အခန်း(၄၂၅)
Vol. 29 Ch. 425
"ဒီကောင်က မကြာသေးခင်ကမှ ဆေးပင်ခူးစံချိန်ကို ချိုးဖျက်ခဲ့တဲ့ ကျန်းချန်လား"
"ဖူယုံက ကြိုတင် ပြင်ဆင်ထားတာ သိသာနေတာပဲ.. ဒီကျန်းချန်က ဦးနှောက်ပျက်နေလား မသိဘူး.. သူက လောင်းကြေးထပ်တာကိုတောင် လက်ခံရဲတယ်"
"စံချိန်မှတ်တမ်းကို ချိုးဖျက်ပြီး ဒီကောင်လေး ရရှိခဲ့တဲ့ ဂုဏ်ကျက်သရေ အမှတ်တွေတော့ ကုန်တော့မှာပဲ"
"..........."
ခဏမျှ အံ့သြ တုန်လှုပ်ပြီးနောက်တွင် ကျန်းချန်နှင့် ဖူယုံကို သိသော လူအချို့သည် သူတို့၏ ခေါင်းများကို ခါယမ်းကာ သက်ပြင်းများ ချလိုက်ကြသည်။
သူတို့အားလုံးသည် ကရုဏာသက်သော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်နေကြ၏။
စစ်မှန်သော နဂါးနိုင်ငံမှ ဖူမိသားစုသည် ထိုက်ရှဂိုဏ်း၌ အားမနည်းပေ။
ဖူယုံက လောင်းကြေးထပ်ရန် ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ထုတ်ယူနိုင်ခြင်းသည် အတွင်းစည်းထဲရှိ ဖူမိသားစု၏ အဓိက တပည့် ထောက်ပံ့ပေးထားသည်မှာထင်ရှား၏။
ထို့အပြင် ဤပြိုင်ပွဲ အတွက် ဖူယုံသည် ကြာမြင့်စွာကတည်းကပင် အပြည့်အဝ ပြင်ဆင်ထားပုံရသည်။
သို့သော် ကျန်းချန်သည် ယခုအခါတွင် ဖူယုံနှင့် ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို မိုက်မဲစွာ လောင်းကြေးထပ်လိုက်သည်။
ဤကဲ့သို့ မိုက်မဲသော လုပ်ရပ်သည် ဖူယုံကို အမှတ်များ အလဟဿ ပေးအပ်ခြင်းနှင့် ဘာများ ကွာခြားသွားပါသနည်း။
"ဝုန်း"
လူတိုင်းက ကျန်းချန်နှင့် ဖူယုံတို့၏ အလောင်းအစား အကြောင်း ပြောနေစဉ် စင်မြင့်၏ အထက်တွင် ဝင့်ကြွားစွာ ရပ်တည်နေသော မိုးကြိုးပုံရိပ်ကနေ ရုတ်တရက် ကျယ်လောင်သော ဆူညံသံများနှင့်အတူ လျှပ်စီးမိုးကြိုးများ ပေါက်ကွဲထွက်လာခဲ့သည်။
ချက်ချင်းဆိုသလို စင်မြင့်ပေါ်ရှိ တပည့်အသစ် အားလုံးသည် သူတို့၏ စိတ်ထဲ၌ လျှပ်စီးမိုးကြိုးများ ပေါက်ကွဲခြင်းကို ရုတ်တရက် ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ်ရာ ဖိအားက ရောက်ရှိလာလေပြီ။
တပည့်အသစ် အများစု၏ ခန္ဓာကိုယ်များသည် ပြင်းပြင်းထန်ထန် မတုန်လှုပ်ဘဲ မနေနိုင်ကြပေ။
အသက်ရှူချိန် အနည်းငယ် အတွင်း အားနည်းသော တပည့်အသစ် အချို့သည် ဤကြောက်မက်ဖွယ်ရာ ဖိအားကို ဆက်လက် မတောင့်ခံနိုင်တော့သဖြင့် ကုန်းစွန်းယန်သည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ကနေ ထုတ်ပစ်လိုက်သည်။
ကျန်းချန်ကမူ ပုံမှန်အတိုင်းသာ ရှိနေခဲ့၏။
သူက လေထဲမှ ဖိအားကို ခုခံရန် မိုးကြိုးဆန္ဒကို အသုံးပြုခဲ့သည်။
"မင်းက မိုးကြိုး ဆန္ဒကို နားလည်သဘောပေါက်ထားလို့ ငါ့ရှေ့မှာ ဒီလောက်ထိ မာနကြီးနေတာကိုး"
