အခန်း(၄၃၅)
Vol. 29 Ch. 435
ကျန်းချန်သည် ဖရိုဖရဲ လွင့်ထွက်သွားသော ကျောင်းနန်ကို စူးစိုက်၍ ကြည့်ရှုလိုက်သည်။
ထိုခဏတွင် သူ၏ ပုံရိပ်က လင်းလက်သွားပြီး အရိပ်ကဲ့သို့ ကျောင်းနန်နောက်ကို တိုက်ရိုက် လိုက်သွားခဲ့သည်။
ကျောင်းနန်၏ ခန္ဓာကိုယ် လေထဲမှ မကျဆင်းမီမှာပင် ကျန်းချန်သည် ကျောင်းနန်၏ ခန္ဓာကိုယ်ကို ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးနှက်လိုက်ပြန်သည်။
"ဝေါ့"
ကျောင်းနန်၏ ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မီတာအနည်းငယ် ဝေးသောနေရာသို့ လွင့်စင်သွားခဲ့သည်။
မြေပြင်ပေါ်၌ ခွေခွေလေးဖြစ်နေသော ကျောင်းနန်ကို ကြည့်ကာ ကျန်းချန်က ပြောလိုက်သည်။
"မင်း ရှုံးပြီ"
---------
"ကျောင်းနန်က ဒီလောက်ထိ မြန်မြန် ရှုံးနိမ့်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"
"ဒီကောင်က အတော်ကြမ်းတာပဲ"
စင်ပေါ်မှ အခြေအနေကို မြင်သောအခါ ပတ်ဝန်းကျင်မှ လူတိုင်းသည် အံ့အားသင့်ကုန်ကြသည်။
ကျန်းချန်က သာမန်အသိဖြင့် လုံးဝ ဖော်ပြ၍ မရသော မွန်းစတား တစ်ကောင် ဖြစ်ကြောင်းကို သူတို့ သိလျှင်ပင် ဤမျှ မွန်းစတား ဆန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ကျောင်းနန်။
၎င်းက ထိုက်ရှဂိုဏ်း၏ အပြင်စည်းစာရင်းတွင် နံပါတ်၁၀ နေရာမှ ပါရမီရှင် ဖြစ်သည်။
ထိုသို့ ထိုက်ရှဂိုဏ်း၏ အပြင်စည်း၌ နာမည်ကြီးသော ပါရမီရှင်တစ်ယောက်သည် ယခုအခါတွင် ကျန်းချန်၏ လက်သီးချက်ဖြင့် လွင့်စင်သွားခဲ့ရသည်။
"ဒီကောင်လေးက မွန်းစတားတွေကြားက မွန်းစတားတစ်ကောင်ပဲ"
"ဒီကောင်လေးရဲ့ ကိုယ်ခံပညာပါရမီက တကယ်ပဲ အံ့သြဖို့ကောင်းတယ်"
"ထိုက်ရှဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေနဲ့ နှိုင်းယှဉ်ရင်တောင် နည်းနည်းမှ မနိမ့်ကျဘူး"
ကုန်းစွန်းယန်က တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
သူ၏ မျက်လုံးများ၌ ဖုံးကွယ်၍ မရသော တုန်လှုပ်မှုတစ်ခု ရှိနေခဲ့၏။
သူက ခေါင်းကို ခါယမ်းပြီး ကျန်းချန် အနိုင်ရရှိသည်ဟု ကြေညာတော့မည့်အချိန်တွင် အလွန် ပြင်းထန်သော အရှိန်အဝါ တစ်ခုသည် ရုတ်တရက် ကွင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ရုတ်တရက် ပြင်းထန်သော အရှိန်အဝါကို ခံစားမိလျှင် ကုန်းစွန်းယန်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့၏။
သူသည် ကျောင်းနန် ရှိသောနေရာကို ကြည့်ရှုလိုက်သည်။
ထိုအခါ မြေပြင်ပေါ်၌ အားပျော့ကာ ခွေလဲနေသော ကျောင်းနန်သည် မြေပြင်မှ ကုန်းထလာသည်ကို သူတွေ့လိုက်ရသည်။
ဤအချိန်၌ ကျောင်းနန်သည် ရူးသွပ်သော သားရဲတစ်ကောင်လို ဖြစ်နေခဲ့၏။
သူ၏ အရှိန်အဝါက ယခင်ကထက် အဆများစွာ ပိုမို သိပ်သည်းလာပုံရသည်။
