တောင်တန်းနတ်ဘုရားသတိပေးခြင်း
Vol. 5 Ch. 61
“ဘယ်ဘက်မှာနဂါးစိမ်း၊ ညာဘက်မှာ ကျားဝါ”
ကျောက်ကမ်းပေါ်မှ လင်းယုန်သိုက်များကိုကြည့်၍ ဖုန်ချင်အန်းမျက်လုံးများ အရောက်လက်လာသည်။ တောင်တန်းအတွင်းပိုင်း ကျောက်ကမ်းပါးနံရံတွင် ကြက်တမ်းသည့် လင်းယုန်သဏ္ဌာန်ငှက်သိုက်မျိုးစုံ ရှိနေသည်။
“အကဲဖြတ်မယ်”
(မျိုးစိတ် - ရွှေလင်းယုန်)
(ဗီဇ - နတ်ဆိုး၊ ငှက်)
(စွမ်းရည် - ကွန်မန်ဒါ၊ အလတ်တန်းဆင့်)
(တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ အခြေခံအဆင့်)
...............
(မျိုးစိတ် - မီးခိုးလင်းယုန်)
(ဗီဇ - နတ်ဆိုး၊ ငှက်)
(စွမ်းရည် - ဂျင်နရယ်၊ ထိပ်တန်းအဆင့်)
(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ ထိပ်တန်းအဆင့်)
........................
(မျိုးစိတ် - လင်းတ)
(မျိုးစိတ် - နတ်ဆိုး၊ ငှက်)
(စွမ်းရည် - ဝိညာဉ်နိုးထခြင်း၊ ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ အခြေခံ)
မှော်သားရဲတို့ စုဝေးသည့်နေရာဖြစ်နေသည်။ တောင်နက်မြင်ကွင်းမှ ငှက်မျိုးစုံကို မြင်နေရသည်။ တစ်ချို့က ဖုန်ချင်အန်းလိုအပ်ချက်နှင့် ကိုက်ညီသည်။
သို့သော် ယခုလောလောဆယ် ကြည့်ရုံသာ တတ်နိုင်သည်။ မတ်ဆောက်သည့် ကျောက်ကမ်းပါးနံရံက ငှက်သားပေါက်ခိုးယူမည့် သူ့စိတ်ကူးကို ဖျက်ဆီးလိုက်သည်။ တောင်နက်သည် ယခု စွမ်းအားမြင့်သားရဲဖြစ်ပါသည်။ သို့သော် မြေလျှိုးမိုးပျံဖို့ မသင်ရသေး။
ကျောက်ကမ်းပါးပေါ်တက်နိုင်လျှင်ပင် သူ့ကိုတစ်စစီဆုတ်ဖြဲပစ်မည့် သားရဲများက အသင့်စောင့်နေသည်။
အမှန်တော့ တောင်နက် ကျောက်ကမ်းပါးနားကပ်လာကတည်းက တစ်ချို့ငှက်များ ရန်လိုသည့်အမူအရာ ပြနေပြီဖြစ်သည်။ သို့သော် သူတို့ထဲမှစွမ်းအားအကြီးဆုံးဖြစ်သည်။ ရွှေလင်းယုန်က တားဆီးထားသည်။
တောင်တန်းနတ်ဘုရားကောင်းချီးရထားသောကြောင့်ဖြစ်သည်။
နတ်ဘုရားက ကတိပေးခဲ့သည်။ တောင်နက်က စတင်မတိုက်ခိုက်လျှင် တောင်တန်းပေါ်မှ သတ္တဝါများက တိုက်ခိုက်မည်မဟုတ်။
စိတ်ပျက်စရာကျောက်ကမ်းပါးကိုကြည့်၍ ဖုန်ချင်အန်း သက်ပြင်းချသည်။ အတွေးဆိုးများဝင်မိသော်လည်း ချက်ချင်းခေါင်းထဲမှထုတ်လိုက်သည်။
နတ်ဘုရားက ကတိတည်သည်။ သူ့ဘက်မှ ကတိပျက်၍မဖြစ်။ နှစ်ဘက်က စွမ်းအားတူမဟုတ်။ နတ်ဘုရားသည် လူယဉ်ကျေးဟန်ပန်ရှိသည်။ သို့သော် သူအလွယ်တကူ လှည့်စား၍ရမည့်လူမျိုးမဟုတ်။
“ဒီနေ့ နားကြတာပေါ့”
