အခန်း(၄၂၁)
Vol. 29 Ch. 421
"သက်ရှည်ဂျင်ဆင်းပင် အတွက် အမှတ်နှစ်သောင်း အပြင်အပိုဆု အမှတ်နှစ်သောင်းတောင် ထပ်ရခဲ့တယ်လား"
ချင်ကျူပေးသော ဆုကို ကြားသည့်အခါ ကျန်းချန်ကို ကြည့်နေသော ခန်းမအတွင်းရှိ ထိုက်ရှဂိုဏ်းမှ တပည့်အားလုံး၏ မျက်လုံးများတွင် အားကျသောအရိပ်အယောင်များ ပြည့်နှက်နေသည်။
ဂုဏ်ကျက်သရေ အမှတ် လေးသောင်း။
ယင်းက အပြင်စည်းတပည့် အများစု တစ်နှစ်ပတ်လုံး ရှာဖွေလျှင်ပင် ရရန်မလွယ်သော အမှတ်ပမာဏ ဖြစ်သည်။
သို့သော် ဤကောင်လေးကမူ ကံအရမ်းကောင်းလွန်းလှ၏။
ဆေးတောင်သို့ ဆေးပင်ခူးရန် တစ်ခေါက်သွားရုံဖြင့် အလွယ်တကူပင် ရရှိခဲ့သည်။
အပိုဆောင်း အမှတ်၂၀၀၀၀မှာ သတ္တမအဆင့် သက်ရှည်ဆေးပင်ကို ရရှိခဲ့သည့် မှတ်တမ်းအသစ်ကို တည်ဆောက်ပေးလိုက်ခြင်းကြောင့်ဟု ချင်ကျူက ပြောခဲ့သည်။
မှတ်တမ်းအသစ် တည်ဆောက်မှုသည် ထိုက်ရှဂိုဏ်း၏ သမိုင်းတွင် ကျန်ရစ်နေမည့်အရာ ဖြစ်သည်။
"အကြီးအကဲ ချင်ကို ကျေးဇူးတင်ပါတယ်"
ကျန်းချန်က အနည်းငယ် အံ့ဩသွားပြီး မျက်လုံးများတွင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လာသည်။
သတ္တမအဆင့် သက်ရှည် ဂျင်ဆင်းပင် အတွက် အမှတ် အများအပြား ရရှိမည်ကို သူသိသော်လည်း အမှတ် လေးသောင်းလောက်ထိ ရရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဤမျှ များပြားလှသော ဆုလဒ်သည် သူမျှော်လင့်ထားသည်ထက် အလွန်အမင်း ကျော်လွန်သွားသဖြင့် သူ ဘာမှ ကန့်ကွက်စရာ မရှိတော့ပေ။
"ရပါတယ်.. ဒါက မင်းရရှိသင့်တဲ့ အရာပါ"
ချင်ကျူက ပြုံးပြီး ခရမ်းရောင် တံဆိပ်ပြားကို ထုတ်ကာ ကျန်းချန်ကို ဂုဏ်ပြုအမှတ် လေးသောင်း လွှဲပေးလိုက်သည်။
ယခု အမှတ်လေးသောင်းနှင့် ယခင် ရရှိထားသော အမှတ် တစ်သောင်းကျော် ပေါင်းလိုက်သောအခါ ကျန်းချန်သည် အမှတ် ငါးသောင်းကျော်ကို ရရှိသွားခဲ့သည်။
ဤအမှတ်များဖြင့် သူသည် ထိုက်ရှဂိုဏ်းတွင် အရင်းအမြစ် အများအပြား ရရှိနိုင်မည် ဖြစ်သည်။
သူရရှိထားသော အမှတ်များသည် လုံလောက်သည်ထက်ပင် ပိုနေသည်။
ချင်ကျူသည် ကျန်းချန်ကို အမှတ်လေးသောင်း ပေးအပ်ပြီးနောက် သက်ရှည် ဂျင်ဆင်းပင်ကို လက်ခံလိုက်သည်။
သူက ပြုံးပြီး ကျန်းချန်ကို ကြည့်လိုက်သည်။
"ကောင်လေး... မင်းနာမည်က ကျန်းချန် မဟုတ်လား.. မင်းက သတ္တမအဆင့် သက်ရှည်ဆေးပင်ကိုတောင် စုဆောင်းနိုင်တယ်ဆိုတော့ အဂ္ဂိရတ်လမ်းစဥ်မှာ ပါရမီ ရှိတာ သေချာတယ်.. ငါ့တပည့် ဖြစ်ဖို့ စိတ်ဝင်စားလား"
ချင်ကျူက ထိုသို့ ပြောလိုက်သောအခါ ပတ်ဝန်းကျင်မှ တပည့်အားလုံးသည် အံ့သြ တုန်လှုပ်ကုန်ကြသည်။
"ငါ... ငါ နားကြားမှားတာလား"
"ခန်းမအကြီးအကဲ ချင်က ကျန်းချန်ကို သဘောကျပြီး တပည့်အဖြစ် ခေါ်ယူချင်နေတယ်ဟ"
"ကျန်းချန်ကတော့ ကောင်းကင်ကို ခြေတစ်လှမ်းတည်းနဲ့ တက်လှမ်းနိုင်တော့မှာပဲ"
"............"
