အခန်း(၄၃၂)
Vol. 29 Ch. 432
ညဥ့်အချိန်သို့ ရောက်လေပြီ။
ထိုက်ရှဂိုဏ်း၏ အပြင်စည်းရှိ အဆင့်မြင့် ခြံဝင်းတစ်ခု၌ အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားသော ပိန်သွယ်သွယ် လူငယ်တစ်ဦးသည် ခြံတံခါးကို ကျောပေးလျက် ရပ်နေသည်။
သူ၏ နောက်ကျောဘက်၌ အပြင်စည်း၏ ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင် ကျောင်းနန်က ရိုရိုသေသေ ရပ်နေခဲ့၏။
"ကျောင်းနန်... ဒီအချိန်ကြီး ငါ့ကို ဘာလို့ခေါ်ရတာလဲ"
ရုတ်တရက် အဖြူရောင် ဝတ်စုံနှင့် လူငယ်၏ အသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။
"ညီနောင်ကွမ်း... ဒါက ဒီလိုရှိပါတယ်"
ကျောင်းနန်းက အပြင်စည်း၌ ဖြစ်ပျက်ခဲ့သော အရာများကို အဖြူရောင် ဝတ်စုံနှင့် လူငယ်အား မချွင်းမချန် ပြောပြလိုက်သည်။
"ဟမ့်.. မင်းနဲ့ ချန်လန်က တကယ်ကို အသုံးမကျဘူး"
"အပြင်စည်းက ထိပ်တန်းအဆင့်ဝင်တွေ ဖြစ်ပြီး မနေ့တစ်နေ့ကမှ ဝင်ရောက်လာတဲ့ တပည့်သစ်တစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား"
ကျောင်းနန်၏ စကားသံများကို ကြားလျှင် အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် မကျေမနပ် ဖြစ်ကာ အပြစ်တင်လိုက်သည်။
"ညီနောင်ကွမ်း.. ကျန်းချန်က အတော်အစွမ်းထက်တယ်"
"သူ့မှာ ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ဆေးပင် စုဆောင်းခြင်း စွမ်းရည် ရှိတယ်.. ဒါ့အပြင် သူက ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ် အမျိုးမျိုးကိုလည်း နားလည်သဘောပေါက်ထားတယ်.. သူ့ရဲ့မိုးကြိုးဆန္ဒဆိုရင် ဒုတိယအဆင့်ကိုတောင် ရောက်နေခဲ့ပြီ"
ကျောင်းနန်က မချိပြုံး ပြုံး၍ ပြောလိုက်သည်။
"မင်းပြောသလိုဆို ဒီကောင့်ဆီမှာ အရည်အချင်း အနည်းငယ် ရှိသားပဲ"
အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် ကျောင်းနန် ဘက်သို့ လှည့်လာခဲ့သည်။
သူက ကျောင်းနန်ကို စူးရှစွာ ကြည့်လိုက်သည်။
"မင်းက မနက်ဖြန်ပြိုင်ပွဲမှာ ကျန်းချန်ကို ရှုံးနိမ့်မှာ စိုးရိမ်လို့ ငါ့ကို လာရှာတာလား"
"ညီနောင်ကွမ်း... ငါ... ငါ သူ့ရဲ့မိုးကြိုးဆန္ဒကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး ထင်တယ်"
ကျောင်းနန်က ရှက်ရွံ့စွာ ပြောလိုက်သည်။
အပြင်စည်း၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင် အနေဖြင့် တပည့်သစ် တစ်ယောက်က သူ့ထက် သာကြောင်း ဝန်မခံချင်ပေ။
သီအိုရီအရပြောရလျှင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် စတုတ္ထအဆင့်၏ အင်အားသည် ကျန်းချန်လို ဒုတိယအဆင့်ကို မကြောက်ရွံ့ပေ။
ကျောင်းနန်ကို အနည်းငယ် စိတ်ပူစေခဲ့သည်မှာ ကျန်းချန်၏ ဒုတိယ အဆင့် မိုးကြိုးဆန္ဒ ဖြစ်သည်။
အဆုံးသတ်တွင် ကျန်းချန်နှင့် မနက်ဖြန် တိုက်ပွဲသည် သူ့အတွက် အလွန် အရေးကြီးသော တိုက်ပွဲတစ်ခု ဖြစ်သည်။
