← Chapters

အပိုင်း (၈၁)

Vol. 6 Ch. 81

အပိုင်း (၈၁)

Vol. 6 Ch. 81

"ဒါက"

ပိုင်ချမ်းဟန်သည် အပြိုင်စကြာဝဠာအကြောင်းကို နားမလည်ချေ။ သူ၏သားအတွက် စောဒကတက်ရန်သာ တတ်နိုင်၏။ ထို့ကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်၏။ "စီနီယာ သိမှာမဟုတ်ဘူး။ ကျုပ်သားက တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာဖို့ အလားအလာရှိတယ်"

လီယွင် "…….."

တစ်စုံတစ်ယောက်သည် တစ်စုံတစ်ယောက်၏ ပါရမီအား ဤကဲ့သို့ ပါးစပ်လေးဖြင့် အလားအလာရှိသည်ဟု ပြောဆိုရုံဖြင့် တကယ်ကြီး တော်ဝင်အင်ပါယာ ဖြစ်နိုင်သည်လား။ သောက်ကျိုးနည်းကိစ္စပင်။

"စီနီယာ ….. တော်ဝင်ဓားဂိုဏ်းကိုကြည့် သူတို့က ဒီစာရင်းထဲမှာ ပါတယ်။ တော်ဝင်ရင်နိုင်ငံကျ ဒီစာရင်းထဲမှာ မပါတာ မသင့်တော်ဘူးထင်တယ်"

ပိုင်ချမ်းဟန်သည် နိမ့်ချကာ ပြောဆိုနေသော်လည်း ဤစာရင်းကို မယုံကြည်ဘူးဟု ပြောဆိုနေပုံပင်။ ကောင်းကင်လျို့ဝှက် နန်းဆောင်သည် သေးငယ်လှသည် ခန်းဆောင်တစ်ခု ဖြစ်သည်ဆိုသော်လည်း ယန်ရှိုနှင့် ရမ်ချင်းတုတို့သည် သူတော်စင် ဖြစ်သွားခဲ့၏။ ဤကဲ့သို့ သူတော်စင် ဖြစ်သည်ဆိုသော သတင်းသာ အပြင်လောကသို့ ပေါက်ကြားသွားပါက တလောကလုံး ရူးသွပ်သွားနိုင်သည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် အားလုံးသောသူတို့သည် အံ့အားသင့်နေကြမှာ သေချာသည်။ ဤ ပါရမီရှင် စာရင်း သည် သံသယရှိစရာ မလိုအောင်ဘဲ တစ်လောကလုံးသို့ ပြန့်နှံ့သွားပေလိမ့်မည်။ ဤစာရင်းတွင် မပါဝင်သည့် သူများသည် ရှက်ရွံ့မှုကို ခံစားရမှာ သေချာ၏။

"ခင်ဗျား ဘာပြောချင်တာလဲ"

လီယွင်သည် ဘေးတစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်၏။ သူသည် ပိုင်ချမ်းဟန်၏ အတွေးကို ကောင်းကောင်း သိရှိပြီး ဖြစ်သည်။

“အဟမ်း အဟမ်း ….”

ပိုင်ချမ်းဟန်သည် လည်ချောင်းကို ရှင်းကာဖြင့် ဘာမှ မပြောသလို ဟန်ဆောင်လိုက်၏။ ပြီးနောက် သူသည် ကျောက်စမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့် သုံးဆယ့်တစ်ယောက်မြောက်တွင် ရှိနေသည့် ဖန်းနီရှန် ဆီသို့ လက်ညိုးညွှန်ကာ ပြောလိုက်၏။ "စီနီယာ ဒီမိန်းကလေးက တစ်ကိုယ်တော် ကျင့်ကြံသူပဲလေ။ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ။ သူ့အစား ကျုပ်သားကို ပေးလိုက်ပါလား။ "

"ခင်ဗျားနဲ့ ခင်ဗျားသားကြားမှာ ဘာရန်ငြိုးတွေများ ရှိလို့လဲ။" လီယွင်သည် အံ့အားတသင့်ဖြင့် မေးမြန်းလိုက်၏။

ပါရမီရှင် စာရင်းကို ထုတ်ပြန်လိုက်ပါက လူပေါင်းများစွာသည် စိတ်ဝင်စားကြလိမ့်မည်။ လူပေါင်းများစွာတို့သည် ပိုမိုမြင့်မားသော အဆင့်ကို ရရှိရန်အတွက် ထိုသူများကို လိုက်လံကာ စိန်ခေါ်တိုက်ခိုက်ပေလိမ့်မည်။ တစ်ဖက်လူ၏ သားသည်သာ လုံလောက်သည့် အားအင်မရှိဘဲ မြင့်မားသည့် အဆင့်တွင် ရှိနေပါက မိမိကိုယ်ကိုယ်ကို သတ်သေခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။

