အပိုင်း (၈၆)
Vol. 6 Ch. 86
ကျောက်စိမ်းဖြူ စစ်ရထားကြီးသည် ပေအတော်အတန်မြင့်၏။ သေးငယ်လှသည့် တောင်တန်းလေးတစ်ခု ကဲ့သို့ပင် တရွေ့ရွေ့ဖြင့် လေဟာနယ်ထဲသို့ လွင့်မျောကာ ရောက်ရှိလာခဲ့၏။
စစ်ရထားဆီမှ တံခါး လိုက်ကာသည် တဖျတ်ဖျတ်နှင့် လှုပ်ရှားသွားပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေး ဆယ့်နှစ်ယောက်တို့သည် အပြင်ဘက်သို့ ထွက်လာခဲ့၏။ သူတို့သည် လေထုထဲတွင် ဘေးချင်းယှဉ်ကာ ရပ်လျက်ရှိပြီး တစ်ယောက်ချင်းစီ တိုင်းသည် လူများကို ဆွဲဆောင်နိုင်သည့် ဟန်ပန်အမူအရာများ တည်ရှိလို့နေသည်။
“ဟိတ်ကြီးဟန်ကြီးပါလား” တစ်ယောက်သည် ဝင်ကာ ပြောဆိုလိုက်၏။
သို့ပေမဲ့ တော်တော်များများသည် စိတ်လှုပ်ရှားလျက် ရှိနေသည်။ “ကျောက်စိမ်းသီလ နတ်သားတော် ထွက်လာတော့မှာလား”
ပြီးသည့်နောက် ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသည့် အသားအရေနှင့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ထွက်လျှောက်လာခဲ့၏။ သူ၏ ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း ပေဒါဇင်ချီသည့် အကွာအဝေးဆီသို့ ရောက်ရှိသွား၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေထောက်အောက် လေထုထဲတွင် ကြာပန်းတစ်ခုစီ ပေါ်ပေါက်လာခဲ့၏။
ထွက်ပေါ်လာသည့် အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် အားလုံးသောသူများ မျက်မှောင်ကုတ်သွားစေနိုင်၏။ ကျောက်စိမ်းသီလ နတ်သားတော်သည် တကယ့်ကို ခန့်မှန်း၍ မရအောင် အားကောင်းလှသည့်လူတစ်ယောက် ဖြစ်ပုံပေါ်သည်။ ထိုကဲ့သို့သောသူများသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် အဆင့်ကောင်းကောင်း မရှိသည်မှာ အံ့အားသင့်စရာပင်။
“ဒီနေ့ တိုက်ပွဲက တကယ့်ကို ကြမ်းတမ်းမယ့် တိုက်ပွဲပဲ” ပါရမီရှင်တစ်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။
လက်ရှိအခြေအနေမှာတော့ မည်သူမှသည် မလှုပ်ရှားခဲ့ကြချေ။ သို့ပေမဲ့ ကျောက်စိမ်းသီလ နတ်သားတော်ဆီမှ ထွက်ပေါ်လာသည့် အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် နိဗ္ဗာနအဆင့်ထိပ်ဆုံးတွင် ရှိနေကြောင်း သိသာ ရှင်းလင်းလွန်းလှ၏။ ၎င်းသည် ရီချန်နှင့် အမှန်အကန် ယှဉ်ပြိုင်တိုက်ခိုက်တော့မှာဖြစ်၏။ ၎င်းတို့သည် အားကောင်းလှသည့် နောက်ခံများကို ပိုင်ဆိုင်ထားကြ၏။ များပြားလှသည့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ပိုင်ဆိုင်သည် ဖြစ်သောကြောင့် အနိုင်ရရှိသူ အစစ်အမှန် အဖြေထွက်လာဖို့ဆိုသည်မှာ ရက်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။
“ဟမ့်”
ဂုဏ်ယူရလောက်သည့် ဟန်ပန်အမူအရာဖြင့် လူတစ်ယောက်သည် ရဲရဲတင်းတင်းဖြင့် ကြေညာလိုက်သည်။ “ဒီနေ့မှာ ကျောက်စိမ်းသီလ နတ်သားတော်က ကျိန်းသေပေါက် တိုက်ခိုက်တော့မယ်။ ရီချန်က အင်ပါရီယာ ရီကလန်ရဲ့ နောက်ခံ တည်ရှိနေတယ်ဆိုပေမဲ့ သူ့ရဲ့ မူလအားအင်အဆင့်က သာမန်ပါပဲ”
ဤလူသည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်၏။ သူသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်ခြင်း မရှိခဲ့ချေ။ ပြောရမည်ဆိုလျှင် သူသည် အစစ်အမှန် အထင်အမြင်သေးလို့ နေခဲ့၏။
