← Chapters

အပိုင်း (၈၃)

Vol. 6 Ch. 83

အပိုင်း (၈၃)

Vol. 6 Ch. 83

ရောင်စဉ်အလင်းနတ်နယ်မြေ၊ ဂိုဏ်းချုပ်၏ အဓိကဟောခန်းထဲမှာတော့ ….

ရောင်စဉ်အလင်းနတ်အရှင်သည် လက်နှစ်ဖက်ကို‌ နောက်ပစ်ကာဖြင့် ရပ်လျက်ရှိ၏။ သူ၏ အသက်ရှုပုံ၊ အသက်ရှုနှုန်းထားသည် အလွန် နက်နဲလွန်း လှ၏။

အားလုံးသောသူများ အနေဖြင့် အလွန်တရာ မြင့်မားလှသည့် တောင်တန်းကြီးကို မော့၍ ကြည့်ရသလို ခံစားချက်များ ပေးစွမ်း၏။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် တည်ရှိနေသည်ဆိုလျှင်တောင်မှ အားလုံးသော သူများသည် အသက်ရှူရန် ခက်ခဲလျက်ရှိသည်။

သူ၏အနောက်တွင်တော့ လူငယ်တစ်ယောက်သည် လေးလေးစားစားဖြင့် မတ်တပ်ရပ်လျက်ရှိပြီး ၎င်း၏ အမူအရာသည် လေးနက်တည်ကြည်လျက် ရှိနေ၏။

“ငါ့သား… ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ထုတ်လိုက်တဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို မြင်ပြီးပြီလား” ရောင်စဉ်အလင်းနတ်အရှင်က ပြောလိုက်သည်။

“အင်း.. အစောကြီးကတည်းက မြင်ပြီးပါပြီ”

ရောင်စဉ်အလင်းနတ်သားတော်က ပြောလိုက်သည်။ ပြီးသည့်နောက် ခဏလောက် တွေဝေစဉ်းစားကာဖြင့် ထပ်ပြောလိုက်သည်။ “သားရဲ့အထင်ရဆိုရင် ဒီပါရမီရှင်စာရင်းဆိုတာ ဂုဏ်သိက္ခာနဲ့ နာမည်ကြီးစေဖို့ နည်းလမ်း တစ်ခုလို့ ထင်တယ်”

“ဖန်းနီရှန်က တစ်ကိုယ်တော်သိုင်းကျင့်ကြံသူတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီးတော့ သားတို့ ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ အထက်မှာ တည်ရှိနေရတာလဲ”

“မဟုတ်ဘူး”

ရောင်စဉ်အလင်းနတ်အရှင်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်၏။ “ဖန်းနီရှန် က ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အထက်မှာ ရှိနေတာ မဟုတ်ဘူး။ သူက မင်းရဲ့အထက်မှာ ရှိနေတာ။ မင်းအနေနဲ့ ဒီဂုဏ်ပုဒ်ကို ဖယ်ရှားချင်တယ်ဆိုရင် ကိုယ့်လက်နဲ့ကိုယ် သူ့ကို အနိုင်ယူမှ ဖြစ်လိမ့်မယ်”

“နားလည်ပါပြီ”

ရောင်စဉ်အလင်းနတ်သားတော်က ပြောလိုက်သည်။ “ကျိန်းသေပေါက် ဖန်းနီရှန် ဘယ်နားရှိလဲဆိုတာကို တစ်စုံတစ်ယောက်ကို ရှာဖွေခိုင်းလိုက်ပါ့မယ်။ ရှာတွေ့ပြီဆိုရင် လူကိုယ်တိုင် သွားပြီးတော့ ရောင်စဉ် အလင်းနတ်နယ်မြေရဲ့ ဂုဏ်သိက္ခာ တိုးတက်လာဖို့အတွက် သူမကို သတ်ပစ်မယ်”

“ကောင်းပြီ”

