← Chapters

အပိုင်း (၈၂)

Vol. 6 Ch. 82

အပိုင်း (၈၂)

Vol. 6 Ch. 82

ကျောက်စိမ်းသီလနတ်နယ်မြေ - ထိုတည်နေရာတွင် အနီရောင်တိမ်များ ဖြစ်တည်နေပြီး ဆန်းကြယ်လွန်းသော စွမ်းအင်များသည် ရောင်စဉ်ငါးပါးကဲ့သို့ ထွန်းတောက်လျက်ရှိနေ၏။ ရှေ့တည်နေရာတွင် ချောက်ကြီးတစ်ခု တည်ရှိလို့နေပြီး ထိုချောက်ကြီးဆီမှ လေပြည်လေညှင်းများ တိုက်ခတ်လျက်ရှိ၏။

လူတစ်ယောက်သည် ထိုနေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ ထိုလူသည် ကြည့်ကောင်းလွန်းလှပြီး ၎င်း၏ မျက်နှာ သွင်ပြင်မှာ ကျောက်စိမ်းနှင့် ထွင်းထုထားသကဲ့သို့ပင် ချောမောလွန်းလှသည်။ ဓားကဲ့သို့ ဖြစ်တည်နေသည့် မျက်ခုံးနှင့် ကြယ်တာရာများကဲ့သို့ တောက်ပသည့် မျက်လုံးများသည် ခပ်ဝေးဝေး တည်နေရာကို ကြည့်ရှုလျက် ရှိနေသည်။

သူနှင့် မနီးမဝေးတည်နေရာမှာတော့ တပည့်အသီးသီးတို့သည့် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုလျက် ရှိနေ၏။

“အင်း.. နတ်သားတော်ရဲ့ အော်ရာတွေက ပိုပိုပြီး အားကောင်းလာခဲ့တာကိုး။ အနီးကပ်သွားပြီးဆိုရင် အသက်ရှူလို့ မရသလိုတောင် ခံစားရတယ်”

“သူက ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖြတ်သွားခဲ့ပြီထင်တယ်” ငယ်ရွယ်လှသည့် တပည့် တစ်ယောက် သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

“ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ဟုတ်လား။ နတ်သားတော်ရဲ့ ပါရမီအရ သူ့ရဲ့သက်တမ်းမှာ သူက ပြိုင်ဘက်ကင်းပဲ။ သူက အနာဂတ်မှာ အင်ပါယာတစ်ယောက် ဖြစ်လာမယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုဘူး” တကယ့်ကို ချီးကျူးမှုများ ပြည့်နှက်လျက်ရှိနေသည့် မျက်ဝန်းတစ်စုံနှင့် မိန်းကလေးတစ်ယောက်သည် ကျယ်လောင်စွာ ပြောဆိုလိုက်၏။

“အတိအကျပဲ”

ဘေးတစ်ဖက်တွင် ရှိနေသည့် မိန်းကလေးကလည်း ထပ်မံကာ ပြောလိုက်သည်။ “နတ်သားတော်က တော်ဝင်အင်ပါယာ ပြန်ပြီးမွေးလာတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်။ အစကတည်းက အနာဂတ်မှာ အင်ပါယာ တစ်ယောက်ဖြစ်လာဖို့အတွက် သတ်မှတ်ခံထားရပြီးသားလေ။ နတ်သားတော်က အင်ပါယာတစ်ယောက် ဖြစ်လာပြီးရင် ကျိန်းသေပေါက် လောကကြီးထဲမှာရှိတဲ့ နေရာအားလုံးကို ဖိနှိပ်အနိုင်ယူနိုင်လိမ့်မယ်”

အားလုံးအပြင်းအထန် ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ တပည့်တစ်ယောက်သည် မြန်မြန်ဆန်ဆန် ပျံသန်းလာ၏။ “နတ်သားတော်… ဂိုဏ်းချုပ်က သတင်းစကားတစ်ခု ပို့လိုက်ပါတယ်။ လာကြည့်ဖို့လည်း ပြောလိုက်တယ်”

“ဪ”

