အနံ့မွှေးသည်
Vol. 5 Ch. 68
“အားး”
ရေကိုထိမိသည်နှင့် ခြေထောက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ တုန်တက်သွားသည်။ သူ့ခြေထောက်မှ ရေစက်များ တစ်ခုချင်းလိမ့်ကျသွားသည်။ အတော်ကြာမှ သူဣန္ဒြေပြန်ဆည်နိုင်သည်။
“ရေက အရမ်းအေးတာပဲ”
အရိုးခဲမတတ်ခံစားလိုက်ရသည်။ သို့သော် သူစကားဆက်မပြောဖြစ်တော့။ မှင်သက်မိသွားသည်။
အိပ်မက်ဆိုလျှင် အပူအအေးခံစားချက်မျိုး ရှိမည်မဟတု်။
ယင်ရှန်းသည် ခန္ဓာကိုယ်မှ ဝိညာဉ်ခွာထားသဖြင့် ရုပ်ခံစားမှုမရှိ။
ထိုခဏမှာပင် အေးမြသည့်ခံစားချက်တစ်ခု သူ့ခြေထောက်မှ စီးဝင်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ အားလုံးကို ခဏမေ့ထားပြီး သာယာမှုကိုခံစားလိုက်သည်။
အသိပြန်ဝင်လာချိန်တွင် မိုးနတ်မယ်နှင့်တူသည် မိန်းကလေးက သူ့ကိုပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။ နှုတ်ခမ်းများ တွန့်နေသည်။
သူ့မျက်နှာသူ လက်ဖြင့်စမ်းကြည့်လိုက်သည်။ သူ့အပြုအမူက ဣန္ဒြေပျက်သွားသဖြင့် မိန်းကလေးက သဘောကျနေဟန်ရှိသည်။
သို့သော် သူစိတ်မဆိုးပါ။ ပျော်ရွှင်လာသည်။ ယနေ့ သူ့ရှာဖွေခွင့်မှ တွေ့ရှိသည်မှာ ထိုမိန်းကလေးဖြစ်မည်ဟု နားလည်လိုက်သည်။ လက်ရှိတွင် သူနှင့်စာချုပ်ချုပ်ရန် အသင့်တော်ဆုံးဖြစ်သည်။ လူသားမဟုတ်လျှင် အားလုံးကိုစာချုပ်ချုပ်နိုင်သည်။
ယခု ထိုမိန်းကလေးနှင့် ခင်မင်ရင်းနှီးအောင် အရင်နေရမည်။
“ဒါက ဝိညာဉ်ရေစင်ပါ။ ပထမတစ်ခါ ရေနဲ့ထိရင် နည်းနည်းနေမထိထိုင်မသာဖြစ်တယ်။ ဒါပေမယ့် အသားကျသွားရင် ခံစားရတာ အရမ်းကောင်းပါတယ်။
မိန်းကလေးက တခစ်ခစ်ရယ်လျက် ရေအကြောင်း ပြောပြသည်။
ဖုန်ချင်အန်း သူ့ဘေးတွင်ထိုင်နေသည်ကို သူစိတ်မဆိုး။ သူ့ခန္ဓာကိုယ်အများစု လှစ်ဟထားရသည်ကိုလည်း အရေးမစိုက်။
“တကယ်လား”
ဖုန်ချင်အန်း သံသယမကင်းသေး။ သို့သော် ခုနက သူခံစားရသည့်အရသာကို ပြန်သတိရလာသည်။ ထို့ကြောင့် ခြေထောက်ကို ရေထဲသို့ ချက်ချင်းပြန်နှစ်လိုက်သည်။
“အားးး”
ရေကိုထိသည်နှင့် နောက်တစ်ကြိမ်အမြန်မလိုက်ရပြန်သည်။ သူ့မျက်နှာတွင် ဒေါသရိပ်ပေါ်လာသည်။
“မင်းငါ့ကို လိမ်တာပဲ”
“ဟီးဟီးဟီး”
သူ့အမူအရာကြောင့် မိန်းကလေး ရယ်မောလိုက်သည်။ ကြည်လင်သည့်ရယ်သံက ပျော်ရွှင်နေကြောင်းသိသာသည်။