ကျောင်းနန်က ကျန်းချန်ကို စိုက်ကြည့်ရင်း ကောင်းကင်အရိပ်လက်သည်း တိုက်ကွက်ဖြင့် ကျန်းချန်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သည်။
"ဒီကောင်က ခွန်အားမြှင့် ဆေးလုံးကို သောက်ခဲ့တဲ့ပုံပဲ"
ကုန်းစွန်းယန်က ကျောင်းနန်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
စတုတ္ထအဆင့်၊ အဆင့်မြင့် ဆေးလုံး ဖြစ်သည့် ခွန်အားမြှင့် ဆေးလုံး။
ဤသည်က အသုံးပြုသူကို အချိန်တိုအတွင်း၌ အထွတ်အထိပ် အခြေအနေကို ပြန်လည်ရရှိစေပြီး တိုက်ပွဲဝင် အင်အားကို သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်စေနိုင်သော ဆေးလုံး ဖြစ်သည်။
သို့သော် တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်မှု၌ ဆေးဝါးများကို အသုံးပြုရန် ခွင့်မပြုသော စည်းမျဉ်း မရှိခဲ့ပေ။
ထို့ကြောင့် ကုန်းစွန်းယန်သည် ဤအချိန်၌ ဟန့်တားရန် အဆင်မပြေ ဖြစ်နေခဲ့၏။
"ခွန်အားမြှင့် ဆေးလုံးကို သောက်ပြီးနောက်မှာ ကျောင်းနန်ရဲ့ အင်အားက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပဉ္စမ အဆင့် နှောင်းပိုင်း အထိ တစ်နာရီကြာ မြင့်တက်သွားခဲ့ပြီ.. ဒီကလေး ဒါကို မတားဆီးနိုင်မှာ ငါ စိုးရိမ်မိတယ်"
ကုန်းစွန်းယန်၏ မျက်လုံးများတွင် အနည်းငယ် စိတ်ပူသောအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
"ဘာလဲဟ.. ဘယ်လိုလုပ်ပြီး ကျောင်းနန်ရဲ့ အင်အားက ရုတ်တရက် ပိုမို အားကောင်းလာရတာလဲ"
"သူက အချိန်တိုအတွင်း သူ့ရဲ့ အင်အားကို တိုးတက်စေနိုင်တဲ့ ဆေးလုံးတစ်လုံးကို သောက်ခဲ့တယ်.. အခု သူ့ရဲ့ ခန္ဓာကိုယ်အရှိန်အဝါက သဘာဝစွမ်းအားဖွင့်ခြင်း ပဉ္စမ အဆင့်ရဲ့ နှောင်းပိုင်း အဆင့်ကို ရောက်ရှိနေခဲ့ပြီ"
"သဘာဝစွမ်းအားဖွင့်ခြင်း ပဉ္စမ အဆင့် နှောင်းပိုင်း ခွန်အားနဲ့ဆိုရင် ကျန်းချန် အန္တရာယ်ရှိမှာ ငါ စိုးရိမ်မိတယ်"
"..........."
စင်ပေါ်မှ အခြေအနေကို မြင်သောအခါ လူတိုင်းသည် မဆွေးနွေးဘဲ မနေနိုင်ကြပေ။
"ဟားဟား... မင်းက စတုတ္ထအဆင့်၊ အဆင့်မြင့် ဆေးလုံး ဖြစ်တဲ့ ခွန်အားမြှင့် ဆေးလုံးကို သောက်လိုက်တာလား"
"ငါ့ရဲ့ မျက်လုံးထဲမှာတော့ ဒါက မလိုလားအပ်တဲ့ ရုန်းကန်ခြင်းပဲ"
"ဒီနေ့ မင်းဘယ်လိုနည်းလမ်းကိုပဲ အသုံးပြုပါစေ၊ ငါ့ကို ရှုံးနိမ့်မဲ့ ရလဒ်ကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"
ကျန်းချန်သည် ကောင်းကင် အရိပ် လက်သည်း တိုက်ကွက်ကို နောက်တစ်ကြိမ် အသုံးပြုနေသော ကျောင်းနန်ကို တည်ငြိမ်စွာ ကြည့်ရှုနေခဲ့သည်။
သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
သူ၏ ဝင့်ကြွားသော အသံသည် ချက်ချင်းဆိုသလို ကွင်းပြင်၏ အထက်ရှိ လေထု၌ မြည်ဟီးသွားခဲ့သည်။
အခန်း(၄၃၅) ပြီး၏