အခန်း(၄၂၃)
Vol. 29 Ch. 423
အပြင်စည်း အကြီးအကဲ ကုန်းစွန်းယန်၏ စကားသံ ဆုံးသွားသည်နှင့် တပည့်အသစ် တစ်ရာကျော်သည် စင်မြင့် ဆီသို့ လေပြင်းပမာ ရောက်ရှိသွားကြသည်။
ကျန်းချန်သည်လည်း တွန့်ဆုတ်မနေဘဲ စင်မြင့် ပေါ်သို့ တိုက်ရိုက် တက်ရောက်ခဲ့သည်။
"ညီနောင် ကျန်းချန်... မင်းလည်း ရောက်လာပြီလား"
ကျန်းချန်က ကွင်းပေါ်သို့ တက်လာသည်နှင့် လဲ့ဟောင်ခုံး နှင့် အခြားသူများက သူ့ကို အလျင်အမြန် နှုတ်ဆက်ခဲ့ကြသည်။
"မင်းတို့လည်း သဘာဝ စွမ်းအားဖွင့်ခြင်း နယ်ပယ်ကို ချိုးဖျက်ခဲ့ပြီ ဆိုတော့ ဒီတစ်ကြိမ် တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက်ကောင်းတဲ့ နေရာကို ရမှာပါ"
ကျန်းချန်က လဲ့ဟောင်ခုံးကို ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ညီနောင် ကျန်းချန်ရဲ့ ဂုဏ်ကျက်သရေ အမှတ်တွေ အတွက် ကျေးဇူးတင်ပါတယ်"
လဲ့ဟောင်ခုံးက ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကျန်းချန်က သူတို့ကို ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ပေးခဲ့၍သာ သူတို့သည် အချိန်တိုအတွင်း ကျင့်ကြံခြင်း အရင်းအမြစ် အများအပြားကို လဲလှယ်နိုင်ပြီး ဤမျှ မြန်မြန်ဆန်ဆန် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ခြင်းပင်။
"ဒါက ဘာမဟုတ်တဲ့ ကိစ္စလေးပါ.. မင်းတို့အားနာနေဖို့ မလိုပါဘူး"
ကျန်းချန်က ပြုံးလိုက်ပြီး ချက်ချင်းပင် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ဒီအဆင့်သတ်မှတ် ပြိုင်ပွဲမှာ ဘယ်အရာကို အကဲဖြတ်မလဲ မင်းတို့သိလား"
ထိုက်ရှဂိုဏ်း တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲကို အဆင့် နှစ်ဆင့် ခွဲခြားထားသည်။
ပထမအဆင့်သည် တပည့်သစ် အဆင့်သတ်မှတ် ပြိုင်ပွဲ ဖြစ်သည်။
တပည့်သစ် အဆင့် သတ်မှတ် ပြိုင်ပွဲကို ထိုက်ရှဂိုဏ်း၏ သိုင်းသခင် နယ်ပယ် အဆင့် ကျင့်ကြံသူ ငါးယောက်ထဲမှ တစ်ယောက်က အကဲဖြတ်မည် ဖြစ်၏။
သိုင်းသခင် နယ်ပယ် အဆင့် ကျင့်ကြံသူက လေထဲကနေ ပြိုင်ဘက်ကင်း ဖိအားကို အသုံးပြုလိမ့်မည်။
ထိုဖိအားအောက်၌ ခံနိုင်ရည်ရှိသော အချိန်ကာလပေါ် မူတည်၍ တပည့်သစ်များကို အဆင့် သတ်မှတ်မည် ဖြစ်သည်။
"သိုင်းသခင် နယ်ပယ်ရဲ့ ဘယ်လို ဖိအားမဆို ကြောက်ဖို့ကောင်းမှာတော့ အမှန်ပဲ.. ငါ ဘယ်လောက် ကြာကြာ တောင့်ခံနိုင်မလဲ မသိဘူး"
လဲ့ဟောင်ခုံးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကောင်လေးတို့.. တပည့်သစ် အဆင့်သတ်မှတ် အကဲဖြတ်မှုကို ဂိုဏ်းအကြီးအကဲ ကိုယ်တိုင် အကဲဖြတ်မယ်"
"နောက် ငါးမိနစ်ကြာရင် မင်းတို့တွေ လေထဲက ဖိအားကို ခုခံရလိမ့်မယ်.. မင်းတို့ရဲ့ ခံနိုင်ရည်ရှိတဲ့ အချိန်ပေါ်မူတည်ပြီး တပည့်သစ် အဆင့်သတ်မှတ်မှုကို လုပ်ဆောင်မှာ ဖြစ်တယ်"
