အခန်း(၄၂၇)
Vol. 29 Ch. 427
"ရန်သူက တစ်ယောက်မကလို့ နှစ်ယောက် ဖြစ်ပါစေ.. ငါ ကျန်းချန်က သောက်ဂရုမစိုက်ဘူး"
ကျန်းချန်၏ ခြောက်ကပ်ကပ် ရယ်မောသံသည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏ အကြည့်တွင် ချီးကျူးလေးစားသော အမူအရာကို မပြသဘဲ မနေနိုင်ကြပေ။
ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း လောင်းကြေးထပ်ထားသော ပြိုင်ပွဲ၌ ဖူယုံ၏ လူလည်ကျမှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် ပြိုင်ပွဲ၏ အနိုင်လက်မှတ်ကို ကိုင်ထားသည့်နှယ် ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။
"ဒီကောင်က တကယ်ကို သာမန် မဟုတ်ဘူး"
"ဟမ့်.. မင်း ဘယ်လောက် ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့"
ကျန်းချန်၏ အထက်စီးဆန်သော စကားသံများကို ကြားလျှင် ဖူယုံသည် လှောင်ရယ်လိုက်၏။
ယခုအခါ လေထဲမှ မိုးကြိုးဆန္ဒ၏ ဖိအားသည် ကြောက်မက်ဖွယ်ရာ အမှတ်တစ်ခုအထိ အလွန် အင်အားကြီးမားလာခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက် နည်းစနစ်ကို အသုံးပြုသော သူတို့ထက် ဤကောင်လေးက တစ်ယောက်တည်း အင်အားဖြင့် ပိုမို ကြာရှည်စွာ တောင့်ခံနိုင်မည်ဟု ဖူယုံ အမှန်တကယ် မယုံကြည်ခဲ့ပေ။
"ဟားဟား... ဒါဆိုလည်း မင်းရဲ့ မျက်လုံးကို ပြူးနေအောင် ဖွင့်ပြီး ကြည့်ထားလိုက်"
ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။
သူသည် ကြောက်မက်ဖွယ်ရာ ဖိအားနှင့် နောက်တစ်ကြိမ် ပေါက်ကွဲခဲ့သော မိုးကြိုးပုံရိပ်ကို အနီးကပ် စိုက်ကြည့်ခဲ့သည်။
မကြာမီမှာပင် တောက်ပသော လျှပ်စီးကြောင်းများသည် သူ၏ ခေါင်းပေါ်၌ နဂါးနှင့် မြွေကဲ့သို့ လင်းလက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်သည် မိုးကြိုးဆန္ဒကို ထုတ်ဖော်လိုက်၏။
"မိုးကြိုးဆန္ဒ.. ခဲလိုက်စမ်း"
ကျန်းချန်က မာန်သွင်း၍ အော်ဟစ်လိုက်သည်နှင့် ကျန်းချန်၏ ခေါင်းအပေါ်၌ ဝဲပျံနေသော မိုးကြိုး လျှပ်စီးကြောင်းသည် အမြင့် သုံးပေရှိသော မိုးကြိုးပုံရိပ်တစ်ခု အဖြစ် ချက်ချင်း ခဲသွားခဲ့သည်။
မိုးကြိုးပုံရိပ်က ကျန်းချန်၏ ခေါင်းထက်၌ ဝင့်ကြီးစွာ ရပ်တည်နေပြီး လေထဲမှ မိုးကြိုးဆန္ဒကို အင်ပြည့်အားပြည့် တိုက်ရိုက် ခုခံခဲ့သည်။
"ဒါ... ဒါကဘယ်လို အခြေအနေလဲဟ"
"မိုးကြိုးဆန္ဒရဲ့ ဒုတိယအဆင့်"
"ကျန်းချန်ရဲ့ မိုးကြိုးဆန္ဒက ဒုတိယအဆင့်တောင် ရောက်ရှိသွားပြီလား"
"ဒီ မိုးကြိုးဆန္ဒနဲ့ဆို သူက ဖူယုံတို့ကို တကယ်ပဲ အနိုင်ယူနိုင်လောက်တယ်"
".........."