ရောင်စဉ်အလင်းနတ်အရှင်က ပြောလိုက်၏။ “အင်း.. ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ဂုဏ်သိက္ခာ တစ်ခုတည်းအတွက် မဟုတ်ဘူး။ အနာဂတ်မှာ မင်းအနေနဲ့ ပခုံးပေါ်မှာ ထမ်းတင်ရမယ့် ကြီးမားလွန်းတဲ့ တာဝန် ဝတ္တရားတွေ အများကြီး ရှိနေသေးတယ် ဆိုတာ မှတ်ထား”

တချို့သော ကိစ္စရပ်များကို ရောင်စဉ်အလင်းနတ်အရှင်သည် များများစားစား မပြောခဲ့ချေ။ သူ၏သားသည် နည်းနည်းသိလေ၊ သူ့အတွက် ပို၍ကောင်းလေဖြစ်သည်။

တကယ်တမ်းမှာတော့ သူသည် အနည်းငယ် စိုးရိမ် ပူပန်လျက် ရှိနေသည်။ ရောင်စဉ်အလင်းနတ်သားတော်သည် ကလေးဘဝ ကတည်းက ဤနေရာတွင် ကြီးပြင်းလာခဲ့သူဖြစ်၏။ ထို့ကြောင့် ဂိုဏ်းကို ချစ်ခင်နှစ်သက်သည့်စိတ်သည် အလွန်အားကောင်းလွန်းလှ၏။

အကယ်၍ အနာဂတ်တွင် အစစ်အမှန် သူမည်သူ ဖြစ်သည်ကို ပေါ်ပေါက်သွားသည်ဆိုပါက လက်ခံနိုင်ပါ့မည်လား။ အဖေနှင့် သားသည် တစ်ယောက်နှင့် တစ်ယောက် မတူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းသွားခြင်းမျိုး ဖြစ်နေမည်လား။ ထိုအရာကို တွေးတော လိုက်သည်နှင့် သူသည် ခေါင်းကိုက်သလိုပင် ခံစားလိုက်မိသည်။

“ဖန်းနီရှန်က မင်းရဲ့အထက်မှာ ရှိနေတယ်လေ။ ဒီတော့ ကျိန်းသေပေါက် စွမ်းရည်တစ်ခုခု ရှိနေတယ်လို့ ဖော်ညွှန်း နေတာပဲ။ တကယ်လို့ ရင်ဆိုင်တွေ့ပြီဆိုရင် ဂရုစိုက်ဖို့ လိုအပ်တယ်” ရောင်စဉ်အလင်းနတ်အရှင်သည် သေသေချာချာဖြင့် အကြံပြုလိုက်၏။

သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့်ပတ်သက်၍ ရန်ငြိုးများ တည်ရှိနေသည်ဆိုသော်လည်း နန်းဆောင် သခင်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဘယ်သောအခါကမှ သံသယ မဝင်ခဲ့ချေ။ ကောင်းကင်၏ လျှို့ဝှက်ချက်ကို တွက်ချက်နိုင်သည့် တချို့သောသူများသည် လောကကြီးကို ရှုပ်ထွေးစေရန်အတွက် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သတိထားဆောင်ရွက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“အဖေ… အရမ်းကို သတိထားလွန်းနေပြီ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက လှည့်ကွက်လေး တစ်ခုပါပဲ။ ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ရန်သူဖြစ်ပြီးတဲ့နောက်မှ သူတို့က ကျုပ်တို့ ဒုက္ခရောက်စေဖို့အတွက် ဘာမဆို လုပ်လိမ့်မယ်”

ရောင်စဉ်အလင်းနတ်သားတော်သည် အထင်အမြင်သေးသည့် အမူအရာဖြင့် မှတ်ချက်ပေးလိုက်၏။ “ဒါပေမဲ့ ဘာမှ ထူးထူးခြားခြား လုပ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ကို ကျုပ်ရဲ့ရှေ့မှာထားတယ်ဆိုကတည်းက သူ့ရဲ့ ရည်ရွယ်ချက်ကို တစ်စွန်းတစ်စ မြင်နေရပြီလေ”

