အခန်း(၄၂၉)
Vol. 29 Ch. 429
တပည့်အသစ် အဆင့်သတ်မှတ်မှုကို ကြေညာခဲ့သည်။
ကျန်းချန်က ပထမ။
ဖူထန့်နှင့် ဖူယုံ တို့ညီအစ်ကိုက ဒုတိယနှင့် တတိယ အသီးသီး အဆင့်သတ်မှတ်ခံရသည်။
သွမ့်ရှင်းနှင့် လဲ့ဟောင်ခုံးတို့ နှစ်ယောက်စလုံးသည်လည်း ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲသို့ ဝင်ခဲ့သည်။
"ကောင်လေးတို့.. ဒါက တပည့်အသစ်တွေ အတွက် အဆင့်သတ်မှတ် ပြိုင်ပွဲရဲ့ အဆုံးသတ်ပဲ"
"မနက်ဖြန်မှာ အဆင့်သတ်မှတ် စိန်ခေါ်ပွဲ ကျင်းပမယ်.. တပည့်အသစ်တွေ အနေနဲ့ ကိုယ့်အဆင့်ထက် ပိုမြင့်တဲ့ အပြင်စည်း တပည့်တွေကို စိန်ခေါ်နိုင်တယ်"
"မင်းတို့က အဆင့်သတ်မှတ်မှု မြင့်မားတဲ့သူကို အနိုင်ရရင် ကြွယ်ဝတဲ့ ဆုလာဘ်တွေကိုပါ ရရှိနိုင်တယ်.. အားလုံးပဲ မနက်ဖြန်ပွဲအတွက် ပြင်ဆင်ထားကြပါ"
ကုန်းစွန်းယန်က အဆင့်သတ်မှတ်မှုများကို ကြေညာပြီးနောက် တပည့်အသစ် အားလုံးကို အနည်းငယ် ပြောဆိုခဲ့သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ကွင်းပြင်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
"ညီနောင် ကျန်းချန်... မနက်ဖြန်ကျရင် အပြင်စည်းကျောင်းသားတွေရဲ့ နံပါတ်၁၀ နေရာမှာရှိတဲ့ ကျောင်းနန်ကို မင်း တကယ်ပဲ စိန်ခေါ်မှာလား"
ကုန်းစွန်းယန် ထွက်သွားပြီးနောက်တွင် လဲ့ဟောင်ခုံးသည် သူ့ဘေးမှ ကျန်းချန်ကို မမေးဘဲ မနေနိုင်ခဲ့ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"အင်း စိန်ခေါ်မယ်.. ဘာလို့လည်းဆိုတော့ ငါက အတွင်းစည်းထဲကို ဝင်ချင်တဲ့အတွက် အရင်ဆုံး အပြင်စည်းရဲ့ ထိပ်ဆုံး ဆယ်ယောက်ကို စိန်ခေါ်ရမှာမို့လို့ပဲ"
ထိုက်ရှဂိုဏ်း၌ အပြင်စည်း တပည့်များသည် ကောင်းကင်အဆင့် ကျင့်စဥ်များကို နားလည်သဘောပေါက်ရန် အရည်အချင်း မရှိပေ။
ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို နားလည်သဘောပေါက်ရန် အရင်ဆုံး အတွင်းစည်း တပည့်တစ်ယောက် ဖြစ်အောင် ကြိုးစားရပေမည်။
အပြင်စည်း၏ ထိပ်ဆုံး တပည့် ဆယ်ယောက်ကသာ အတွင်း စည်း တပည့်များအဖြစ် အကဲဖြတ်မှုကို ခံယူရန် အရည်အချင်း ရှိသည်။
"အပြင်စည်းက ထိပ်ဆုံး ဆယ်ယောက်ကို စိန်ခေါ်ပြီး အတွင်းစည်းထဲကို ဝင်မှာလား"
ကျန်းချန်၏ စကားကို ကြားလျှင် လဲ့ဟောင်ခုံး နှင့် အခြားသူများသည် ပြောစရာစကား မဲ့သွားကြသည်။
သူတို့သည် အပြင်စည်း၌ ခြေကုပ်ပင် မယူရသေးပေ။
သို့သော်လည်း ကျန်းချန်က အတွင်းစည်းထဲသို့ ဝင်ရန် တွေးနေခဲ့၏။
"ဒီကောင်က တကယ်ပဲ သာမန်အသိနဲ့ ဖော်ပြလို့ မရတဲ့ နတ်ဆိုးပဲ"
ကျန်းချန်သည် လဲ့ဟောင်ခုံးနှင့် စကားပြောနေစဉ် ဘေးမှ ဖူမိသားစု ညီအစ်ကို နှစ်ယောက်သည် မေ့မြောရာမှ ပြန်လည်သက်သာလာကြသည်။
သူတို့က ကျန်းချန်ကို ရဲရဲပင် မကြည့်ဝံ့ကြပေ။
ဖူယုံတို့ညီနောင်က စိတ်ပျက်အားလျော့စွာဖြင့် လှည့်ထွက်သွားခဲ့ကြသည်။
