← Chapters

အခန်း(၄၃၃)

Vol. 29 Ch. 433

အခန်း(၄၃၃)

Vol. 29 Ch. 433

"ကြည့်လိုက်စမ်း.. ကျန်းချန် ရောက်လာခဲ့ပြီ"

"သူ ဒီနေ့ အပြင်စည်းရဲ့ နံပါတ်၁၀ နေရာက ကျောင်းနန် စိန်ခေါ်မယ်လို့ ငါ ကြားတယ်..ဒါပေမဲ့ ဒီသတင်းက အမှန် ဟုတ်မဟုတ် ငါ မသိဘူး"

"ကျောင်းနန်ကို အနိုင်ယူနိုင်ခဲ့ရင်တော့ သူက သောက်ရမ်းကြမ်းလွန်းသွားပြီ"

"..........."

ကျန်းချန် ကွင်းပြင်သို့ ရောက်လာသောအခါ တပည့် အများအပြားသည် ကျန်းချန်ကို ကြည့်ပြီး တီးတိုး ဆွေးနွေးနေခဲ့ကြ၏။

သူက ပတ်ဝန်းကျင်မှ အသံများကို လျစ်လျူရှုခဲ့သည်။

ကွင်းထဲတွင် နေရာတစ်ခုကို ရှာဖွေပြီးနောက် အဆင့်သတ်မှတ် စိန်ခေါ်ပွဲ စတင်မည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အချိန်အကြာကြီး မစောင့်လိုက်ရပေ။

ပြိုင်ပွဲကို ကြီးကြပ်ရန် တာဝန်ယူထားသော အကြီးအကဲ ကုန်းစွန်းယန်သည် အလျင်အမြန် ရောက်ရှိလာခဲ့သည်။

"အားလုံးပဲ... ဒီနေ့က အဆင့်သတ်မှတ် စိန်ခေါ်ပွဲနေ့ပဲ.. အခု ငါက အဆင့်သတ်မှတ် စိန်ခေါ်ပွဲရဲ့ စည်းမျဉ်းတွေကို ကြေညာမယ်"

ကုန်းစွန်းယန်က အပိုစကားများကို မပြောခဲ့ပေ။

သူက ကွင်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။

ထို့နောက် အဆင့်သတ်မှတ် စိန်ခေါ်ပွဲ၏ စည်းမျဉ်းများကို ကြေညာရန် စတင်ခဲ့သည်။

ပထမဆုံး အဆင့်သတ်မှတ် စိန်ခေါ်ပွဲ၌ တပည့်သစ်များကို အဆင့်သတ်မှတ်သည်။

တပည့်သစ် အားလုံးကို မနေ့က အဆင့်သတ်မှတ်ချက်အရ အပြင်စည်း တပည့်ဟောင်းများ၏ အဆင့်သတ်မှတ်ချက်ထဲသို့ ထည့်သွင်းမည် ဖြစ်သည်။

ထို့ကြောင့် တပည့်သစ်ထဲတွင် ပထမ အဆင့် သတ်မှတ်ခံရသော ကျန်းချန်သည် အပြင်စည်းတပည့်ဟောင်းများ၏ နောက်ဆုံး နေရာကို ရရှိမည် ဖြစ်၏။

တပည့်သစ်တိုင်းတွင် ပိုမိုမြင့်မားသော အဆင့်မှ တပည့်ကို စိန်ခေါ်ရန် အခွင့်အရေးတစ်ခု ရှိသည်။

စိန်ခေါ်မှု မအောင်မြင်လျှင် သင်၏ အဆင့်က မူလသတ်မှတ်ချက် အတိုင်းသာ ဖြစ်၏။

စိန်ခေါ်မှု အောင်မြင်လျှင်မူ အဆင့် သတ်မှတ်ချက်ကို အစားထိုးနိုင်ပြီး ပိုမိုမြင့်မားသော အဆင့်သတ်မှတ်ချက်ရှိ တပည့်များကို ဆက်လက် စိန်ခေါ်နိုင်မည် ဖြစ်သည်။

"တပည့်သစ် အဆင့်သတ်မှတ် ပြိုင်ပွဲရဲ့ ပထမ နေရာက ကျန်းချန်.. စင်ပေါ်ကို တက်ခဲ့ပေးပါ"