သူခေါင်းကိုက်ရပြန်သည်။ တောင်နက်ကို လုပ်ခိုင်း၍မရနိုင်သည့် ကိစ္စတစ်ချို့ရှိနေသည်။ မှော်သားရဲများသည် နတ်ဘုရားကို လေးစားကြသော်လည်း စည်းကျော်လာလျှင် သည်းခံချင်မှသည်းခံကြမည်။
“ဒီငှက်တွေ လိုလိုချင်ချင်နဲ့ သူတို့သားပေါက်တွေပေးလာအောင် ဘယ်လိုလုပ်ရမလဲ။ သူတို့သားသမီးတွေ ပိုကြီးထွားပြီး ပိုသန်မာအောင်လုပ်ပေးပါ့မယ်လို့ ပြောလိုက်ရမလား”
လက်တွေ့ပြဿနာများကို သူစဉ်းစားသည်။
မှော်သားရဲတို့၏ ရင်သွေးငယ်များကို သိမ်းယူရန် နတ်ဘုရားဆီ အရင်သွားရမည်။ မရိုးမသားနည်းလမ်းသုံးလျှင် နတ်ဘုရားက လက်ဖက်ရည်သောက်ဖို့ ဖိတ်ပေလိမ့်မည်။
ပြီးခဲ့သည့်တစ်ခေါက်က ဝိညာဉ်စွမ်းအားတိုးစေသည့်လက်ဖက်ရည် ဧည့်ခံ၍ နူးညံ့တည်ငြိမ်သည့်အသွင် ရှိခဲ့သော်လည်း စွမ်းအားမြင့်နတ်ဘုရားသည် ထိုအမူအရာတစ်ခုတည်းရှိမည်မထင်။
“တောင်တန်းပေါ် ဒီလိုသွားနေလို့လည်း မဖြစ်သေးဘူး”
သူစိတ်ကျဉ်းကြပ်နေသည်။ နဖူးကို အထပ်ထပ်ပွတ်သည်။
အိပ်ယာပေါ်လှဲ၍ စိတ်ငြိမ်အောင်ထိန်းသည်။ ပြဿနာကို ခဏမေ့ထားလိုက်သည်။ အခြေအနေတိုးတက်လာသည်နှင့် တံတားတစ်ခုသို့ သူရောက်ရမည်။ သူဖြတ်ကျော်ရမည်။ သင့်တော်သည့် သားရဲတစ်ကောင် ရလာမည်ဟု သူယုံကြည်သည်။ အဆိုးဆုံးဖြစ်လာလျှင်လည်း တောင်နက်လိုသားရဲတစ်ကောင် ဖြေးဖြေးချင်းမွေးနိုင်သ်ည။ အချိန်နှင့်အင်အားတော့ ထပ်ကုန်ဦးမည်။
တောင်နက် သူ့ဝံပုလွေဂူဆီ ပြန်ပြေးလာသည်။ သို့သော် ရုတ်တရက် အိပ်ချင်လာသလိုခံစားရသည်။
ထိုခံစားချက်ကို သူမကျော်လွန်နိုင်။ ခဏတင်းခံနေပြီးနောက် သူခြေလှမ်းများနှေးသွးသည်။ ထို့နောက် မေပယ်တောအုပ်ထဲတွင် အိပ်ပျော်သွားသည်။
တစ်ခါမှမကြုံဖူးသည့်အဖြစ်တစ်ခု သူကြုံရသည်။ အိပ်မက်တစ်ခု။ အလွန်တရာ ရှင်းလင်းသည့်အိပ်မက်တစ်ခုဖြစ်သည်။ သူ့အကြောင်းတော့မဟုတ်။
သူ့သိစိတ်အာရုံက တိမ်တိုက်များအထက်တွင် ပျံသန်းသွားသည်။နေသည်။ သူ့ခန္ဓာကိုယ်ဖြစ်တည်မှုကို မခံစားမိ။ အပေါ်စီးမြင်ကွင်းကိုသာ ရနေသည်။
ထို့နောက် ထူးထူးဆန်းဆန်း လျင်မြန်စွာလှုပ်ရှားနေသည့် လူတစ်စုကိုမြင်ရသည်။ အောက်ဘက်မှတောအုပ်ကိုဖြတ်သန်းနေသည်။ သူမြင်ဖူးသည့် အသွင်အပြင်မျိုးလည်း တွေ့ရသည်။
“ဒါ လူသားမျိုးနွယ် စစ်သည်တော်တွေပဲ”
အသံတစ်ခု သူ့နားထဲဝင်လာသည်။
“မင်းသမီးအိမ်တော်က....လူတွေ......ရောက်လာပြီ။ မင်းတို့မှာ အခွင့်အရေးတစ်ခုပဲရှိတယ်”
“သမက်တော်ရဲ့ ညီလေ။ ဆယ်နှစ်သားလောက်တဲ့။ သူ့နာမည်က...”
“တော်ဝင်စွမ်းအင်က ငါတို့ကို မသက်ရောက်ပါဘူး...”