တောင်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိသည့် နတ်သားတော်သည် အသာလှည့်ကြည့်လိုက်၏။ ထိုအချိန်မှာတော့ သူ၏ ကြည့်ကောင်းလှသော လှုပ်ရှားမှု ပုံစံသည် များပြားလှသော လူပေါင်းများစွာတို့ကို ငေးကနဲ ဖြစ်သွားစေခဲ့၏။ သူသည် အသာပြုံးလိုက်၏။ ပြီးနောက် စိုးရိမ်ပူပန်ခြင်း မရှိဘဲ တည်ငြိမ်သည့် အသံဖြင့် မေးမြန်းလိုက်သည်။ “ဂိုဏ်းချုပ်က ဘယ်လိုသတင်းစကားတွေ ပေးပို့လိုက်တာလဲ”

“ကောင်းကင်ပါရမီရှင်စာရင်းဆိုတဲ့ စာရင်းအကြောင်းလေ”

ထိုတပည့်သည် ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်က ပြောလိုက်တယ်။ ဒီသတင်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ရောက်လာတာတဲ့။ ရှစ်ဆယ်ရာခိုင်နှုန်းက သေချာတယ်တဲ့”

“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”

ကျောက်စိမ်းသီလ နတ်သားတော်သည် ကျောက်စိမ်းပြားကို အသာ လှမ်းယူပြီးသည့်နောက် သူ၏ နတ်ဘုရား အာရုံများကို ဖြန့်ကျက်ကာ အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ ကောင်းကင်ပါရမီရှင်စာရင်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

သို့ပေမဲ့ ပထမမှ နောက်ဆုံးအထိ သူ၏ နာမည်ကို ရှာဖွေမတွေ့ခဲ့ချေ။ ချက်ချင်းဆိုသလိုပဲ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတာ ဘယ်လိုမျိုးလဲ”

ကျောက်စိမ်းသီလ နတ်သားတော်သည် ကျောက်စိမ်းပြားကို ပစ်လွှတ်လိုက်၏။ တကယ့်ကို ပါရမီရှိလှသည့် ကျောက်စိမ်းသီလ နတ်သားတော် တစ်ယောက် အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ထုတ်ဖော် ပြောကြားလိုက်သည့် ပါရမီရှင်စာရင်းတွင် မပါဝင်သည်မှာ အားလုံးသောသူများကို တကယ်ပင် အံ့အားသင့် စေပေလိမ့်မည်။ သူကိုယ်တိုင်ပင် ဘာမှန်းသေသေချာချာ မသိချေ။

သူ၏ဘေးတွင် ရှိနေသည့် တပည့်တစ်ယောက်သည် ကျောက်စိမ်းပြားကို ကောက်ယူပြီးနောက် ပါဝင်သည့် အကြောင်းအရာကို ကြည့်ရှု့လိုက်၏။ ပြီးနောက် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “နတ်သားတော်… ကောင်းကင်လျှို့ဝှက်နန်းဆောင်က အရမ်းကို လွန်လွန်းတယ်နော်။ ကျုပ်တို့ ကျောက်စိမ်းသီလနတ်နယ်မြေကို အရှက်ခွဲချင်လို့များ ပြုလုပ်လိုက်တာလား မသိဘူး”

“အင်း… ယုရှင်းချန်ကို စိန်ခေါ်ဖို့အတွက် ကျုပ်ကို စီစဉ်ပေး” ကျောက်စိမ်းသီလ နတ်သားတော်သည် ထူးမခြားနား သလို ပြောလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင် အနေနှင့် ကျောက်စိမ်းသီလနတ်နယ်မြေကို မြင့်မြင့်မားမား မတွေးထားဘူး ဆိုလျှင်တောင်မှ သူသည် ကိစ္စမရှိလှချေ။ မျက်နှာသာရရန် အတွက် ကျိန်းသေပေါက် စိန်ခေါ်မှုကို ပြုလုပ်ရပေလိမ့်မည်။ ပါရမီရှင်စာရင်းကို ဖန်တီးသူအား ကျိန်းသေပေါက် သူသည် နံပါတ်တစ် လူတစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြသရပေမည်။

“နတ်သားတော်… ယုရှင်းချန်က တကယ့်ကို ဆန်းကြယ်တဲ့လူ။ ဘယ်သူလဲ။ ဘယ်မှာနေတောင် ကောင်းကောင်း မသိဘူး”