ထို့ပြင် ကောင်းကင်လျို့ဝှက် နန်းဆောင်သည် မည်သည့်အရာကို တန်ဖိုးထားသနည်း။ ဂုဏ်သိက္ခာပင် ဖြစ်၏။ ဤကဲ့သို့သော အရည်အချင်းမရှိဘဲ စာရင်းထဲ ပါဝင်နေပါက လူများသည် ယုံကြည်မှု ကျဆင်းသွားပေလိမ့်မည်။

"ဟမ် …"

ပိုင်ချမ်းဟန်သည် အံ့အားသင့်သွား၏။ သူသည် မေးမြန်းလိုက်၏။ "စီနီယာ ဒီလောကကြီးထဲမှာ ကျုပ်သားက ဘယ်အဆင့်မှာ ရှိနေနိုင်လဲ"

သူသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ လောကကြီးတွင် သူ၏သားထက် ပါရမီပိုကောင်းလှသည့် ကျင့်ကြံသူသည် မည်မျှ တည်ရှိနေသနည်း။

"ခင်ဗျားက ဘယ်သားကို ပြောနေတာလဲ" လီယွင်သည် ပိုင်ချမ်းဟန်ကို လှမ်းကြည့်လိုက်၏။ သူသည် နတ်ဘုရား အင်ပါယာဖြစ်သောကြောင့် သားပေါင်း ဆယ့်ခုနှစ်ယောက် ရှိ၏။ တိတိကျကျပြောရလျှင် အသက် နှစ်ရာကျော်သည့် သိုင်းကျင့်ကြံသူသည် ခုနှစ်ယောက် ၊ ရှစ်ယောက်လောက်ပင် ရှိ၏။ လုံလောက်သည့် အားအင်ကိုလည်း ပိုင်ဆိုင်ကြ၏။

"အိမ်ရှေ့စံမင်းသားကို ပြောတာပါ" ပိုင်ချမ်းဟန်သည် နှောင့်နှေးခြင်းမရှိဘဲ ပြန်လည် ဖြေဆိုလိုက်၏။

"အကြီးဆုံးသားလား"

လီယွင်သည် ဘေးတစ်ဖက်ကို လှမ်းကြည့်လိုက်၏။ ပိုင်ချမ်းဟန်၏ အကြီးဆုံးသား ကိုယ်ရေးအကျဉ်းကို သေချာ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ "အနာဂတ်မှာ ခင်ဗျားအနေနဲ့ တတိယ သားကိုပဲ ပိုဂရုစိုက်သင့်တယ်"

ပိုင်ချမ်းဟန်၏ အကြီးဆုံးသားသည် ငါးရာနောက်ပိုင်းတွင်သာ ရှိ၏။ ထို့ကြောင့် ပါရမီရှင်ဟု သုံးသပ်၍ ရသော်လည်း ၎င်းနှင့် ထိပ်တန်း ပါရမီရှင်များကြားတွင် လိုအပ်ချက်သည် အရမ်းကို ကြီးမားလို့နေ၏။ အယောက်တစ်ရာစာရင်းထဲတွင် ထည့်သွင်းလိုက်ပါက ကျိန်းသေပေါက် ဒုက္ခရောက်သွားပေလိမ့်မည်။ တတိယသားမှာတော့ ကောင်းကောင်းမွန်မွန် ကြိုးစားလျက် ရှိနေပြီး တစ်ရာသုံးဆယ့်နှစ်ယောက်စာရင်းတွင် တည်ရှိနေ၏။ ရှေ့မှ လူများနှင့့် အနည်းငယ်သာ ကွာခြားချက်ရှိသည်။ ကောင်းမွန်သည့် နည်းစနစ်နှင့် တိကျခိုင်မာသည့် အရင်းအမြစ်များသာ ထောက်ပံ့ပေးနိုင်သည် ဆိုပါက အမီလိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

"ကျုပ်သိချင်တာ … ကျုပ်ရဲ့ တတိယ အင်ပါယာသားက ဘယ်အဆင့်မှာ ရှိနေတာလဲ" ပိုင်ချမ်းဟန်သည် ဆက်လက် မေးမြန်းလိုက်၏။

"တစ်ရာသုံးဆယ့် နှစ်ယောက်" လီယွင်က နံပါတ်ကို အတိအကျ ပြောလိုက်သည်။

"မဆိုးပါဘူး"