ယနေ့မှာတော့ ကျောက်စိမ်းသီလ နတ်သားတော် ပေါ်ပေါက်လာခဲ့ခြင်းသည် ဤစာရင်းမှာ အစစ်အမှန် မဟုတ်ဘဲ ပေါက်ပန်းလေးဆယ်များ လျှောက်၍ ရေးထားသည်ဖြစ်ကြောင်း သက်သေပြရတော့မည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။
ယခု ကျောက်စိမ်းသီလ နတ်သားတော်သည် ပါရမီရှင်စာရင်းတွင် ရှိနေသည့် ဒုတိယမြောက် ပါရမီရှင်ကို စိန်ခေါ်လျက် ရှိနေ၏။ သူသည် ကျိန်းသေပေါက် ကျောက်စိမ်းသီလ နတ်သားတော်ဘက်မှ ထောက်ပံ့ပေးရ ပေလိမ့်မည်။
“ဟင်း... သူက ကောင်းကင်ပါရမီရှင် စာရင်းထဲတောင် မဝင်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာလဲ”
အနားမှာရှိသည့် တစ်စုံတစ်ယောက်က ဆူငေါက်လိုက်သည်။ ဤလူသည် ရွေ့ယူ ဖြစ်၏။ ၎င်းသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ကိုးဆယ်ခုနှစ်ယောက်မြောက် စာရင်းဝင်၏။
အဆင့်နိမ့်ပါးလှသည်ဆိုသော်လည်း တခြားသော သူများအနေဖြင့် အဆင့်နိမ့်သောကြောင့် မလေးမစား ပြုမူဆောင်ရွက်ကြရမည့် လူများ မဟုတ်ချေ။ အတိတ်တုန်းကဆိုလျှင် သူ့ကို မည်သူမှ ဂရုမစိုက်သည့် အခြေအနေမျိုး ဖြစ်သွားနိုင်သော်လည်း ယနေ့အချိန်မှာတော့ ခြားနားလို့နေသည်။
လူသားကောင်းကင် ပါရမီရှင် စာရင်း ထွက်ပေါ်လာပြီးသည့်နောက် အဆင့်တွင် ပါဝင်နိုင်ခြင်း မရှိသည့်လူများသည် သူတို့နှင့် တူညီသည့် အဆင့်တွင် မရှိဟု စာရင်းထဲတွင်ပါသည့် လူအားလုံးက သုံးသပ်ပြီးဖြစ်၏။
“ကောင်းကင်ပါရမီရှင်စာရင်းက ထွက်လာပြီ။ ကျောက်စိမ်းသီလ နတ်သားတော်က အရှေ့ကနေ ဦးဆောင်ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အခွင့်အာဏာကို စိန်ခေါ်နေပြီ။ ကြည့်ရတာ သာမန်ထက်ပိုတဲ့ စွမ်းအင် ရှိမယ့်ပုံပဲ။ စိန်ခေါ်သူတွေ ကြားထဲမှာ သူက တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ လူတစ်ယောက်လို့ ပြောရမယ်” နတ်နယ်မြေတစ်ခုက စွမ်းအားမြင့် ကျင့်ကြံသူက တီးတိုး ပြောလိုက်သည်။
“ကျောက်စိမ်းသီလနတ်နယ်မြေဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီကတည်းက မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ နယ်မြေတစ်ခုပဲလေ။ သူတို့ရဲ့ နတ်သားတော်ကလည်း အထင်သေးလို့ မရအောင် သေသေချာချာ ကြိုးစား ကျင့်ကြံခဲ့တဲ့လူတစ်ယောက်ပဲ” အနီးအနားတွင် ရှိနေသည့် လူတစ်ယောက်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်က ကျောက်စိမ်းသီလ နတ်သားတော်ကို အထင်အမြင် သေးခဲ့တာပဲ ဖြစ်ရမယ်” တစ်စုံတစ်ယောက်သည် တွန့်ဆုတ်တွန့်ဆုတ်နှင့် ဝင်ကာ ပြောလိုက်သည်။
“အဲလိုတော့ မဟုတ်လောက်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နာမည်ဆိုတာ လူသိများလာပြီလေ။ ပြီးတော့ မကြာခင်က သူတော်စင်ဖြစ်ခဲ့တဲ့ ရမ်ချင်းတုနဲ့ ယန်ရှိုတို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီက လမ်းညွှန်မှုကို ရရှိခဲ့တာတဲ့လေ။ ဒီလိုလူမျိုးက ဘယ်လိုဖြစ်ပြီးတော့ အပေါစားဆန်ဆန် အပေါ်ယံ လုပ်မှာလဲ” တခြားသောလူတစ်ယောက်သည် မတူညီသည့် သူ၏ အမြင်ကို ပြောကြားလိုက်၏။
“အင်း.. ငြင်းမနေကြနဲ့တော့။ ပါရမီရှင် နှစ်ယောက်ရဲ့ တိုက်ပွဲက စတော့မယ်” နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပြောဆိုလိုက်သည်။