တပည့်တစ်ယောက်က ပြောလိုက်၏။ “ပြီးတော့ ……”

“ဒါဆို ရီချန်”

ကျောက်စိမ်းသီလ နတ်သားတော်က ထပ်မံကာ ပြောလိုက်၏။ ပထမကို ရှာဖွေမတွေ့ဘူးဆိုလျှင် သူသည် ဒုတိယတစ်ယောက်ကို ရှာဖွေရပေလိမ့်မည်။

ရီချန်သည် ကောင်းမွန်လှသည့်‌ နောက်ခံကို ပိုင်ဆိုင်ပြီး အင်ပါရီရာ ကလန်တစ်ခုမှ ဖြစ်၏။ ၎င်း၏ ကျင့်ကြံခြင်း အဆင့်သည် ကျိန်းသေပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။ နတ်သားတော်အနေဖြင့် သွားရောက်တိုက်ခိုက်မည် ဆိုပါက အနိုင်ရရန် မလိုအပ်ချေ။ သရေကျ ရုံလောက်နှင့် သူသည် ဒုတိယနှင့်တူညီသည့် အဆင့်အတန်းရှိသည်ဟု ထုတ်ဖော်ပြသနိုင်၏။ ထိုသို့ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ နန်းဆောင်သခင်သည် မည်ကဲ့သို့ တုန့်ပြန်မည်ကို သူကကောင်းကောင်း သိချင်မိ၏။

“နတ်သားတော်.. ကျုပ်သွားပြီး ရီကလန်ကို စိန်ခေါ်စာတစ်ခု ပို့လိုက်ပါမယ်” တပည့်၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် အားတက်သရောဖြင့် ပြေးထွက်သွားသည်။ သူ၏ မျက်လုံးထဲမှာတော့ နတ်သားတော် သည် မည်သူမှ ယှဉ်ပြိုင်လို့ မရနိုင်သည့် ပြိုင်ဘက်ကင်း လူတစ်ယောက်ပင် ဖြစ်လေသည်။

နတ်သားတော်တစ်ယောက်ဖြစ်လာသည် ဆိုသည်မှာ များပြားလှသည့် ပြိုင်ဘက်များကို ယှဉ်ပြိုင်အနိုင်ယူပြီး သည့်နောက် ဤနေရာသို့ ရောက်ရှိလာရခြင်းဖြစ်၏။ သူတို့၏ နတ်သားတော်ပင်လျှင် အဆင့်သတ်မှတ်ချက်ထဲတွင် မပါသည်ဆိုပါက ရီချန်ဆိုသည့်လူသည် အဘယ်ကြောင့် ပါဝင်နေရသနည်း။

အဓိပ္ပာယ်မရှိလှချေ။ ဘာအရည်အချင်းမှ မရှိဘဲနှင့် ဒုတိယ တည်နေရာကို တက်လှမ်းထား၍ မည်သို့ဖြစ်မည်နည်း။

ကျောက်စိမ်းသီလနတ်နန်းတော်မှ စိန်ခေါ်စာကို ပေးအပ်လိုက်သည့် အတောတွင်းမှာပဲ တော်ဝင်သဲကန္တာရမြို့ဆီသို့ သတင်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။ သတင်းအချက်အလက်များကို သိရှိခဲ့သည့် လူများတွင် တချို့သည် ဒေါသထွက်၏။ တချို့က ပျော်ရွှင်သွား၏။ တချို့မှာတော့ အံ့ချီးနပမ်း ဖြစ်လို့နေသည်။

“ကောင်းကင်ပါရမီရှင်စာရင်း ဟုတ်လား”

အင်ပါရီယာရီကလန်၏ လျှို့ဝှက်အခန်းတွင်းမှာတော့ လူတစ်ယောက် သည် ခြေချိတ်ကာထိုင်လျက်ရှိ၏။ သူ၏ အမူအရာသည် အေးစက်လျက်ရှိ၏။ ထူထဲလှသည့် အမဲရောင်ဆံနွယ်များ သည် အနောက်ဘက်ဆီသို့ ကျဆင်းလျက် ရှိနေပြီး ဆန်းကြယ်လွန်းလှသည့် အော်ရာများကို ထုတ်ဖော်ပြသလျက် ရှိနေ၏။