ပိုင်ချမ်းဟန်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ အဆင့်သည် အရမ်းကြီး မြင့်မားလှသည် မဟုတ်သော်လည်း နိမ့်ကျလှသည်လည်း မဟုတ်ပေ။ ဤအဆင့်သည် တစ်လောကလုံးရှိ ပါရမီရှင်များကို ကိုယ်စားပြု၏။ သူ၏သားသည် တစ်ရာသုံးဆယ့်နှစ်ယောက်တွင် ရှိနေသည်မှာ စိတ်သက်သာရာ ရစရာပင်။ ထို့ပြင် အနီးဆုံးနေရာတွင် ရှိနေသော ကြက်သွေးရောင် မီးတောက်နယ်မြေရှိ နတ်သားတော်များပင်လျှင် ထိပ်ဆုံးတစ်ရာကို မဝင်နိုင်ချေ။ မည်သူသိမည်နည်း။ ထိုနတ်သားတော်များသည် သူ၏ တတိယာသားထက် ပိုမိုကာ နိမ့်ပါးသည့် အဆင့်တွင် ရှိနေနိုင်၏။

"ကြည့်ရတာ ကျုပ်ရဲ့ တတိယသားကို လမ်းညွှန်ပြသပေးမှ ဖြစ်လိမ့်မယ်။ တော်ဝင်ရင်နိုင်ငံရဲ့ အနာဂတ်က သူ့ကို အမှီပြုရမဲ့ပုံပဲ" ပိုင်ချမ်းဟန်က တွေးတောလိုက်သည်။

လီယွင်သည် တစ်ဖက်လူ၏ အတွေးများကို လှမ်းကြည့်ရင်း ခေါင်းကို အသာခါယမ်းလိုက်၏။ သူသည် အမှန်တရားကို ဆက်လက်ကာ မပြောခဲ့ချေ။

ဤစာရင်းသည် လူသားမျိုးနွယ်ကိုသာ ကိုယ်စားပြု၏။ အခြားသောမျိုးနွယ်များပါ ပါဝင်လာပါက တစ်ဖက်လူ၏ သားသည် ထိပ်ဆုံးစာရင်းတွင် ပါဝင်ရန် မသေချာလှချေ။ ထို့ပြင် နဂါးကလန်၊ ဖီးနစ်ကလန်၊ ရွှေကျီးကန်းကလန်၊ မြင်းဖြူကလန် စသဖြင့် များပြားလှသည့် တော်ဝင် မွန်းစတားကလန်များအားလည်း အထင်သေး၍ မရချေ။ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်များသည် လက်ရှိအချိန်တွင် နိမ့်ပါးနေသည် ဆိုလျှင်တောင်မှ အနာဂတ်အောင်မြင်မှုကိုတော့ ကြိုတင် တွက်ချက်၍ မရနိုင်ချေ။ စွမ်းအားမြင့် ဘိုးဘေးများဆီမှ သွေးမျိုးဆက်ကို ရရှိထားသော မျိုးဆက်သစ်များသည် ပိုမိုအားကောင်းပြီး သာမန်ထက် ပိုသည့် မွန်းစတားမျိုးနွယ်များ ဖြစ်နေမှာ သေချာ၏။

"စနစ်"

လီယွင်သည် ပိုင်ချမ်းဟန်ကို ဂရုမစိုက်တော့ချေ။ စနစ်ကိုသာ ဖွင့်၍ မေးမြန်းလိုက်သည်။ "ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ အပြင်ဖက်မှာ ကျောက်တိုင်တစ်ခုကို ထောင်ထားလို့ရလား။ အဲမှာ လူသားပါရမီရှင်တွေရဲ့ စာရင်းကို ပြသမယ်လေ။ "

[ရပါတယ်] စနစ်သည် တိကျခိုင်မာစွာ ပြန်ဖြေလိုက်၏။

"ကောင်းပြီ"

လီယွင်သည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ဒါဆိုရင် အခု စာရင်းကျောက်တိုင်တစ်ခုကို စပြီးတော့ တည်ဆောက်ကြတာပေါ့"

