အပိုင်း (၈၈)
Vol. 6 Ch. 88
“ကျောက်စိမ်းသီလနတ်သားတော် ရှုံးနိမ့်သွားတာလား”
ကျောက်စင်မြင့်၏ ဆယ်မိုင်အဝေး အကွာအဝေးတောင်ကုန်းတစ်ခုပေါ်မှာ လူငယ်နှစ်ယောက်သည် ဘေးချင်း ကပ်ကာ မတ်တပ်ရပ်လျက်ရှိ၏။ ၎င်းတို့ဆီမှ အားကောင်းလှသော အော်ရာများ ထွက်ပေါ်လျက်ရှိ၏။ လှုပ်ရှားချက် တစ်ခုချင်းစီတိုင်းသည် ပတ်ဝန်းကျင်တည်နေရာကြီးကိုပင် တုန်ခါစေ၏။
“အင်း”
ညာဘက်ခြမ်းတွင်ရှိနေသည့် လူငယ်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ခဏလောက် ကြာပြီးသည့်နောက် ထိုလူငယ်က ပြန်လည်ပြောဆိုလိုက်သည်။ “ကောင်းကင်ပါရမီရှင်စာရင်း ထွက်လာတာက သံသယဝင်စရာကောင်းတယ်။ အစ်ကိုလင်း.. ခင်ဗျားက အားအင်အဆင့်က ဒီစာရင်းရဲ့ တတိယမှာရှိတယ်လေ။ ရီချန်နဲ့ တိုက်ခိုက်နိုင်မယ်ထင်လား”
“၅၀-၅၀ ပဲ”
လင်းကျန်ဟုအမည်ရသော အစ်ကိုလင်းဟုခေါ်သူသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် တတိယအဆင့် တည်ရှိနေသည့် လူတစ်ယောက်ဖြစ်ပြီး အင်ပါရီယာကလန်တစ်ခုဆီမှလည်း ဖြစ်၏။
သူ့အနေနှင့် ဝန်မခံချင်သည်ဆိုသော်လည်း ဤအရာကို ဝန်ခံရပေလိမ့်မည်။ ထို့ပြင် ကွာခြားချက် ဆိုသည်မှာ သေးသေးလေးဖြစ်သည်ဆိုသော်လည်း မှန်းဆ၍တော့မရနိုင်ချေ။
“ကျောက်စိမ်းသီလ နတ်သားတော်က ရီချန်ကို အနိုင်ယူတိုက်ခိုက်နိုင်လိမ့်မယ်လို့တော့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ လုံးဝကို မဖြစ်နိုင်ဘူးပဲ” လင်းကျန် သည် အသာပြောလိုက်၏။
စောဏတုန်းက သူသည် ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယမြောက်ဆိုသည့် ဂုဏ်ပုဒ်အား သံသယဝင်ခဲ့မိ၏။ လက်ရှိ အခြေအနေမှာတော့ ခြားနားသွားခဲ့ပြီဖြစ်သည်။
ကောင်းကင်ပါရမီရှင်စာရင်းသည် တကယ့် ပါရမီရှင်အစစ်များကို ထုတ်ဖော်ပြသထားခြင်းသာ ဖြစ်ပေလိမ့်မည်။ တည်နေရာ တစ်ခုချင်းစီတိုင်းသည် တစ်စုံတစ်ယောက်၏ အားအင်ကိုကိုယ်စားပြု၏။ အနာဂတ်တွင် ထိုစာရင်းထဲကို ဝင်အောင်ပြုလုပ်နိုင်သည့်သူများသည် ၎င်းတို့၏မိသားစုကလန်များ အားလုံးအတွက် ကြီးမားသည့်ဂုဏ်သိက္ခာကို ယူဆောင်ပေးသည့်သူများဖြစ်မည်ဖြစ်ကြောင်းကို သံသယဝင်စရာမလိုချေ။
“ဒီ ကျောက်စိမ်းသီလ နတ်သားတော်က အားနည်းလွန်းတယ်။ သူနဲ့ ရီချန်ကြားမှာ ကွာခြားချက်က ကြီးမားလွန်းတာပဲ။ ဘယ်လိုဖြစ်ပြီး သူကနတ်နယ်မြေရဲ့ နတ်သားတော်တစ်ယောက် ဖြစ်နေမှန်းတောင် မသိဘူး”
ညာဘက်ခြမ်းတွင် ရှိနေသည့် လူသည် မနှစ်မြို့စွာဖြင့် ပြောလိုက်၏။ “သူ့ရဲ့ အားအင်အဆင့်နဲ့ဆိုရင် ထိပ်ဆုံးတစ်ရာ စာရင်းကို မဝင်ရင်တောင်မှ ထိပ်ဆုံးနှစ်ရာစာရင်းကို ဝင်ဖို့အတွက် ပြဿနာ မရှိလောက်ဘူးမလား”
