အခန်း(၄၂၂)
Vol. 29 Ch. 422
ခန်းမအတွင်းရှိ လူတိုင်း၏ အံ့သြ တုန်လှုပ်မှုကို ကျန်းချန်က လျစ်လျူရှုခဲ့သည်။
သူက ဖူမိသားစု ညီအစ်ကို နှစ်ယောက်၏ ရှေ့သို့ လျှောက်သွားပြီး လောင်းကြေးနိုင်သော အမှတ် နှစ်ထောင်ကို တောင်းဆိုခဲ့ကာ အံ့အားသင့်သော အကြည့်များ အောက်မှာပင် ထွက်ခွာလာခဲ့သည်။
ဤသို့ဖြင့် သူက အဆင့်မြင့် ခြံဝင်း ဆီသို့ ပြန်လည်ရောက်ရှိလာသည်။
နောက်တစ်နေ့တွင် ကျန်းချန်သည် ခြံဝင်းအတွင်း၌သာ နေထိုင်ပြီး မည်သည့်နေရာကိုမျှ မသွားခဲ့ပေ။
သူက ဆေးပင်ခူး အလုပ်ကို လက်ခံရန် မစ်ရှင် ခန်းမကို မသွားသကဲ့သို့ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို ကျင့်ကြံရန် ကျုံးယွဲ့ဂူသို့လည်း မသွားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မနက်ဖြန်သည် ထိုက်ရှဂိုဏ်း၏ တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲ ဖြစ်သောကြောင့်ပင်။
လွန်ခဲ့သည့် နှစ်ရက်က ကျန်းချန်သည် အပြင်စည်း ကျောင်းသားထဲတွင် နံပါတ်၁၀တွင် ရှိသည့် ကျောင်းနန်ကို စိန်ခေါ်မည်ဟု ကြုံးဝါးခဲ့သည်။
ထို့ကြောင့် ဤတပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲတွင် သူသည် သဘာဝကျကျ ပျက်ကွက်၍ မရပေ။
ရက်များက အလျင်အမြန်ပင် ကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် ကွင်းပြင်ဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။
ထိုက်ရှဂိုဏ်း၏ တပည့်အသစ် အရည်အချင်းစစ် ပြိုင်ပွဲသည် တပည့်အသစ်များ၏ ပထမဆုံး တိုက်ပွဲ ဖြစ်သည်။
ဤတိုက်ပွဲသည် တပည့်အသစ် အားလုံးအတွက် အလွန် အရေးကြီးသော တိုက်ပွဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တပည့်အသစ်များကို အဆင့်သတ်မှတ်ပြီးနောက် သူတို့သည် တပည့်အဟောင်းများကဲ့သို့ လစဉ် ဂုဏ်ကျက်သရေ အမှတ် အချို့ကို ရရှိနိုင်သောကြောင့်ပင်။
အဆင့်သတ်မှတ်မှုက ပိုမိုမြင့်မားလေ ဂုဏ်ကျက်သရေ အမှတ်များကို သဘာဝကျကျ ပိုမိုရရှိလေပင် ဖြစ်သည်။
ထို့အပြင် တပည့်အသစ်သည် အဆင့်သတ်မှတ်မှု ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိနိုင်လျှင် ထိုက်ရှဂိုဏ်းမှ အပို ဆုလာဘ် တစ်ခုကိုလည်း ရရှိနိုင်သည်။
ဟုတ်ပါသည်။ ဆုလာဘ်များထက် အရေးကြီးတာ ရှိသည်။
ယင်းမှာ တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင် ဂိုဏ်းအကြီးအကဲ၏ နှစ်သက်မှုကို ရရှိနိုင်ခြင်း ဖြစ်၏။
ထိုက်ရှဂိုဏ်း၏ တပည့်အသစ်များ အတွက် ယခင် အဆင့်သတ်မှတ် ပြိုင်ပွဲများတွင် ဂိုဏ်း၏ သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ နှစ်သက်မှုကို ခံရပြီး တိုက်ရိုက်တပည့် ဖြစ်လာခဲ့သော လူများပင် ရှိခဲ့ဖူးသည်။
ထို့ကြောင့် တပည့်အသစ် အားလုံးနီးပါးသည် ဤအရည်အချင်းစစ် ပြိုင်ပွဲကို အလွန်ပင် အလေးထားပြီး အောင်မြင်မှုတစ်ခု ဖန်တီးလိုကြ၏ါ
မကြာမီတွင် ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏ အပြင်စည်းရှိကွင်းပြင်ကျယ်သို့ ရောက်ရှိလာခဲ့သည်။
လူထောင်ပေါင်းများစွာ ဆံ့သော ကွင်းသည် ဤအချိန်တွင် လူပြည့်နေပြီ ဖြစ်၏။