ချက်ချင်းဆိုသလိုပဲ လူပေါင်းများစွာတို့သည် တစ်ယောက်နှင့် တစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်ရှုလိုက်ပြီးသည့် နောက် ပြိုင်ပွဲကျင်းပရာ တည်နေရာဆီသို့ အသာလှည့်ကြည့် လိုက်၏။
ကျောက်စိမ်းသီလ နတ်သားတော်သည် အလွန်ကြည့်ကောင်းလှသည့် ဟန်ပန်အမူအရာမျိုးဖြင့် လှမ်းလျှောက် လာခဲ့သည်။ ၎င်းသည် လက်ထဲတွင် ခေါက်ယပ်တောင်ကို အသာခပ်ရင်းနှင့် လှမ်းလျှောက်လာ၏။ နတ်သား တစ်ပါးကဲ့သို့ပင် ကြည့်ကောင်းလှသည်။ ၎င်းသည် ကျောက်စိမ်းဖြူရောင် စင်မြင့်ပေါ်သို့ လှမ်းတက်ပြီး သည့်နောက် ဦးညွတ်ကာ ပြောလိုက်သည်။ “အစ်ကိုရီ .... မတွေ့ရတာ အတော်ကြာခဲ့ပြီ”
“တိုက်ခိုက်ကြမယ်”
ရီချန်သည် မျက်လုံးကို ဖွင့်ကာ ပြောလိုက်၏။ သူ၏ မျက်စိသူငယ်အိမ်ထဲတွင် ရေတွက်လို့ မရအောင် များပြားသည် သင်္ကေတများ ပေါ်ပေါက်လာခဲ့၏။ သူသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ချိန််မှာတော့ ခန္ဓာကိုယ် ထဲရှိ သွေးစွမ်းအင်များသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးဆီမှ စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် တည်နေရာသည် ကြက်သွေးရောင်ပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာ၏။
ရွှမ်း
ရှင်းလင်းသည့်အသံတစ်ခုက ဖြစ်ပေါ်လာခဲ့၏။ သွေးနီရောင်လှံကြီး၏ ထိပ်တွင် မိုးကြိုးလှိုင်းများ ဖြစ်တည် လာခဲ့၏။ ထိုလှံကြီးသည် ရီချန်၏ လက်ထဲသို့ ရောက်ရှိလာပြီးသည့်နောက် တစ်လောကလုံးကို ပိုင်းဖြတ်နိုင်စွမ်း ရှိသည့် လူတစ်ယောက်ကဲ့သို့ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ ရီချန်သည် စကားလုံးများကို အသုံးပြု၍ အချိန်ဖြုန်း ရသည်ကို မနှစ်သက်ချေ။ ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“အမ်”
ကျောက်စိမ်းသီလ နတ်သားတော်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် အနည်းငယ် သဘောမတွေ့ ဖြစ်သွားခဲ့၏။ ကျောက်စိမ်းသီလ နတ်သားတော် တစ်ယောက် အနေဖြင့် စတင်ကာ နှုတ်ဆက်ခဲ့သည် ဆိုသော်လည်း ရီချန်သည် အသိအမှတ်ပြုရမည့်အစား တစ်ခါတည်း တိုက်ခိုက်ရန် ပြောဆိုခဲ့သည်။ ရီချန်သည် သူ့အား အထင်အမြင် ကြီးထားခဲ့သည့်ပုံ မပေါ်ပေ။
“ကောင်းပြီ။ ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့”
ကျောက်စိမ်းသီလ နတ်သားတော်သည် လေဟာနယ်ထဲသို့ သူ၏ ခေါက်ယပ်တောင်ကို အသာညွှန်လိုက်၏။ တလက်လက် တောက်ပလျက် ရှိနေသည့် ဓားတစ်စင်းသည် သူ၏ လက်ထဲသို့ ကျဆင်းလာခဲ့သည်။ ကျောက်စိမ်းကဲ့သို့ ကြည်လင်ရှင်းလှသည့် ဓားသွားနှင့်အတူ အရိုးကွဲ လောက်အောင် အေးစက်လှသည့် အအေးဓာတ်များ ဖြစ်တည်လာခဲ့၏။
ဓားကို ကြည့်ရှုလိုက်သည် ဆိုသည်နှင့် အားလုံး၏ အမူအရာသည် လေးနက်သွားခဲ့၏။ ရှင်းလင်းစွာပင် ကျောက်စိမ်းသီလ နတ်သားတော်သည် ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီး ဖြစ်ပုံပေါ်၏။ ၎င်းယူဆောင်လာသည့် လက်နက် ပင်လျှင် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်တွင် တည်ရှိလို့နေသည်။
ချလွမ်