“ဟမ့်”
လင်းကျန်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မင်းက အရမ်းကို ရိုးရိုးရှင်းရှင်း တွေးတောနေတာပဲ။ ကျောက်စိမ်းသီလ နတ်သားတော်က ကောင်းကင်ပါရမီရှင် စာရင်းမှာ ပါဝင်မယ်ဆိုရင်တောင်မှ ဘာထူးမှာမို့လို့လဲ။ သူက ရီချန်နှင့် အရမ်းကိုကွာဝေးတဲ့ တည်နေရာကို ရောက်ရှိသွားပြီ။ ပြီးတော့ မမေ့နဲ့အုံး။ ဒါက လူသားမျိုးနွယ်တွေရဲ့ ကောင်းကင်ပါရမီရှင် စာရင်းပဲ”
“ဪ”
ညာဘက်ခြမ်းတွင် ရှိနေသည့်လူ၏ မျက်နှာပေါ်တွင် နဝေတိမ်တောင် အမူအယာများ ဖြစ်တည်လာခဲ့၏။ သူသည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ “အစ်ကိုလင်း.. ဘာကိုပြောချင်တာလဲ”
“ဒီလောကကြီးထဲမှာ လူသားပါရမီရှင်တွေပဲရှိတာမဟုတ်ဘူးလေ။ မင်းတွေ့တယ်မလား။ ရွှေရောင်တောင်ပံ တော်ဝင်ဖန်းမျိုးနွယ်ရောက်နေကြတယ်။ တကယ်လို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကသာ မွန်းစတား ကလန်တွေရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်ဖော်လိုက်မယ်ဆိုရင် သူ့ရဲ့ အားအင်အဆင့်ကလည်း ကျိန်းသေပေါက် မြင့်မားနေလိမ့်မယ်ဆိုတာ သံသယဝင်စရာ မလိုဘူး”
လင်းကျန်သည် ခဏလောက် စဉ်းစားကာဖြင့် ထပ်ပြောလိုက်၏။ “တကယ်လို့ ကောင်းကင်ပါရမီရှင် စာရင်းထဲမှာ မျိုးနွယ်တွေ အကုန်လုံးကို စုပေါင်း ထုတ်လွှင့်လိုက်မယ်ဆိုရင် မင်းနဲ့ငါက ထားလိုက်တော့။ ရီချန်တောင်မှ ထိပ်ဆုံးဆယ်ယောက်စာရင်းကို ဝင်မှာမဟုတ်ဘူး”
“ဒီတော့ အစ်ကိုလင်းက ကိုယ့်ကိုယ်ကိုယ် မျိုးနွယ်အားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်း ထိပ်ဆုံး ဆယ်ယောက်ထဲမှာ မပါဝင်နိုင်ဘူးလို့ ဝန်ခံနေတာလား” ညာဘက်ခြမ်းတွင်ရှိသော လူသည် သက်ပြင်းချလိုက်မိသည်။
“အင်း... လူသားမျိုးနွယ်တွေရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ နံပါတ်တစ် ချိတ်တဲ့လူတစ်ယောက်ကပဲ ဒီလိုမျိုး ပါဝင်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ရှိလိမ့်မယ်” လင်းကျန်သည် တီးတိုးရေရွတ်လိုက်မိ၏။
“ဒါဆိုရင် ငါးဆယ့်ခြောက်နေရာမှာရှိတဲ့ ကျုပ်ကရော”
ညာဘက်ခြမ်းတွင်ရှိနေသည့်လူ၏ နှလုံးသားထဲတွင် ရှိနေသည့် ပျော်ရွှင်မှုများသည် ချက်ခြင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့သည်။