သူတို့ရှေ့မှ မြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ကျန်းချန်သည် မိုးကြိုးဆန္ဒကို နားလည်သဘောပေါက်ခဲ့၏။
မိုးကြိုးဆန္ဒသည် တူညီသော ဂုဏ်သတ္တိ၏ ဖိအားကို ဆန့်ကျင်သော သဘာဝ အားသာချက်တစ်ခု ရှိသည်။
ထို့အပြင် ကျန်းချန်သည် မိုးကြိုးဆန္ဒ ဒုတိယအဆင့်သို့ ရောက်လာသည်နှင့်အမျှ ခုခံနိုင်စွမ်းကလည်း တိုးမြင့်လာခဲ့သည်။
ဤတစ်ကြိမ်၌ ဖူယုံသည် ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို လောင်းကြေးထပ်ခဲ့သည်။
လက်ရှိအခြေအနေအရ ဖူယုံသည် ဂုဏ်ကျက်သရေ ရမှတ်များကို လက်လွှတ်ရမည့် အခြေအနေနှင့် နီးစပ်နေ၏။
"မိုးကြိုးဆန္ဒ ဒုတိယအဆင့်"
ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဖူယုံသည် အံ့အားသင့်သော အမူအရာဖြင့် မိုးကြိုးဆန္ဒ ဒုတိယအဆင့်ကို ထုတ်ဖော်နေသော ကျန်းချန်ကို ငေးကြည့်နေခဲ့၏။
သူ၏ အမူအရာက အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။
"တည်တည်ငြိမ်ငြိမ်နေ.. အရမ်းကြီး မတွေးမများနဲ့.. သူက မိုးကြိုးဆန္ဒရဲ့ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ရင်တောင် ငါတို့က ရှုံးနိမ့်မှာ မဟုတ်ဘူး"
ထိုအချိန်၌ ဖူထန့်၏ အေးစက်သော အသံသည် ဖူယုံ၏ နားထဲ၌ တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။
"ဒီကောင်က မိုးကြိုးဆန္ဒ ဒုတိယအဆင့်ကို နားလည်လည်း စိမ်းပြာရောင် အလင်းတန်းရဲ လျှို့ဝှက် နည်းစနစ်နဲ့ဆို ငါတို့ ဘယ်လိုမှ ရှုံးနိမ့်မှာ မဟုတ်ဘူး"
ဖူယုံက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး လေထဲမှ မိုးကြိုး ဖိအားကို ဆန့်ကျင်ရန် သူ၏ လျှို့ဝှက် နည်းစနစ်ကို ချက်ချင်း အသုံးပြုခဲ့သည်။
အချိန် ကြာလာသည်နှင့်အမျှ လေထဲမှ မိုးကြိုး ဖိအားသည်လည်း ပိုမို အားကောင်းလာခဲ့သည်။
စိမ်းပြာရောင် အလင်းတန်းကို အသုံးပြုသော ဖူယုံပင် လေထဲမှ မိုးကြိုးဆန္ဒ၏ ဖိအားအောက်၌ အသက်ရှူမဝသလို ခံစားလာရသည်။
ထို့အပြင် သူတို့၏ ပတ်ပတ်လည်တွင် လည်ပတ်နေသော စိမ်းပြာရောင် အလင်းတန်းသည်လည်း ကြီးမားသော ဖိအားအောက်၌ တုန်ခါလာခဲ့သည်။
တစ်ဖက်မှ ကျန်းချန်ကမူ တည်ငြိမ်စွာ ရှိနေခဲ့သည်။
သူက လေထဲမှ မိုးကြိုးဆန္ဒ၏ ခြိမ်းခြောက်မှုကို လုံးဝ မခံရသည့်အတိုင်း တည်ငြိမ်စွာပင် ဆက်လက် ထိုင်နေခဲ့၏။
ဤမြင်ကွင်းကို မြင်လျှင် လူတိုင်းသည် သူတို့၏ မျက်လုံးများ ပြူးထွက်လုနီးပါးအထိ အလွန်တရာ တုန်လှုပ်သွားကြသည်။
ကျန်းချန်ဟု ခေါ်သော ဤကောင်လေးသည် တကယ်ကို ထူးခြားလွန်းသည် မဟုတ်ပါလား။
အခန်း(၄၂၇) ပြီး၏