အခန်း(၄၃၄)
Vol. 29 Ch. 434
"ဒီကောင်လေး မောက်မာလှချည်လား"
ကျန်းချန်၏ အထက်စီးဆန်သော စကားကိုကြားလျှင် ကွင်းအတွင်းရှိ လူများသည် ခဏမျှ ပြောစရာစကား မဲ့သွားကြသည်။
ထိုက်ရှဂိုဏ်း အတွင်းသို့ မကြာသေးမီကမှ ဝင်ရောက်လာသော တပည့်သစ် တစ်ယောက်သည် အဆင့်သတ်မှတ် စိန်ခေါ်ပွဲ၌ အပြင်စည်း၏ နံပါတ်၁၀ကို စိန်ခေါ်ရုံသာမက အရိုက်လာခံရန် ပြောဆိုနေ၏။
ဤမွန်းစတားသည် ဤမျှအထိ အင်အားကြီးမားပါသလော။
ကျောင်းနန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူက မြေပြင်ကို တစ်ချက်ဆောင့်နင်းလိုက်ပြီး ချက်ချင်းဆိုသလို စင်ပေါ်၌ ပေါ်လာခဲ့သည်။
"ကျန်းချန်... မင်း ငါ့ကို တကယ်ပဲ စိန်ခေါ်ဝံ့မယ်လို့ ငါ မမျှော်လင့်ဘူး"
ကျောင်းနန်က မထီမဲ့မြင် အပြုံးဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်၏။
"ကျောင်းနန်.. ရိုးရိုးသားသား ပြောရရင် မင်းက ငါ့အတွက် စိန်ခေါ်ဖို့တောင် မထိုက်တန်ဘူး"
"မင်းကို ငါ စိန်ခေါ်တဲ့အချိန်ကစပြီး မင်းရဲ့ အပြင်စည်းနံပါတ်၁၀ နေရာက သေချာပေါက် ငါ့အတွက်ပဲ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ငါမင်းကို ရွေးချယ်မှုတစ်ခု ပေးမယ်.. မင်းဆန္ဒအလျောက် အရှုံးပေးမလား ဒါမှမဟုတ် မင်းကိုငါ ဆုံးမပေးရမလား"
"ဟမ့်.. ဂိုဏ်းအတွင်းကို မကြာသေးမီကမှ ဝင်ရောက်လာတဲ့ တပည့်အသစ် တစ်ယောက်က ငါ့ရှေ့မှာ မာနထောင်လွှားလှချည်လား"
"မင်း ဒီနေ့ ငါ့ကို ဘယ်လို ရိုက်နှက်မလဲဆိုတာ ငါ ကြည့်ချင်တယ်"
ကျောင်းနန်က လှောင်ပြောင်၍ ရယ်မောလိုက်သည်။
သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ဧရာမ အနက်ရောင် လက်သည်းပုံရိပ်တစ်ခုသည် လေထဲ၌ ရုတ်ခြည်း ပေါ်လာပြီး ကျန်းချန်ကို ကုတ်ဆွဲလိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် နေရာမှာပင် ရပ်နေခဲ့သည်။
ထို့နောက် သူက လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြီး ချက်ချင်းဆိုသလို ကျောင်းနန်၏ အနက်ရောင် လက်သည်းပုံရိပ်ကို ချေမှုန်းလိုက်သည်။
သူ၏ တိုက်ခိုက်မှုကို ကျန်းချန်က ပေါ့ပေါ့ပါးပါး ရင်ဆိုင်လိုက်သည်ကို တွေ့ရလျှင် ကျောင်းနန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
ထိုခဏတွင် သူ့ထံမှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၏ ခွန်အားသည် အင်အားအလုံးအရင်းဖြင့် ပေါက်ကွဲထွက်လာသည်။
သူက ကျန်းချန်ကို မာနထောင်လွှားစွာ ကြည့်လိုက်သည်။
"မင်းသိပ်အားကိုးတဲ့ ဒုတိယအဆင့် မိုးကြိုးဆန္ဒကို ထုတ်ဖော်လိုက်စမ်းပါ.. မဟုတ်ရင် မင်း တုံ့ပြန်ဖို့ ဘာအခွင့်အရေးမှ ရလိုက်မှာ မဟုတ်ဘူး"
"ဟားဟား ကျောင်းနန်... မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
"မင်းကို ကိုင်တွယ်ဖို့ ဒုတိယအဆင့် မိုးကြိုးဆန္ဒကို သုံးစရာမလိုပါဘူး.. ငါ့ရဲ့ လက်သီးနဲ့ဆို လုံလောက်တယ်"
ကျန်းချန်က ခနဲ့တဲ့တဲ့ ရေရွတ်လိုက်ပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်ကို ချက်ချင်း ဆိုသလို လှုံ့ဆော်လိုက်ရာ သူ၏အရှိန်အဝါသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သူ၏ လက်သီးချက်သည် ကျောင်းနန် ဆီသို့ ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်၏ လက်သီးချက်မှ ကြောက်မက်ဖွယ် အင်အားကို ခံစားမိသော ကျောင်းနန်သည် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင် အားလုံးကို အလျင်အမြန် အသုံးပြုကာ ကျန်းချန်ကို ပြင်းထန်သော လက်သီးချက်ဖြင့် တုံ့ပြန်လိုက်သည်။
"ဝုန်း"
ကြီးမားသော အင်အား နှစ်ခုက ချက်ချင်းဆိုသလို ထိပ်တိုက်ဆုံမိသွားသည်။
လေထဲ၌ ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများသည် အလယ်ဗဟိုရှိ လူနှစ်ယောက်ကို ဖြတ်သန်းသွားခဲ့သည်။
ကျောင်းနန်၏ ပုံရိပ်က တုန်ယင်သွားသည်။
စွမ်းအင် လှိုင်းထန်မှုများ၏ သက်ရောက်မှုအောက်၌ ကျောင်းနန်သည် ခုနစ်လှမ်း သို့မဟုတ် ရှစ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရ၏။
သို့သော် သူ့၏ ဆန့်ကျင်ဘက်၌ ရှိသော ကျန်းချန်သည် နေရာမှာပင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။
"လခွမ်း.. ဒီကောင်က ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်ကို လေ့ကျင့်ခဲ့တာလား"
ကျောင်းနန် ချက်ချင်းပင် ထိတ်လန့်သွားသည်။
ကျန်းချန်က တကယ်ပဲ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူ တစ်ဦး ဖြစ်နေခဲ့ပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် သူ၏ သဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောင်းနန် ထိတ်လန့်၍ အတွေးများနေစဥ် အလွန် ဖိနှိပ်နိုင်စွမ်းရှိသော လက်သီးတစ်လုံးသည် လေထုကို ဖြတ်ကျော်ပြီး ပေါက်ကွဲထွက်လာခဲ့သည်။
ကျောင်းနန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
"ကောင်းကင် အရိပ် လက်သည်း"
သူက နှောင့်နှေးခြင်းမပြုတော့ဘဲ ချက်ချင်း ဆိုသလို တုံ့ပြန်ခဲ့သည်။
သူက ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်ရန် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို အလျင်အမြန် ထုတ်ဖော်ခဲ့၏။
"ဝုန်း"
နောက်ထပ် ပြင်းထန်သော သက်ရောက်မှု တစ်ခုသည် စင် အပေါ်၌ ထွက်ပေါ်လာခဲ့သည်။
ကျောင်းနန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး တစ်ကိုယ်လုံးသည် လေထဲသို့ လွင့်ထွက်သွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
အခန်း(၄၃၄) ပြီး၏