အဆုံး၌ ဤလောကတွင် များပြားလွန်းလှသော မျိုးနွယ်များတည်ရှိနေခဲ့၏။ တကယ်ပင် မျိုးနွယ်များမှာ များပြားလွန်းလှချေ၏။ မျိုးနွယ်များ၏ တကယ်တမ်း တည်ရှိနေသည့် အရေအတွက်သည် များပြားလွန်းလှသည်။ အသင်္ချေ မျိုးနွယ်များဟု ပြောဆိုကြသည် ဆိုသော်လည်း အသင်္ချေထက်ပင် ပိုကာ များပေလိမ့်မည်။
“အင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ကပဲ ငါတို့ကို နည်းနည်းကူညီနိုင်လိမ့်မယ်ထင်တယ်”
“ဘယ်လိုဆိုလိုတာလဲ အစ်ကိုလင်း”
ညာဘက်ခြမ်းတွင်ရှိနေသည့် လူသည် ဇဝေဇဝါဖြစ်သွားမိ၏။ အစ်ကိုလင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်ကို ပြဿနာရှာချင်နေပြီလား။ အဲလို မဟုတ်နိုင်ပေ။ ပြဿနာရှာသည် ဆိုပါက ကိုယ့်မျက်နှာကိုယ် ပိတ်ရိုက်သည်နှင့် ဆင်တူနေသည် မဟုတ်ပါလား။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်လွှင့်ရုံတင် မကဘူး။ သတင်း အချက်အလက်တွေလည်း ရောင်းတယ်ဆိုတာကို မင်းမေ့သွားပြီလား။ အခွင့်အရေးတွေကို ငါတို့ ဝယ်ယူနိုင်မယ်ဆိုရင်” လင်းကျန်သည် ခဏလောက်ရပ်တန့်လိုက်၏။
ဘေးတစ်ဖက်တွင်ရှိနေသည့်လူသည် ချက်ခြင်းပဲ နားလည်သွားခဲ့သည်။
..........
အခြားတစ်ဖက်ရှိ ရောင်စဉ်အလင်းနတ်သားတော်နှင့် တိုင်ချူးနတ်သားတော်တို့သည် ကောင်းကင်ယံ တွင် ရပ်တန့်လျက်ရှိနေပြီး အောက်တွင် ရှိနေသည့်ပွဲကို ကြည့်ရှုနေ၏။ ၎င်းတို့သည် တပြိုင်နက်တည်း သက်ပြင်းချလိုက်၏။ ဇဝေဇဝါ ခံစားမှုမျိုးကိုလည်း ရရှိလာနေကြ၏။
ရီချန်သည် ကောင်းကင်ပါရမီရှင်စာရင်း၏ ဒုတိယမြောက် တည်နေရာနှင့် တကယ်ပင် ထိုက်တန်လွန်းသည့် လူတစ်ယောက်ဖြစ်ပြီး ၎င်းတို့နှစ်ယောက်ထက် အားကောင်းလွန်းလှချေ၏။ စောဏတုန်းက တိုက်ခိုက် သွားခဲ့သည့်အရှိန်ကို ကြည့်ရှုရမည်ဆိုလျှင် သူတို့နှစ်ယောက်သည်သာ ဝင်ရောက်တိုက်ခိုက်သည်ဆိုပါက ကျောက်စိမ်းသီလ နတ်သားတော်ကဲ့သို့ပင် ရှုံးနိမ့်သွားမှာဖြစ်၏။ သို့ပေမဲ့ တစ်ကွက်တည်းနှင့်တော့ ရှုံးနိမ့်လိမ့်မည်မဟုတ်ချေ။
“ရီချန်က ဒုတိယအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ကြောက်ဖို့ကောင်းနေပြီလေ။ ပထမအဆင့်မှာ ရှိတဲ့လူဆိုရင် ဘယ်လိုလုပ်မလဲ။” တိုင်ချူး နတ်သားတော်သည် တီးတိုးရေရွတ်လိုက်သည်။
“တော်ဝင်အင်ပါယာဖြစ်လာမဲ့လူ” ရောင်စဉ်အလင်းနတ်သားတော်သည် ခဏလောက် တွေးတော ပြီးသည့်နောက် ထိုစကားစုရေရွတ်လိုက်၏။ သူ၏အမြင်အရဆိုလျှင် ရီချန်သည် အင်ပါယာဖြစ်လာမည့် လူတစ်ယောက်ဖြစ်၏။ ထိုသူ၏အထက်တွင် ရှိနေသည့်လူသည် ကျိန်းသေပေါက် ခန့်မှန်း၍မရနိုင်အောင် အားကောင်းလှသည့် အနာဂတ်ကို ပိုင်ဆိုင်မှာ သေချာလေ၏။
“ဖြစ်နိုင်တာ”