ကျင့်ကြံခြင်းလောကတွင် တစ်ကိုယ်တော် ကျင့်ကြံသူများအနေဖြင့် နာမည်တစ်ခု တည်ဆောက်နိုင်ရန် ဆိုသည်မှာ အလွန်ပင် ခက်ခဲပြီး စိန်ခေါ်မှု များလွန်းလှ၏။ ပြည့်စုံလှသည့် ကျင့်ကြံခြင်း နည်းစနစ်များ လိုအပ်ခြင်း၊ အကန့် အသတ်မဲ့ အရင်းအမြစ်များ လိုအပ်ခြင်းတို့ကြောင့် ရက်စက်လွန်းလှသည့် လမ်းစဉ်များကိုလည်း လျှောက်လှမ်းခဲ့ ရ၏။

များပြားလှသည့် အရင်းအမြစ်များကို ရရှိဖို့အတွက် ၎င်းတို့သည် တခြားသော လူများနှင့် ရန်သူဖြစ်ခဲ့ရ၏။ စွန့်စား ခဲ့ရ၏။ တိုက်ခိုက်ခဲ့ရ၏။ အောင်မြင်မှုကို ရရှိခဲ့သည်မှာ ခက်ခဲလွန်းလှ၏။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် အနေနှင့် နှစ်တစ်ထောင်အတွင်း သူတော်စင်တစ်ယောက် ဖြစ်လာဖို့ဆိုသည်မှာ အမှန်ပင် ခက်ခဲပြီး မဖြစ်နိုင် သလောက်ပင်။

“တချို့ တစ်ကိုယ်တော် ကျင့်ကြံသူတွေထဲမှာ ကျွမ်းကျင်သူတွေလည်း ပေါ်ပေါက်လာတတ်တယ်လေ”

ရောင်စဉ် အလင်းနတ်အရှင်သည် ရှည်ရှည်ဝေးဝေး ထပ်မံကာ ရှင်းပြလိုက်၏။ သူနားလည်သည့် တချို့အရာများကို သူ၏သား နားလည်လိမ့်မည် မဟုတ်ချေ။ အကန့်အသတ် တည်ရှိနေသည့် အတွေ့အကြုံများကြောင့် ထိုအရာသည် ကျိန်းသေပေါက် သင်ကြားပြသပေးရမည့်အရာဖြစ်သည်။

ဖန်းနီရှန် ဆိုသည်မှာ နင်းလျှောက်တက်လှမ်းသွားရမည့် ကောင်းမွန်သည့် ကျောက်လှေကားတစ်ခုသာဖြစ်၏။ သူ၏ သားအထက်တွင် ရှိနေသည်ဆိုသော်လည်း အားကောင်းလွန်းလှသည့် အရာမျိုး မဟုတ်နိုင်ပေ။ ထို့ကြောင့် သူ၏သားအနေဖြင့် အခွင့်အလမ်းကို ရရှိနိုင်စွမ်းရှိ၏။

သူ၏သားသည်သာ ဖန်းနီရှန်ကို အနိုင်ယူနိုင်သည်ဆိုပါက သူ၏ ဂုဏ်သိက္ခာ တိုးတက်ပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်ကိုလည်း လှောင်ပြောင်သလို ဖြစ်ပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်အနေဖြင့် အဘယ်ကြောင့် မမှန်ကန်သည့် ပါရမီရှင်စာရင်းကို ထုတ်ဖော်ခဲ့ရသနည်းဆိုသော အချက်ကို ကိုင်ဆွဲ၍ အားလုံးက လက်ညိုးဝိုင်းထိုးပေလိမ့်မည်။

“အဖေ… ကျုပ် မလာခင်က သတင်းအချက်အလက်တချို့ ရခဲ့သေးတယ်” ရောင်စဉ်အလင်းနတ်သားတော်က အသာပြောလိုက်သည်။

“ဘာသတင်းလဲ” ရောင်စဉ်အလင်းနတ်အရှင်က မေးလိုက်၏။

“ကျောက်စိမ်းသီလ နတ်သားတော်က ရီချန်ကို စိန်ခေါ်ဖို့အတွက် စိန်ခေါ်စာ ပို့လိုက်တယ်တဲ့”