ပြောပြီးပြီးချင်းမှာပဲ ကောင်းကင်လျို့ဝှက် နန်းဆောင်သည် ရုတ်တရက် တုန်ခါသွား၏။ ပြီးသည့်နောက် တဂျိန်းဂျိန်း အသံများ ထွက်ပေါ်လာပြီး ကောင်းကင်လျို့ဝှက် နန်းဆောင်၏ အပြင်ဘက်တွင် (၃၆) ပေခန့် ကြီးမားသည့် ကျောက်တိုင်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် ခိုင်ခိုင်မာမာနှင့် တည်ရှိနေပြီး ကျောက်တိုင်ကြီးသည် အမဲရောင် ဖြစ်၏။ ကျောက်တိုင်ကြီးဆီမှ ကောင်းကင်လျို့ဝှက် နန်းဆောင်၏ အော်ရာများ ထွက်ပေါ်နေ၏။ မည်သည့်အရာဖြင့် ပြုလုပ်ထားသည့် ကျောက်တိုင်ကြီးမှန်းမသိသော်လည်း အရှိန်အဝါသည် ကြီးမားလွန်းလှသည်။

ကျောက်တိုင်ကြီး ထွက်ပေါ်လာပြီးနောက် ထိုပေါ်တွင် စာသားများ ထင်ပေါ်လာခဲ့၏။

"ဟမ် ကောင်းကင်လျို့ဝှက် နန်းဆောင်က လှုပ်နေပြီ …. ဘာများလဲ။ အရှေ့မှာ ပေါ်လာတဲ့ ကျောက်တိုင်မျက်မှာပြင်မှာ စာတွေရှိတဲ့ပုံပဲ"

"ကောင်းကင် ပါရမီရှင် စာရင်း ဟုတ်လား"

"နံပါတ်တစ် - ယုရှင်းချန်။ နံပါတ် တစ်ရာ - ရမ်ချင်းရှောင် ဆိုပါလား။ ဒါကအဓိက နတ်နယ်မြေ အသီးသီးရဲ့ နတ်သားတော်၊ နတ်မိမယ်တွေရဲ့ စာရင်းလား"

"ဖြစ်နိုင်တယ် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်က ကောင်းကင်ရဲ့ အချက်အလက်တွေကို တွက်ချက်တဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ကျုပ်ကြားဖူးတယ်လေ။ ကြည့်ရတာ ကောလဟာလတွေက မှန်တဲ့ပုံပဲ။ ဒီထဲမှာ ပါနေတဲ့ လူတစ်ချို့ကို ကျုပ် ကြားတောင် မကြားဖူးပါလား ။ "

"ဒါနဲ့ ယုရှင်းချန်ကို သိကြလား"

"ဟင့်အင်း။ တစ်ခါမှ မကြားဖူးဘူး"

"ဒီအောက်မှာလည်း စာတင်ခုရှိတယ်။ ဒီစာရင်းက လူသားပါရမီရှင်တွေကိုပဲ တွက်ချက်ထားတာတဲ့။ အသက်နှစ်ရာကနေ ငါးရာကြားမှာပဲရှိတယ်။"

"ဒါကြောင့် ကျုပ်ရဲ့ဂိုဏ်းတူ အစ်ကိုကြီး နာမည်ကို ရှာမတွေ့တာကိုး။ သူက ငါးရာနဲ့ သုံးဆယ့်နှစ်နှစ် ရှိနေပြီလေ။ သူသာ နှစ်သုံးဆယ်လောက် ငယ်ရင် ဒီစာရင်းထဲမှာ ပါမှာပဲ။ အဲလိုသာဆို ဒီထဲက လူတွေက ကျုပ်အစ်ကိုကြီးကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး"

"မဖြစ်နိုင်ဘူး။ ဒီစာရင်းက အတုပဲ ဖြစ်ရမယ်။ ကျုပ်ရဲ့ အကြီးဆုံးအစ်ကိုကြီး ဘယ်ရောက်သွားလဲ။ သူက လောကကြီးမှာ ပြိုင်ဖက်ကင်းပဲလေ။ ဘယ်လိုဖြစ်ပြီး ထိပ်တန်း တစ်ရာစာရင်းမှာတောင် မပါရတာလဲ။”

ကောင်းကင် ပါရမီရှင်စာရင်း ထွက်ပေါ်လာပြီးသည့်နောက် ကောင်းကင်လျို့ဝှက် နန်းဆောင် အပြင်ဘက်၌ များပြားလှသော ကျင့်ကြံသူများ စုဝေးလာကြ၏။ ၎င်းတို့သည် ကျောက်တိုင်ကြီး အပေါ်တွင် ရှိနေသည့် စာသားများကို ကြည့်ရှုရင်း အားရပါးရ ငြင်းခုန်လျက် ရှိနေကြ၏။

တော်တော်များများသည် ကျောက်စိမ်းပြားများကို ထုတ်ကာဖြင့် ၎င်းတို့၏ ဂိုဏ်းအသီးသီးဆီသို့ သတင်းများ ပြန်လည်ပေးပို့လျက် ရှိနေကြသည်။

All Chapters