ထွက်သွားသော ဖူမိသားစု ညီအစ်ကို နှစ်ယောက်ကို ကြည့်ရင်း ကျန်းချန်၏ ပုံရိပ်သည် လင်းလက်သွားပြီး ဖူမိသားစု ညီနောင် ရှေ့၌ ပိတ်ရပ်လိုက်သည်။
သူက ဖူယုံကို ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။
"ဒီလိုထွက်သွားလို့ဘယ်ရမလဲ မင်းမေ့နေပြီလား"
"ကျန်းချန်... ငါက အပျော်သဘောနဲ့ နောက်ခဲ့တာပါ.. မင်း ဒီလောက်ထ အလေးအနက်ထားစရာ မလိုပါဘူး"
ဖူယုံက ကျန်းချန်၏ စကားကို ကြားလျှင် မျက်နှာက ချက်ချင်းဆိုသလို အကျည်းတန် သွားခဲ့၏။
"အပျော်သဘော ဟုတ်လား"
"ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း အလောင်းအစားက မင်းကိုယ်တိုင်က အဆိုပြုခဲ့တာပဲ..အခုလိုရှုံးနိမ့်တော့မှ လေသံ ပြောင်းချင်နေတာလား"
ကျန်းချန်၏ မျက်လုံးများက အေးစက်နေသည်။
သူက သူ့၏ လက်ကို တိုက်ရိုက် ဆန့်ထုတ်ကာ ပြောလိုက်၏။
"အပိုစကားတွေမပြောနဲတော့.. ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း ငါ့ကို လွှဲပေးပါ"
"ကျန်းချန်... ဒီဂုဏ်ကျက်သရေ အမှတ် ငါးသောင်းက ငါ့အမှတ်တွေ မဟုတ်ဘူး...ဒါက အတွင်းစည်းထဲက ငါတို့ ဖူမိသားစု အဓိကတပည့်ရဲ့ အမှတ်တွေပါ "
"မင်း ထိုက်ရှဂိုဏ်းမှာ ဘေးကင်းကင်းနဲ့ ဆက်လက်နေချင်ရင် ဒီကိစ္စကို ဒီမှာတင် ရပ်တန့်လိုက်တာ ပိုကောင်းမယ်"
ဖူယုံက ရုန့်ရင်းသော အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးများတွင် ခြိမ်းခြောက်သော အရိပ်အယောင် အချို့ ထင်ဟပ်နေ၏။
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"မင်းက ပေးခါနီးကျမှ တွန့်ဆုတ်နေတာလား"
"ဟမ့်... အဲဒီတော့ ဘာဖြစ်လဲ"
ဖူယုံက နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
သူ၏ မျက်လုံးထဲ၌ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူနှင့် ကျန်းချန်ကြားမှ အလောင်းအစား သဘောတူညီချက်သည် နှုတ်အားဖြင့် သဘောတူညီချက်သာ ဖြစ်ပြီး အမှန်တကယ် သက်သေအထောက်အထား မကျန်ခဲ့ပေ။
ထို့ကြောင့် သူက ကျန်းချန်ကို လွှဲမပေးချင်ခဲ့ချေ။
ထို့အပြင် ထိုက်ရှဂိုဏ်းရှိ သူတို့ ဖူမိသားစု အင်အားဖြင့်ဆိုလျှင် ကျန်းချန်သည် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
"မင်းရဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ဘယ်သူ ပိုင်ပိုင် ငါ ဂရုမစိုက်ဘူး.. မင်း ငါ့ကို ရှုံးနိမ့်တာကြောင့် ဒါက ငါ့ရဲ့ အမှတ်တွေပဲ"
"မင်း ပေးချင်သည်ဖြစ်စေ၊ မပေးချင်သည်ဖြစ်စေ.. ငါ ဒီနေ့ မင်းဆီက ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ရယူမယ်"
"ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ငါ့ဆီကနေ လူလည်လာကျလို့ မရဘူး"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းဆိုသလို လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။
အခန်း(၄၂၉) ပြီး၏