“အင်း… မင်း ဒါကို သိပြီးသားလား” ရောင်စဉ်အလင်းနတ်အရှင်သည် အသာလှည့်ကာဖြင့် မေးမြန်းလိုက်သည်။

“ဒါ အခွင့်အရေး ဖြစ်နိုင်တယ်”

ရောင်စဉ်အလင်းနတ်သားတော်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြန်ပြောလိုက်၏။ သူသည် ရီချန်တစ်ယောက် အားကောင်းကြောင်းကို သိရှိ၏။ ထို့အပြင် များပြားလွန်းသော စွမ်းအားမြင့် ကျင့်ကြံသူ များ နောက်ခံ တည်ရှိနေသည့် အင်ပါရီယာကလန်တစ်ခု၏ နောက်ခံကို ရရှိထားသည်။ ထို့အပြင် ရောင်စဉ်အလင်း နတ်သားတော်၏ အားအင်အဆင့်သည် လုံးဝ အားမနည်းလှချေ။

နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သည်ဖြစ်သောကြောင့် ကျောက်စိမ်းသီလ နတ်နယ်မြေသည် ရှေးဟောင်းဂိုဏ်း တစ်ခုလိုပင်ဖြစ်၏။ ၎င်းတို့၏ အမွေအနှစ်နှင့် အားအင်အဆင့်သည် ကျိန်းသေပေါက် အထင်သေး၍ရသည့်အရာမျိုး မဟုတ်ချေ။ ထိုကဲ့သို့ အားကောင်းလှသည့် ကျောက်စိမ်းသီလ နတ်သားတော်သည် ကောင်းကင်ပါရမီရှင်များ စာရင်းတွင် မပါဝင်ခဲ့ချေ။ ထို့ကြောင့် တခြားသော နတ်သားတော်များနှင့် သူကိုယ်တိုင်ပင်လျှင် ထိုအရာကို ဇဝေဇဝါ ဖြစ်ခဲ့၏။ အလွန်အားကောင်းလှသည့် နောက်ခံတည်ရှိသော ဂိုဏ်းနှစ်ခု၏ နတ်သားတော်များ တိုက်ခိုက်ခြင်းသည် တကယ်ပင် ကြည့်ကောင်းလှသည့် အရာမျိုး ဖြစ်ပေလိမ့်မည်။

“သူတို့နှစ်ယောက်သာ လက်ရည်ညီတယ်ဆိုရင် ကောင်းကင်ပါရမီရှင်စာရင်းက မယုံကြည်ရဘူးဆိုတာ ဖြစ်သွားမှာပေါ့။ ဒုတိယ သတ်မှတ်ခံထားရတဲ့လူက စာရင်းထဲမှာ မပါတဲ့လူကို သရေကျသွားမယ်ဆိုရင် တခြားသူတွေရဲ့ အားအင်အဆင့်ကို လွယ်လွယ်ကူကူ ခန့်မှန်းလို့ ရပြီပဲ။ ဒါပေမဲ့ ရီချန်သာ အနိုင်ရသွားမယ်ဆိုရင် အားလုံးက ကောင်းကင်ပါရမီရှင်စာရင်းကို သေသေချာချာ ပြန်ပြီး သုံးသပ်ကြလိမ့်မယ်” ရောင်စဉ်အလင်း နတ်သားတော်က ရှင်းပြလိုက်သည်။

“သွားတော့ …. ငါ မင်းနဲ့အတူ လိုက်ပါစေဖို့ အထက်ပိုင်းအကြီးအကဲတစ်ယောက်ကို စေလွှတ်လိုက်မယ်” ရောင်စဉ်အလင်းနတ် အရှင်သည် ပြုံးကာ‌ ပြောလိုက်၏။

“ကျေးဇူးပါပဲ အဖေ” ရောင်စဉ်အလင်းနတ်သားတော်သည် လေးလေးစားစားဖြင့် ပြန်လည် ပြောကြားလိုက်သည်။

All Chapters