုပါက သူ့အနေနှင့် အမြဲတမ်းဆိုသလို ငွေဝင်နေမှာဖြစ်သည်။ အောင်မြင်ကျော်ကြား ချင်သည် ဆိုပါက ငွေကြေးအသုံးမပြု၍ မဖြစ်နိုင်ချေ။

[ဒင်... ပါရမီရှင်များ၏ စာရင်းကို စစ်ဆေးနေသည်။ ကောင်းကင်လျှို့ဝှက်အမှတ် မလိုအပ်ချေ။ သို့ပေမဲ့ ပါရမီရှင်များ၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးသည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်အမှတ် လိုအပ်သည်]

“အမ်”

လီယွင်က ပြုံးလိုက်၏။ “ဘာမှ မကုန်ဘူးလား”

ခဏလောက် တွေးတောပြီးသည့်နောက် သူက နားလည်သွားမိသည်။ ယခင်က သူတော်စင်ဖြစ်ရန် အခွင့်အရေးကို သူစစ်ဆေးခဲ့စဉ်ကနှင့် ဆင်တူလွန်းလှ၏။ စနစ်သည် များပြားလှသည့် အခွင့်အရေးများကို ဖော်ညွှန်းခဲ့သည် ဆိုသော်လည်း ၎င်း၏ အသုံးဝင်မှုများကို ဖော်ညွှန်းမပြသခဲ့ချေ။

ထို့ကဲ့သို့ပင်။ ပါရမီရှင်များကလည်း တူညီစွာဖြစ်၏။ ပါရမီရှင်များ၏ စာရင်းသည် ထုတ်ဖော် ပြောဆိုနိုင်သည် ဆိုသော်လည်း ကိုယ်ရေးအချက်အလက်များ မပါဝင်ခဲ့ချေ။ ဤပါရမီရှင်များ၏ ကိုယ်ရေးအချက်အလက်များကို သူ မစစ်ဆေးသ၍ ကောင်းကင်လျှို့ဝှက်အမှတ် တစ်မှတ်တောင် ကုန်လိမ့်မည် မဟုတ်ချေ။ တိုက်ရိုက်ဆိုသလိုပဲ ဤစာရင်းကို ထုတ်ယူကာ အသုံးပြုနိုင်၏။

“စနစ်... ဒီလောကကြီးထဲမှာရှိတဲ့ ပါရမီရှင် ထိပ်ဆုံး အယောက်တစ်ရာစာရင်းကို ငါ့အတွက် စီစဉ်ပေး”

လီယွင်သည် စိတ်ထဲမှ ပြောလိုက်၏။ အဆုံးမှာတော့ သူသည် ထပ်ပြောလိုက်၏။ “အသက်နှစ်ရာနဲ့ ငါးရာကြားမှာရှိတဲ့ ပါရမီရှင် လူသားစာရင်းကိုပဲ စာရင်းလုပ်ပေး”

လောကကြီးသည် ကျယ်ပြောလွန်းလှ၏။ များပြားလှသည့် မျိုးနွယ်အသီးသီး တည်ရှိနေ၏။ အားလုံးတို့ကိုသာ ထည့်သွင်းစဉ်းစားသည် ဆိုပါက ထိပ်တန်းအယောက်တစ်ရာ စာရင်းဆိုသည်မှာ ရှုပ်ထွေးပြီး ခက်ခဲသွားပေ လိမ့်မည်။ ထို့ကြောင့် လူသားပါရမီရှင်စာရင်းကိုသာ ထည့်သွင်းချင်မိသည်။

ထိပ်ဆုံးတစ်ရာ စာရင်းကိုသာ လိုချင်သည်ဟု ပြောဆိုပြီး လူသားတစ်ယောက်မှ မပါဝင်လာဘူးဆိုလျှင် ပြဿနာတက်နိုင်မည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် မည်သူမှ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။

လူသား မပါဝင်သော ပါရမီရှင်စာရင်းထိပ်သီးစာရင်းကို ထုတ်ဖော်လိုက်သည်ဆိုပါက လူပေါင်းများစွာတို့ တစ်ချက်လာကြည့်ကာဖြင့် မေ့မေ့လျော့လျော့ ဖြစ်သွားပေလိမ့်မည်။ သူတို့ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။