ဖုန်ချင်အန်း မျက်နှာကိုတင်းထားသော်လည်း စိတ်ထဲတွင် ပျော်နေမိသည်။
မိန်းကလေးက ရိုးအပုံပေါ်သည် လောကအကြောင်းသိသေးပုံမပေါ်။ မွေးရာပါယင်ဝိညာဉ်ဖြစ်သော်လည်း ပေါင်းသင်းရလွယ်ကူသဖြင့် ဖုန်ချင်အန်းအတွက် အဆင်ပြေသည်။
“နင့်ကိုမလိမ်ပါဘူး။ အသားကျသွားရင် အဆင်ပြေတယ်လို့ပဲ ပြောခဲ့တာပါ။ တစ်ခါတည်းနဲ့ အဆင်ပြေမယ်လို့ မပြောပါဘူး”
မိန်းကလေးက ရယ်ချင်စိတ်ကိုထိန်း၍ ရှင်းပြသည်။ ကြည်လင်သည့်မျက်လုံးအစုံက လခြမ်းပမာကွေးညွှတ်သွားသည်။
“ဒါပေမယ့် ငါ့ကိုအတွေးမှားအောင် လှည့်စားခဲ့တာပဲ”
“နင်က အရမ်းနှေးလွန်းတာပါ။ ငါမလိမ်ပါဘူး။ မယုံရင် နောက်ထပ်သုံးလေးကြည်လောက် ထပ်စမ်းကြည့်လေ”
မိန်းကလေးက ဖုန်ချင်အန်းအဖြစ်ကို ကြည့်ချင်နေဟန်ဖြင့် ပြောသည်။
“ဘယ်နှစ်ခါလောက်မှ အသားကျမှာလဲ”
ဖုန်ချင်အန်း စဉ်းစားသည်။ ယခုအဖြစ်သည် အိပ်မက်မဟုတ်လျှင် ဤရေသည် တောင်တန်းနတ်ဘုရား၏လက်ဖက်ရည်ကဲ့သို့ တစ်ခုခုထူးခြားလိမ့်မည်။ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်လောက်သည်။
“မသိဘူး။ ငါတို့က မတူဘူး။ ငါက ပထမဆုံးတစ်ကြိမ်ပဲ မသက်မသာခံစားရတာ။ ဒါပေမယ့် သာမန်တစ္ဆေဝိညာဉ်တွေဟာ ဒီရေနဲ့အသားကျအောင် အတော်ကြိုးစားရတယ်လို့ပြောဖူးတယ်။ ပြီးတော့ နင်က တစ္ဆေလည်းမဟုတ်ဘူးလေ”
တစ္ဆေဝိညာဉ်။
ဤနေရာသည် အိပ်မက်မဟုတ်ကြောင်း ပိုသေချာသွားသည်။ အာရုံမှောက်မှားခြင်းလည်းမဖြစ်နိုင်။ လျှို့ဝှက်နယ်မြေဟုခေါ်သည့် မြေအောက်ဘုံသာဖြစ်ရမည်။
အမ။
ဤယင်ဝိညာဉ်တွင် အမတစ်ယောက်ရှိပုံရသည်။ တစ်ခုခုတော့ မှားနေသည်။ သို့သော် ထိုမျှအသေးစိတ် မစဉ်းစားအားသေး။ အရေးအကြီးဆုံးက ဤမိန်းကလေးသဘောကျအောင်နေ၍ ဝိညာဉ်စာချုပ်ချုပ်နိုင်ဖို့ဖြစ်သည်။ နောက်ပြဿနာ နောက်မှရှင်းရမည်။
“ငါတို့နှစ်ယောက်က ဘာတွေကွာခြားလို့လဲ”
“အားလုံးကွာခြားတယ်”
မိန်းကလေးက ဖုန်ချင်အန်းကို ကြည့်သည်။ ထို့နောက် သူ့ကိုယ်သူပြန်ကြည့်သည်။ သူ့စကားက အမှန်ဖြစ်ဟန်တူသည်။
“မဖြစ်နိုင်တာပဲ”
“ကြည့်လေ၊ ငါက ဒီဝိညာဉ်ရေစင်စမ်းအိုင်ထဲမှာ ရေကူးနိုင်တယ်။ ဒါပေမယ့် နင်ကတော့ ရေကိုထိဖို့တောင် ကြောက်နေရတယ်မဟုတ်လား”