ကျောက်စိမ်းသီလ နတ်သားတော်သည် ဓားကို ကိုင်ဆောင်ပြီးသည့်နောက် ဓား၌ နတ်ဘုရားအလင်းတန်းများ တောက်ပလာခဲ့၏။ လေဟာနယ်ထဲသို့ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် များပြားလှသည့် ဓားအလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ရီချန်ကို ရစ်သိုင်းသွားခဲ့၏။ သူသည် စတင်ကာ တိုက်ခိုက်ခဲ့၏။ ဓားအလင်းတန်းများသည် သက်တန့်ရောင်စဉ်ကဲ့သို့ပင် တဝုန်းဝုန်းနှင့် ကျဆင်းလာ၏။
ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုကဲ့သို့သော ဓားတိုက်ခိုက်မှုမျိုးကို လွယ်လွယ်ကူကူ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။ တော်တော်အားစိုက်ကာ ကြိုးစားမှ ဖြစ်ပေလိမ့်မည်။ ကျောက်စိမ်းသီလ နတ်သားတော်၏ အားအင်အဆင့်သည် သူတို့ ထင်မှတ်ထားသည်ထက် ပိုမိုအားကောင်းလွန်း နေသည်။
“ဒါပဲလား”
ရီချန်က ပြောလိုက်၏။ သူသည် တောင်များ၊ ချောင်းများပင် တုန်ခါလောက်သည်အထိ ကျယ်လောင်စွာ မာန်သွင်းလိုက်၏။ ကျောက်စိမ်းစင်မြင့်ပေါ်တွင် တည်ရှိနေသည့် အစီအရင်ကြောင့်သာ မဟုတ်ပါက အားလုံးသော သူများ၏ နားစည်များသည် တုန်ခါသွားမှာ သေချာ၏။
ဝုန်း
မြေပြင်တစ်ခုလုံး လှုပ်ခါသွား၏။ ရီချန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ လှံသွားသည်လည်း ရှေ့ဆီသို့ ရောက်ရှိသွားခဲ့တော့သည်။ တစ်ချက်ထိုးလိုက်သည်နှင့်တပြိုင်နက် လောကကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွား သလိုပင်။ လှံ၏ အရိပ်အယောင်များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။ အနီရောင် ရောင်စဉ်တန်း များသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံနေသည်။
အစီအရင်မှတဆင့် ဖြတ်ကာ ကြည့်ရှုနေရသည်ဆိုသော်လည်း အားလုံးသော သူများသည် အသက်မရှုနိုင်သကဲ့ သိုပင် ဖြစ်နေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ လူငယ်မျိုးဆက် တစ်ယောက်အနေနှင့် ဤကဲ့သို့သော အားအင်အဆင့်ကို ထုတ်ဖော်ပြသနိုင်သည်ဆိုသည်မှာ အံ့ချီးဖွယ်ရာပင်။
ဘုန်း
ဓားနှင့်လှံ၏ အလင်းတန်းများ ထိပ်တိုက်တွေ့ပြီးသည့်နောက် အရာအားလုံးသည် ပေါက်ကွဲထွက်သွား၏။ ကျန်းချီများသည် တည်နေရာအနှံ့ဆီသို့ လွင့်စင်သွားခဲ့ပြီး အားလုံးသော သူများသည် အထဲတွင် ရှိနေသည့် မြင်ကွင်းများကို ထင်ထင်ရှားရှား မြင်နိုင်စွမ်း မရှိကြချေ။
ဘန်း
နောက်ထပ် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ အားလုံးသော သူတို့သည် နှလုံးခုန်သံများ မြန်ဆန်သွားခဲ့ကြ၏။ တိုက်ခိုက်ရေး တည်နေရာတွင် သွေးအလင်းတန်းတစ်ခု ဖြစ်တည်လာ၏။
မည်သူ၏သွေး ဖြစ်သနည်း။ ရီချန် သို့မဟုတ် ကျောက်စိမ်းသီလ နတ်သားတော်၏ သွေးသာ ဖြစ်ပေလိမ့်မည်။ အနိုင်ရရှိသူသည် ဤမျှ မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာခဲ့သည်လား။
ဝုန်း
ပုံရိပ်တစ်ခုသည် လွင့်စင်သွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်သည် သွေးများဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး လက်ထဲတွင်လည်း သွေးရောင်ဓားတစ်စင်းကို ကိုင်ဆောင်ထား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေတွက်လို့ မရအောင် များပြားသော ဒဏ်ရာဒဏ်ချက်များ ရှိနေလေ၏။
“ဒါ... ဒါ ကျောက်စိမ်းသီလ နတ်သားတော်ပဲ” တစ်စုံတစ်ယောက်က ထအော်လိုက်သည်။