"တပည့်သစ် အဆင့်သတ်မှတ်မှုမှာ ထိပ်ဆုံး ဆယ်ယောက်ထဲကို ဝင်ရောက်နိုင်တဲ့ ဘယ်သူမဆို ဂုဏ်ကျက်သရေ အမှတ်တချို့ကို ဆုလာဘ် အဖြစ် ရရှိမယ်"
ကျန်းချန်က လဲ့ဟောင်ခုံး နှင့် စကားပြောနေစဉ် ကုန်းစွန်းယန်၏ ခံ့ညားသော အသံသည် ပတ်ဝန်းကျင်၌ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက ကုန်းစွန်းယန်၏ စကားကို ကြားလျှင် သူတို့၏ နှလုံးသားထဲ၌ မအံ့သြဘဲ မနေနိုင်ကြပေ။
သူတို့အားလုံးက တပည့်သစ် အဆင့်သတ်မှတ် ပြိုင်ပွဲကို ယှဥ်ပြိုင်ရန် အဆင်သင့် ဖြစ်နေပြီး စင်မြင့် ပေါ်၌ တင်ပျဉ်ခွေ၍ ထိုင်နေကြသည်။
လူတိုင်း၏ စောင့်ဆိုင်းမှုအောက်၌ ငါးမိနစ်သည် အလျင်အမြန်ပင် ဖြတ်သန်းသွားခဲ့သည်။
မကြာမီမှာပင် လေထုထဲ၌ လေဟာနယ်ကို ဆုတ်ဖြဲသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အမြင့် ငါးပေ သို့မဟုတ် ခြောက်ပေ ရှိပြီး လျှပ်စီးများ လင်းလက်နေသော ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး စင်မြင့် အထက်ရှိ လေထုထဲတွင် တိုက်ရိုက် ဝဲပျံနေသည်ကို အားလုံးက တွေ့ရှိခဲ့ရသည်။
ချက်ချင်းဆိုသလို ကွင်းတစ်ခုလုံးကို ဖိအားတစ်ခုက ဖြန့်ကျက်သွားခဲ့သည်။
ကွင်းပေါ်မှ တပည့်အသစ် အများစုက တုန်လှုပ်သွားကြသည်။
အားနည်းသော လူအချို့ဆိုလျှင် အသားအရေပင် ဖြူဖျော့သွားကြသည်။
"အိုး.. မြတ်စွာဘုရား.. ဒီတစ်ကြိမ် တပည့်သစ် အဆင့်သတ်မှတ် ပြိုင်ပွဲရဲ့ ဖိအားက အတော် ကြောက်ဖို့ကောင်းတာပဲ"
"ထိုက်ရှဂိုဏ်းရဲ့ အကြီးအကဲလို့ မပြောရဘူး.. ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးကြိုးဆန္ဒကိုတောင် ထုတ်ဖော်နိုင်တယ်"
"ဟားဟား.. တပည့်အသစ်တွေတော့ ဒုက္ခရောက်နေပြီ"
"..........."
လေထဲမှ လူပုံသဏ္ဍာန် မိုးကြိုး ပုံရိပ်ကို မြင်သောအခါ တပည့်ဟောင်းများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြသည်။
"ဒါက... တတိယအဆင့် မိုးကြိုးဆန္ဒပဲ"
ကျန်းချန်က လေထဲမှ မိုးကြိုးကို စိုက်ကြည့်နေခဲ့၏။
သူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤထိုက်ရှဂိုဏ်း၏ အကြီးအကဲသည် မြောက်ပိုင်း တောရိုင်းဒေသ၏ အထွတ်အထိပ်၌ ရပ်တည်နေသော ထိပ်တန်း ကျင့်ကြံသူတစ်ဦး ဖြစ်ရန် ထိုက်တန်၏။
ကျန်းချန်က ထိုက်ရှဂိုဏ်း၏ အကြီးအကဲ မည်သည့်နေရာ၌ ရှိသည်ကို မသိရှိသော်လည်း ဤနေရာနှင့် အနည်းဆုံး မီတာထောင်ပေါင်းများစွာ ဝေးကွာသောနေရာတွင် ရှိမှန်းတော့ သိသည်။
လေထဲတွင် မိုးကြိုး ဆန္ဒကို ထုတ်လွှတ်နိုင်ပြီး မိုးကြိုးကိုခဲကာ လူသားပုံစံအဖြစ် ပုံဖော်နိုင်ခြင်း။
ယင်းမှာ တတိယအဆင့်ကို ရောက်ရှိနေသော မိုးကြိုး ဆန္ဒ၏ စွမ်းရည်ပင် ဖြစ်သည်။
အခန်း(၄၂၃) ပြီး၏