ချင်ကျူ။
ဤသူက ထိုက်ရှဂိုဏ်း ဆေးခန်းမ၏ လက်ထောက် ခန်းမအကြီးအကဲ ဖြစ်ပြီး သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်။
ဤထိုက်ရှဂိုဏ်းတွင် ချင်ကျူ၏ အဆင့်အတန်းသည် စွမ်းအင်သိပ်သည်းခြင်း အဆင့် ဂိုဏ်းအကြီးအကဲများထက်ပင် မြင့်မားသည်။
ထိုက်ရှဂိုဏ်း၏ သိုင်းသခင် နယ်ပယ်မှ ကျင့်ကြံသူ ငါးယောက်ပင် ချင်ကျူကို မျက်နှာသာ အနည်းငယ် ပေးရ၏။
ကျန်းချန်သာ တကယ်ပဲ ချင်ကျူ၏ တပည့် ဖြစ်သွားလျှင် သူ၏ အဆင့်အတန်းသည် တိုက်ရိုက် တပည့်များနှင့် တန်းတူနီးပါး ဖြစ်သွားပေလိမ့်မည်။
သို့သော် လူတိုင်းက ကျန်းချန်၏ ကံတရားကို အားကျနေစဉ်မှာပင် ကျန်းချန်သည် ချင်ကျူကို လိမ္မာပါးနပ်စွာ ငြင်းဆန်လိုက်သည်။
"အကြီးအကဲကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်က အဂ္ဂိရတ်လမ်းစဥ်ကို သီးသန့်လျှောက်လှမ်းဖို့ မရည်ရွယ်ထားပါဘူး.. အကြီးအကဲရဲ့ ကြင်နာမှုကို စိတ်ပျက်စေမိမှာ စိုးရွံ့မိပါတယ်"
"ဘာ... ဘယ်လို"
ကျန်းချန်၏ စကားကို ကြားလျှင် ခန်းမအတွင်းမှ လူတိုင်းသည် မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကုန်ကြသည်။
ချင်ကျူ၏ တပည့် ဖြစ်ခွင့် ရရှိရန်မှာ အပြင်စည်း တပည့်များအတွက် အိပ်မက်တစ်ခုပမာ ဖြစ်သည်။
သို့သော် ဤကောင်လေးသည် ငြင်းဆန်လိုက်၏။
ဤကောင်လေး၏ ခေါင်းသည် မြည်းအကန်ခံထားရပါသလော။
"မင်းဆန္ဒမရှိရင် ငါအတင်းအကျပ် မတောင်းဆိုတော့ပါဘူး"
"နောင်အခါ မင်းသတ္တမအဆင့် သက်ရှည်ဆေး ရရှိရင် ဒါမှမဟုတ် စိတ်ပြောင်းသွားရင် ငါ့ကို လာရှာဖို့ ဆေးခန်းမဆီ တိုက်ရိုက် လာခဲ့နိုင်ပါတယ်"
ချင်ကျူက ပြုံး၍ ပြောလိုက်ပြီး မစ်ရှင်ခန်းမကနေ လှည့်ထွက်သွားခဲ့သည်။
ချင်ကျူ မစ်ရှင်ခန်းမမှ ပျောက်ကွယ်သွားသည်ကို မြင်လျှင် လူတိုင်းသည် မနာလိုစိတ်ဖြင့် ရူးမတတ် ဖြစ်ကုန်ကြသည်။
ချင်ကျူ၏ စကား အသွားအလာ အရ ကျန်းချန် အလိုရှိသမျှ ချင်ကျူ၏ တပည့် အချိန်မရွေး ဖြစ်နိုင်သည့် သဘော သက်ရောက်နေသည် မဟုတ်ပါလား။
ထိုက်ရှဂိုဏ်းသို့ ရောက်တာမှ မကြာသေးသော ကျောင်းသားတစ်ယောက် အနေဖြင့် ယခုကဲ့သို့ ထူးခြားသော အရေးပေးမှုကို ခံစားရသည်မှာ ထိုက်ရှဂိုဏ်းတွင် ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
အခန်း(၄၂၁) ပြီး၏