အပြင်စည်းတပည့်၏ ၉၀% နီးပါးသည် ဤနေရာ၌ စုရုံးနေကြပြီ ဖြစ်သည်။
အဆုံးသတ်တွင် တပည့်အသစ်များ အတွက် အဆင့်သတ်မှတ် ပြိုင်ပွဲသည် သာမန် ကိစ္စတစ်ခု မဟုတ်ပေ။
တပည့်အသစ်များအတွက် ယခင် အဆင့်သတ်မှတ် ပြိုင်ပွဲများတွင် ပါရမီရှင် အချို့ ရှိခဲ့ပြီး ပြင်ပကမ္ဘာတွင် ထိပ်ဆုံးကို ရောက်ရှိခဲ့သော နတ်ဆိုးဆန်သူ အချို့ပင် ရှိခဲ့သည်။
ဤနှစ်တွင်လည်း တပည့်အသစ်များထဲမှ မည်သူက သူတို့ကို ဆွဲဆောင်နိုင်မည်ကို အကြီးအကဲများက သိလိုကြသည်။
"ကြည့်စမ်း.. ကျန်းချန် ဒီကို ရောက်လာပြီဟေ့"
"သူက ပထမနေ့မှာတင် ဆေးပင်ခူး စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့တဲ့ ကျန်းချန်လား"
"ဒီကောင်က ကျောင်းနန်ကို စိန်ခေါ်ခဲ့တဲ့ကောင် မဟုတ်လား"
"တပည့်အသစ် တစ်ယောက်က အပြင်စည်းရဲ့ နံပါတ်၁၀ နေရာက လူကို စိန်ခေါ်နေတယ် ဆိုတော့ ဒီကောင် ဦးနှောက်ပျက်နေပြီလို့ ငါ ထင်တယ်"
".........."
ယနေ့တွင် ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏ အပြင်စည်းကျောင်းသားသစ်များထဲတွင် နာမည်ကြီးသော လူငယ်တစ်ယောက် ဖြစ်သည်။
ကျန်းချန်သည် တစ်ရက်တည်းနှင့် စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့သည်။
ထို့အပြင် အပြင်စည်း၏ ဆယ်ယောက်မြောက် ဖြစ်သော ကျောင်းနန်ကို စိန်ခေါ်ခဲ့ပြီး သတ္တမအဆင့် သက်ရှည်ဆေးပင်ကိုလည်း ကောက်ယူခဲ့သည်။
ဤသတင်းများသည် ထိုက်ရှဂိုဏ်း၏ အပြင်စည်းတွင် ပျံ့နှံ့နေခဲ့၏။
ထိုက်ရှဂိုဏ်း၏ တပည့်အသစ်ထဲတွင် ဤမျှ ကြီးကျယ်သော လူတစ်ယောက် ပေါ်လာသည်ကို အပြင်စည်း တပည့် အများစုနီးပါးက သိရှိနေကြပြီ ဖြစ်သည်။
သို့သော် ဤကောင်လေးသည် မည်မျှပင် ပါရမီ ကောင်းမွန်စေကာမူ၊ အပြင်စည်း၏ ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်ကို စိန်ခေါ်ရန် အင်အား အလုံအလောက် မရှိနိုင်ချေ။
ထိုက်ရှဂိုဏ်း၏ သမိုင်းတွင် တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲတွင် ထိပ်ဆုံး ၁၀၀ ထဲသို့ ဝင်ရောက်နိုင်လျှင်ပင် အလွန် ချီးကျူးဖွယ်ရာ ဖြစ်နေပြီ ဖြစ်သည်။
ဆိုရလျှင် ထိပ်ဆုံး ဆယ်ယောက်ထဲသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
တပည့် အများအပြားက ကျန်းချန် နှင့် ပတ်သက်၍ ဆွေးနွေးနေကြစဥ် ကျယ်လောင်သော ခေါင်းလောင်းသံတစ်သံသည် ကွင်းအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို အဖြူရောင် မုတ်ဆိတ်၊ ဆံပင်ဖြူများနှင့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် စင်မြင့် အလယ်သို့ ဆင်းသက်လာခဲ့သည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
သူ၏ ခံ့ညားသော အသံသည် လူတိုင်း၏ နားထဲ၌ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေးတို့.. ဒီအဘိုးအိုက တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲကို လက်ခံကျင်းပဖို့ တာဝန်ယူမဲ့ အပြင်စည်းအကြီးအကဲ ကုန်းစွန်းယန်ပဲ"
"အခု တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲကို တရားဝင် ဖွင့်လှစ်ပြီလို့ ငါ ကြေညာတယ်.. တပည့်အသစ်တွေ အားလုံး စင်မြင့်ပေါ် တက်လာခဲ့ကြပါ"
အခန်း(၄၂၂) ပြီး၏