ပြောရင်းဆိုရင်း ရေထဲသို့ခုန်ချ၍ ကူးခတ်ပြနေသည်။ လှပသည့်သူ့ခန္ဓာကိုယ်က ရေသူမကဲ့သို့ လှုပ်ရှားနေသည်။ ဦးခေါင်းကို ကန်ရေပြင်ထက်တွင်ဖေါ်၍ ဖုန်ချင်အန်းကို လှမ်းကြည့်သည်။ သူ့မျက်နှာက ဝင့်ကြွားမှုနှင့် စိန်ခေါ်မှု ရောယှက်နေသည်။
“ဖုန်ချင်အန်း၊ နင်ဆင်းလာပြီး ငါနဲ့ရေကူးရဲလား”
“ငါ့ကိုအရူးလုပ်နေတာတော့ မဟုတ်ပါဘူးနော်”
ဖုန်ချင်အန်း စိတ်မချ။ ထိုမိန်းကလေးက လည်လွန်းသည်။
“မဟုတ်ပါဘူး။ နောက်ထပ်သုံးလေးကြိမ်လောက် ရင်းနှီးအောင်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ”
ပြောနေရင်းမှ မခိုးမခန့်အပြုံးတစ်ခု ပေါ်လာသည်။ လက်နှစ်ဘက်ဖြင့် ရေကိုခပ်၍ ဖုန်ချင်အန်းကို ပက်လိုက်သည်။
“အား...၊ မပက်နဲ့”
ရေစိုသွားသဖြင့် ဖုန်ချင်အန်း အော်လိုက်ရသည်။ မိန်းကလေး၏ရယ်မောသံက ပို၍ကျယ်လာသည်။ ကျောက်စိမ်းသားကဲ့သို့ ကြည်လင်နေသည့်လက်များဖြင့် ရေကိုအဆက်မပြတ်ပက်နေသည်။
“ငါ့ကို ရေထဲတကယ်မဆင်းရဲဘူးထင်နေတာလား”
အဆက်မပြတ် စနောက်ခံနေရသဖြင့် ဖုန်ချင်အန်း မျက်နှာတင်းသွားသည်။ အံကိုတင်းတင်းကြိတ်၍ ရေထဲမှမိန်းကလေးဆီ ကိုးယို့ကားယား ခုန်ဆင်းလိုက်သည်။
“မင်းကိုမိပြီ”
ရေထဲသို့ ရောက်သည်နှင့် မိန်းကလေး၏ ဖြူသွယ်သည့်လက်ကို တမင်တကာ ဖမ်းကိုင်လိုက်သည်။ သို့သော် ထိုခဏမှာပင်
“အား...အေးလိုက်တာ”
ဝိညာဉ်ရေစင်ကို ထိတွေ့ဖူးပြီးဖြစ်၍ ခံနိုင်ရည်ရှိမည်ဟု သူထင်ခဲ့သည်။ ယခု သူထိတ်လန့်သွားသည်။ အရိုးခိုက်မတတ်အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
မိန်းကလေးဆီမှ သစ်ခွပန်းရနံ့က သူ့နှာခေါင်းဝသို့ တိုးဝင်လာသည်။ နူညံ့ပျော့ပျောင်းသည့် အထိအတွေ့ကိုလည်း ခံစားရသည်။ သို့သော် ဝိညာဉ်ရေစင်ကြောင့် ထိုကိစ္စများကို သူအရေးမစိုက်အား။
အအေးဓာတ်ကြောင့် ကိုက်ခဲနာကျင်မှုများ ပျောက်ကွယ်သွားပြီးနောက် အဆုံးစွန်နူးညံ့မှုက အစားဝင်လာသည်။ တစ်ကိုယ်လုံးနတ်ပြည်ရောက်သွားသလို ခံစားရသည်။ အသိပြန်ဝင်လာချိန်တွင် လှပသည့်မျက်နှာတစ်ခုကို အနီးကပ်မြင်လိုက်ရသည်။ နှစ်လက်မခန့်သာကွာသည်။
မိန်းကလေး၏ ထွက်သက်ဝင်သက်ကိုပင် သူခံစားနေရသည်။ ထို့အပြင် မိန်းကလေး၏ကိုယ်လုံးကို သူတင်းကြပ်စွာဖက်ထားမိနေသည်။ ကိုယ်ချင်းပူးကပ်နေသည်။
သူတစ်ခုခု ပြောရန်စဉ်းစားနေစဉ်မှာပင် မိန်းကလေးက ခပ်တိုးတိုးပြောသည်။
“ဖုန်ချင်အန်း၊ နင့်ခန္ဓာကိုယ်က တကယ်မွှေးတာပဲ”