သူသည် ကျောက်စိမ်းပြားပေါ်တွင် ရှိနေသည့် အကြောင်းအရာများကို တစ်ချက်ကြည့်ရှုလိုက်ပြီးသည့်နောက် တီးတိုး ရေရွတ်လိုက်သည်။ “ငါ က ပါရမီရှင်စာရင်းမှာ ဒုတိယနေရာ ချိတ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ စိတ်ဝင်စားစရာပဲ။ ပထမလူက ဘယ်သူများ ဖြစ်မလဲ။ ဒီလောကကြီးထဲမှ ယုကလန်ဆိုတာ ရှိသေးတာလား”

ရီချန်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည့်နောက် မျိုးရိုးနာမည်ယုနှင့် သက်ဆိုင်သော တော်ဝင်အင်ပါယာ တစ်ယောက်၏ အကြောင်းအရာများကို ပြန်လည်ကာ စဉ်းစားလိုက်မိသည်။ သို့ပေမဲ့ ထူးချွန်လှသည့် ယုမျိုးရိုးနှင့်လူကို တစ်ခါမှ မကြားဖူးချေ။ ကျိန်းသေပေါက် ဖြစ်နိုင်သည်မှာ ယုရှင်းချန်ဆိုသည်မှာ တော်ဝင်အင်ပါယာ တစ်ယောက်၏ အမွေဆက်ခံသူတစ်ယောက် မဟုတ်ခြင်းပင်။

“အင်း”

“နောက်လိုက်က သခင်လေးကို လာပြီး ဧည့်တွေ့ပါတယ်” အပြင်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။

“ဝင်ခဲ့လေ” ရီချန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ် သခင်လေး” ဝင်လာသည့်လူသည် လေးစားစွာဖြင့် ဦးညွတ်လိုက်၏။

“ဘာကိစ္စ ရှိလို့လဲ”

ရီချန်သည် ခေါင်းကို အသာမော့လိုက်၏။ သူ၏အကြည့်များသည် တကယ်ပင် စူးရှလို့ နေခဲ့၏။ ဓားတစ်ချောင်းကဲ့သို့ပင်။ တချို့သော လူများအနေဖြင့် သူ၏ မျက်နှာချင်းဆိုင်ရန်ပင် အလွန်တရာ ခက်ခဲလှသည်။

“ကျောက်စိမ်းသီလ နတ်သားတော်က စိန်ခေါ်စာကို ပေးလိုက်ပါတယ်။ သခင်လေး အနေနဲ့ စိန်ခေါ်မှုကို လက်ခံချင်ပါသလား” ထိုလူသည် ကျောက်စိမ်းပြားကို အသာပေးကာဖြင့် လေးလေးစားစား မေးမြန်းလိုက်၏။

“ဪ”

ရီချန်သည် စိတ်လှုပ်ရှားသွားမိ၏။ သူသည် လက်ထဲတွင် ရှိနေသည့် ကောင်းကင်ပါရမီရှင်စာရင်းကို လှမ်းကြည့်လိုက်၏။ ခဏလောက် ပြန်လည်စဉ်းစားပြီးသည့်နောက် သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ “အင်း… စာရင်းထဲမှာ နာမည်တောင် မပါတဲ့လူက ငါ့ကို စိန်ခေါ်ချင်တာလား”

“အင်း.. ဒါဆိုရင် သခင်လေးကိုယ်စား ငြင်းပယ်ကြောင်း သွားပြောလိုက်ရမလား”

“မလိုပါဘူး”

ရီချန်သည် မတ်တပ်ထရပ်လိုက်၏။ သူ၏အော်ရာများသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် အားကောင်းလွန်းလှချေ၏။ ခန္ဓာကိုယ် တစ်ခုလုံးတွင် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လျက်ရှိသည်။ ထိုအလင်းတန်းများသည် သန့်စင်လွန်းလှချေ၏။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကိုပင် တုန်ခါစေခဲ့သည်။

“သူက တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တိုက်ခိုက်ကြတာပေါ့။ ဘာကိစ္စ ကြောက်ရမှာလဲ”

All Chapters