အပြင်စည်း၏ နံပါတ်၁၀ နေရာတွင် ရှိသော သူသည် တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်မှု၌ ကျန်းချန်ကို အမှန်တကယ် ရှုံးနိမ့်ခဲ့လျှင် သူသည် ထိုက်ရှဂိုဏ်း၌ မည်ကဲ့သို့သော မျက်နှာဖြင့် ဆက်လက် ရပ်တည်ရပါမည်နည်း။
ထို့ကြောင့် ကျောင်းနန်သည် သူ၏ အထောက်အပံ့ ဖြစ်သည့် အတွင်းစည်း တပည့် ကွမ်းချွမ်ကို တိုက်ရိုက် ရှာဖွေခဲ့သည်။
အဖြူရောင် ဝတ်စုံနှင့် လူငယ် ကွမ်းချွမ်က ကျောင်းနန်ကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် သူက သိုလှောင်အိတ်မှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျောင်းနန်ဆီသို့ ပစ်ပေးလိုက်သည်။
"စတုတ္ထအဆင့်၊ အဆင့်မြင့် ခွန်အားမြှင့် ဆေးလုံး.. ဒါ သောက်ပြီးရင် မင်းရဲ့ တိုက်ခိုက်ရေး အင်အားကို သုံးဆယ်ရာခိုင်နှုန်းထိ တစ်နာရီကြာ တိုးမြှင့်စေနိုင်တယ်"
"ငါ ကျန်းချန်ရဲ့ ဂုဏ်ကျက်သရေ အမှတ်တွေကို လိုချင်တယ်...မင်း ငါ့အတွက် အဲဒီ အမှတ်တွေကို ရယူဖို့ နည်းလမ်းတစ်ခုခု ရှာဖွေပေးပါ"
စကားသံ ဆုံးသည်နှင့် ကွမ်းချွမ်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို ကျောင်းနန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
"ကျန်းချန်... မင်း မနက်ဖြန် ငါ့ကို စိန်ခေါ်ရဲရင် မင်းတစ်သက်လုံး နောင်တရနေမဲ့ ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်စေရမယ်"
ကျောင်းနန်က လက်ထဲ၌ ဆေးလုံးကို တင်းတင်းကျပ်ကျပ် ကိုင်ထား၏။
သူ့ မျက်လုံးထဲတွင် ရုန့်ရင်းသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။
.............
နောက်တစ်နေ့ နေအလင်းရောင် ထွက်သည်နှင့် ထိုက်ရှဂိုဏ်း၏ အပြင်စည်းမှ တပည့်အားလုံးသည် ကွင်းပြင် ထဲ၌ နောက်တစ်ကြိမ် ပေါ်လာခဲ့ကြသည်။
တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်မှုသည် တပည့်သစ်များအတွက် သာမန်ကိစ္စတစ်ခု မဟုတ်ပေ။
တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်မှုတိုင်း၌ ထူးချွန်သော အရည်အချင်းများကို ပြသနိုင်ခဲ့သည့် လူငယ် အချို့ ရှိခဲ့ဖူးသည်။
၎င်းတို့သည် အပြင်စည်းမှ စီနီယာ တပည့် အများအပြားကို အနိုင်ယူကာ အပြင်စည်း၏ ထိပ်ဆုံး တစ်ရာ စာရင်းဝင်များ ဖြစ်လာခဲ့ကြသည်။
ဤနှစ်၏ တပည့်သစ် အဆင့်သတ်မှတ် ပြိုင်ပွဲသည် ယခင်ကထက်ပင် ပိုမို၍ စိတ်ဝင်စားမှုများ ရှိနေကြ၏။
အကြောင်းရင်းမှာ ကျန်းချန်ကဲ့သို့ မွန်းစတားတစ်ကောင် ပါဝင်နေခြင်းကြောင့်ပင်။
တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်မှု မစသေးသော်လည်း ကျန်းချန်သည် အပြင်စည်း၏ နံပါတ်၁၀ အဖြစ် အဆင့်သတ်မှတ်ခံရသော ကျောင်းနန်ကို စိန်ခေါ်ခဲ့သည်။
ဤစိန်ခေါ်မှုနှင့် ပတ်သက်၍ အပြင်စည်းတပည့် အားလုံးသည် ရလဒ်ကို သိချင်နေကြ၏။
မွန်းစတားဆန်သော ကောင်လေး ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏သမိုင်းတွင် တပည့်သစ်တစ်ယောက် အနေဖြင့် ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲသို့ ဝင်ရောက်နိုင်သည့် ပထမဆုံး လူတစ်ယောက် ဖြစ်လာနိုင်ပါသလော။