"ဒါပေမဲ့ မိုးကြိုးဆန္ဒက မင်းရဲ့ ဝှက်ဖဲ ဖြစ်နေရင်တောင် ဒီနေ့ မင်းကို ရှုံးနိမ့်စေရမယ်"
ထိုမြင်ကွင်းကို မြင်သောအခါ ဖူယုံက မထီတရီ ပြုံးလိုက်ပြီး လှောင်ရယ်လိုက်၏။
ကျန်းချန်ကမူ ဖူယုံကို အာရုံစိုက်မနေခဲ့ချေ။
သူက လေထဲမှ ဖိအားကို ခုခံရန် မိုးကြိုးဆန္ဒကို အသုံးပြုရန်သာ အာရုံစိုက်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် ထူးခြားချက်တစ်ခုကို တွေ့ရှိခဲ့သောကြောင့်ပင်။
သူက လေထဲမှ တတိယအဆင့် မိုးကြိုးဆန္ဒကို ခုခံရန် မိုးကြိုးဆန္ဒကို အသုံးပြုခဲ့ပြီးနောက်တွင် အတွေ့အကြုံ ရမှတ် အများအပြားကို အမှန်တကယ် ရရှိခဲ့သည်။
"ဒီတပည့်သစ် အဆင့်သတ်မှတ် အကဲဖြတ်မှုကို အချိန်ကြာကြာလေး ဖြစ်ဖို့ တကယ် မျှော်လင့်မိတယ်"
"ဒါမှ တတိယအဆင့် မိုးကြိုးဆန္ဒရဲ့ ဖိအားကို အားကိုးပြီး ငါ့ရဲ့မိုးကြိုးဆန္ဒကို တစ်ချက်တည်းနဲ့ ဒုတိယအဆင့်ထိ ချိုးဖျက်နိုင်မယ်"
ကျန်းချန်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးများတွင် လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
အချိန်က တစ်ဖြည်းဖြည်း ဖြတ်သန်းသွားခဲ့၏။
လေထဲမှ တတိယအဆင့် မိုးကြိုးဆန္ဒ၏ ဖိအားက ပိုမို အားကောင်းလာခဲ့ပြီး စင်မြင့် ပေါ်မှ လူဦးရေသည်လည်း နည်းသထက် နည်းလာခဲ့သည်။
ဆယ်မိနစ် မပြည့်ခင်မှာပင် လဲ့ဟောင်ခုံး နှင့် အခြားသူများသည် သူတို့၏ အကန့်အသတ်ကို ရောက်ရှိခဲ့၍ ကုန်းစွန်းယန်သည် စင်ပေါ်မှ ထုတ်ပစ်လိုက်သည်။
အလွန် မြန်ဆန်စွာပင် ဧရာမ စင်မြင့် ပေါ်၌ ကျန်းချန်နှင့် ဖူမိသားစု ညီအစ်ကိုသာ ကျန်ရှိတော့သည်။
စင်မြင့် ပေါ်မှ လူဦးရေက တဖြည်းဖြည်း လျော့နည်းလာသော်လည်း လေထဲမှ ဖိအားကမူ ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းလာ၏။
ဖူယုံတို့ ညီအကိုက လေထဲမှ ကြောက်မက်ဖွယ်ရာ ဖိအားကို ရင်ဆိုင်ရသောအခါ နဖူးပေါ်ကနေ ချွေးစေးများပင် ကျလာသည်။
ကျန်းချန်သာလျှင် မျက်နှာပေါ်၌ မည်သည့် ဟန်အမူအရာမှ မရှိဘဲ အေးအေးဆေးဆေး ရှိနေခဲ့၏။
သူက လေထဲမှ ဖိအားကို ရင်ဆိုင်ရန် သူ၏ မိုးကြိုးဆန္ဒကို အပြည့်အဝ ထုတ်ဖော်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ စိတ်ထဲ၌ သတိပေးချက်များ အဆက်မပြတ် မြည်လာခဲ့သည်။
"ဒင်.. သင်က တတိယအဆင့် မိုးကြိုးဆန္ဒကို ဆန့်ကျင်ဖို့ မိုးကြိုးဆန္ဒကို ထုတ်လွှတ်ပြီး အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က တတိယအဆင့် မိုးကြိုးဆန္ဒကို ဆန့်ကျင်ဖို့ မိုးကြိုးဆန္ဒကို ထုတ်လွှတ်ပြီး အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"..........."
"ဒင်.. သင့်ရဲ့ မိုးကြိုးဆန္ဒက ဒုတိယအဆင့်ကို ရောက်ရှိသွားပါပြီ"
အခန်း(၄၂၅) ပြီး၏