ကုန်းစွန်းယန်သည် ပြိုင်ပွဲ၏ စည်းမျဉ်းများကို ကြေညာပြီးနောက် ပထမပွဲကို ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်ကို မကြာခင်မှာပင် ကြေငြာလိုက်သည်။

ဤသူသည် တပည့်သစ်ထဲတွင် ပထမအဖြစ် အဆင့်သတ်မှတ်ခံရသော ကျန်းချန် မှလွဲ၍ တခြားသူ မဟုတ်ပေ။

ကုန်းစွန်းယန်၏ စကားဆုံးသည်နှင့် ကွင်းထဲမှ လူတိုင်းသည် ကျန်းချန်ကို မကြည့်ဘဲ မနေနိုင်ကြပေ။

"ဟမ့်...မင်း ငါ့ကို စိန်မခေါ်ရင် ပိုကောင်းလိမ့်မယ်"

ကျောင်းနန်က မထီမဲ့မြင် အမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ကွင်းထဲသို့ ရောက်ရှိနေသော အကြည့်များစွာ၏ အောက်မှာပင် ကျန်းချန်သည် စင်ပေါ်သို့ ဖြည်းညင်းစွာ တက်သွားခဲ့သည်။

"ကောင်လေး... မင်း ဘယ်သူ့ကို စိန်ခေါ်မှာလဲ"

ကုန်းစွန်းယန်က ကျန်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။

သူ၏ အိုမင်းသော မျက်လုံးထဲ၌ မျှော်လင့်ချက် အရိပ်အယောင် တစ်ခု ရှိနေခဲ့၏။

သူက တပည့်သစ် အဆင့်သတ်မှတ်ပွဲ၌ ထူးထူးခြားခြား အစွမ်းပြခဲ့သည့် ကျန်းချန်တစ်ယောက် ပထမပွဲ၌ မည်သူ့ကို စိန်ခေါ်မလဲ သိချင်ခဲ့သည်။

"ကျွန်တော် အပြင်စည်းရဲ့နံပါတ်၁၀ ဖြစ်တဲ့ ကျောင်းနန်ကို စိန်ခေါ်ချင်တယ်"

ကျန်းချန်က ကျောင်းနန်ကို မဆိုင်းမတွပင် ရွေးချယ်ခဲ့သည်။

"ကျန်းချန်က အပြင်စည်းရဲ့ နံပါတ်၁၀ နေရာက ကျောင်းနန်ကို တကယ်ပဲ စိန်ခေါ်လိုက်တာလား"

အပြင်စည်းတပည့် အများအပြားသည် ကျန်းချန်က ကျောင်းနန်ကို စိန်ခေါ်မည် ဟူသော သတင်းကို ကြားခဲ့သော်လည်း ကျန်းချန်၏ နှုတ်မှ ပြောဆိုလိုက်သည်ကို ကြားရလျှင် အံ့သြ တုန်လှုပ်သွားခဲ့သည်။

ဂိုဏ်းအတွင်းသို့ မကြာသေးမီက ဝင်ရောက်လာသော တပည့်သစ်တစ်ယောက်သည် ပထမဆုံး စိန်ခေါ်မှုအတွက် အပြင်စည်း၏ နံပါတ်၁၀ နေရာရှိ ကျောင်းနန်ကို တိုက်ရိုက် စိန်ခေါ်ခဲ့သည်။

ဤသည်မှာ ထိုက်ရှဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာသော သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်၏။

"မင်း... မင်း တကယ်ပဲ သေချာရဲ့လား"

ကုန်းစွန်းယန်က ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

ကျန်းချန်က ကျောင်းနန်ကို စိန်ခေါ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဒါ... ဒါက အရမ်းကြမ်းသွားပြီ"

"သေချာပါတယ်"

ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံး၍ ပြန်ဖြေလိုက်သည်။

ထိုခဏတွင် သူ၏ အကြည့်သည် ကွင်းပြင် တစ်ခုလုံးကို ဖြတ်ကျော်သွားပြီး ကျောင်းနန် ရှိသော နေရာကို အလျင်အမြန် ရောက်ရှိသွား၏။

သူ၏ မောက်မာသော အသံသည် ချက်ချင်းပင် ကွင်းပြင် တစ်ခုလုံးကို ဖြတ်ကျော်ကာ ထွက်ပေါ်လာခဲ့သည်။

"ကျောင်းနန်... အမြန် ထွက်လာပြီး အရိုက်လာခံစမ်း"

အခန်း(၄၃၃) ပြီး၏

All Chapters