“မြန်မြန်ပြီးပြတ်အောင်ရှင်းကြ.... တုံ့ဆိုင်းမနေကြနဲ့”
ပြတ်တောင်းပြတ်တောင်းစကားသံများ သူ့နားထဲဝင်လာသည်။ အပြည့်အစုံမကြားရ။ တောင်နက်နားလည်လိုက်သည်။ ထိုလူများဖြတ်သန်းလာသည့်တောအုပ်ကို သူရှင်းနှီးနေသည်။
သူ့သခင်ကို ဒုက္ခပေးရန် လာသူများဖြစ်သသည်။
သူေုါသတကြီး အော်ဟစ်ဟိန်းဟောက်လိုက်သည်။ ထူးဆန်းသည့်အိပ်မက်မှ သူနိုးလာသည်။ မေပလ်တောအုပ်မှာပင် ရှိနေသေးသည်။
တုံ့ဆိုင်းမနေဘဲ တောင်တန်းကိုဖြတ်၍ အပြင်းပြေးလွှားသွားသည်။ ဝံပုလွေဂူဆီ ဦးတည်သည်။ ဝံပုလွေအုပ်ကို စုစည်း၍ သူ့သခင်ကို ဒုက္ခပေးမည့်လူများကို တစ်စစီဆုတ်ဖြဲပစ်ရန် စီစဉ်ထားသည်။
ကြုံခဲ့ရသည့်အဖြစ်ကို အိပ်မက်ဟု သူမတွေး။ တောင်နတ်းနတ်ဘုရား သတိပေးခြင်းဖြစ်ကြောင်းနားလည်သည်။ ထိုအဖြစ်မျိုး သူတစ်ကြိမ်ကြုံဖူးသည်။
“အူး...”
သူ့ပြေးနှုန်းက မုန်တိုင်းလိုဖြစ်နေသည်။ အရင်ကပြေးလွှားခဲ့သည့်နှုန်းထက် များစွာပိုမြန်သည်။ သွားများဖြဲထားသည်။ နတ်ဆိုးချီများ သူ့ဘေးပတ်လည်တွင် ဝေ့ဝဲနေသည်။ ငရဲမှတက်လာသည့် နတ်ဆိုးဝံပုလွေလိုဖြစ်နေသည်။
“တောင်နက်”
ပြင်းထန်သည့်လူသတ်ရိပ်နှင့် ဒေါသစိတ်ကို အာရုံခံမိသဖြင့် ဖုန်ချင်အန်း အိပ်ပျော်နေရာမှ နိုးလာသည်။ တောင်နက်ကို အာရုံခံသည်။
“မင်းဘာလုပ်နေတာလဲ”
“ဂါး”
တောင်နက် ဒေါသတကြီးအော်ဟစ်လိုက်သည်။ နတ်ဆိုးချီများ အနီးအနားတောင်နံရံသို့ ရိုက်ခတ်သွားသည်။ လမ်းဘေးနှစ်ဘက်သစ်ပင်များ တုန်ခါသွားသည်။သွားသည်။ လျော့ရဲရဲသစ်ကိုင်းနှင့် သစ်ရွက်ဟောင်းတစ်ချို့ ပြုတ်ကျလာသည်။
“ငါ့ကိုဒုက္ခပေးမယ့်လူတွေရှိနေတာလား”
ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ ဝေးလံခေါင်သီ ဆင်းရဲမွဲတေသည့် ကျေးလက်ရွာလေးတွင် သူနေထိုင်ခြင်းဖြစ်သည်။ ဘယ်သူ့ကိုမှ ရန်မစဖူး။ အဘယ်ကြောင့် ရန်သူပေါ်လာသည်မသိ။ သို့သော် သူသတိရသွားသည်။ သူ့အကိုသည် မြို့တော်တွင် ရှိနေသည်။
“အာဏာလုကြတယ်ပေါ့၊ ဟား”
သူ့အကိုအခြေအနေကို အစကတည်းက စိုးရိမ်ခဲ့သည်။ အင်ပါယာ သို့မဟုတ် စွမ်းအားကြီးလူတစ်ယောက်ယောက်အား ရန်စမိမည်ကို စိုးရိမ်ခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့မိသားစုတစ်ခုလုံး ဒုက္ခရောက်ရမည်ဖြစ်သည်။
“သိပ်မဆိုးပါဘူး။ ကောက်ကျစ်တဲ့လူတစ်စုပါပဲ။ ငါ့အကိုကိုမနိုင်လို့ ဒီလိုယုတ်ညံ့တဲ့နည်းလမ်းမျိုး ကြိုးစားတာဖြစ်မယ်”
“တောင်နက် မင်းအသက်ကို မင်းကာကွယ်ပါ။ သူတို့ကို တောင်တန်းပေါ်မှာ အဆုံးသတ်သွားအောင် မြန်မြန်လုပ်လိုက်”
ပင့်သက်တစ်ချက်ရှိုက်၍ သူညွှန်ကြားလိုက်သည်။ သူနှင့်သူ့မိသားစုကို ဒုက္ခပေးသူများအား သနားနေစရာမလို။
“အူး”
ရေပူစမ်းချောင်းရှိနေသည့် တောင်ကြားဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပြန်လာရင်း တောင်နက် တစ်ချက်အော်လိုက်သည်။ နတ်ဆိုးဝံပုလွေများရော သာမန်ဝံပုလွေရိုင်းများပါ သူတို့ဘုရင်ကို မော့ကြည့်ကြသည်။ ထို့နောက် တောင်နက်နောက်မှ လိုက်သွားသည်။ ဝံပုလွေသုံးရာကျော် တောင်ကြားထဲမှ ထွက်သွားကြသည်။