သက်တမ်းမှာတော့ ပါရမီရှင်များအတွက် အကြီးမားဆုံးသော ကန့်သတ်ချက်သာလျှင်ဖြစ်၏။ ဤလောကကြီး၏ နှစ်သက်တမ်း နှစ်ရာဆိုသည်မှာ ကျင့်ကြံခြင်းလမ်းစဉ်အပေါ် အခုမှစ၍ လျှောက်လှမ်းသည့် လူဟူ၍ သတ်မှတ်နိုင်၏။

နှစ်နှစ်ရာနှင့် နှစ်ငါးရာကြား ဆိုသည်မှာ ၎င်းတို့၏ ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိ နိုင်သည့် အချိန်ကာလပင်။ ငါးရာအထက်ကို ကျော်သွားပြီဆိုပါက ပါရမီရှင်များဟု သုံးသပ်၍ မရချေ။ ထိုသူများကို ထည့်သွင်းကာ တွက်ချက်လိုက်မည်ဆိုပါက ပါရမီရှင်ဟူသည့် သုံးသပ်ချက်သည် ပျက်စီးပျောက်ကွယ်သွားမှာ သေချာသည်။

“အင်း.. ဟုတ်ပြီ”

လီယွင်သည် တစ်စုံတစ်ခုကို စဉ်းစားလိုက်၏။ ပြီးနောက် ထပ်ပြောလိုက်၏။ “ကောင်းကင် လျှို့ဝှက်အမှတ် တစ်ခုကိုမှ အသုံးမပြုဘဲနဲ့ ဂိုဏ်း၊ ဆရာ၊ အားအင်အဆင့်နဲ့ တခြားအောင်မြင်မှု သတင်းအချက် အလက် အနည်းငယ်လောက် ထည့်လို့ ရမယ်ဆိုရင် ပိုကောင်းမယ်”

သူ့အနေနှင့် အလကားရနိုင်သည်ဆိုပါက ပိုမိုကာ တောင်းဆိုရန် စဉ်းစားထားမိသည်။

[ဒင်.. အသက်နှစ်ရာနှင့် ငါးရာကြားတွင် ရှိနေသည့် လူသားမျိုးနွယ် ပါရမီရှင်များကို ရှာဖွေနေသည်။ ရှာဖွေမှု အောင်မြင်သည်]

စနစ်ဆီမှ တိကျရှင်းလင်းသည့် အသံသည် လီယွင်၏ နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ လီယွင်၏ အရှေ့တွင်တော့ အပြာဖျော့ရောင် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး စာရင်းအချက်အလက်တစ်ရာသည် ထိပ်ဆုံးမှ အောက်ဆုံးဆီသို့ အစဉ်လိုက် တည်ရှိနေ၏။

[နံပါတ်တစ် - ယုရှင်းချန်၊ သတင်းအချက်များ သိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းကို အသုံးပြုပါ]

[နံပါတ်နှစ် - ရီချန် ၊ ဂိုဏ်း/ဌာနေ - အင်ပါရီယာယိကလန်၊ သိုင်းကျင့်ကြံခြင်းနည်းစနစ် - ဖန်တီးခြင်းကျမ်းစာ ၊ အောင်မြင်မှု - ကောင်းကင်အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့၏။ သတင်း အချက်အလက်အကုန်ကို သိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ထောင် လိုအပ်သည်]

[နံပါတ်သုံး - လင်းကျန် ၊ ဂိုဏ်း/ဌာနေ - အင်ပါရီယာ လင်းကလန် ၊ သိုင်းကျင့်ကြံခြင်းနည်းစနစ် - ထာဝရသိုင်းကျင့်ကြံခြင်းနည်းစနစ် ၊ အောင်မြင်မှု - မရှိ၊ သတင်းအချက်ကို ပိုမိုသိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ထောင် ကုန်ကျမည်]

……

[နံပါတ် သုံးဆယ့်တစ် - ဖန်းနီရှန် ၊ ဂိုဏ်း/ဌာန - မရှိ ၊ အောင်မြင်မှု - ကောင်းကင်အသွင်ပြောင်း နိဗ္ဗာနအဆင့်တွင် တည်ရှိနေကတည်းက ရှုံးပွဲဟူ၍ တစ်ခုမှ မရှိခဲ့ဘဲ ကောင်းကင်အသွင်ပြောင်း ကျင့်ကြံသူ နှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် မရှုံးနိမ့်ခဲ့ချေ။]

[နံပါတ် သုံးဆယ့်နှစ် - ရောင်စဉ်အလင်းနတ်သားတော် ၊ ဂိုဏ်း/ဌာန - ရောင်စဉ်အလင်းနတ်နယ်မြေ ၊ သတင်းအချက်ကို သိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် ခုနှစ်ထောင်ကို အသုံးပြုပါ]

………..