တိုင်ချူးနတ်သားတော်သည် အတည်လည်း မပြုသလို ငြင်းလည်း မငြင်းပယ်ခဲ့ချေ။ သူသည် လေဟာနယ်ထဲကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် များပြားလွန်းလှသည့် ပုံရိပ်များကို မြင်ခဲ့ရ၏။ သူသည် အသာပြုံးလိုက်၏။ “ဒါပေမဲ့ ကောင်းကင်ပါရမီရှင်စာရင်းက အရမ်းကြီး တိကျတာတော့ မဟုတ်ဘူး”
“ဟမ့်”
ရောင်စဉ်အလင်းနတ်သားတော်သည် လှောင်ပြောင်သလိုပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်တော့၏။ “မင်းက မင်းအထက်မှာရှိနေတဲ့ လူကို စိန်ခေါ်ချင်သေးတာလား၊ တစ်ကယ်လို့ ငါမှတ်သားတာ မှန်မယ်ဆိုရင် မင်းက နှစ်ဆယ့်လေးယောက်မြောက်မှာရှိတယ်။ မင်းရဲ့အထက်မှာရှိနေတဲ့လူက ကောင်းကင်ဆန်းကြယ် နတ်မိမယ် မဟုတ်လား”
ပြောပြီးသည့်နောက် ရောင်စဉ်အလင်းနတ်သားတော်၏ အကြည့်သည် လူအုပ်ထဲဆီသို့ ရောက်ရှိသွားခဲ့၏။ ကောင်းကင်ဆန်းကြယ်နတ်မိမယ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူအုပ်ထဲတွင် တည်ရှိနေ၏။ သူသည် အသာရယ်မောကာ ပြောလိုက်သည်။
“ကောင်းကင်ဆန်းကြယ်နတ်မိမယ်က အခုရှိနေတယ်။ ဒီအခွင့်အရေးကို လွဲချော်သွားလို့ရှိရင် မင်းအနေနဲ့ ထပ်ပြီး စိန်ခေါ်လို့ရမှာမဟုတ်တော့ဘူး”
“မဖြစ်နိုင်ဘူး” တိုင်ချူးနတ်သားတော်သည် အဓိပ္ပါယ်ပါပါနှင့် ပြုံးလိုက်၏။
သူပြောနေတုန်းမှာပဲ ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ တပည့်တစ်ယောက်သည် မြန်မြန်ဆန်ဆန်နှင့် ပျံသန်းလာခဲ့၏။ ၎င်း၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထား၏။ အသာ ကမ်းပေးပြီးသည့်နောက် အသံပို့လွှတ်လိုက်တော့၏။ “နတ်သားတော် ဒီမှာ ဖန်းနီရှန်နှင့်ပတ်သက်ပြီး သတင်းရထားပြီ”
“ဟမ်”
ရောင်စဉ်အလင်းနတ်သားတော်၏ နှလုံးသားများသည် လှုပ်ရှားသွားခဲ့၏။ သူသည် နတ်ဘုရား အသိစိတ်ကို ဖြန့်ကျက်ကာဖြင့် ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ ကြည့်ရှုလိုက်၏။ ကျောက်စိမ်းပြား အတွင်းမှာတော့ ပုံရိပ်တစ်ခုကိုမြင်လိုက်ရ၏။ ၎င်းသည် ဖန်းနီရှန်၏ ပုံပန်းသွင်ပြင်ပင် ဖြစ်သည်။
သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ရောင်စဉ်အလင်းနတ်သားတော်သည် သူ၏နတ်ဘုရားအာရုံများကို ပြန်လည်ရုပ်သိမ်းပြီးသည့်နောက် အဆင့်မြင့်ရတနာအား လှမ်းကာပစ်ပေးပြီး ပြောလိုက်၏။ “ကောင်းကောင်းလုပ်ခဲ့တယ်”
“ကျေးဇူးပါပဲ နတ်သားတော်”
တပည့်သည် စိတ်ဝိညာဉ်ရတနာတစ်ခုကို လှမ်းယူကာဖြင့် ကျေးဇူးတင်စကား ဆို၏။ ပြီးနောက် သဘောတကျဖြင့် ပြုံးကာထွက်ခွာသွားခဲ့သည်။