[နံပါတ် တစ်ရာ - ရမ်ချင်းရှောင် ၊ ဂိုဏ်း/ဌာန - တော်ဝင်ဓားဂိုဏ်း ၊ အားအင်အဆင့် - နိဗ္ဗာနအဆင့်နောက်ဆုံး ၊ ဆရာ - ရမ်ချင်းတု ၊ ကျင့်ကြံခြင်းနည်းစနစ် - တော်ဝင်ဓားနည်းစနစ် ၊ အောင်မြင်မှု - ငရဲကိုးကောင်ဂိုဏ်းမှ အတွင်းစည်းတပည့် သုံးယောက်ကို သတ်ပစ်ခဲ့သည်။ ကောင်းကင်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့အား သတ်ဖြတ်ပစ်ခဲ့ပြီး နိဗ္ဗာနအဆင့် စဦးကျင့်ကြံခြင်းအဆင့်သာ ရှိသည်ဆိုသော်လည်း ကောင်းကင်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုဆီမှ လွတ်မြောက်အောင် ထွက်ခွာ လာနိုင်ခဲ့သည်]

လီယွင်သည် အကျဉ်းချုပ်ကို တစ်ချက် လှမ်းကြည့်ပြီးသည့်နောက် စိတ်ခံစားချက်များ ဖြစ်တည်လာခဲ့သည်။ စနစ်သည် ဤတစ်ကြိမ်တွင် သေသေချာချာ ပြသခဲ့၏။ သို့ပေမဲ့ လေးနက်လှသည့် သတင်းအချက်အလက် များတော့ မပါဝင်ချေ။ အသေးစိတ်အချက်အလက်များမှာ လိုအပ်လျက် ရှိနေ၏။ နာမည်ကလွဲ၍ မည်သည့် အရာမှ သိပ်ပြီး ထူးခြားလှသည် မဟုတ်ချေ။

ထိပ်ဆုံးမှ အောက်ဆုံးဆီသို့ ကြည့်ရှုပြီးသည့်နောက် လူတော်တော်များများကို သူမသိချေ။ ကြားလည်း မကြားဖူးသလို သိလည်းမသိပေ။ သို့ပေမဲ့ သုံးဆယ့်နှစ်ယောက်မြောက် လူကိုတော့ သူအနည်းငယ် ရင်းနှီးလို့ နေခဲ့သည်။

ရောင်စဉ်အလင်း နတ်သားတော်။

တစ်ရာမြောက်မှာတော့ တော်ဝင်ဓားဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်လို့နေခဲ့သည်။ တော်ဝင်ရင်နိုင်ငံတော် မှာတော့ သနားဖို့တောင် ကောင်းမွန်လှသည်။ နာမည်တစ်ခုပင် မဝင်ခဲ့ချေ။

“စနစ်.. ပထမအဆင့်မှာ ရှိနေတဲ့ ယုရှင်းချန်ကို ဘာလို့ နာမည်တစ်ခုပဲ ပြောထားရတာလဲ။ ဒါက မသင့်တော်ဘူးလို့ မထင်ဘူးလား” လီယွင်သည် တွေးတွေးဆဆဖြင့် မေးမြန်းလိုက်၏။

လူပေါင်းများစွာတို့သည် အနည်းဆုံး အနေနှင့် မည်သည့်ဂိုဏ်းမှ ပိုင်ဆိုင်သည်။ မည်သူများ ဖြစ်သည်ဆိုကြောင်းကို ထုတ်ဖော်ပြောကြားခဲ့၏။ သို့ပေမဲ့ ယုရှင်းချန် မှာတော့ ဂိုဏ်းဌာနကိုပင် မပြောခဲ့ချေ။ ယောက်ျားလား၊ မိန်းမလား ဆိုသည်ကိုပင် မပြောခဲ့ချေ။ ကျင့်ကြံခြင်း နည်းစနစ်နှင့် အောင်မြင်မှုများဆိုလျှင် တစ်ခုမှ မပါဝင်ခဲ့ချေ။

All Chapters